မာတိကာသို့ ခုန်သွားရန်

စူဠပန္ထကထေရ်

ဝီကီပီးဒီးယား မှ

အရှင်စူဠပန်ထေရ် (ပါဠိ: စူဠပန္ထက) သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် စိတ်ဖြင့်ပြီးသည့် ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ထူးချွန်သောကြောင့် ဧတဒဂ် နှစ်ခု ရတော်မူသည့် ရဟန္တာတစ်ပါးဖြစ်သည်။ အရှင်မဟာပန်၏ ညီတော်စပ်သူလည်း ဖြစ်သည်။[]

ရာဇဂြိုဟ်ပြည်ရှိ သူဌေးကြီး ဓနသေဋ္ဌိတွင် သမီးတစ်ဦး ရှိ၏။ သမီးဖြစ်သူသည် မိဘများက သဘောမတူနိုင်သည့် အိမ်ရှိ အခိုင်းအစေနှင့် ယူလိုက်သဖြင့် မိဘနှစ်ပါးက ပစ္စည်းများပေးကာ သားသမီးအဖြစ်မှ စွန့်ပယ်၏။ မြေးနှစ်ဦးကိုမူ မိမိ၏ အိမ်တွင် ခေါ်ယူကာ ထား၏။ မြေးနှစ်ဦးမှာ အကြီး မဟာပန် နှင့် အငယ် စူဠပန် တို့ ဖြစ်ကြသည်။[]

မွေးဖွားပုံနှင့် အမည်

[ပြင်ဆင်ရန်]

သူဌေးသမီးသည် ပထမကိုယ်ဝန် ရင့်လာသည့်အခါ အမျိုးသမီးတို့၏ ဓမ္မတာအလျောက် မိဘရပ်ဝန်းထံ ပြန်ကာ မီးဖွားလို၏။ သို့သော် ခင်ပွန်းဖြစ်သူသည် မလိုက်ရဲသဖြင့် နေ့၊ ည၊ ရက်တို့ဖြင့် အချိန်ရွှေ့ကာ နေလေ၏။ နောက်ဆုံးတွင် သူဌေးသမီးသည် အိမ်နီးချင်းတို့ကို မှာကြားကာ ခင်ပွန်းမရှိခိုက် ရာဇဂြိုဟ်ပြည်ရှိ မိဘများထံသို့ သွားလေသည်။ ခင်ပွန်းဖြစ်သူ သိရှိ၍ နောက်မှ လိုက်လာလေသည်။ သို့သော်လည်း သူဌေးသမီးသည် မိဘရပ်ထံသို့ မရောက်ဘဲ လမ်းခုလပ်၌ပင် ကလေးငယ်ကို ဖွားမြင်ခဲ့သည်။ လမ်းခုလပ်၌ပင် မီးဖွား၍ ပြီးစီးသဖြင့် မိဘထံသို့ မသွားတော့ဘဲ ပြန်လှည့်လာခဲ့သည်။ သားအငယ်ဖြစ်သူ စူဠပန်ကိုလည်း သူ၏အစ်ကိုဖြစ်သူကဲ့သို့ပင် လမ်းခုလပ်၌ပင် ဖွားမြင်ခဲ့သည်။

ကလေးငယ်နှစ်ဦး၏ အမည်မှာ မဟာပန် (မဟာပန္ထက) နှင့် စူဠပန် (စူဠပန္ထက) ဟု တွင်သည်။ "ပန္ထက" ဆိုသည်မှာ လမ်းခရီးဟု အဓိပ္ပါရသည်။ နှစ်ဦးစလုံးသည် လမ်းခရီး၌ ဖွားမြင်ခဲ့ကြသူများဖြစ်သည်။ []

ရဟန္တာဖြစ်ခြင်း

[ပြင်ဆင်ရန်]

အရှင်မဟာပန်သည် ညီဖြစ်သူကို သာသနာ့ဘောင်သို့ ခေါ်ဆောင်ရန် အဘိုးဖြစ်သူထံမှ ခွင့်တောင်း၏။ အဘိုးဖြစ်သူလည်း ခွင့်ပြုရာ စူဠပန်သည် ရဟန်းအဖြစ်သို့ ရောက်လေ၏။ အရှင်မဟာပန်သည် အရှင်စူဠပန်ကို မြတ်စွာဘုရားရှင်၏ ကျက်သရေဘွဲ့ ဂါထာတစ်ပုဒ်ကိုသင်ပေးရာ လေးလကြာသည်အထိ မတတ်မြောက်ဘဲ ရှိလေ၏။ ထိုအခါ အရှင်မဟာပန်သည် "ရဟန်းအဖြစ်မဟုတ်ဘဲ လူအဖြစ်၌သာ ပို၍ အကျိုးများနိုင်မည်" ဟု တွေးကာ ညီဝောာ်အရှင်စူဠပန်ကို ကျောင်းမှနှင်ထုတ်သည်။ အရှင်စူဠပန်သည် ရဟန်းဝတ်ဖြင့် မွေ့လျော်သဖြင့် မထွက်ချင်ဘဲ ရှိလေ၏။ တစ်နေ့တွင် သမားတော်ဇီဝကသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များကို ဆွမ်းကပ်မည့်အကြောင်း လျောက်လေ၏။ ထိုအခါ အရှင်မဟာပန်သည် ညီဖြစ်သူကို ချန်လှပ်ကာ ရဟန်း ၄၉၉ ပါး ဟု မှာကြားလိုက်လေသည်။ ထိုအခါ အရှင်စူဠပန်သည် အကိုဖြစ်သူ၏ လုပ်ရပ်အပေါ် အလွန်ဝမ်းနည်းကာ "မနက်ဖြန် မိုးသောက်လျှင် လူထွက်မည်" ဟု ဆုံးဖြတ်လိုက်၏။

မြတ်စွာဘုရားသည် နံနက်အချိန်ရောက်သော် ကျောင်း၏ မုခ်ဝ၌ အရှင်စူဠပန်ကို စောင့်နေ၏။ ကျွတ်ထိုက်သော ဝေနေယျများတွင် အရှင်စူဠပန်ကို မြင်တော်မူသောကြောင့် ဖြစ်သည်။ အရှင်စူဠပန်သည်မြတ်စွာဘုရားကို မြင်သော် သွားရောက်ဦးချ၏။ မြတ်စွာဘုရားက "ချစ်သား၊ ဘယ်ကိုသွားမလို့လဲ" ဟု မေး၏။ အရှင်စူဠပန်သည် ဖြစ်ရပ်တို့ကို ပြောပြလေသည်။ ထိုအခါ ဘုရားရှင်သည် "သာသနာသို့ ဝင်လာသူများသည် မိမိနှင့် ပတ်သက်၏။ မဟာပန်က နှင်ထုတ်လျှင် ငါကနေရာပေးမည်" ဟု ဆိုကာ ဂန္ဓကုဋိတိုက်ခန်းအတွင်းသို့ ခေါ်သွားလေ၏။ မြတ်စွာဘုရားသည် အရှင်စူဠပန်ကို ပိတ်ဖြူစပေး၏။ ထို့နောက် ပိတ်ဖြူစကို ဆုပ်နယ်စေ၏။ ဘုရားရှင်လည်း ဆွမ်းဘုဉ်းပေးချိန် ရောက်လာပြီဖြစ်သဖြင့် သံဃာတော်များနှင့်အတူ ကြွလေ၏။ အရှင်စူဠပန်သည် ပိတ်ဖြူစကို ဆုပ်နယ်နေရင်းမှ ညစ်နွမ်းလာသည်ကို မြင်၏။ ထိုအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို မြင်ကာ ရဟန္တာ ဖြစ်တော်မူ၏။ အရှင်စူဠပန်သည် နိမ္မိတရုပ် (ခေါ်) ကိုယ်ပွားရုပ် ဖန်ဆင်းရာတွင်လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ထူးချွန်သည့်အတွက် ဧတဒဂ်နှစ်ခုကို ရတော်မူ၏။[]

တန်ခိုးတော် ပြခြင်း

[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဇီဝကကပ်သောဆွမ်းကို ဘုဉ်းမပေးသေးဘဲနေ၏။ ထို့နောက် ဇီဝကအား ကျောင်းရှိ ကျန်နေခဲ့သော ရဟန်းတစ်ပါးကို အခေါ်ခိုင်းလိုက်၏။ ဇီဝကသည့်ကျောင်းသို့ ထိုရဟန်းကိုခေါ်ရန် ယောကျာ်းတစ်ယောက်ကိုလွှတ်ရာ ကျောင်းရောက်သောအခါ ရဟန်းတော် တစ်ထောင်ကို တွေ့လေသည်။ ထိုယောက်ျားလည်း ကျောင်း၌ ရဟန်းများစွာ ရှိနေကြောင်း ဇီဝကထံ ပြန်၍ ပြော၏။ ဇီဝကလည်း "စူဠပန် အမည်ရှိသော ရဟန်းကို ပင့်ခဲ့ပါ" ဟု စေခိုင်းလိုက်ပြန်၏။ ကျောင်းရောက်သောအခါ "မည်သူသည် စူဠပန်ဖြစ်သနည်း" ဟု မေးရာ ရဟန်းတစ်ထောင်လုံးက "စူဠပန်သည် ကျွန်ုပ်ဖြစ်၏" ဟု ဖြေလေ၏။ ထိုယောက်ျားလည်း ဆရာဇီဝကထံ ပြန်သွား၏။ ထိုအခါ မြတ်စွာဘုရားက "ပထမဆုံး ပြောသောသူကို လက်ကိုင်၍ မြတ်စွာဘုရားက အခေါ်ခိုင်းလိုက်ပါသည် ဟု ပြောကာ ခေါ်လာခဲ့ပါ" ဟု မှာလိုက်၏။ ထိုအခါမှ အရှင်စူဠပန်သည် ရောက်လာလေသည်။ အရှင်စူဠပန်သည် ဇီဝက၏ ဆွမ်းအနုမောဒနာတရား ဟောကြားရာ ပိဋကတ်သုံးပုံကို ချောက်ချားကာ ဟောတော်မူ၏။ [][]

ပဒုမုတ္တရဘုရား လက်ထက်

[ပြင်ဆင်ရန်]

စူဠပန္ထကထေရ်သည် ပဒုမုတ္တရဘုရားရှင် လက်ထက် ဟံသာဝတီပြည်၌ သူကြွယ်ဖြစ်စဉ်အခါက ရဟန်းတစ်ပါးကို စိတ်ဖြင့်ပြီးသော ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်သော (မနောမယကာယအဘိနိမ္မိတ)အရာ, ရူပါဝစရဈာန်စိတ်ကို လည်စေနိုင်သော (စေတောဝိဝဋ္ဋ)အရာတို့၌ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးခြင်းခံရသည်ကို တွေ့မြင်ရ၍ "နောင်သောအခါ တစ်ဆူသော ဘုရားရှင်သာသနာတော်၌ ဤ ရဟန်းကဲ့သို့ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးခြင်းခံရပါလို၏" ဟု ဆုတောင်းမှုပြုကာ ဘုရားရှင်အမှူးရှိသော သံဃာတော်တို့အား ၇-ရက် ပတ်လုံးအလှူကြီး ပေးလှူခဲ့သည်။ []

[]တွင်မူ ရသေ့ပြု၍ ဟိမဝန္တာ၌နေစဉ် ပဒုမုတ္တရ ဘုရားရှင်အား ပန်းထီးဖြင့်လှူဒါန်းပူဇော်ခဲ့သည် ဟု ဆိုသည်။ ထိုကောင်းမှုကံကြောင့် ဤဘုရားရှင်သာသနာတော်၌ “မနောမယကာယအဘိနိမ္မိတ, စေတောဝိဝဋ္ဋ” ဟူသော အရာဌာ န ၂-ခုတို့၌ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူး ခြင်းခံရသည် ဆို၏။ [] ၈-ကျိပ်သော မဟာသာဝကတို့တွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [၁၀] [၁၁]

အရှင်စူဠပန္ထက၏ ဝဋ်

[ပြင်ဆင်ရန်]

ရဟန်းတစ်ဦးအား ပြက်ရယ်ပြုခြင်း

[ပြင်ဆင်ရန်]

ဝဋ်သည် လည်တတ်သောသ‌ဘော ရှိ၏။ ကောင်းသောဝဋ်နှင့် မကောင်းသောဝဋ်သာ ကွာ၏။ သံသရာအကြွေးသည် မဆပ်ဘဲ နေ၍ မရ။ ဆပ်ရ၏။ အရှင်စူဠပန်သည် ပိဋကတ်သုံးပုံကို ချောက်ချားနိုင်၏။ သို့သော် ဂါထာလေးတစ်ပုဒ်ကို မကျက်နိုင်ခဲ့သည်မှာ ကဿပဘုရားရှင်လက်ထက်က ဝဋ်ကြွေးကြောင့်ဖြစ်၏။ ထိုအခါက အရှင်စူဠပန်သည် ပညာရှိရဟန်း ဖြစ်ခဲ့၏။ စာသင်သားရဟန်းတစ်ဦးအား စာပေမသင်ကြားရဲလောက်အောင် ပြက်ရယ်ပြုခဲ့သည့် အကြွေးသည် လက်ရှိဘဝရောက်မှ အကျိုးပေးလေ၏။[၁၂]

ဖြည့်ဆည်းခဲ့ဖူးသော ပါရမီများ

[ပြင်ဆင်ရန်]

ကဿပမြတ်စွာဘုရား၏သာသနာ၌ ရဟန်းပြု၍ အနှစ် (၂၀၀၀၀)နှစ်သောင်းကြာမြင့်သည့် ကာလပတ်လုံး ဩဒါတကသိုဏ်းကမ္မဋ္ဌာန်း စီးဖြန်းခဲ့၏။ တစ်ခုသော ဘဝတွင် မင်းဖြစ်ခဲ့၏။ နဖူးမှချွေးကို ပိတ်ဖြူစဖြင့်သုတ်ရာ စွန်းထင်းသည်ကို မြင်၏။ ထိုအခါ အနိစ္စသညာကို ရခဲ့၏။ ထိုကောင်းမှု၏ အကျိုးသည် နောက်ဆုံးလက်ရှိဘဝသို့တိုင် အကျိုးပေး၏။[၁၃]

ရဟန်းမတို့အား ဆုံးမဩဝါဒပေးခြင်း

[ပြင်ဆင်ရန်]

စူဠပန္ထကထေရ်သည် ရဟန်းမတို့အား ဆုံးမဩဝါဒပေးရန် အလှည့်ကျသောအခါ “အဓိစေတသော အပ္ပမဇ္ဇတော” အစချီသော ဂါထာတစ်ပုဒ်ကိုပင် အဖန်ဖန် အထပ်ထပ် ဟောကြားလေ့ရှိသည်၊ အခါတစ်ပါး၌ ရဟန်းမတို့အား ဆုံးမဩဝါဒပေးရန် စူဠပန္ထကထေရ် အလှည့်ရောက်သောအခါ "ယနေ့ ဩဝါဒသည် ပြည့်စုံလိမ့်မည်မဟုတ်၊ အရှင်စူဠပန္ထကထေရ်သည် ဟောနေကျ အဓိစေတသော အပ္ပမဇ္ဇတော အစဖြာသော ၁-ဂါထာကိုပင် အဖန်ဖန်အထပ်ထပ် ဟောကြားပေလတ္တံ့" ဟု ပြောဆိုကြသော ရဟန်းမတို့၏စကားကို ကြားရသဖြင့် ကောင်းကင်ယံသို့ ပျံတက်ပြီးလျှင် ကောင်းကင်၌ စင်္ကြံသွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, အခိုးအလျှံလွှတ်ခြင်း, ပျောက်ကွယ်ခြင်း စသောတန်ခိုးပြာဋိဟာကို ပြတော်မူကာ ဟောနေကျ ဂါထာနှင့် တကွ များစွာသော ဘုရားရှင်၏ အဆုံးအမစကားတော်တို့ကို နေဝင်သည် တိုင်အောင် ဟောကြားဆုံးမတော်မူသည်၊

ရဟန်းမတို့သည် စူဠပန္ထကထေရ်၏ ဩဝါဒစကားကို နာကြား၍ ပြန်လာကြသောအခါ မြို့တံခါးမှာ ပိတ်သွားပြီသဖြင့် မြို့ပြင်ဘက်၌ ကျိန်းစက်ကြပြီးလျှင် နံနက်စောစောထ၍ မြို့တွင်းသို့ ဝင်လာကြသည်ကို လူအများ တွေ့မြင်ကြသဖြင့် “ဤရဟန်းမတို့သည် ကျောင်းအရာတွင်း၌ ရဟန်းတို့နှင့် အတူတကွ နေထိုင်ကာ ယခုအခါမှ မြို့တွင်းသို့ ဝင်လာကြသည်” ဟု ကဲ့ရဲ့ပြောဆို စကားတင်းဆိုကြသည်ကို အကြောင်းပြု၍ "နေဝင်သည့်တိုင်အောင် ရဟန်းမတို့ကို ဆုံးမဩဝါဒ မပေးရန်" ရဟန်းတို့အား ဘုရားရှင်သည် သိက္ခာပုဒ် ပညတ်တော်မူရသည်။[၁၄] [၁၅]

မဟာဗုဒ္ဓဝင်၌ပါသော စူဠပန်ထေရ်ကို သည်မှာ ဖတ်ပါ။

ဓမ္မပဒ၌ပါသော စူဠပန်ထေရ်ကို သည်မှာ ဖတ်ပါ။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁ နိုဝင်ဘာ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၃၁၉-၃၂၈။CS1 maint: location (link)
  2. "ဓမ္မပဒ"
  3. "ဓမ္မပဒ"
  4. "ဓမ္မပဒ"
  5. (အံ၊ဋ္ဌ၊၁၊၁၆၅-၁၇၀။ ပဋိသံ၊ဋ္ဌ၊၂၊၂၆၀-၂၇၁။ ဓမ္မ၊ဋ္ဌ၊၁၊၁၅၄–၈။ ထေရ၊ဋ္ဌ၊၂၊၁၅၄၊ ၁၈၉၊ ၁၉၀။ အပ၊ဋ္ဌ၊၂၊၈။ ၉။ ဇာ၊ဋ္ဌ၊၁၊၁၃၀-၅)။
  6. "ဓမ္မပဒ"
  7. (အံ၊ဋ္ဌ၊၁၊၁၆၅။ ထေရ၊ဋ္ဌ၊၂၊၁၅၄)။
  8. (အပ၊၁၊၆၃)
  9. (အံ၊၁၊၂၄။ အပ၊ဋ္ဌ၊၂၊၁၀)။
  10. (ဥဒါန၊ဋ္ဌ၊၂၉၁။ အံ၊ဋီ၊၂၊၁၃၂)။
  11. "တိပိဋကအဘိဓာန် အတွဲ-၇"
  12. "ဓမ္မပဒ"
  13. "ဓမ္မပဒ"
  14. (ဝိ၊၂၊၇၇-၈။)
  15. "တိပိဋကအဘိဓာန်"