ပန်းချီ
ဆေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု (စက္ကူ၊ ကင်းဗတ်စ၊ သစ်သား၊ မှန်) ပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပုံဖွဲ့ယူခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။
ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဍန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်ပါသည်။ မြန်မာ့ရှေးရိုး တစ်ကြောင်းရေးပန်းချီ မှသည် ယခုခေတ် ပို့စ်မော်ဒန် အထိဖြစ်နိုင်ပါသည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့်မင်းခမ်းမင်းနား မှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများဖြစ်ပါသည်။
မာတိကာ |
ခြုံငုံဖော်ပြချက် [ပြင်ဆင်ရန်]
ပန်းချီရေးဆွဲရာတွင် အရောင် နှင့် တုန်း (Tone) ဟုခေါ်သည့် အလင်းအမှောင်ရောင်များ ခွဲခြား အသုံးပြုမှု၊ အသုံးချကစားနိုင်မှုမှာ အရေးပါသည်။ ပန်းချီကျော်များတွင် သူတို့၏“ဟန်”ဟု ဆိုရမည့် အရောင်အသုံးပြုမှုများရှိသည်။ ပန်းချီရေးဆွဲမှုတွင် သီဝရီသဘောအလိုက် များစွာကွဲပြားမှုရှိသည်။ ကျူဘစ်ဆင်၊ အင်ပရက်ရှင်၊ ပို့စ် အင်ပရက်ရှင်၊ အိပ်က်စ်ပရက်ရှင်၊ ဒါဒါရီဇင် စသည်ဖြင့်။
မော်ဒန် (Modern) နှင့် ခေတ်ပြိုင် ပန်းချီ (Contemporary Art) များသည် ရှေးရိုးအယူများမှ သိသိသာသာခွဲထွက်လာကြသည်။
ပန်းချီသမိုင်း [ပြင်ဆင်ရန်]
ရှေးအကျဆုံးပန်းချီရုပ်ပုံကို ပြင်သစ်နိုင်ငံ Grotte Chauvet မှာ တွေ့ရသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၃၂,ဝ၀ဝ သက်တမ်းရှိပြဟုဆိုပါသည်။ ဂူနံရံပေါ်တွင် မြေစေးတစ်မျိုးကို သုံးပြီးရေးထားတာဖြစ်ပြီး ရုပ်ပုံကားချပ်ထဲတွင် မြင်း၊ ကြံ့၊ ခြင်္သေ့၊ ကျွဲ၊ ကမ္ဘာဦးဆင်ကြီးတွေနှင့် လူပံများပါပြီး အများအားဖြင့် အမဲလိုက်နေကြသည်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြင်သစ်မှာကဲ့သို့ ဂူနံရံဆေးရေးပန်းချီများကို စပိန်၊ ပေါ်တူဂီ၊ တရုတ်၊ ဩစတြေးလျ နှင့် အိန္ဒိယတို့တွင်လည်း ရှိကြသည်။
အနောက်တိုင်းတွင် ဆီဆေး၊ ရေဆေး အသုံးပြုပြီး ပန်းချီရေးဆွဲမှုအတတ်သည် အသုံးလည်းများ၊ အလွန်လည်း ထွန်းကားလှသည်။ အရှေ့တိုင်းမှာတွင်မူ မှင်ကို အားပြုရေးဆွဲပြီးမှ ဖြစ်ပေါ်တိုးတက်လာသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် တစ်ကြောင်းရေးပန်းချီ၊ ပရပိုက်ပန်းချီ၊ ယွန်းပန်းချီ စသည်ဖြင့် ဖြစ်ပါသည်။
ရသသဘောနှင့် ပန်းချီသီဝရီ [ပြင်ဆင်ရန်]
အနုရသ (Aesthetics) ဆိုသည်မှာ “အလှတရားကို စနစ်တကျ ပုံဖော်တင်ပြမှု” (Science of Beauty) ဖြစ်သည်။ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်တွင် ဒဿနပညာရှင် ကန့်တ် (Kant) နှင့် ဟေဂယ် (Hegel) တို့က အထူးတလည် ဆွေးနွေး တင်ပြခဲ့ကြသည်။ ရှေးရိုးဂန္ထဝင်ဒဿနသမားကြီးများဖြစ်ကြသော ပလေတို နှင့် အရစ္စတိုတယ် တို့က အနုပညာနှင့် ပန်းချီအပေါ် ဖွင့်ဆိုခဲ့ကြခြင်းများ ရှိပါသည်။ ပလေတိုကမူ ပန်းချီဆရာများကိုရော၊ ပန်းပုဆရာမျာကိုပါ သူ၏ အတွေးအခေါ်တင်ပြချက်များထဲတွင် အကောင်းမပြောခဲ့ချေ။ ပန်းချီသည် ပကတိတရား (Truth) ကို မထင်ဟပ်နိုင်၊ အမှန်တရားကို တုပရုံမျှ (လောက တွေ့သိတတ်မှုကို အရိပ်ထင်ရုံမျှ) သာဟု ဆိုခဲ့သည်။ ပုံသွင်းအတတ်၊ ဖိနပ်ချုပ်အတတ်နှင့် သံပုံသွန်းတဲ့ အတတ်သာသာပဲဟုလည်း ပြောပါသေးသည်။ ပြောရမည်ဆိုလျင်လည်း ရှေးခေတ်ဂရိပန်းချီများသည် လီယိုနာဒို ဒါဗင်စီတို့ ခေတ်ဘက်ပိုင်းကကဲ့သို့ သဘာဝကျကျ ရေးပြနိုင်ခြင်းတော့ မရှိသေးပါ။ လီယိုနာဒို ဒါဗင်ချီကမူ တမျိုးယူဆပါသည်။ "Pittura est cousa mentale" ဟုဆို၏။ အင်္ဂလိပ်လို "painting is a thing of the mind"ဖြစ်သည်။ “ပန်းချီရေးတာဟာ စိတ်အလုပ်ပါ၊ နာမ်ခံစားမှုနဲ့ သွားတာပါ”ဟု ဆိုသည်။ ဒဿနပညာရှင် ကန့်တ်က အလှတရား (Beauty) နှင့် သိမ်မွေ့နက်နဲမှု (Sublime) ကို ထပ်ပြီး ခွဲခြားပါသေးသည်။ Sublime ကို အသားပေးခဲ့သော်လည်း ကန့်တ်က ပန်းချီကို ညွှန်းဆိုခဲ့သည် မဟုတ်ပါ။ နောက်ပိုင်းတွင် ပန်းချီဆရာများဖြစ်သော တာနာ (Turner) နှင့် ကပ်စပါ ဒေးဗစ် ဖရက်ဒရစ် (Caspar David Friedrich) တို့က Sublime အယူကို ပန်းချီတွင် ရည်ညွှန်း သုံးစွဲလာခဲ့သည်။
ဟေဂယ်က “အလှတရား”ကို အားလုံးအလိုကျ ရေရေရာရာမဖွင့်ဆိုနိုင်ဟူ၍ အသိအမှတ်ပြုခဲ့သည်။ ရသဆိုင်ရာ သူ၏အက်ဆေးထဲတွင် လူ၏ အနုသယစိတ်ကို အနိုးထနိုင်ဆုံးအဖြစ် ပန်းချီကို ကဗျာ၊ ဂီတတို့နှင့် ယှဉ်တွဲဖော်ပြခဲ့သည်။ ပန်းချီကို သီဝရီသဘောဖွင့်ဆိုကြသည့် ပန်းချီဆရာများထဲတွင် ကန်ဒင်စကီ (kandinsky) နှင့် ပေါကလီး (Paul Klee) တို့ ပါဝင်သည်။ ကန်ဒန်စကီက သူ၏ အက်ဆေးထဲတွင် “ပန်းချီဟာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး (spiritual value) တွေပါတယ်”ဟု ရေးခဲ့သည်။ “အဓိကအရောင်တွေဟာ ခံစားမှုနဲ့ ထင်မြင်ယူဆမှုကို နိုးထစေတယ်”ဟု ဂိုထေး (Goethe) နှင့် အခြားစာရေးဆရာများနည်းတူ ဖော်ပြခဲ့သည်။
ပုံရုပ်တုကို လေ့လာအဓိပ္ပာယ်ဖော်သောပညာရပ် (Iconography) အနေနှင့်လည်း ပန်းချီကားတွင် ပါဝင်သည်များကို လေ့လာကြပါသေးသည်။ အာဝင် ပါနော့ဖ်စကီ (Erwin Panofsky) နှင့် အခြားသော ပန်းချီသမိုင်းပညာရှင်များသည် ပထမအဆင့်တွင် ပန်းချီကား၌ ဖော်ပြလိုသော ပါဝင်ဖွဲ့စည်းမှု၊ ထို့နောက် ကြည့်ရှုခံစားသူ၏ နားလည်ခံယူမှုနှင့် ထိုသူတို့၏ ကျယ်ပြန့်သော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှု အဓိပ္ပာယ်များကို သုံးသပ်စိစစ်ကြပါသည်။
၁၉၈၀ ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ မောရိုက်စ် ဒင်းနစ် (Maurice Denis) [၁] က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာပါသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” [၂] ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာပါသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ ဂျူလီယန် ဘဲလ် (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားပါသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။
ပန်းချီကြားခံသုံးပစ္စည်းများ [ပြင်ဆင်ရန်]
- အခရစ်လစ်(Acrylic) ခေါ် ဆီ၊ ရေ နှစ်မျိုးသုံးဆေး
- ဖယောင်း (Encaustic - wax)
- မှင် (Ink)
- ဆီဆေး (Oil)
- ရေနှင့် ရောသုံးနိုင်သော ဆီဆေး (Water miscible oil paints)
- ဖယောင်ခြောက် (Dry Pastel)
- ဖယောင်းစို (Oil Pastel)
- မှုတ်ဆေး (Spray)
- ရေဆေး (Water Color)
မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ [ပြင်ဆင်ရန်]
- စိတ္တဇပန်းချီ (Abstract)
- စိတ္တဇအိပ်က်စ်ပရက်ရှင် (Abstract Expression)
- ဒစ်ဂျစ်တယ်ပန်းချီ (Digital Art)
- ခေတ်ပြိုင်ပန်းချီ (Contemporary Art)
- ပါတိတ်ပန်းချီ ( Art)
- (Graffiti Art)
- ကျူဘစ်ဆင် (Cubism)
- အိပ်က်စ်ပရက်ရှင်ဝါဒ (Expressionism)
- အင်ပရက်ရှင်ဝါဒ (Impressionism)
- မော်ဒန် (Modern Art)
- ပို့စ်မော်ဒန် (Post Modern)
- သရုပ်မှန် (Realism)
မြန်မာပန်းချီဖြစ်ပေါ်တိုးတက်မှု [ပြင်ဆင်ရန်]
မြန်မာပန်းချီ တွင် ကြည့်ပါ။
မြန်မာ့ပန်းချီရေစီးကြောင်းအကျဉ်းချုပ်
မြန်မာနိုင်ငံတွင် သမိုင်းမတင်မီကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူမှ နံရံပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီကို ခေတ်ကြီး ၆ ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်းမတင်မီခေတ်နှင့် ပျူခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ၂၀ ရာစုနှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။ သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာများတွင် ကျောက်ခေတ်လူသားတို့၏ လူနေမှုဘဝ၊ အမဲလိုက်ကြပုံနှင့် သဘာ၀ကို ကိုးကွယ်ြခင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်သည်။ တောင်ကမ်းပါးကြားမှ နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ခန့်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းပုံများမှတဆင့် ကျောက်ခေတ်လူသားတို့၏ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိရပါသည်။ ပျူခေတ်တွင်မူ ပန်းဆယ်မျိုးအပါအဝင် ပန်းပု၊ ပန်းတိမ်နှင့် ပန်းချီတို့ထွန်းကားခဲ့မည်ဟု ယူဆနိုင်သော်လည်း သေချာသောအထောက်အထား မရှိသေးပါ။ ပုဂံခေတ်သည် ပန်းချီရေးဆွဲမှုအတတ်ပညာ အမြင့်မားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သမိုင်းဝင်ပန်းချီခေတ်ဦးဖြစ်သည်။ ပုဂံခေတ်တွင် နံရံဆေးရေးပန်းချီရေးဆွဲခဲ့ကြပြီး မဇ္ဈိမဒေသမှ ပြန့်ပွားလာသော ဗုဒ္ဓအယူဝါဒများနှင့် အတူတွဲဖက်ပါဝင်လာသော ပါလ ပန်းချီရေးနည်းမှ ဆင်းသက်လာခြင်းဖြင့်သည်။ ကောက်ကြောင်းရေး ဆေးပိန်းခြယ်သော နည်းစနစ်ကိုအသုံးပြုခဲ့ကြသည်။ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ခြေရာတော်၊ ဟိန္ဒူဆိုင်ရာဝါဒများ၊ ကနုတ်ပန်းအနွယ်အခက်များကို ရေးဆွဲကြသည်။ သာသနာတော်ဖွံ့ဖြိုးခြင်းကြောင့် ဂူဘုရားများတွင် ပန်းချီရေးခြင်းလည်း အမြင့်မားဆုံးဖွံ့ဖြိုးခဲ့သည်။ ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန်နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှုမြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။ ကုန်းဘောင်ခေတ်တွင် ရေးခြယ်ခဲ့သော ဥပါလိသိမ်မှ နံရံပန်းချီလက်ရာများ ပုဂံမြို့ဟောင်းရှိ အာနန္ဒာအုတ်ကျောင်း ပန်းချီလက်ရာများ၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ရုပ်စုံဘုရားမှ ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများကို လေ့လာကြည့်လျှင် မြန်မာမှုမြန်မာဟန်များ ပိုမိုပါဝင်လာသည်ကို တွေ့နိုင်ပါသည်။ ရတနာပုံ မန္တလေးခေတ်တွင်မူ ပုဂံခေတ်ကဲ့သို့ ဘာသာရေးပုံများသာ မဟုတ်တော့ဘဲ ပန်းချီရေးဆွဲသည့် အကြောင်းအရာများလည်း ကျယ်ပြန့်လာခဲ့သည်။ မင်းနှင့်စပ်ဆိုင်သော အကြောင်းများ၊ မင်းခမ်းမင်းနား၊ မင်းမိန့်၊ နက္ခတ်ကျမ်းများကိုလည်း ပန်းချီပညာဖြင့် သရုပ်ဖော်လာကြသည်။ ရေးဆွဲရာတွင်လည်း အုတ်နံရံများတွင်သာမက ပုရပိုက်၊ ပေများပေါ်တွင်လည်း ရေးဆွဲလာကြသည်။ နိပါတ်ပန်းချီ၊ စပ်ပန်းချီများလည်း စတင်ထွန်းကားလာခဲ့သည်။ စစ်ကြိုခေတ်တွင်မူ မြန်မာ့ပန်းချီလောကတွင် ဦးဘဉာဏ်၊ ဦးဘဇော်တို့ကဲ့သို့သော နိုင်ငံခြားပညာတော်သင် ပန်းချီဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ ဥရောပသားများနှင့် အဆက်အဆံများပြားလာခြင်းကြောင့် ဥရောပရေးနည်းစနစ်များ မြန်မာ့ပန်းချီလောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများထည့်သွင်းခြင်း၊ ဒဂုန်ကဲ့သို့သော မဂ္ဂဇင်းများက အနုပညာကဏ္ဍတစ်ခုထည့်သွင်းပေးခြင်းတို့ကြောင့် ပန်းချီသည် ပြည်သူလူထုအကြားတွင် သက်ဝင်လာခဲ့သည်။ စစ်ပြီးခေတ်တွင် ပန်းချီကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းကြီးသည် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ့ပန်းချီလောကကို ထူထောင်မြှင့်တင်ပေးခဲ့သည်။ ၁၉၅၀ ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၌ ပန်းချီကျောင်းများကို ရန်ကုန်နှင့်မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာတက္ကသိုလ်တစ်ခုထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။ ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန်ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းမျာစွာပေါ်ပေါက်လာခဲ့ပြီး ၁၂ ရာသီပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ြဖင့် စီးဆင်းနေပါသည်။
မြန်မာပန်းချီကျော်များ [ပြင်ဆင်ရန်]
က
- (ဦး) ကံညွန့်
- ကေမြိုး
- (မောင်)ကျော်ညွန့်
- (ဦး) ကြာညွန့်
- (ဦး) ကျော်လှိုင်
ခ
- (ဦး)ခင်ဇော်
- (ဦး)ခင်မောင်- ဘဏ်
- ခင်မြဇင်
- ခင်ဝမ်း
- (ဦး)ချစ်မြဲ
င
- ဦးငွေကိုင် (အလင်္ကာကျော်စွာ)
စ
- စံတိုး
- စံမင်း
-(ဦး)စံလွင်
-(ဦး)စောမောင် (အလင်္ကာကျော်စွာ)
- စန်းဦး
ဆ - ဆရာချုံ ပန်းချီတော်
- ဆြာခြယ်
- ဆြာနွယ်
-ဆရာဆောင်(ရေဆေး)
ဇ
- ဇော်မင်း
- ဇော်မင်း- မန္တလေး
- ဇော်ဝင်း-ဌက်ပျောသီး
ည
- (ဦး)ညိုလှ
- (ဦး)ညိုလေးပုလင်းပန်းချီ(မန္တလေး)
ဌ
- (ကို)ဌေးအောင်
တ
- တူးတူး (ထားဝယ်)
- တင်မောင်ဦး- မန္တလေး
- တိုင်းကျော်- မန္တလေး
ထ
- ထိန်လင်း
- (ဦး)ထွန်းလှ
ဒ
- မောင်ဒီ
န
- နန်းနန်း
ပ
- ပိုပို
ဖ
ဗ
ဘ
- (ဦး)ဘကလေး(ကာတွန်း)
- (ဦး)ဘကြည်
- (ဦး)ဘဂျမ်း (အလင်္ကာကျော်စွာ)
- (ဦး)ဘဉာဏ်
- (ဦး)ဘစိန်
- (ဦး)ဘဇော်
- (ဦး)ဘဖန်
- (ဦး)ဘရင်လေး
- (ဦး)ဘလုံ
- (ဦး)ဘလုံလေး
- (ဦး)ဘသက်
- (ဦး)ဘအုံး
မ
- မမွှေး
- မူးမူး
- မင်းဇော်
- (ဦး)မောင်မောင်ကြီး
- မုတ်သုန်
ယ
ရ
- (ဦး)ရွှေစိုး
လ
- လူမင်း
- (ဦး)လွန်းကြွယ်
- (ဦး)လှ
- (ဦး)လှတင်ထွန်း(ဝင်းပ)
- (ဦး)လှဘော်
- (ဦး)လှရှိန်
ဝ
- ဝသုန်
- ဝသုည
သ
- (ဦး)သာထွန်း
- သီဟ
- (ဦး)သုခ
- (ဦး)သက်တင်
- (ဦး)သက်ဝင်း
- (ဦး)သောင်းဟန်
- (ဦး)သန့်(ရေဆေး)
ဟ
-(ဦး)ဟိန်စွန်း(ကာတွန်း)
- ဟန်လေး
အ
- အေးကို
- (ဦး)အေးမြင့် မြန်မာမှုဒီဇိုင်း သုတေသီ
- (ဦး)အောင်ထွေး ထားဝယ်
- (ဦး)အောင်မြင့်
- (ဦး) အမ်တင်အေး
ရည်ညွှန်းကိုးကား [ပြင်ဆင်ရန်]
- ↑ http://en.wikipedia.org/wiki/Maurice_Denis
- ↑ http://uk.encarta.msn.com/encyclopedia_761563353/abstract_art.html
- Wikipedia
- ရိုးရာမှသည် ခေတ်သစ်ဆီသို့ - ဗဂျီအောင်စိုး
| ပန်းဆယ်မျိုး | |
|---|---|
| ပန်းပဲ • ပန်းပု • ပန်းထိမ် • ပန်းချီ • ပန်းယွန်း • ပန်းတော့ • ပန်းပွတ် • ပန်းတမော့ • ပန်းရန် • ပန်းတဉ်း | |