စက္ကူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မနီလာစက္ကူထပ်

စက္ကူကိုပထမဦးစွာအေဒီ ၁၀၅ ခုနှစ်ခန့်က အင်ပါယာရှင်ကြီးဟိုတီထံတွင် နန်းတွင်းမှူးမတ်တစ်ဦး ဖြစ်သူ TS'AI LUN ဆိုင်းလွန်းမှတီထွင်ခဲ့ပါသည်။ သူသည် စက္ကူကိုတီထွင်ခဲ့သော်လည်း သူ၏အမည်ကိုစာဖတ်သူအများစုမှာ အသိနည်းခဲ့ကြသည်။ ၎င်း၏တီထွင်မှုမှာအလွန်တရာပင်အရေးပါခဲ့သော်လည်း အနောက်တိုင်းကသူ့အားဥပေက္ခာပြု လျစ်လျူရှူခဲ့ခြင်းကားအံ့ဩစရာပင်ဖြစ်ပါသည်။ အရေးပါလှ့ပြီးအဓိကကျလှသော စွယ်စုံကျမ်းကြီးများတွင်ပင် သူ့ဘဝအထုပ္ပတ္တိကို အကျဉ်းမျှပင် ဖော်ပြထားခြင်းမရှိခဲ့ပေ။ သူ၏အမည်အား ကျောင်းသုံးသမိုင်းများတွင် သာရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ အရေးပါလှသော စက္ကူ၏အကြောင်းကိုလေ့လာသုံးသပ်ခဲ့သည့်သမိုင်းသုတေသီတစ်ဦးဖြစ်သူ Michael H.Harts ကသူ၏နာမည်ကျော် The most influential persons in History ဆိုသောစာအုပ်ကိုပြုစုခဲ့ရာ၌ TS'AI LUN ဆိုသူရှိမှရှိပါလေစဟု သံသယဝင်ခဲ့ရကြောင်းကို ၎င်း၏စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့ရာတွင် သူ၏ ဂရုတစိုက်လေ့လာသုတေသနပြုချက်များအရ ဆိုင်းလွန်းမှာ အမှန်ကတကယ်ပင် ရှိခဲ့သည်ကိုသိခဲ့ရသည်။

ကြိုးစားအားထုတ်[ပြင်​ဆင်​ရန်​]

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်က တီထွင်ခဲ့သည်။ ကိုင်လွန်ကို အေဒီ(၅၀)က တရုတ်ပြည်အရှေ့ပိုင်း၊ ဂွိုင်ယန်စီရင်စု၌ မွေးဖွားသည်။ သူသည် သစ်ခေါက် ပိုက်ဆံလှျော်ပင်၊ ပိုးချည်မှျင်တို့မှ စက္ကူထုတ်လုပ်ရန် ကြိုးစားသည့်အပြင် ငါးဖမ်းပိုက်များမှပင် စက္ကူထုတ်လုပ်ရန် ကြိုးစားအားထုတ် ခဲ့သည်။ ကိုင်လွန်အနေနှင့် စက္ကူတီထွင်ရန် ကြိုးစားရခြင်း အကြောင်းမှာ တရုတ်ဘုရင် ဟီဒီက ၎င်းအား စက္ကူထုတ်လုပ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သောကြောင့် ဖြစ်သည်။ [၁]

စက္ကူကိုတီထွင်သူအဖြစ်ဆိုင်းလွန်းကိုမှတ်တမ်းတင်ထားခဲ့ကြ၍ယင်း၏အမည်မှာတရုတ်ပြည်တွင် အလွန်အင်မတန်ပင် ကျော်ကြား လှပါသည်။ဆိုင်းလွန်းသည် တရုတ်တို့၏မှတ်တမ်းများအရ သင်းကွပ်ထားသူတစ်ဦးဖြစ်သည်။

အင်ပါယာရှင်ကြီးမှာဆိုင်းလွန်း၏ တီထွင်မှုကိုသဘောကျနှစ်ခြိုက်ခဲ့၍ ဆိုင်းလွန်းအားရာထူးတိုးမြှင့် ပေးခဲ့ပြီးဘုရင့်ဘွဲ့တံဆိပ်အား ပေးအပ်ခဲ့ရာ ဆိုင်းလွန်းမှာချမ်းသာကြွယ်ဝလာခဲ့သည်။သို့ရာတွင်သူသည်နောက်ပိုင်းနန်းတွင်းလုပ်ကြံမှု တစ်ခု၌မလွှဲမရှောင် သာပါဝင်ခဲ့သော ကြောင့်ကျဆုံးမှုသို့ဦးတည်ခဲ့ရပြီးသိက္ခာ ဆုံးပါးသွားသောကြောင့်သူသည်ရေမိုးချိုး၊ အဝတ်အစားသစ်များဝတ်ဆင်၍ အဆိပ်သောက်သေခဲ့ သည်ဟုတရုတ်တို့ကမှတ်တမ်းတင်ခဲ့သည်။

ဒုတိယရာစုနှစ်တွင် တရုတ်ပြည်၌ စက္ကူအသုံးတွင်းကျယ်လာခဲ့ပြီး ရာစုနှစ်အနည်းငယ်အတွင်းတွင် တရုတ်တို့မှအာရှတိုက်၏ အခြားဒေသများ သို့စက္ကူကိုတင်ပို့ခဲ့သည်။ ကာလအတန်ကြာသည်အထိတရုတ်တို့က စက္ကူလုပ်နည်းကိုလျှို့ဝှက်ခဲ့သော်လည်း ၇၅၁ ခုနှစ်တွင် တရုတ်စက္ကူ အလုပ်သမားအချို့အား အာရပ်တို့မှဖမ်းဆီးမိသွားရာမှ များမကြာမီပင် ဘဂ္ဂဒက်မြို့နှင့် ဆမာရ်ကန်မြို့တွင် စက္ကူကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

စက္ကူလုပ်နည်းအတတ်မှာ အာရပ်ကမ္ဘာသို့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ရာ ဆယ့်နှစ်ရာစုနှစ်တွင် ဥရောပသားတို့ကထိုအတတ်အား အာရပ်တို့ထံမှ သင်ယူတတ်မြောက်ခဲ့ကြပါသည်။ ၎င်းနောက်စက္ကူအသုံးမှာ တဖြည်းဖြည်းတွင်ကျယ်လာခဲ့ရာ ဂူတင်ဘတ်က ပုံနှိပ်စက်ကိုတီထွင်ပြီးနောက်ပိုင်း အနောက်တိုင်းတွင်သားရေချပ်၏နေရာ၌ အဓိကစာရေးကိရိယာအဖြစ် စက္ကူကနေရာယူပြီး အစားထိုး အသုံးချခဲ့ကြသည်။

တရုတ်ပြည်တွင်ဆိုင်းလွန်းမတိုင်မီ ယခင်ကာလက စာအုပ်ကိုဝါးနှင့်လုပ်ကြရသောကြောင့် ယင်းသို့သောစာအုပ်များမှာ လေးလံပြီး ကို့ယို့ကားယားနိူင်လွန်းလှ၏။ အချို့သောစာအုပ်မျိုးများကိုမှုုပိုးထည်တွင်ရေးသားစီရင်ခဲ့ကြ၍ ၎င်းပိုးထည်စာအုပ်မျိုးမှာ တန်ဖိုးများလွန်းလှပါသည်။ အနောက်တိုင်းတွင်မူ စက္ကူမထွက်မှီယခင်ကာလက သားရေချပ်များတွင်ရေးသား ခဲ့ကြသည်။ ဤသားရေ ချပ်များကို သိုးရေ၊ဆိတ်ရေနှင့်ပြလုပ်ခဲ့ကြ၍ ဂရိရောမနှင့်အီဂျစ်တွင်မှူ ပါပါရပ်စ်ခေါ်ကျူချပ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် သားရေချပ်နှင့် ကျူချပ်နှစ်မျိုးလုံးမှာရှားပါးရုံသာမကပဲ ထုတ်လုပ်မှုစားရိတ်လည်းကြီးမြင့်လှပါသည်။

စာအုပ်များနှင့်အခြားစာရေးကိရိယာများမှာ ယခုအခါတွင်ဈေးနုန်းချိုသာစွာဖြင့် ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါသည်။စက္ကူတီထွင်နိုင်ခဲ့ စဉ်ကပင်စပြီးအရည်အတွက်များစွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ စက္ကူနှင့်ပုံနှိပ်စက်တို့မှာတစ်ခုနှင့်တစ်ခုအရေးပါပုံခြင်းမှာ ယခုအခါတွင် မတိမ်းမယိမ်းဖြစ်နေပြီဟုဆိုရပါမည်။တကယ်တန်းအသေအခြာတွေးကြည့်လျှင်မူ ပုံနှိပ်စက်မှာ ဤမျှပဓာနမကျပါပေ။ဈေးနုန်းချိုသာပြီး အလျှံပယ်ရနိုင်သည့် ပုံနှိတ်ပစ္စည်းမရှိခဲ့လျှင် ပုံနှိတ်စက်၏အရေးပါမှုမှာ မထင်ပေါ်နိုင်ပေ။

ယခင်ကာလဆိုင်းလွန်းမတိုင်မှီအချိန်တွင်တရုတ်ပြည်၌စာရေးကိရိယာမရှိခဲ့ပေ။ ရှိခဲ့သည့်ဝါးစာအုပ်အစရှိသည့်ကိရိယာများမှာလည်း အနောက်တိုင်းတွင်သုံးစွဲနေပြီဖြစ်သည့် ပါပါးရပ်စ်စာအုပ်မျိုးလောက် အရာမရောက်ပေ။ တရုတ်တို့၏ယဉ်ကျေးမှုတိုးတတ်ရေးမှာ စာရေးကိရိယာ ချို့တဲ့မှုကြောင့် ကြီးစွာအဟန့်အတားဖြစ်ခဲ့၍ နှောင့်နှေးခဲ့ရသည်။ တရုတ်ပညာရှိတစ်ဦးမှာ စာအုပ်များကို လှည်းနှင့်တိုက်ယူခဲ့ရသည်။ ဤသို့သောအခြေအနေမျိုးတွင် အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမှာ မည်မျှပင်ခက်ခဲမည်ကို တစ်စုံတစ်ဦးအနေနှင့် တွေးကြည့်နိုင်ပေသည်။

ဆိုင်းလွန်း၏စက္ကူတီထွင်မှုကဤသို့သောအခြေအနေကိုလုံးလုံးလျားလျားပင်ပြောင်းလဲသွားစေခဲ့သည်။သင့်တော်သော စာရေးကိရိယာရှိလာသည်နှင့်တရုတ်အမျိုးသားတို့၏ယဉ်ကျေးမှုမှာလျှင်လျှင်မြန်မြန်ပင်တိုးတက်လာခဲ့တော့သည်။
[၂]

သစ်ပိုင်းသစ်စမှ စက္ကူဖြစ်လာပုံ[ပြင်​ဆင်​ရန်​]

လူတို့သည် ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်ကပင် စက္ကူလုပ်နည်းကို သိရှိခဲ့ကြသော်လည်း စက္ကူစက်များ ပေါ်ပေါက်သည့်အခါ မှာမှ စက္ကူကို အသုံးများလာကြလေသည်။ ယခုအခါ စက္ကူသည် အထူးအရေးပါသော လူသုံးပစ္စည်းတရပ်ဖြစ်၍ မြန်မာနိုင်ငံ၌ စက္ကူစက်များ တည်ထောင်ရန်ကိုပင် စီစဉ်လျက်ရှိပေပြီ။


စက္ကူကို နကျယ်ကောင်တို့သည် သူတို့၏သဘာဝ အလျောက် ပြုလုပ်နိုင်ကြသည်။ သူတို့သည် သစ်ပင်ခြောက်၊ သစ်ကိုင်းခြောက်များမှ ကိုက်ဖဲ့၍ရသော သစ်စကလေးများကို သစ်ပျော့ဖတ်ဖြစ်အောင် ဝါးပြီးနောက် ထိုပျော့ဖတ်ဖြင့် အိမ်ပြု လုပ်ကြသည်။ နကျယ်အိမ်ကို ဖျက်ကြည့်သောအခါ လှပစွာ အခန်းဖွဲ့ထားသော သူတို့၏ စက္ကူကို တွေ့မြင်နိုင်သည်။

လူတို့မှာမူကား ရှေးနှစ်ပေါင်း ၂ဝဝ လောက်ကမှ စက္ကူ လုပ်နည်းကို သိလာကြသည်။ စက္ကူလုပ်နည်းကို ဦးစွာပထမ သိသော လူမျိုးမှာ တရုတ်လူမျိုးဖြစ်၍ နကျယ်အိမ် ပြုလုပ်ပုံကို ရှေးတရုတ်ပညာရှိကြီး တစ်ဦးက အသေအချာကြည့်ရှု လေ့လာ ရာမှ လုပ်နည်းကို စတင် သိရှိခဲ့သည်ဟု ဆိုလေသည်။ စက္ကူ လုပ်နည်းကို မသိမီက လူတို့သည် အခြားပစ္စည်းများဖြင့် ရေး မှတ်ခဲ့ကြရလေသည်။ ကျောက်ပြား၊ ရွှံ့ပြား၊ သစ်သားပြားများ ပေါ်တွင် စာလုံးများကို ထွင်း၍ ရေးခဲ့ကြရသည်။ ထိုနောက် တွင် အီဂျစ်နိုင်ငံ၌ ကျူပင်တစ်မျိုးမှ ကျူချပ်များကို စာရေးရန် ပြုလုပ်လာနိုင်သည်။ ထိုကျူပင်မျိုးကို ပပိုင်းရပ်ဟု ခေါ်သဖြင့် ထိုအမည်ကို အစွဲပြု၍ အဂ‡လိပ်ဘာသာဖြင့် စက္ကူကို 'ပေပါ' ဟု ခေါ်လေသည်။


ကျူချပ် ပြုလုပ်ပုံမှာ ကျူပင်၏ ပင်စည်များမှ အစကလေးများကို ခွာယူ၍ တစ်ခု ပေါ်တွင် တစ်ခုထပ်ပြီးလျှင် ရေစိမ်ပေးရသည်။ ထိုနောက် အပြားဖြစ်အောင် ဖိပေး၍ နေပူလှန်းပေးရသည်။ ခြောက်သွေ့ ပြီးသောအပြားကို အရောင်တင်ပေးသောအခါ စာရေးနိုင်သော ကျူချပ် ဖြစ်လာသည်။ ထိုကျူချပ်ကို ကောင်းစွာ မခေါက်နိုင်၊ သို့သော် လိပ်၍ထားနိုင်သည်။ ရှေးဂရိ လူမျိုးနှင့် ရောမလူမျိုး တို့သည် ထိုကျူချပ်များဖြင့် စာရေးကြသည်။ ၃ ရာစုနှင့် ၇ ရာစုနှစ်များအကြားတွင် သိုးသားရေ၊ နွား ကလေး သားရေတို့မှ ပြုလုပ်သော သားရေချပ်များ ပေါ်ပေါက် လာပြန်သည်။ ထိုသားရေချပ်များမှာ ခိုင်ခံ့ ချောမွှတ်သဖြင့် စာရေးသားရန် အတော်အတန် ကောင်းသည်ဟု ဆိုနိုင်ပေသည်။ ဥရောပတိုက်တွင် ထိုသားရေစက္ကူများဖြင့်ပင် စာများကို ရှေးက ရေးသားခဲ့ကြရပေသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံ၌ စက္ကူ များကို ပြုလုပ်သုံးစွဲနေပြီ ဖြစ်သော်လည်း ပြုလုပ်နည်းကို လျှို့ဝှက်ထားသည့်အတွက် အခြားမည်သည့်နိုင်ငံကမျှ စက္ကူကို မပြုလုပ်နိုင်ကြချေ။ သို့ရာတွင် စစ်တိုက်ရာမှ ဖမ်းမိသော တရုတ် သုံ့ပန်းများထံမှ စက္ကူလုပ်နည်းကို အာရပ်လူမျိုးတို့ သည် ခရစ် ၈ဝဝ ပြည့်နှစ်မတိုင်မီက ရရှိသွားလေသည်။ ၁၂ ရာစုနှစ်တွင် ထိုနည်းကို အာရပ်လူမျိုးတို့သည် အာဖရိကတိုက် မြောက်ပိုင်းမှဖြတ်ကာ စပိန်ပြည်သို့ ယူဆောင်လာသည်။စပိန်မှ တစ်ဆင့် ဥရောပတစ်တိုက်လုံးသို့ စက္ကူလုပ်နည်း ပျံ့နှံ့သွားရာ ၁၄ဝဝ ပြည့်နှစ်လောက်တွင် စက္ကူကို အသုံးများလာကြလေ သည်။ ဤသို့ဖြင့် ပုံနှိပ်စက်များ ပေါ်ပေါက်လာချိန်သို့ ရောက် သောအခါ စက္ကူကို လိုသလောက် ရနိုင်နေလေပြီ။ သို့ရာတွင် အစပထမ၌ စက္ကူကို လက်ဖြင့်သာ ပြုလုပ်ခဲ့ကြ၏။ လွန်ခဲ့ သည့်နှစ်ပေါင်း တစ်ရာကျော်လောက်မှစ၍ စက္ကူကို စက်ဖြင့် အများအစား ပြုလုပ်နိုင်လာကြသည်။

စက္ကူလုပ်နည်း[ပြင်​ဆင်​ရန်​]

စက္ကူကို အမျှင်ရှိသော သို့မဟုတ် ဆဲလျူလို့ ပါရှိသော အပင်အမျိုးမျိုးမှ ပြုလုပ်ယူနိုင်သည်။ အာရပ်တို့သည် လင်နင် ထည်၊ ဘီသွာလျှော်နှင့် အဝတ်စုတ်များအပြင် ကောက်ရိုး၊ ဝါး၊ မြက်စသော အမျှင်ရှိသည့်အပင်တစ်မျိုးမျိုးကို အသုံးပြုခဲ့ကြ၏။ ယခုခေတ်တွင်မူ စက္ကူလုပ်ငန်းအတွက် သစ်ကို အဓိက အမြောက်အမြား သုံးကြလေသည်။

ယခုအခါ စက္ကူလုပ်ငန်းကို စက်များဖြင့် အကြီးအကျယ် ပြုလုပ်ကြ၍ စက္ကူအမျိုးပေါင်း အမြောက်အမြားကိုလည်း ပြုလုပ်နိုင်လေပြီ။ သို့သော် အကောင်းဆုံးစက္ကူကိုမူ လက်ဖြင့် ပင် ယနေ့တိုင်အောင် ပြုလုပ်နေဆဲဖြစ်သည်။ စက်ဖြင့် စက္ကူ လုပ်နည်းကို မဖော်ပြမီ လက်ဖြင့်လုပ်နည်းကို ပထမ ဖော်ပြ လိုသည်။

လက်ဖြင့်စက္ကူလုပ်နည်း[ပြင်​ဆင်​ရန်​]

လက်ဖြင့် စက္ကူပြုလုပ်ရာ၌ လင်နင်ထည်နှင့် ဝါဂွမ်းထည် အစုတ်အပိုင်းများကို အသုံးပြုကြသည်။ အဝတ်စများကို အစွန်း အထင်း အညစ်အကြေးများ မရှိအောင် ဆေးဖြင့်ချွတ်ဆေးပြီး နောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆုတ်ပေးသည်။ ထို နောက် ရေအပြည့်ရှိသော စည်ကြီးတွင် ထည့်ကာ ပျော့ဖတ် ဖြစ်လာသည့်တိုင်အောင် ချေပေးရသည်။ ထိုအခါ ရေပြင်တွင် အမျှင်ဖတ်များ ပေါလောပေါ်လာသည်။ ပျော့ဖတ်တွင် အတုံး အတစ်များ မကျန်ရအောင် အချိန်ကြာမြင့်စွာ မွှေနှောက်ပေးနေ ရသည်။ အားလုံးကြေ၍ ပျော့ဖတ်ဖြစ်လာသောအခါ စက္ကူပြု လုပ်ရန် အသင့်ဖြစ်လေပြီ။ထိုအခါ နန်းကြိုးများဖြင့် ကွက်စိတ် ရက်ထားသောဆန်ခါခွက်ကို ပျော့ဖတ်ရည်တွင်နှစ်၍ ဆယ်တင် ရသည်။ထိုအချိန်တွင် ပျောဖတ်အမျှင်များ ညီညီညာညာ အနည် ထိုင်အောင် ဆန်ခါခွက်ကို ဖြည်းဖြည်းသက်သာ လှုပ်ပေးနေ ရသည်။ ရေသည် ဆန်ခါအပေါက်ကလေးများမှ ယိုကျသွား သောအခါ ဆန်ခါပေါ်၌ စိုရွဲနေသောစက္ကူ တစ်ရွက်စီတင်၍ ကျန်ရစ်ခဲ့သည်။ ထိုသို့ ရရှိသော စက္ကူအစိုများကို သက္ကလတ် ကြမ်း နှစ်ချပ်ကြားတွင် တစ်ရွက်စီည|ပ်၍ တစ်ခုပေး တစ်ခု ဆင့်ထပ်ပုံပြီးသော် ရေအားလုံးလိုလို ထွက်သွားရအောင် ဖိစက် ဖြင့် ဖိည|ပ်ပေးရသည်။ ထိုနောက် စက္ကူချပ်ကို ကျွဲကျော် သို့ မဟုတ် အခြားကော်ရည် တစ်မျိုးမျိုး ထည့်ထားသောစည်တွင် နှစ်၍ အခြောက်လှန်းလိုက်သောအခါ မင်ဖြင့်ရေးနိုင်သည့် သာမန်စက္ကူ ဖြစ်လာသည်။ အကယ်၍ ကော်ရည်တွင် မနှစ် ပေးပါက ခဲဖြင့်သာ ရေးနိုင်သော စက္ကူကြမ်းကို ရနိုင်သည်။

စက်ဖြင့် စက္ကူလုပ်နည်း[ပြင်​ဆင်​ရန်​]

၁၉ ရာစုနှစ်ဦးလောက်က စ၍ ခေတ်မှီ စက္ကူလုပ်စက်များ စတင် ပေါ်ပေါက်လာသည်။ ထိုရာစုနှစ် အလယ်ပိုင်းသို့ ရောက်သောအခါ စက္ကူအကောင်းစား ပြုလုပ်သည့်ကိစ္စမှလွဲ၍ စက်ဖြင့် ပြုလုပ်နည်းသည် လက်ဖြင့် ပြုလုပ်နည်းကို နေရာ တကာတွင် လွှမ်းမိုးသွားသည်။ ယခုအခါ စက္ကူစက်များနှင့် စက္ကူလုပ်နည်းများသည် တစ်စထက်တစ်စ တိုးတက်ကောင်း မွန်လာခဲ့ရာ တစ်နေ့ကို စက္ကူတန်ချိန် တစ်ရာကျော်နှုန်းဖြင့် သစ်လုံးဘဝမှ စက္ကူဘဝရောက်သည်အထိ တစ်ဆက်တည်း ပြုလုပ်နိုင်သည်။ အလျား ပေ ၂၅ဝ မျှရှည်သော စက်ကြီးများ ပင် ရှိနေလေပြီ။

စက္ကူစက်ရုံကြီးများတွင် စက္ကူလုပ်မည့် ပျော့ဖတ်များကို စိမ်ထားသော စည်ကြီးများရှိသည်။ အဝတ်စုတ်မှ ပြုလုပ်သော အဝတ်ပျော့ဖတ်ကို ရလိုပါက အဝတ်စုတ်များကို ထိုစည်ကြီး များတွင် ထည့်၍ စက်ဖြင့် မွှေနှောက် ချေဖျက်ပေးရသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း သစ်သားမှ ပြုလုပ်သော သစ်ပျော့ဖတ် ကို ရလိုပါက အောက်ပါ နည်းနှစ်နည်းကို သုံးကြသည်။ ပထမနည်းတွင် အခေါက်နှင့် အမြစ်များကို ခွာပစ်ထုတ်ပစ် ပြီးနောက် စက်ရုံသို့ ရောက်လာသော သစ်တုံးများကို အမျှင် များဖြစ်အောင် စက်ဖြင့် ကြိတ်ပေး၍ အမျှင်များကို အဆိုပါ စည်များထဲသို့ ရေနှင့် မျှောချပေးသည်။ ထိုပျော့ဖတ်မျိုးကို စက်ကြိတ်ပျော့ဖတ်ဟု ခေါ်သည်။ သို့ရာတွင် ဤပျော့ဖတ်မှ ရသော စက္ကူမှာ အပေါစားဖြစ်၍ ညံ့သည်။ အခြားတစ်နည်းမှာ ပျော့ဖတ်ကို ဓာတုဗေဒနည်းဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ထို နည်းတွင် သစ်တုံးများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် စက်ဖြင့်ကြိတ်ပြီးနောက် ဓာတ်ဆေးရည်များနှင့် အတူရော၍ ပြုတ်ရသည်။

ဤသို့ ပြုလုပ်ရရှိသည့် ပျော့ဖတ်မျိုးကို ဆေးစိမ်ပျော့ဖတ်ဟု ခေါ်သည်။ဆေးစိမ်ပျော့ဖတ်ပြုလုပ်ရာတွင် အသုံးပြုသော ဓာတ် ဆေးများကိုလိုက်၍ ဗိုင်ဆာလဖိုက်နည်း၊ ဆိုဒါနည်း၊ဆာလဖိတ် နည်းတွင် ကယ်လဆီယမ်နှင့် မက်ဂနီဇီယမ် ဗိုင်ဆာလဖိုက်များ ကို၎င်း ဆိုဒါနည်းတွင် ကော့စတစ်ဆိုဒါကို၎င်း၊ ဆာလဖိတ် နည်းတွင် ဆိုဒီယမ်ဆာလဖိတ်ကို၎င်း အသုံးပြုကြသည်။

ဆေးစိမ်ပျော့ဖတ်များမှ အမျိုးအစား ကောင်းသော စက္ကူ များကို ရနိုင်သည်။ သစ်သား အပိုင်းအစာများကို ဓာတ်ဆေး များနှင့် ပြုတ်လိုက်သောအခါ သစ်သားတွင်ပါသော ပျက်စီး ယိုယွင်းတတ်သည့် ပစ္စည်းများကို ဓာတ်ဆေးများက ချွတ်လိုက် သည့်အတွက် ကြာရှည်ခံသော စက္ကူကို ရလေသည်။

အဝတ်ပျော့ဖတ်မှ ပြုလုပ်သော စက္ကူတိုင်းကိုလည်း အကောင်းစားချည်းဟု မဆိုနိုင်ပေ။ အဝတ်စုတ်များတွင် အကောင်း အညံ့ အမျိုးမျိုးရှိသဖြင့် စက္ကူတွင်လည်း အမျိုးမျိုး ဖြစ်နိုင်သည်။ ထိုနည်းတူစွာပင် သစ်သားတွင်လည်း အမာ အပျော့ အမျိုးမျိုး ရှိသဖြင့် သစ်ပျော့ဖတ်မှရသော စက္ကူတို့ သည် တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ စက္ကူအကောင်းစား ထွက်စေသော အဝတ်မှာ ဘီသွားလျှောဖြင့် ပြုလုပ်သော လင်နင်ခေါ် အဝတ်ဖြစ်၍ စက္ကူအကောင်းစား ထွက်စေသော သစ်သားမှာ စပရိုခေါ် ထင်ရှူးသားတစ်မျိုး ဖြစ်ပေသည်။ စက်ကြိတ်နည်းနှင့်သော်၎င်း၊ ဆေးစိမ်နည်းနှင့်သော်၎င်း ရရှိသော ပျော့ဖတ်များကို ထိုအတိုင်း စက္ကူစက်ထဲသို့ မသွင်း ပေးနိုင်သေးချေ။ စက်ထဲသို့ မသွင်းပေးမီ ပတ်ချာလှည့် ဓား သွားများ တပ်ဆင်ထားသည့် စည်ကြီးများထဲတွင် ကြေမွသွား အောင် မွှေနှောက် ချေဖျက်ပေးရသည်။ ထိုနောက် အခြားလို အပ်သော ဓာတ်ဆေး၊ ကော်ရည်၊ ဆိုဆေး စသည်များကို ရောပေးပြီးမှ စက်ထဲသို့ သွင်းပေးရလေသည်။

ပျော့ဖတ်မှ စက္ကူပြုလုပ်ပုံ[ပြင်​ဆင်​ရန်​]

ပျော့ဖတ်များ အသင့်ဖြစ်သောအခါ စက္ကူဖြစ်အောင် ပြု လုပ်ရန်မှာ မခဲယဉ်းတော့ပေ။ ရှေးဦး စွာ ပျော့ဖတ်များကို ကြေးနီကြိုးကလေးများဖြင့် ပိုက်ကွန်သဖွယ် ရက်လုပ်ထား၍ ဘီးများပေါ်တွင် မြန်စွာ ရွေ့နေသော ဆန်ခါပေါက်အပြားကြီး များက သယ်ဆောင်သွားသည်။ ထိုသို့ သယ်ဆောင်သွားစဉ် ဆန်ခါပေါက်များမှ ရေများ ယိုကျသွား၍ လေစုတ်စက်ဖြင့် လည်း ရေကို စုတ်ထုတ်သည်။ ထိုအချိန်တွင် ပျော့ဖတ်ကို အထူအပါး ညီစေရန်အတွက် ဆန်ပါပြားကြီးများက နံဘေး လိုက် အနည်းငယ် လှုပ်ရှားပေးလျက်ရှိသည်၊

ထိုနောက် ရေစာကို ဖော်ပေးသည့် ဒလိမ့်မျာဆီသို့ ရောက် သွားသည်။ ထိုမှတစ်ဖန် ရေကို ထပ်မံည|ပ်ထုတ်၍ စက္ကူသား ကို ပိုပြီး ကျစ်အောင် ဖိည|စ်ပေးသော အခြားဒလိမ့်များအကြား သို့ အကြိမ်ကြိမ် ဖြတ်ရသည်။ ထိုနောက် အပူတိုက်ပေးသော ဒလိမ့်များ၊ အချောကိုင်ပေး အရောင်တင်ပေးသည့် ဒလိမ့်များ ကို ကျော်လွန်ပြီးသောအခါ ကျွနု်ပ်တို့ အလိုရှိသော စက္ကူသည် စက္ကူလိပ်ကြီးများ အဖြစ်နှင့် ထွက်ပေါ်လာလေသည်။ စက္ကူ အရွယ်အစား အမျိုးမျိုးကိုလည်း လိုသလို စက်များနှင့် ဖြတ် ပေးနိုင်သည်။

စက္ကူကို အလွန်အသုံးများ၍ စက္ကူလုပ်ငန်းမှာ အလွန် ကြီးကျယ်သည့်အလျောက် တစ်နှစ်တစ်နှစ်တွင် စက္ကူလုပ်ရန် အတွက် ခုတ်လှဲရသော သစ်ပင်ပေါင်းမှာ မနည်းလှချေ။ စက္ကူ ကို အရမ်းမဲ့ သုံးဖြုန်းကြ၍ သစ်ပင်များကိုလည်း အလျင်မှီ အောင် ထပ်မံ မစိုက်ပျိုးဘဲ ဤအတိုင်းသာ ဆက်သွားမည် ဆိုပါက တစ်နေ့တွင် ဤကမ္ဘာ၌ ခုတ်လှဲစရာ မကျန်တော့ အောင်ပင် သစ်ပင်များ ရှားပါးသွားမည့်ဘေးကို စိုးရိမ်နေရ ပေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့အလင်း သတင်းစာ (၅.၇.၂၀၀၉)
  2. မောင်မင်းနိုင်(ဝါးခယ်မ)၏ကမ္ဘာ့ဩဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ရာစာအုပ်
  3. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)