အရစ္စတိုတယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အရစ္စတိုတယ်(ဘီစီ ၃၈၄-၃၂၂)

ဂရိလူမျိုး အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။

အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။

ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။

ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။

ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒဇီဝဗေဒသတ္တဗေဒပထဝီဝင်ရူပဗေဒခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။

အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric) ၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။

ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။

အရစ္စတိုတယ်၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊ ဒဿန၊ စာပေ အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးကြသည်။ [၁]


အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)[ပြင်​ဆင်​ရန်​]

အရစ္စတိုတယ်သည် မိမိတို့ခေတ်ကထွန်းကာလျှက်ရှိသော ပညာအရပ်ရပ်တို့မှ အမှန်သဘောတရားကိုရရှိအောင် စူးစမ်းရှာဖွေခဲ့သော ဂရိဒဿန ဗေဒပညာရှင် ဖြစ်သည်။ ဒဿနိကဗေဒပညာအရာ၌ ကဝိ တစ်ဆူဖြစ်သော ပလေးတိုး၏ တပည့်လည်းဖြစ်သည်။


အယ်လက်ဇန္ဒာသည်ဂရိတ်ဘုရင်၏ဆရာလည်း ဖြစ်သည်။ သူသည် ယုတ္တိဗေဒ၊ စကားပြောအတတ်၊ ကဗျာဖွဲ့နည်းစံနစ်၊ တိရစ္ဆာန်လောက အနုမာန ယထာဘူတ၊ ရူပဗေဒ၊ စိတ်ပညာ၊ လူ့ကျင့်ဝတ်ပညာ၊ နိုင်ငံရေး၊ အေသင်မြို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စသောပညာရပ်များဆိုင်ရာ စာပေတို့ကို ပြုစုရေးသားခဲ့ရာ၊ ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ် ဟူသော ပညာရပ်နှစ်ဖက်စလုံးတွင် နှံ့စပ်သောကြောင့် စွယ်စုံပညာရှင်ဟု ခေါ်ဆိုထိုက်ပေသည်။


အရစ္စတိုတယ်သည် ပညာအသစ်အဆန်းကို တီထွင် ခဲ့သူမဟုတ်ချေ။ ဉာဏ်အလွန်ထက်မြက်သူ ဖြစ်သောကြောင့် လက်လှမ်းမီရာ ပညာရပ်တို့ကို နက်နဲစွာတွေးတောဆင်ခြင်၍ အချက်အလက်တို့ကို စေ့စပ်သေချာစွာစုံစမ်းပြီးလျှင် တွေ့ရှိချက် တို့ကို စံနစ်တကျစီစဉ်စုဆောင်းခဲ့သူ ဖြစ်ပေသည်။ စင်စစ်အား ဖြင့် သူသည် ပညာကိုလေ့လာရှာဖွေသူသာလျှင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အယ်ရစ္စတိုတယ်သည် ယခုခေတ် သိပ္ပံပညာရပ်နှင့် ဒဿနိကဗေဒပညာရပ်များအတွက် အခြေခံကို ချပေးခဲ့သူ ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

အရစ္စတိုတယ်သည် အီဂျီးယန်းပင်လယ် အနောက် မြောက်ကမ်းခြေရှိ စတက်ဂီရာမြို့တွင် ဘီစီ ၃၈၄ ခုနှစ်၌ ဖွားမြင်၍၊ ဖခင် နီကိုးမက်ကပ်သည် မက်ဆီဒိုးနီးယားပြည့်ရှင် ဒုတိယအမင်းတပ်ထံ၌ ဘုရင်၏သမားတော်အဖြစ် အမှုထမ်းရ သည်။ ငယ်စဉ်ကပင် ဖခင်ထံ၌ ဆေးပညာကို လေ့လာဆည်းပူး ခဲ့သည်။ သို့ရာတွင် သူသည် ဒဿနိကဗေဒပညာနှင့် အနုပညာ ထွန်းကားရာဖြစ်သော အေသင်မြို့တွင် နာမည်ကျော်ဆရာကြီး ပလေးတိုးထံ၌ ပညာဆည်းပူးလိုသောဆန္ဒ ပြင်းပြခဲ့သည်။

ဖခင်ကွယ်လွန်သောအခါ အသက် ၁၇ နှစ် အရွယ်ရှိသော အရစ္စတိုတယ်သည် မိမိ၏ ရည်မှန်းချက်အတိုင်း အေသင်မြို့ သို့ ထွက်ခွာခဲ့လေသည်။

အေသင်မြို့သို့ရောက်သော် ပလေးတိုးသည် တိုင်းတစ်ပါးတွင် ခရီးလွန်နေခိုက် ဖြစ်သောကြောင့် ဆရာကြီးကို သုံးနှစ်မျှစောင့်ဆိုင်း နေခဲ့ရသည်။ ထို့နောက် ပလေးတိုးထံတွင် နှစ်ပေါင်း ၂ဝ မျှ ဒဿနိကဗေဒပညာကို လေ့လာဆည်းပူးခဲ့သည်။ ပလေးတိုးကလည်း တပည့်သစ်၏ ထက်မြက်သော ဉာဏ်စွမ်း ဉာဏ်စကို သိမြင်လာလေသည်။ ဘီစီ ၃၄၇ ခုနှစ် တွင် ပလေးတိုးကွယ်လွန်သည်။

ဘီစီ ၃၄၂ ခုနှစ်တွင် ဖိလစ်ဘုရင်က ၁၄ နှစ်အရွယ်ရှိ သားတော်အယ်လက်ဇန္ဒာကို ပညာသင်ကြားပေးရန် ခေါ်သဖြင့် အယ်ရစ္စတိုတယ်သည် အေသင်မြို့မှ မက်ဆီဒိုးနီးယားပြည်သို့ ပြန်ခဲ့သည်။ ထိုပြည်တွင် ၁၂ နှစ်ကြာနေထိုင်ခဲ့စဉ်၊ နောင်အခါ ၌ အယ်လက်ဇန္ဒာသည်ဂရိတ် အမည်ကိုခံယူမည့် မင်းသား၏ ဆရာအဖြစ်လည်းကောင်း၊ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ မိတ်ဆွေအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရသည်။ အေသင်မြို့ တွင် စကားပြောကောင်းသူ ဒီမော့စသီးနီးက မက်ဆီဒုန်နိုင်ငံ သည် အင်အားကြီးမားလာ၍ တစ်နေ့နေ့၌ အေသင်နိုင်ငံကိုပင် သိမ်းသွင်းမည့်အရေးကို အကြိမ်ကြိမ် သတိပေးလျက်ရှိသည်။


ထိုအချိန်တွင် အရစ္စတိုတယ်ကလည်း အယ်လက်ဇန္ဒာအား ယဉ်ကျေးမှုအနုပညာ၏တန်ဘိုးကိုသွန်သင် ပေးလျက်ရှိသည်။ ထို့ကြောင့်အေသင်မြို့သည် မက်ဆီဒုန်၏ စိုးမိုးမှုအောက်သို့ ကျရောက်ခဲ့သော်လည်း အေသင်ယဉ်ကျေးမှု အနုပညာတို့သည် ကား မကွယ်မပျောက်ခဲ့ချေ။

အယ်လက်ဇန္ဒာဘုရင်သည် အာရှတိုက်ဘက်သို့ စစ်ချီ ထွက်သောအခါ အရစ္စတိုတယ်သည်လည်း အေသင်မြို့သို့ပြန် ပြီးလျှင် ကျောင်းတစ်ကျောင်းကို တည်ထောင်လေသည်။ ထိုကျောင်းကို လိုင်စီယမ်ဟုခေါ်သည်။ အယ်ရစ္စတိုတယ်သည် ကျောင်းအနီးရှိတောအုပ်တောတန်းအကြားတွင် လမ်းလျှောက် ရင်း တပည့်တို့အား ပညာရပ်များကို သင်ကြားပို့ချလေ့ရှိသည်။ နောင်အခါ၌ ထိုကဲ့သို့လမ်းလျှောက်သင် ကြားခြင်းကို အစွဲပြု၍ အရစ္စတိုတယ် သင်ကြားပို့ချသော ဒဿနိကဗေဒပညာကို ပယ်ရီပတက်တစ် ဒဿနိကဗေဒဟု ခေါ်စမှတ်ပြုကြသည်။

အယ်လက်ဇန္ဒာဘုရင် ကွယ်လွန်သောအခါ အေသင် မြို့သားတို့သည် မက်ဆီဒုန်၏ စိုးမိုးမှုကို ပုန်ကန်ကြ၏။ မက်ဆီဒုန်ထီးနန်းနှင့် အဆက်အသွယ်ရှိခဲ့ဘူးသော အယ်ရစ္စ တိုတယ်ကိုလည်း ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်သည်ဟု စွပ်စွဲကြ၏။ ထို့ကြောင့် ဘီစီ ၃၂၃ ခုနှစ်တွင် သူသည် ယူဗီးယားကျွန်းရှိ ကားလစစ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရ သည်။ နောက်တစ်နှစ်တွင် ထိုမြို့၌ အနိစ္စရောက်လေသည်။ အရစ္စတိုတယ်သည် ဒဿနိကဗေဒဆိုင်ရာ အယူ အဆနှင့် သဘောတရားများကို ပလေးတိုးထက် ပို၍စံနစ်တကျ စူးစမ်းဝေဖန်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ယုတ္တိဗေဒဘာသာရပ် ၌အကျုံးဝင်သော နယ်ဆင်ခြင်ခြင်းကို ပထမဦးဆုံး အသေးစိတ် လေ့လာတင်ပြခဲ့သူ ဖြစ်ပေသည်။ [၂]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)