ပန်းတဉ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပန်းတဉ်းပညာဖြင့် မင်းကွန်းခေါင်းလောင်းကြီး

ပန်းတဉ်းဟူသည် ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့် ပညာဖြစ်သည်။ ဗဒင်းဟု ဆိုကြသော်လည်း ရေးရာတွင် ပန်းတဉ်းဟူ၍ ပန်းထည့်ပြီး တလေးတစား ခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာ လက်မှုပညာတစ်ရပ်ဖြစ်ပါသည်။ လူတို့သည် အစဦးတွင် ကျောက်လက်နက် ကိရိယာများကို ကိုယ်တိုင်ပြုလုပ်ခဲ့ကြဟန် ရှိပါသည်။ ထိုခေတ်ကို ကျောက်ခေတ်ဟု သတ်မှတ်ကြသည်။ ကြေးခေတ်သံခေတ်ရောက်မှ ပန်းတဉ်းနှင့် ပန်းပဲပညာရှင် လူတန်းစားတစ်ရပ် ပေါ်ခဲ့မည်ဟု ယူဆရပါသည်။

အနောက်နိုင်ငံများတွင် ကြေး၊ သံ စသော သတ္တုပစ္စည်းများကို တိုက်စစ်၊ ခံစစ်သုံး လက်နက်များအဖြစ် ထုတ်လုပ်ခဲ့ကြသော်လည်း မြန်မာအပါအဝင် အရှေ့တိုင်းနိုင်ငံများတွင် ဘာသာရေးနှင့် သာသနိက ပစ္စည်းများကို ပိုမိုထုတ်လုပ်ခဲ့ကြဟန် ရှိသည်ဟု သုတေသီတို့က ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကြေးသွန်းလုပ်ငန်းကို ပန်းတဉ်း (ဗဒင်း) ဟု ရှေ့မှ ‘ပန်း’ တပ်၍ တလေးတစား ခေါ်ဝေါ်ကြပါသည်။

ရှေးဟောင်း သုတေသနဌာနမှ တူးဖော်ရရှိသော ပစ္စည်းများမှာ လက်ဝတ်ရတနာ၊ ဘာသာ သာသနာနှင့် ဆိုင်သော ပစ္စည်း၊ အိုးခွက်၊ ငွေကြေး၊ ခေါင်းလောင်း၊ ဆည်းလည်း (ဆွဲလဲ)၊ နတ်ရုပ်စသည်တို့ သမိုင်းတစ်လျှောက် ပုဂံခေတ်အထိ တွေ့ရသည်ဟုဆိုပါသည်။ ပြည့်ရှင်မင်းတို့က ပန်းတဉ်းပညာရှင်တို့ကို သူကောင်းပြုသည့် အထောက်အထားများ ပုဂံကျောက်စာများတွင် တွေ့ရပါသည်။

မြန်မာတို့သည် ကမ္ဘာပေါ်တွင် မည်အောင်တီးနိုင်သည့် အကြီးဆုံးခေါင်းလောင်းကြီးကို သွန်းလုပ်နိုင်ခဲ့ကြပါသည်။ အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိတို့၏ အဆိုအရ မင်းကွန်းခေါင်းလောင်းတော်ကြီးသည် ၈၇ တန်လေး၍ ခေါင်းလောင်းနားအချင်းမှာ ၁၆ ပေ ၃ လက်မရှိပြီး အမြင့်မှာ ၁၂ ပေ ၆ လက်မရှိသည်။ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် အောက်သို့ပြုတ်ကျခဲ့ရာ ၁၈၉၆ ခုနှစ်တွင် သံတိုင်သံပေါင်များဖြင့် ပြန်တင်ခဲ့ရကြောင်း သိရပါသည်။ မင်းကွန်းခေါင်းလောင်းထက်ကြီးသော ခေါင်းလောင်းရှိသော်လည်း အုတ်ခုံပေါ်တွင် တည်ထားသည်ဖြစ်ပြီး အသံမည်အောင်တီးခတ်၍ မရပေ။

မြန်မာတို့အတွက် ခေါင်းလောင်းကြီးငယ် ကြေးစည်သံတို့မှာ ကြည်နူးစရာဖြစ်ပါသည်။ ကျေးရွာများတွင် နံနက်ခင်း ကြေးစည်သံကြားလျှင် ရွာဦးကျောင်းမှ ကိုရင်များနှင့် ကျောင်းသားများဆွမ်းခံထွက်လာကြပြီကိုသိ၍ အိမ်ရှင်မတို့ ကြည်နူးဝမ်းမြောက်ခြင်း ဖြစ်ရသည်။ မွန်းတည့်ခေါင်းလောင်းသံ ကြားရသောအခါ မိမိတို့လှုလိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းမြတ်တို့ ဘုန်းပေးပြီးကြောင်းသိရပြီး ဝမ်းသာပီတိဖြစ်ကြရပါသည်။ ညည့်ဦးယံ ကြေးစည်သံကြားရသူတိုင်း ဘုရားဝတ်ပြုပြီးကြောင်း သိကြပြီး သာဓုသုံးကြိမ် ခေါ်ပြီး အမျှဝေကြသည်။

လေပြေလေညှင်းကလေးတိုက်ခတ်၍ ရွာဦးစေတီတော်မှ ဆည်းလည်းများ တချွင်ချွင်မည်သံကို ကြားလိုက်ရသူတိုင်း မိမိမျက်မှောက်ဘဝမှာ မည်မျှပင် ရှုပ်ထွေးပွေလီ ဖြစ်နေစေကာမူ ဘုရားသို့ အာရုံရောက်ပြီး တခဏတာမျှ ငြိမ်းချမ်းသွားကြသည်သာဖြစ်ပါသည်။ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်းသံတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်မှသာယာလှပါသည်။ သို့ဖြစ်သောကြောင့် ပန်းတဉ်းပညာရှင်များကို ပန်းနှင့် တင်စားခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်တော့ပါ။

ပန်းတဉ်းလုပ်ငန်းမှာ ၂ ပိုင်းရှိပါသည်။ ပထမတစ်မျိုးမှာ ကြေးသွန်းလုပ်ငန်းဖြစ်သည်။ ကြေးနီ၊ သံစသော သတ္တုများနှင့် ရောကြိုပြီး ပုံသွန်းခြင်းဖြင့် ခေါင်းလောင်း၊ ဘုရားရှင် ရုပ်ထုစသည်တို့ကို သွန်းလုပ်ကြရသည်။ ထိုသို့ သွန်းလုပ်ရာမှ ရလာသော အကြမ်းထည်ကို အချောသတ်လုပ်ကိုင်ကြရသည်။ ဒုတိယတစ်မျိုးမှာ ကြေးခတ်ခြင်းဖြစ်သည်။ ဤနည်းတွင် ကြေးနီကို အခတ်ခံနိုင်သော အဆင့်ရောက်အောင် သံ၊ သံဖြူစသော အခြားသတ္တုတို့နှင့် ရောစပ်ရသည်။ ထိုသို့ ရောစပ်ရရှိသော ကြေးကို အပူပေး၍ လိုသလို ပုံစံရအောင် အကြိမ်ကြိမ် ထုကြရသည်။ ထိုသို့ထုသည်ကို ခတ်သည်ဟု ခေါ်သည်။ ကြေးစည်၊ ဇွန်း၊ မောင်း၊ လင်းကွင်း၊ အိုး၊ ခွက် စသည်တို့ကို ခတ်ယူမှသာ ရပါသည်။ မြန်မာတီးဝိုင်းမှ ကြေးဝိုင်းရှိ ကြေးနောင်များ၊ မောင်းဆိုင်းမှ မောင်းများကို ဤ နည်းဖြင့် ခတ်ရင်း ခတ်ရင်းဖြင့် အသံညှိယူရပါသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဦးသန်းဖေ(ဧည့်လမ်းညွှန်)


ပန်းဆယ်မျိုး
 ပန်းပဲ • ပန်းပု • ပန်းထိမ် • ပန်းချီ • ပန်းယွန်း • ပန်းတော့ • ပန်းပွတ် • ပန်းတမော့ • ပန်းရန် • ပန်းတဉ်း 

ပန်းတဉ်း