ဘန်ကီမွန်း သည် ကုလသမဂ္ဂ၏ ရှစ်ယောက်မြောက်နှင့် ယခုလက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ကိုဖီအန်နန် ထံမှ တာဝန်ကို လွှဲပြောင်းရယူခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်မထမ်းဆောင်မီ အချိန်က ဘန်ကီမွန်းသည် သံတမန် တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် တက္ကသိုလ်မှ ဘွဲ့ရသည့် နှစ်တွင်ပင် သံတမန်လောက သို့ ဝင်ရောက်ခဲ့ပြီး ပထမဆုံး တာဝန်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စတင်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်ကပင် သူသည် အရည်အချင်းရှိမှုနှင့် ရိုးရှင်းမှုတို့ကြောင့် နာမည်ကျော်ခဲ့သည်။
ဘန်ကီမွန်းသည် တောင်ကိုရီးယား သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ဇန်နဝါရီလမှ ၂၀၀၆ ဒီဇင်ဘာလ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ဖေဖော်ဝါရီလမှ စတင်၍ သူသည် အထွေထွေအတွင်းရေးမှူးချုပ်ရုံးအတွက် ကန်ပိန်းကို စတင်ခဲ့သည်။ အစပထမက ထိုရာထူးသည် သူ့အတွက် မဖြစ်နိုင်ဟု အများက တွက်ဆခဲ့ကြသည်။ သို့သော်လည်း သူသည် ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အားလုံးသို့ ခရီးလှည့်လည် သွားနိုင်ခဲ့ပြီး သူ့အား ထိုရာထူး အတွက် ထိပ်ဆုံးမှ ပြေးသူ တစ်ဦးဖြစ်အောင် အလှည့်အပြောင်း လုပ်နိုင်ခဲ့သည်။ သူ့အား အများစုက ယုံကြည်ကိုးစားလောက်သော သူ အဖြစ် လက်ခံကြပြီး သူသည် လှိုက်လှိုက်လဲလဲ ပြုံးတတ်သော အပြုံးကြောင့် နာမည်ကျော်ကြားသည်။