ရှေးဟောင်းအီဂျစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပိရိမစ်များသည် ရှေးဟောင်း အီဂျစ်လူ့အဖွဲ့အစည်းကို အလွယ်တကူ သိမြင်စေနိုင်သော ပြယုဂ်များပင်ဖြစ်သည်။

ရှေးခေတ် အီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် ဘီစီ ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ(kingdoms) ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ(Intermediate Periods) ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ်(New Kingdom) ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၄င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။

နိုင်းမြစ်ဝှမ်းတောင်ကြား ဒေသ၏ ပတ်ဝန်းကျင် အခြေအနေကို လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် ရှေးခေတ် အီဂျစ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် စည်ပင်ထွန်းကားလာခဲ့သည်။ မြေဩဇာ ကောင်းမွန်သည့် တောင်ကြားဒေသတွင် ဆည်မြောင်းများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းမှ အပိုအလျှံ သီးနှံများ ထွက်ရှိခဲ့သည်။ ထိုမှတဆင့် လူမှုရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အထောက်အကူပေးခဲ့သည်။ အပိုအလျှံအရင်းအမြစ်များကြောင့် အုပ်ချုပ်သူများမှ တောင်ကြားဒေသ နှင့် ပတ်ဝန်းကျင် သဲကန္တာရဒေသတို့တွင် သတ္တုရှာဖွေရေး၊ အစောပိုင်း သီးခြားစာပေ ရေးသားမှုစနစ် ထွန်းကားရေး၊ တည်ဆောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပရိုဂျက် အများအပြား ကို အကောင်အထည်ဖော်ရေး၊ ပတ်ဝန်းကျင် ဒေသများနှင့်ကုန်သွယ်ရေး နှင့် တိုင်းတပါးရန်သူများကို အနိုင်တိုက်နိုင်သော စစ်တပ်ဖော်ဆောင်ရေး အစရှိသည်တို့ကို ပံ့ပိုးပေးခဲ့ပြီး အီဂျစ်တို့တွင် လွှမ်းမိုးမှု အရှိန်အဝါ ရှိလာခဲ့သည်။ ထိုသို့သော လုပ်ရပ်များကို ဖာရိုဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ခန့်ထားသော အုပ်ချုပ်ရေး အရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာရေးတော်များ အစရှိသူတို့မှ တိုက်တွန်းခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့ ပြုကြသည်။ ချဲ့ကားထားသော ဘာသာရေး ယုံကြည်မှုများမှတဆင့် အီဂျစ်လူမျိုးတို့၏ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှု တို့ကို အသေအချာ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

အခြေခံ လူမှုဘဝ[ပြင်​ဆင်​ရန်​]

မြေထဲပင်လယ်နှင့် ထိစပ်နေသည့် ဒေသအချို့မှ လွဲ၍ အီဂျစ်နိုင်ငံသည် အများအားဖြင့် မိုးနည်းပါးသဖြင့် ရှေးအီဂျစ်တို့အနေဖြင့် စိုက်ပျိုးရေးအတွက် နိုင်းမြစ် ကိုသာ မှီခိုကြရသည်။ တောင်မှ မြောက်သို့ ဖြတ်သန်းကား မြေထဲပင်လယ်အတွင်းသို့ စီးဆင်းသည့် နိုင်းမြစ်သည် ရေတံခွန်ခြောက်ခုရှိပေသည်။ အဆိုပါရေတံခွန်များအနက် ပထမဆုံးရေတံခွန်ရှိရာ ပင်လယ်ပြင်မှ မိုင် ၆၀၀ အကွာအဝေးအထိ လှေ၊ သင်္ဘောတို့ဖြင့် သွားလာနိုင်သည်။ အီဂျစ်နိုင်ငံ တောင်ပိုင်းရှိ အဘီဆီးနီးယားနိုင်ငံတွင် ပူအိုက်သည့် ရာသီတိုင်း မိုးရွာသွန်းသဖြင့်နိုင်းမြစ် ရေလျှံကာ မြစ်ကမ်းနှစ်ဖက်တွင် ရေလွှမ်းလေ့ရှိသည်။ မြစ်ရေပြန်ကျသွားလျှင် အဘီဆီးနီးယားကုန်းမြင့်မှ သယ်ဆောင်လာသည့် ရွံနက်များသည် နုံးမြေများအဖြစ်နှင့် ကျန်ရစ်ကာ စိုက်ပျိုးရေးအတွက် အထူးအကျိုးပြုပေသည်။ အဆိုပါ နုံးတင်မြေနု နယ်မြေ၏ အနောက်ဖက်အစွန်းသည် ဆာဟာရသဲကန္တာရကြီး၏ အစပြုရာနယ်နိမိတ်လည်း ဖြစ်တော့သည်။ ဆိုလိုသည်မှာ အီဂျစ်ပြည်၏ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ယဉ်ကျေးမှု အခြေတည်ရာ ဒေသမှာ နိုင်းမြစ်ဝှမ်းတစ်လျှောက် ကမ်းနှစ်ဖက်ဖြစ်သည့် အရှေ့အနောက် ၁၀မိုင်၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၂၀၀၀ ခန့်သာရှိကြောင်း တွေ့ရသည်။

နယ်ပယ်နိမိတ်[ပြင်​ဆင်​ရန်​]

အီဂျစ်နိုင်ငံသည် နယ်နိမိတ်အားဖြင့် အထက်အီဂျစ်နှင့် အောက်အီဂျစ် ဟူ၍ တောင်မြောက် နှစ်ပိုင်းခွဲခြားခဲ့ဖူးသည်။ အထက်အီဂျစ်မှာမြစ်ဝကျွန်းပေါ် အရပ်၏ တောင်ဖက်စွန်းမှ အထက်ပိုင်း ပထမရေတံခွန်ရှိရာအထိ အရှည်မိုင် ၅၀၀ ရှိသော တောင်ပိုင်းမြစ်ညှာပိုင်းဒေသဖြစ်ပြီး၊ အောက်အီဂျစ်မှာ မြောက်ဖက်မြစ်ဝကျွန်းပေါ်အရပ်ကို ဆိုလိုသည်။ ကိုးကွယ်ရာ နတ်ဘုရားများ ကွဲပြားခြားနားသည်ကြောင့်လည်းကောင်း၊ အရပ်ဒေသကွာခြားသည်ကြောင့်လည်းကောင်း ထိုသို့ ကွဲပြားခြားနားလာခဲ့ရာမှ ဘီစီ ၄၃၀၀ ခန့်တွင် အဆိုပါ နယ်နှစ်နယ်မှ အားကောင်းသည့် အုပ်စု နှစ်စု အသီးသီးပေါ်ထွန်းလာသည်။

ပထမအင်အားစုကြီးသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်အရပ်တွင် တန်ခိုးဩဇာထူထောင်နိုင်ကာ ၄င်းတို့ကိုးကွယ်သည့် မြွေဟောက်နတ်ကို အထွတ်အမြတ်ထားသည့် အနေဖြင့် မြောက်ပိုင်းရှင်ဘုရင်များ၏ သရဖူတွင် မြွေဟောက်ပုံနတ်ရုပ်ကို တပ်ဆင်ထားသည်။ ထို့အတူပြင် တောင်ပိုင်းမြစ်ညှာဒေသကို အုပ်စိုးသည့် တောင်ပိုင်းဘုရင်များသည်လည်း ၄င်းတို့ကိုးကွယ်သည့် နီခီဘတ် (ခေါ်) လင်းတနတ်သမီး၏ အထိမ်းအမှတ်အဖြစ် သရဖူတွင် လင်းတငှက်ရုပ်ကို တပ်ဆင်ကြသည်။ တောင်ပိုင်း သရဖူမှာ အဖြူရောင်ဖြစ်ပြီး မြောက်ပိုင်းသရဖူမှာ အနီရောင်ဖြစ်သည်။ ထိုတောင်မြောက် အီဂျစ်နိုင်ငံ နှစ်ခုသည် ပေါ်နှစ်ပေါင်းကြာရှည်စွာဖြင့် ထီးပြိုင်နန်းပြိုင်ပုံစံဖြင့် မင်းဆက် အတော်များများ စိုးစံသွားကြသော်လည်း တောင်ပိုင်းမင်းဆက်မှ အထောက်အထားများတွေ့ရသည် မရှိဘဲ မြောက်ပိုင်း မင်း၆ပါး၏ အမည်ကိုသာ ရှာဖွေဖော်ထုတ်နိုင်သည်။

ပထမပြည်ထောင်စုခေတ် (ဘီစီ ၄၃၀၀-၃၅၀၀)[ပြင်​ဆင်​ရန်​]

ပင်မစာမျက်နှာ : ပထမအီဂျစ် ပြည်ထောင်စု

ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ထိုသို့ အထက်နှင့် အောက် အီဂျစ်နိုင်ငံနှစ်ခု၏ အားပြိုင်မှုတို့သည် ခန့်မှန်းအားဖြင့် ဘီစီ ၄၃၀၀ခန့်အရောက်တွင် စစ်ဖြစ်ပွားကာ အောက်အီဂျစ်(မြောက်ပိုင်း)က တောင်ပိုင်း အထက်အီဂျစ်ကို အနိုင်ရသဖြင့် ပထမအီဂျစ်ပြည်ထောင်စုကို တည်ထောင်နိုင်သည်။ အုပ်စိုးသည့် ရှင်ဘုရင်များအနေဖြင့်လည်း တောင်မြောက်ဒေသ နှစ်ခုလုံး၏ အကြီးအကဲဖြစ်ကြောင်း ထင်ရှားစေလိုသဖြင့် မြောက်ပိုင်းသရဖူအနီအတွင်း တောင်ပိုင်းသရဖူအဖြူကို နှစ်ထပ်ဝတ်ဆင်ကြသည်။ အဆိုပါ ပထမပြည်ထောင်စုသည် နှစ်ပေါင်း ရှစ်ရာခန့် တည်တံ့ကာ မြို့တော်အဖြစ် ဟယ်လီယိုပိုလစ် (နေမြို့တော်) တွင် နန်းစိုက်သည်။

ဘာသာကိုးကွယ်မှုအားဖြင့် တော်ဝင်မိသားစု၏ကိုးကွယ်မှုအား မှီတည်၍ နိုင်ငံတော်အဆင့် နတ်ဘုရားနှစ်ပါးအား ကိုးကွယ်ကြသည်။ ပထမ နတ်ဘုရားမှ ရေး( Re/နေနတ်ဘုရား ) ဖြစ်ပြီး အပူနှင့် အလင်းကို ပေးသည့် နေနတ်ဘုရားဟု ယုံကြည်သည်။ ဒုတိယ နတ်ဘုရားမှာ အိုဆီးရစ် (Osiris/နိုင်းမြစ်နတ်ဘုရား) ဖြစ်ကာ ရေနှင့် နုံးမြေတို့ကို ပေးသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါနတ်ဘုရား နှစ်ပါးကို နိုင်ငံတွင်း အကြီးဆုံးနတ်ဘုရားများ အဖြစ် ဘုရင်နှင့် ပြည်သူပြည်သားများက ကိုးကွယ်ကြသည်။

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

အုပ်ချုပ်ရေးအနေဖြင့် ဖာရိုး(Pharoah) ဘုရင်များသည် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်မှုဖြင့် ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြသည်။

အဆိုပါ ဖေရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ၊ ထိုနောက်တွင်မှ ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး)များ၊ထိုနောက်တွင်မှ မင်းမှုထမ်းများ၊ ထိုနောက်တွင်မှ စာရေးစာချီများ၊ ထိုနောက်မှ ထူချွန်သော လက်မှုပညာရှင်များ၊ ထိုနောက်မှ လယ်သမားများ စသဖြင့် အဆင့်ဆင့် အတန်းအစားခွဲခြားထားသည်။

ဖာရိုးတို့၏ နန်းတော်သည် အလွန်ခန်းနားကြသည်မှာ ပြောရန်မလိုပေ။ ထိုနည်းတူပင် နယ်စားများ၏ အိမ်ဂေဟာမှာလည်း အဖိုးတန်အိမ်ကြီးအိမ်ကောင်းများ၊ဥယျာဉ်ခြံမြေများဖြင့် ထည်ဝါကြသည်သာ ဖြစ်သည်။ စည်းစိမ်ကိုလည်း ရက်ရက်ရောရောခံစားကြသည်။ သို့သော် ပြည်သူတို့၏ လူနေမှုမှာမူ အုပ်စိုးသူလူတန်းစားနှင့် အထူးကွာခြားသည်ဟု ဆိုနိုင်သည်။ သာမာန်ပြည်သူတို့မှာ အလွန်ပင်ဆင်းရဲကြရှာသည်။

တီထွင်ဆန်းသစ်မှုများ[ပြင်​ဆင်​ရန်​]

ပထမအီဂျစ်ပြည်ထောင်စုခေတ်တွင် ယဉ်ကျေးမှု အဆင့်အတန်းအားဖြင့်လည်း ရေချိန်မြင့်မားသည့် အတွက် တီထွင်မှုများပေါ်ထွန်းလာသည်။ လူ့ယဉ်ကျေးမှု သမိုင်းအရ ဤခေတ်သည် အစပြုခြင်းပင်ဖြစ်သည်ဟု ပညာရှင်အတော်များများက ထောက်ခံချက်ပေးကြသည်။

ထွန်ဖြင့် ထပ်ထိုးခြင်းနည်းကို အသုံးချကာ စိုက်ပျိုးလာကြသည်။ အကျိုးဆက်အားဖြင့် လယ်ယာမြေစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သဖြင့် အစားအသောက်ကို ပေါပေါများများစာသုံးလာနိုင်သည်။ သို့ဖြင့် ငွေကြေးစနစ်မဟုတ်ဘဲ ကောက်ပဲသီးနှံဖြင့် အဟောင်းပေးအသစ်ယူခြင်း(မြှီစားခြင်း)၊ အခွန်ဆောင်ခြင်း တို့ကိုပြုလုပ်ကြသည်။ ဖာရိုးမင်း အဆက်ဆက်တို့သည် ဆည်မြောင်းဗဟိုဌာန ဟူ၍ဖွဲ့စည်းပေးကာ ဆည်မြောင်းများအုပ်ချုပ်ရေးကို ကိုယ်တိုင်တာဝန်ယူသည်။ စိုက်ပျိုးရေ အလဟဿမဖြစ်စေရေး၊ ဆည်မြောင်းများ အသစ်တူးဖော်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးနှင့် ပက်သက်၍ ဆည်မြောင်းကိစ္စများကို ဆောင်ရွက်စေသည်။ ၄င်းမှာ ကမ္ဘာ့ရှေးအကျဆုံး အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖြစ် သတ်မှတ်နိုင်သည်။

ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။

ပြက္ခဒိန်တီထွင်မှုအပြင် အီဂျစ်တို့သည် ကမ္ဘာ့ရှေးအကျဆုံး စာပေအရေးအသားကိုလည်း တီထွင်သွားကြသေးသည်။ တွဲဖက်အနေဖြင့် စက္ကူကလောင်တံ နှင့် မှင် စသည်တို့ကိုလည်း တီထွင်ပြန်သည်။ ရှေးဦးလူသားများအနေဖြင့် မိမိတို့ရေးမှတ်လိုသည့် အကြောင်းအရာများကို အရုပ်များရေးဆွဲခြင်း အားဖြင့် မှတ်တမ်းတင်သည့် အလေ့အကျင့်မှသည် အီဂျစ်တို့၏ ပထမပြည်ထောင်စုခေတ် အရောက်တွင် ပထမဆုံးသော စာပေအဖြစ်ဖြင့် အီဂျစ် အရုပ်စာပေါ်ထွန်းလာသည်။ အဆိုပါ အီဂျစ်အရုပ်စာရေးသားနည်းကို ဟီအာရိုဂလစ် ရေးနည်း(Hieroglyphs/အရုပ်စာရေးနည်း) ဟုခေါ်သည်။ နောက်ဆက်တွဲအနေဖြင့် စက္ကူကိုလည်း တီထွင်နိုင်သည်။ နိုင်းမြစ်ထဲတွင် အလေ့ကျပေါက်သည့် ပပိုင်းရပ်စ်(Papyrus) ကျူပင်များကို ခွဲစိတ်ပြုပြင်ကာ စက္ကူအဖြစ် အသုံးပြုကြသည်။ ထိုအသုံးအနှုန်းမှ ဆင်းသက်ကာ ယနေ့ စက္ကူကို အင်္ဂလိပ်ဘာသာအားဖြင့် ပေပါ(Paper) ဟုခေါ်ကြခြင်းဖြစ်သည်။ ချက်ပြုတ်သည့် အိုးခွက်များမှ အိုးမဲအား သစ်စေး တစ်မျိုးဖြင့် ဖျော်စပ်ကာ မှင်ရည် အဖြစ်သုံးစွဲကြသည်။ ကျူရိုးအား ခပ်ချွန်ချွန်ဖြတ်တောက်ပြုပြင်ကာ ကလောင်တံ အဖြစ် သုံးစွဲကြသည်။

ဒုတိယပြည်ထောင်စုခေတ်(ဘီစီ ၃၄၀၀-၂၄၀၀)[ပြင်​ဆင်​ရန်​]

ပင်မစာမျက်နှာ : ဒုတိယအီဂျစ် ပြည်ထောင်စု

ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ပထမပြည်ထောင်စုသည် နှစ်ပေါင်း ၈၀၀ ကျော်ခန့်တည်တံ့လာပြီးနောင်တွင် ပြိုကွဲသွားသဖြင့် ရှေးကကဲ့သို့ပင် တောင်၊မြောက် နှစ်ပိုင်း ပြန်လည် ကွဲပြားသွားရပြန်သည်။ များမကြာမီတွင်ပင် အထက်အီဂျစ်(မြောက်ပိုင်း)မှ မင်းနစ်(Menes) အမည်ရှိ လူစွမ်းကောင်းတစ်ဦးပေါ်ထွန်းလာကာ တောင်၊မြောက် ဒေသနှစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ကာ ဒုတိယပြည်ထောင်စုခေတ်ကို တည်ထောင်ပြန်သည်။

ပထမပြည်ထောင်စုသည် လယ်ယာစိုက်ပျိုးရေးစနစ်ပေါ်တွင် အခြေပြုကာ စည်ပင်ဖွံဖြိုးခြင်းကို ရရှိသကဲ့သို့ ဒုတိယပြည်ထောင်စုသည် ဆိုင်းနိုင်းကျွန်းဆွယ် ဒေသမှ ကြေးနီသတ္တုတွင်းတူးဖော်ရေး ကြောင့် သာယာဝပြောသည်။ ကြေးနီတွင်းများ အားလုံးကို ဖာရိုးဘုရင်က ပိုင်ဆိုင်ပြီး ခိုးတူးသူများကို ပြင်းထန်စွာ အပြစ်ပေးသည့် ကျောက်ထွင်းပုံများကို အနီးမပါးရှိ ကျောက်တောင်များတွင် အထောက်အထားများအဖြစ် တွေ့ရသည်။

ပိရမစ်များခေတ်[ပြင်​ဆင်​ရန်​]

ယနေ့ ဆီးရီးယားနိုင်ငံရှိရာ အရပ်သို့ ရေကြောင်းဆက်သွယ်ကာ ထိုအရပ်မှ သစ်များကို အသုံးပြု၍ အိမ်များ၊ ပရိဘောဂများကို ဆောက်လုပ်ခဲ့ကြသည်။ ဒုတိယပြည်ထောင်စုခေတ်ကို ပိရမစ်ခေတ်ဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ယနေ့တိုင် လူတို့အတွက် အံ့ဖွယ်တစ်ပါးဖြစ်နေသည့် ပိရမစ်များကို တည်ဆောက်ခဲ့သည့် ကာလလည်း ဖြစ်သောကြောင့်ဖြစ်ပေသည်။ အထင်ရှားဆုံးသော ပိရမစ်များကို ကိုင်ရိုမြို့အနီးရှိ ဂီဇဲ(Gizeh)အရပ်တွင် တွေ့ရပြီး ထိုဒေသမှာ ဒုတိယပြည်ထောင်စုခေတ်၏ မြို့တော်ဟောင်း မင်းဖစ်(Memphis) တည်ရှိခဲ့သည့် နေရာပင် ဖြစ်သည်။ ပိရမစ်များအပြင် အခြားသော ဘာသာရေးဆိုင်ရာ အဆောက်အဦးများစွာကိုလည်း တည်ဆောက်ခဲ့ကြသည်။

ပြည်ထောင်စု ပြိုကွဲခြင်း[ပြင်​ဆင်​ရန်​]

ပိရမစ်များကိုတည်ဆောက်ခဲ့သည့် နောက်ဆုံး ဖာရိုးမင်းဖြစ်သော ဒုတိယမြောက် ပက်ပီ (Pepi II) သည်အသက်အလွန်ရှည်သည်ဖြစ်၍ နန်းသက် ၉၄နှစ်ထိစိုးစံခဲ့သည်။ ဘုရင်အိုမင်းမစွမ်း ဖြစ်လာသောအခါ နယ်စားများက အာဏာကြီးစိုးလာပြီးနောက် ဘုရင် ကွယ်လွန်လျှင် နယ်အသီးသီးမှနေကာ မင်းပြုကြသည်။ ထိုခေတ်ကို နယ်စားပယ်စားခေတ် ဟုခေါ်သည်။ နယ်စားများက အချင်းချင်း ပြိုင်ဆိုင်ကြသလို၊ တောင်ပိုင်းမှ အာဖရိကန်အနွယ်များကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် တိုင်းပြည်တည်ငြိမ်ခြင်းမရှိတော့ပေ။ မကြာမီပင် တောင်ပိုင်းဒေသက ခွဲထွက်သဖြင့် ဒုတိယ အီဂျစ်ပြည်ထောင်စု ပြိုကွဲသွားရသည်။

နယ်စားများခေတ် (ဘီစီ ၂၄၀၀-၁၈၀၀)[ပြင်​ဆင်​ရန်​]

ပင်မစာမျက်နှာ : အီဂျစ်နယ်စားများခေတ်

မစ်များကို တည်ဆောက်သည့် မင်းဆက်ပျက်သုဉ်းသွားသည့် နောက်တွင် အီဂျစ်ပြည်သည် နှစ်ပေါင်း အတော်ကြာကြာ အရည်အချင်းပြည့်ဝပြီး တစ်နိုင်ငံလုံးကို ပြန်လည် တည်ထောင်စုစည်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ထိုကာလများအတွင်း နယ်စာများက ဖာရိုးဘွဲ့အသီးသီးခံယူကာ ကိုယ့်နယ်ကိုယ့်မင်း ပုံစံဖြင့် သီးခြားစီ အုပ်စိုးနေကြသည်။အဆိုပါ နှစ်ပေါင်း ၆၀၀ကျော်ကြာ နယ်စားခေတ်မှာ အီဂျစ်တောင်ပိုင်းတွင် အခြေတည်ပြီး တောင်ပိုင်းမင်းများ၏ ရာဇဝင်တစ်ရပ်ပင်ဖြစ်တော့သည်။ နယ်စားခေတ်သည် ပိရမစ်များခေတ်ကဲ့သို့ အဆောက်အဦးကြီးများကို အားသွန်ခွန်စိုက် ဆောက်လုပ်ရန် ကြိုးပမ်းသည် မရှိတော့ပေ။ စာရိတ္တမဏ္ဍိုင် ကြံခိုင်လာစေရေးကိုသာ ပြုပြင်ရန် အားထုတ်တော့သည်။ နယ်စားများ၏ နန်းဆောင်များတွင် စာကြည့်တိုက်များပါရှိကြသည်။ ၄င်းတို့မှာ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်များလည်း ဖြစ်ကြသည်။

နယ်စားများခေတ်ကုန်ဆုံးခါနီးအချိန်တွင် အရှေ့မြောက်ပိုင်းမှ အာရှအနွယ် ဟစ်ဆောလူရိုင်းများ၏ တိုက်ခိုက်ခြင်းကြောင့် နယ်စားများလက်နက်ချကြရသဖြင့် ဟစ်ဆောများက နှစ် ၂၀၀ခန့် အုပ်ချုပ်ကြသည်။ ဘီစီ ၁၆၀၀ခန့်ရောက်မှ အေးမို့စ်(Amos)အမည်ရှိ အီဂျစ်ခေါင်းဆောင် တစ်ဦးပေါ်ထွက်လာကာ ဟစ်တိုက်တို့အား တိုက်ခိုက်မောင်းထုတ်သဖြင့် အီဂျစ်တို့ ပြန်လည် လွတ်လပ်ကြသည်။

အင်ပါယာခေတ် (ဘီစီ၁၆၀၀-၁၂၀၀)[ပြင်​ဆင်​ရန်​]

ပင်မစာမျက်နှာ: အီဂျစ်အင်ပါယာခေတ်

ဤခေတ်သည် အီဂျစ်တို့၏ အထွတ်အထိပ်ခေတ်ဖြစ်သည်။ တောင်ဖက် နိုင်းမြစ်ဖျား နျူဘီးယားနယ်မှစကာ အရှေကမြောက်ဖက်ရှိ ယူဖရေးတီးမြစ် အထိ ကျယ်ပြန့်သည် နယ်မြေအား သိမ်းပိုက်အုပ်စိုးခဲ့သည်။ အင်ပါယာထူထောင်နိုင်ခြင်း အကျိုးဆက်အားဖြင့် မြင့်မားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အပါအဝင် နယ်ပယ်စုံမှ အကျိုးကျေးဇူးများကို ခံစားရသည်။

စတင်ထူထောင်သူ အေးမို့စ်မှစကာ စစ်ရေးအားသာချက်ဖြင့် နယ်ပယ်များကို သိမ်းသွင်းခဲ့သည်မှာ အီဂျစ်ပြည်၏ နပိုလီယန် ဟုပင်တင်စားလောက်ရသည့် တတိယမြောက် တုမို့စ်လက်ထက်တိုင် ဖြစ်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ကျော် အုပ်စိုးပြီးနောက်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရန် အာဏာဖြင့် အတင်းအကျပ်ခိုင်းစေသည့် အစ်ခနတွန် လက်ထက်မှစကာ ပဋိပက္ခများဖြစ်ပွားရပြီး ၄င်းအားဆက်ခံသည့် တူတပ်ခမွန် လုပ်ကြံခံရသဖြင့် မင်းဆက်လည် ပြတ်သည်။ ထိုနောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာတစ်စစ ယိမ်းယိုင်လာကာ ပထမမြောက် ဆီတီ နှင့် ဒုတိယမြောက် ရမ်ဆီ တို့လက်ထက်များတွင်သာ အင်အားကောင်းကြပြီး နောက်ဆုံး ဘီစီ ၁၁ ရာစုအရောက်တွင် မြောက်ဖက် မြေထဲပင်လည်းမှ ဝင်ရောက်လာသည့် ရန်သူများအား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် အီဂျစ်အင်ပါယာ ပျက်စီးသွားသည်။