အရောင်

ဝီကီပီးဒီးယား မှ
ရောင်စုံခဲတံ

အရောင်သည် အလင်းစွမ်းအင်တစ်မျိုးကို မျက်စိဖြင့် ခံယူရရှိသောအခါ၌ ဖြစ်ပေါ်သော အာရုံခံစားမှုပင် ဖြစ်သည်။ အလင်း၏စွမ်းအင်သည် သိပ္ပံပညာအလိုအရ တစ်နေရာမှ တစ်နေရာသို့ လှိုင်းကလေးများ အသွင်ဖြင့် သွားလာသည်ဟု ယုံကြည်ရသည်။ အလင်းလှိုင်းများသည် တစ်မျိုးနှင့်တစ်မျိုး အတိုအရှည်ချင်း ခြားနားနိုင်ပြီးလျှင် ထိုမျိုးမတူသော အလင်းလှိုင်းများ ကျွန်ုပ်တို့ မျက်စိအပေါ်သို့ ကျရောက်လာ သောအခါ၌ ဖြစ်ပေါ်သည့် အာရုံကိုလိုက်၍ အရောင်အမျိုးမျိုး မြင်ရခြင်းဖြစ်သည်ဟု ဆိုလေသည်။

တစ်ခါတစ်ရံတွင် အရောင်အသီးအသီးကို မှန်ကန်စွာ ခွဲခြားပြီး မမြင်နိုင်သော လူစားမျိုးကို တွေ့ရတတ်သည်။ အရောင်တစ်မျိုးတည်းကိုပင်လျှင် တစ်မျိုးစီ ကွဲလွဲပြီး မြင်ရသောလူစားမျိုးလည်း ရှိသေးသည်။ ထိုသို့ ဖြစ်ခြင်းမှာ အလင်းလှိုင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ မျက်စိ၌ တစ်ခုခု ချွတ်ယွင်းမှုကြောင့် ခံစားရသည့်အာရုံလွဲမှားရခြင်းဖြစ်ရာ ထိုအဖြစ်မျိုးကို အရောင်မြင်မှားခြင်းဟု ဆိုရလေသည်။

အရာဝတ္ထု အသီးအသီး၌ အနီအဝါအပြာ အစရှိသည်ဖြင့် အရောင်အမျိုးမျိုး ထင်လျက် ရှိရာတွင် အမှန်စင်စစ် ထိုအရာဝတ္ထုများ၌ ကိုယ်ပိုင်အရောင်ဆို၍ မရှိပေ။ အဆိုပါ အရာဝတ္ထုတို့မှ ပြန်ဟပ်လိုက်သော အလင်းရောင်ကို မြင်ရခြင်း ဖြစ်လေသည်။ အရာဝတ္ထု အသီးအသီးတွင် အချို့က မိမိအပေါ် ကျရောက်လာသော အလင်းရောင် အားလုံးကို ပြန်ဟပ်ပေးသည်။ အချို့က အလင်းရောင်ခြည်အားလုံးကို စုပ်ယူလိုက်သည်။ အချို့ကမူ အလင်းရောင် အချို့တစ်ဝက်ကို စုပ်ယူ၍ ကျန်ရောင်ခြည်များကို ပြန်ဟပ်ပေးသည်။

အလင်းရောင်အားလုံးကို ပြန်ဟပ်ပေးတတ်သေစာ အရာဝတ္ထုမျိုးမှာ အလင်းရောင် အပြာတွင် အပြာရောင် အဖြစ်ဖြင့် လည်းကောင်း၊ အလင်းရောင် အဝါတွင် အဝါရောင်အဖြစ်ဖြင့် လည်းကောင်း၊ ရောင်စုံအလင်းလှိုင်း အားလုံးပါဝင်သည့် နေရောင်ကဲ့သို့သော အလင်းရောင်အဖြူတွင် အဖြူရောင်အဖြစ်ဖြင့်လည်းကောင်း မြင်ရလေသည်။ အလင်းရောင်ခြည်အားလုံးကို စုပ်ယူလေ့ရှိသော အရာဝတ္ထုမျိုးမှာ မည်သည့်အလင်းရောင်တွင်ဖြစ်စေ အနက်ရောင်အဖြစ် ဖြင့်သာ မြင်ရမြဲ ဖြစ်လေသည်။

အလင်းရောင်ခြည်အချို့ကို စုပ်ယူ၍ အချို့ကို ပြန်ဟပ်ပေးတတ်သော အရာဝတ္ထုမျိုးမှာမူ ထိုအရာဝတ္ထု ပြန်ဟပ်ပေးသော အလင်းရောင်ခြည်ကို လိုက်၍ အရောင်အမျိုးမျိုး ထင်ရလေသည်။ ပုံစံအားဖြင့် အစိမ်းရောင် မြင်ရသော သစ်ရွက်တို့သည် အစိမ်းအလင်းရောင်ခြည်ကိုသာ ပြန်ဟပ်ပေး၍ အခြားအလင်းရောင်ခြည် အားလုံးကို စုတ်ယူလိုက်သည်။ ထိုကြောင့် သစ်ရွက်ကို နေ့ဘက်တွင် အစိမ်းရောင် မြင်ရပြီးလျှင် နေရောင်တွင် မဟုတ်ပဲ အနီရောင်အလင်းတွင် ပြသောအခါ၌မူကား ပြန်ဟပ်စရာ အစိမ်းအလင်းရောင်ခြည် မရှိသည့်အတွက် အနက်ရောင် ဖြစ်သွားလေသည်။ အနီရောင်ပစ္စည်းတစ်ခုကို အပြာရောင် အလင်းတွင်ပြက အနက်ရောင် ထင်ခြင်းမှာလည်း ဤသဘောပင် ဖြစ်သည်။ အလင်းပိတ် ပစ္စည်းမှန်လျှင် အားလုံး ဤအတိုင်းပင် ဖြစ်လေသည်။

ရေ၊ မှန်စသော အလင်းပေါက်ပစ္စည်းများ အရောင်အမျိုးမျိုးထင်ရခြင်းမှာ ထိုပစ္စည်းတို့ကို ဖောက်ထွင်း သွားနိုင်သော အလင်းရောင်ခြည်အပေါ်တွင် အခြေတည်လေသည်။ ပုံစံအားဖြင့် အစိမ်းရောင် မှန်တစ်ချပ်သည် အစိမ်းရောင် မဟုတ်သော အခြား အလင်းရောင်ခြည်ဖြစ်က ဖောက်ထွင်း ဖြတ်သန်းခွင့်ကို မပေးပေ။ ရေကြည် ရေသန့်မှာမူ မည်သည့် အလင်းရောင်ခြည်ကို မဆို ညီတူညီမျှ ဖောက်ထွင်းခွင့်ပေး၍ ဤပစ္စည်းကို အရောင်မဲ့ ပစ္စည်းဟုခေါ်လေသည်။

ပန်းချီဆရာသုံး အရောင်ဆေးများနှင့် အခြား မှင်အမျိုးမျိုး၊ ဆိုးဆေး၊ သုတ်ဆေးအမျိုးမျိုးတို့တွင် အနီ၊ အဝါနှင့်အပြာ အရောင်သုံးမျိုးရှိက ထိုအရောင်များမှ အခြား မိမိလိုရာ အရောင်များကို စပ်ယူနိုင်သဖြင့် ထို အရောင်သုံးမျိုးကို မူလအရောင်များဟု ခေါ်စမှတ်ပြုကြသည်။ အနီနှင့် အဝါကိုစပ်လျှင် လိမ္မော်ရောင် ကိုလည်းကောင်း၊ အဝါနှင့်အပြာကို စပ်လျှင် အစိမ်းရောင်ကို လည်းကောင်း၊ အပြာနှင့်အနီကိုစပ်လျှင် ခရမ်းရောင်ကို လည်းကောင်းရ၍ ထိုသို့ တစ်ဆင့်ခံရရှိသော အရောင်များကို တစ်ခါတစ်ရံ တစ်ဆင့်ခံ အရောင်များဟု ခေါ်ကြပြန်သည်။ တစ်ဖန် အနီနှင့် စိမ်းပြာကိုလည်းကောင်း၊ အဝါနှင့် မဲပြာကိုလည်းကောင်း ရောစပ်လျှင် အနက်ရောင်ရ၍ ထိုသို့ အနက်ရောင်ပေးသော အရောင်စုံတွဲများကိုမူ ဖြည့်ဘက်အရောင်များ ဟူ၍ ခေါ်ကြလေသည်။

အရောင်တစ်မျိုးတွင် အဖြူရောင်ကို ရောစပ်ပေးလျှင် အရောင်နုကို ရရှိ၍ အရောင်ပုပ်ကို လိုလျှင်ကား အနက်ရောင်ကို ရောစပ်ပေးရလေသည်။ သိပ္ပံပညာရှင်တို့၏ အဆိုအရ သာမန် မျက်စိဖြင့် ကြည့်မြင်နိုင်သော အရောင်ပေါင်းမှာ တစ်ထောင်ခန့်ရှိ၍ အရောင်နု အရောင်ပုပ်ပေါင်းမှာ နှစ်သန်းကျော်မျှ ရှိသည်ဟု ဆိုလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)