ပန်းဆယ်မျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပန်းဆယ်မျိုး[ပြင်​ဆင်​ရန်​]

`ပန်း´ဟူသော ဝေါဟာရ၏ မူလဘူတ အရင်းအမြစ်မှာ `ပန်´ဖြစ်ကြောင်း စာပေပညာရှင်များက ဖေါ်ထုတ်ထားကြသည်။ `ပန်´၏ အနက်အဓိပ္ပါယ်သည် ဖန်တီးသည်။ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဟူ၍ သိရသည်။ အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ “ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြသည်။သုတေသီအချို့က “ပန်”ဟု ရှေးကခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်း ဟု အဓိပ္ပါယ်ဖြစ်ကြောင်း တိဗက်ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကားတင်ပြကြသည်။

ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်

  1. ပန်းပဲ
  2. ပန်းတိမ်
  3. ပန်းပု
  4. ပန်းချီ
  5. ပန်းယွန်း
  6. ပန်းပွတ်
  7. ပန်းတော့
  8. ပန်းတမော့
  9. ပန်းရန်
  10. ပန်းတဉ်း ကိုဆိုလိုသည်။

ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။

ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။

ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)

ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ)

တဉ်း = ပန်းတဉ်း(ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)

တော့ = ပန်းတော့(အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)

ရန် = ပန်းရန်(အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)

ပု = ပန်းပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)

မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်သည့်ပညာ)

ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)

ချီ = ပန်းချီ(ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ)

ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)

ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကို ဆောင်သည်။ [၁]

ပေါ်ပေါက်လာခြင်း[ပြင်​ဆင်​ရန်​]

ပန်းဆယ်မျိုး ပေါ်ပေါက်လာခဲ့သော အချိန်ကာလကို အချို့ပညာရှိများ ခန့်မှန်းခဲ့ကြသည်မှာ ပုဂံပြည် ကျန်စစ်မင်းကြီး လက်ထက်တွင် ဖြစ်မည်ဟု ဆိုပါသည်။ မြန်မာရာဇဝင်နှင့် ကျောက်စာဟောင်းများအရ ဆိုပါမူ အနော်ရထာမင်းစောသာလျှင် မြန်မာရာဇဝင်တွင် ဘုန်းအကြီးဆုံးဘုရင်ဖြစ်၍ အနော်ရထာမင်းလက်ထက်ကပင် ပညာသည်များ စုံလင်စွာ ရှိခဲ့သည်ဟုဆိုပါသည်။

တနည်းအားဖြင့် ဆင်ခြင်သုံးသပ်ကြည့်လျှင် အနော်ရထာမင်းလက်ထက်တွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စေတီပုထိုးများကိုသာ အများအပြားတည်ဆောက်ခဲ့သည်။ ကျန်စစ်သားလက်ထက် ရောက်လာသောအခါ၌လည်း ဂူ၊ ကျောင်း၊ တန်ဆောင်း၊ ပြာသာဒ် အဆောက်အဦများကို ဆက်လက်ဆောက်လုပ်၍ အနုပညာလုပ်ငန်းများကို အားပေးချီးမြှောက်လာခဲ့ကြောင်း တွေ့ရသည်။ သထုံပြည်မှ မနူဟာမင်းနှင့် အတူပါခဲ့သော မွန်အနုပညာသည်များ၊ အိန္ဒိယမှ လာသောအနုပညာရှင်များနှင့် ရှေးဟောင်း ပျူအဆက်အနွယ် အနုပညာရှင်တို့ စုံစုံလင်လင် ထပ်ဆင့် စုပေါင်း တီထွင်ခဲ့ကြရာ ပန်းဆယ်မျိုးဟု ခေါ်သော အနုပညာလုပ်ငန်းများသည် ထိုခေတ်ထိုအချိိန်တွင် အပြိုင်အဆိုင် တိုးတက်ပေါက်ပွားလာခဲ့သည်ဟု ယူဆရပါသည်။

ထို့ကြောင့် မြန်မာ့သုခုမ အနုပညာလုပ်ငန်းရပ်များသည် ပုဂံခေတ်မှ စတင်တိုးတက်လာသည်ဟု အကြမ်းအားဖြင့် မှန်းဆသင့်ပါသော်လည်း မြန်မာလူမျိုးဟု ထင်ထင်ရှားရှားပေါ်ပေါက်မလာမီ ပျူခေတ်ကပင် ပိသုကာ အတတ်၊ ပန်းပု၊ ပန်းပဲ၊ ပန်းတော့၊ ပန်းတမော့ စသော အတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို သရေခေတ္တရာမြို့ဟောင်းမှ တူးဖေါ်ရရှိခဲ့သော ပျူအရိုးအိုးများ၊ ကျောက်ချပ်ရုပ်ပွားတော်ကြီးများ၊ ကျောက်အုတ်တို့ဖြင့် တည်ဆောက်ခဲ့သော ဘောဘောကြီးဘုရား၊ လေးမျက်နှာဘုရား၊ ဘုရားမာ စသော ပုထိုးကြီးများနှင့် ရွှေငွေတို့ဖြင့် ထုလုပ်ခဲ့သော ရုပ်ထုရုပ်ပွားတော်များ စသည့် အနုပညာရပ်များကို တွေ့ရှိရခြင်းဖြင့် ပျူခေတ်ကာလ အချိန်ကပင် ထိုအနုပညာရပ်များရှိပြီး ဖြစ်ကြောင်းသိရသည်။ သို့သော် ပုဂံခေတ်သို့ ရောက်ချိန်တွင် ပိုမိုတိုးတက် ကြီးပွားလာသည်ဟု ယူဆသင့်ပါသည်။

ပုဂံခေတ်တွင် မွန်လူမျိုးများနှင့် အိန္ဒိယတိုင်းသားများ ပူးပေါင်းမိကြသောကြောင့် မွန်နှင့် အိန္ဒိယယဉ်ကျေးမှုများ ရောပြွမ်း စုံလင်လာသည်ဟု မှတ်ဖွယ်ရှိပါသည်။ အင်းဝခေတ်တွင် အထူးတိုးတက်ခဲ့ကြောင်း လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ “သာဓိနပျို့”တွင် တွေ့ရှိရပါသည်။ [၂] --Mayor mt 07:08, 1 နိုဝင်ဘာ 2008 (UTC)

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. ရာမညကိုကိုနိုင်“မြန်မာ့ရိုးရာပန်းပုပညာ”
  2. ဒဂုန်နတ်ရှင်“မြန်မာ့ရိုးရာလုပ်ငန်း ဆယ်ပွင့်ပန်း”


ပန်းဆယ်မျိုး
 ပန်းပဲ • ပန်းပု • ပန်းထိမ် • ပန်းချီ • ပန်းယွန်း • ပန်းတော့ • ပန်းပွတ် • ပန်းတမော့ • ပန်းရန် • ပန်းတဉ်း