ပဏ္ဍိတ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အရှင်ပဏ္ဍိတသည် စစ်ကိုင်းတောင် မဟာဂန္ဓာရုံ ရွှေကျင်နိကာယ မဟာနာယက၊ နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယ၊ ဂိုဏ်းလုံးဝန်ဆောင် ဆဋ္ဌသင်္ဂါယနာဝန်ဆောင် သံဃာ့အဖွဲ့ဝင် ဘသသန္တရဆေက ဖြစ်သည်။ ဆရာတော်အလောင်းအလျာကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ခမည်းတော် ဦးဘိုးဟန် မယ်တော် ဒေါ်ကျေးယုတို့မှ မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁) ရက်နေ့၊ ညဉ့် (၂) ချက်တီးအကျော် လဆန်း (၂) ရက် ကြာသပတေးနေ့သို့အဝင်တွင် ဖွားမြင်ခဲ့သည်။[၁]

ရဟန်းဖြစ်ခြင်း[ပြင်ဆင်ရန်]

၁၂၇၁ ခုနှစ် အသက် (၁၀) နှစ်သားအရွယ်တွင် အုတ်တွင်းမြို့၊ ရွှေကျင်ဂိုဏ်း၊ ကန်ကလေးတောရကျောင်း ဆရာတော်ဘုရား၏ ထံတော်မှောက်၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ သက်တော် (၂) အရွယ်တွင် မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက သာသနာပိုင် ဒီပဲရင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒဇတ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။[၁]

ပရိယတ္တိအားထုတ်ခြင်း[ပြင်ဆင်ရန်]

ရှင်သာမဏေဘဝ ငယ်စဉ်အခါကစ၍ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း ဆရာတော်ထံတွင်လည်းကောင်း၊ တောင်ငူမြို မြို့ထောင့်ကျောင်းဆရာတော်၏ ထံတွင်လည်းကောင်း၊ စစ်ကိုင်းတောင်ရိုး မစိုးရိမ် ခုနစ်တိုက်ဆရာတော်၏ ထံတွင်လည်းကောင်း၊ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် အဂ္ဂမဟာပဏ္ဍိတ အနေကဂန္ထ ကာရက ဘာသန္တရဆေက နိကာယဏ္ဏဝပါရဝဖြစ်တော်မူသော သုဝဏ္ဏဝတီအုတ်ကောင်းဆရာတော် (နောင်တွင် အဘယာရာမဆရာတော်) ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသမထေရ်မြတ်၏ အထံတော်၌လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၌လည်းကောင်း ပိဋကတ်အခြေခံစာများနှင့် နိကာယ်ငါးရပ် ပိဋကတ်ကျမ်းစာများကို လေ့လာသင်ကြားခဲ့သည်။[၁]

အနီးစခန်းချောင်ကို တည်ထောင်ခြင်း[ပြင်ဆင်ရန်]

အနီးစခန်းဆရာတော်ဘုရားသည် အထုံဝါသနာအားလျော်စွာ ငယ်စဉ်အခါမှစ၍ တရားဟောတော်မူခဲ့ပါသည်။ ဆရာတော်၏ တရားကို နာယူရသော ဟိုက်ကုတ်လွှတ်တော် ရှေ့နေချုပ်ဘုရင်ခံ၏ အတိုင်ပင်ခံ ဆာဟင်နရီပရက်နှင့် ဇနီးဖြစ်သူ မြန်မာအမျိုးသမီး လေဒီပရက်တို့သည် ဆရာတော်ကို ကြည်ညိုလှသဖြင့် ၁၂၉၅ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးများ၌ ချောင်သီးခြားတီထွင်၍ ဆရာတော်အား လှူဒါန်းခဲ့သည်။ မေမြို့အနီးရှိ အနီးစခန်း၌ နေသော လေဒီပရက်က တည်ထောင်ဆောက်လုပ်လှူဒါန်းသောကြောင့် ချောင်အမည်ကို အနီးစခန်းချောင်ဟုပင် ခေါ်တွင်စေခဲ့သည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့ရခြင်း[ပြင်ဆင်ရန်]

ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၌ ပါဠိတော်သင်္ဂါယနာတင် ကျင်းပရာဝယ် အစမှ အဆုံးတိုင် အရေးပါသော နေရာများမှနေ၍ ဆဋ္ဌသင်္ဂါယနာအထမြောက်အောင် ဆောင်ရွက်တော်မူသဖြင့် ၁၃၁၈ ခုနှစ်တွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာနှ်င့ သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကြီး၌ ဝိဇ္ဇာလင်္ကာရဆရာတော် စသော ဆရာတော်အပါး (၁၈) ပါးနှင့်အတူ နိုင်ငံတော်သမ္မတက ဆက်ကပ်ပူဇော်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့်အတူ ကုန်းကြောင်း၊ ရေကြောင်းတို့၌ အထက်တန်းခရီး သွားလာခွင့်ရှိသော မီးရထား၊ သင်္ဘော အခမဲ့စီးခွင့်လက်မှတ်များကိုပါ အလှူခံတော်မူရသည်။[၁]

မဟာဓမ္မကထိကဖြစ်ခြင်း[ပြင်ဆင်ရန်]

အနီးစခန်းဆရာတော်ဘုရား၏ ကျေးဇူးရှင်ရှင်ဖြစ်တော်မူသည့် အဘယာရာမဆရာတော်ဘုရားသည် တရားဟောလျှင် ပါဠိတော် သုတ္တန်ကြီးများကို ဟောရမည်ဟူသော အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်၍ တရားဟောတော်မူသောအခါ ပါဠိတော် သုတ္တန်ကြီးများကို အစအဆုံး နှုတ်ငုံဆောင်၍ အဋ္ဌကထာ ဋီကာလာ အဓိပ္ပါယ်များကိုကို ထည့်သွင်းပြီးလျှင် လေးလေးနက်နက် ဟောကြားတော်မူသည်။ နောက်ပို်င်းတွင် ဆရာတော်သည် မျက်မှောက်အခြေအနေနှင့် ဟပ်မိသည့် သုတ္တန်များကို ဦးစားပေး၍ ဟောတော်မူခဲံသည်။ အချို့ထုတ်ဖော်သင့်သည့် နေရာတို့၌ အင်္ဂလိပ်ဘာသာရေးကျမ်ဂန်တို့မှ စာပိုဒ်၊ ဝါကျများကို ရွတ်ပြ၍ ရှင်းလင်းဟောပြတော်မူခဲ့သည်။ ဤသို့ အထက်တန်းကျကျ ခံ့ခံ့ထည်ထည် ပရိယာယ်ဝေဝုစ်တို့ဖြင့် အဆန်းတကြယ် ဟောပြတော်မူနိုင်သဖြင့် ဆရာတော်သည် ဓမ္မကထိက သာမန်မဟုတ်မူ၍ ဝိသိဠမဟာဓမ္မကထိကတစ်ဆူ ဖြစ်တော်မူသည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၃၅ ခုနှစ်၊ တော်သလင်းလ၌ နှစ်စဉ်ဟောမြဲဖြစ်သည့် မန္တလေးမြို့၊ မလွန်ဈေး ဆန်လှူအသင်းကြီး၏ တရားပွဲ၌ တရားချီးမြှင့်ပြီးနောက် ထိုနေ့ညပိုင်းမှာပင် လေဖြတ်ရောဂါခံခဲ့ရသည်။ ထိုသို့ လေဖြတ်ရောဂါရ၍ မထနိုင်သည့်အခြေသို့ရောက်သော်လည်း ဆရာတော်သည် စိတ်အားလျှော့ခြင်း မရှိ။ ဤဝေဒနာမှ ထမြောက်ပြီးလျှင် တရားပြန်၍ ဟောမည်ဟု ဆုံးဖြတ်ချက် ရှိခဲ့သည်။ ဆရာတော်သည် သက်တော် (၇၈)၊ သိက္ခာတော် (၅၈) ဝါအရ ၁၃၃၈ ခုနှစ်၊ တပို့တွဲလကွယ်နေ့၊ ညနေ (၆) နာရီ (၅) မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ စိန္တာမဏိဦးချစ်မောင်. ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတာ မာတိကာကျမ်း. အမှတ် (၈၆)၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့: ခင်ချိုထွန်းစာပေ။