ရခိုင်မဟာသံဃရာဇာ

ဝီကီပီးဒီးယား မှ

ရခိုင်သံဃရာဇာကား ပိဋကတ်၌ သင့်ရုံမျှ တတ်၍ ဗေဒင်နက္ခတ်ဓာတ်ရိုက်ဓာတ်ဆင်နှင့် လက်‌ဝှေ့လက်ပန်းစသော ကျင်ပညာ သိုင်းပညာ၌ အထူးကျွမ်းကျင်လိမ်မာတော်မူသော ဂါမဝါသီ ပွဲကျောင်းဘုန်းတော်ကြီးတည်း။ တစ်နေ့သောအခါ ရခိုင်မင်းသည် သရက်မြို့ကိုလုပ်ကြံ၍ သရက်မြို့စားမင်းရှင်စောကိုသားမယားနှင့်တကွ ရခိုင်ပြည်သို့ ခေါ်လာသည်။ မင်းရှင်စောလည်း ရခိုင်ပြည်သို့ရောက်လျှင် သားတော်သုံးယောက်ကို ရခိုင်သံဃရာဇာဆရာတော်ထံ အပ်နှံ၍ ပညာသင်ကြားစေသည်။ တစ်နေ့သ၌ ဆရာတော်သည် မင်းသားသုံးယောက်တို့တွင် သားကြီ းမြင်စိုင်းရွှေနန်းရှင်ကား စမုံရေကိုသောက်၍ ကုန်၏။ သားလတ်ပြည်မင်း စောရန်နောင်ကား ဖိုဦးမော်ရေကို သောက်၍ ကုန်၏။ သားငယ် မင်းကြီးစွာဖြစ်မည့် စော်ကဲတရာ့ဖျားကား ဧရာဝတီရေကို သောက်၍ကုန်၏ဟု အိပ်မက်မြင်မက်သဖြင့် အမောင်တို့ သုံးယောက် စစ်ကိုင်း ပင်းယသို့ သွားကြလေ၊ မင်းချည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင် ငါ့ကို မမေ့ကြနှင့်ဟု မိန့်ဆိုသည်။

မင်းသားသုံးယောက်တို့လည်း စစ်ကိုင်းပင်းယသို့ သွားကြ၍ သားကြီးကား ပင်းယဥစ္စနာထံ ခစားလျှင် ဥစ္စနာက မြင်စိုင်းရွှေနန်းကို ပေး၍ စားရသည်။ သားလတ်လည်း ဥစ္စနာထံခစားရာ ဥစ္စနာနန်းစွန့်၍ ညီတော် ငါးစီးရှင်ကျော်စွာ လက်ထက်ရောက်မှ စောရန်နောင်အမည်ဖြင့် ပြည်မြို့ကို ပေး၍စားရသည်။ သားငယ်ကား စစ်ကိုင်းမင် းဆင်ဖြူရှင်တရာ့ဖျားထံခစားလျှင် အမြင့်မြို့ကို ပေး၍ စားရသည်။ သက္ကရာဇ် ၇၃ဝ ပြည့် အင်းဝပြည်တွင် မင်းကြီးစွာစော်ကဲ မင်းအဖြစ်သို့ ရောက်ကြောင်း ရခိုင်ဆရာတော် ကြားလျှင် ငါ့ကိုမေ့နေသည်ဟု နှလုံးမသာရှိ၍ " ဘုန်းတော်ကြီး၍ သက်တော်ရှည်လိုလျှင်အနောက်တောင်ထောင့်၌ စည်းခုံတည်လေ " ဟု မှာကြားလိုက်လေသည်။ မင်းကြီးစွာလည်း မှာကြားသည့်အတိုင်း ၇၄၅ ခုနှစ်တွင်အင်းဝ၌ စည်းခုံ တည်သည်။

တည်မိလျှင်ပင် အင်းဝပြည်လုံး ထိတ်ထိတ်လန့်လန့် ရှိချေသည်။ ထိုအကြောင်းကို ရခိုင်ဆရာတော်ကြားလျှင် ငါကား ရဟန်းသားဖြစ်သည် မသင့်ချေဟု အင်းဝသို့ လာပြီးလျှင် ကုက္ကိုပင်၊ ဆင်ကျုံး၊ မော်ကွန်း၊ သရပါတံခါး၊ ရတနာ့ဂူ တည်၍ ရွှေစည်းခုံနှင့် ပြိုင်သောအခါ အောင်နိုင်၍ ထိတ်အလန့်မရှိ ပြေငြိမ်းသွားသည်။ မင်းကြီးစွာလည်း ဆရာတော်အား များစွာပူဇော်သက္ကာရပြု၍ စည်းခုံကို အောင်နိုင်သော သာသနာပိုင် အောင်စည်းခုံသံဃရာဇာဟူသော ဘွဲ့တံဆိပ်ကပ်လှူတော်မူသည်။ မင်းဆွေ ရှင်သိဒ္ဓတ်တို့ကိုလည်း ပင်လယ်ကျေးသံဃရာဇာနည်းတူ မင်းသားတို့ တတ်အပ်သည့်ပညာများ သင်ပေးရသည်။ မြို့ရွာတွင်းသို့ ဝင်လျှင် စစ်ခမောက်သဏ္ဌာန် ထိပ်ချွန်သော ဦးထုပ်တစ်မျိုး ဆောင်းသည်။ မင်းခေါင် မင်းဖြစ်ရာကာလတွင် အုန်းပေါင်စော်ဘွားခေါ်ဆောင်လာသောသူနှင့် လက်ဝှေ့သတ်ဖူးသည်။ စော်ကဲမင်းသည် ဤသို့သော လောကီပညာသည် ပွဲကျောင်းဘုန်းကြီးများကိုသာ အရေးအလွန်ပေးနေသောကြောင့် သိကြားမင်း နတ်သက်ကြွေပြီဟုဆိုကာ စည်တီးသောအမှု ဖြစ်ခဲ့ဖူးသည်။

သိကြားသေ၍ စည်တီးသူ

    သက္ကရာဇ် ၇၃၀- တွင် အင်းဝ ထီးနန်း သိမ်းမြန်း စိုးစံခဲ့သော မင်းကြီး စွာစော်ကဲ လက်ထက်တွင် မင်းကြီး စွာစော်ကဲ (အင်းဝ ဘုရင်) သည် ငယ်ဆရာ ဖြစ်သော ရခိုင် ဘုန်းတော်ကြီးကို “ မဟာသံဃ ရာဇာ ” ဟူသော ဘွဲ့တံဆိပ် အပ်၍ မင်းဆရာ ပြုသည်၊ ထို ရခိုင် ဘုန်းတော်ကြီးကား ဆေးဝါး ဓာတ် ပယောဂနှင့် အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တာန် တို့ကို တတ်ကျွမ်းသော ပွဲကျောင်းဘုန်းကြီး မျှသာ ဖြစ်သည်၊ ပရိယတ္တိ ပညာ တတ်ကျွမ်းသူ မဟုတ်၊ လဇ္ဇီပေသလ မဟုတ်၊ ထို့ကြောင့်ပင် နောင် သာသနာဆက် ဆရာစဉ်သို့ မဝင်လေ။
    ထိုအခါ ကာလက ပွဲကျောင်း ဘုန်းကြီးများ သာသနာရေးကို စီမံနေ၍ လဇ္ဇီပေသလ ဖြစ်ကုန်သော ပရိယတ္တိ ပညာတတ် သံဃာတော်များ နိမ့်ကျ၍ နေသည်၊ မင်းကြီး စွာစော်ကဲ ကိုယ်တိုင်ကလည်း သာသနာရေးနှင့် စပ်လာလျှင် သူ၏ ဆရာ ပွဲကျောင်း ဘုန်းကြီးများ၊ အထူးအားဖြင့် မဟာသံဃရာဇာ ဟူသော ရခိုင်ဘုန်းကြီး ကိုသာလျှင် တိုင်ပင် လျောက်ထားလေ့ ရှိပေသည်။
    တစ်ညသ၌ ညဉ့် ၂- ချက်တီးကျော်တွင် အချက်ပေါင်းများစွာ ထိုးနှက်လိုက်သော စည်ကြီးသံ သည် မင်း၏ နန်းတော်နှင့် တကွ တစ်မြို့လုံးပါ လွှမ်းခြုံ၍ ထွက်လာသည်၊ မြို့နှင့် မနီးမဝေး မနာပြင် ငါးဆူအရပ် ကျောင်း၌ နေသော ပရက္ကမ အနွယ်ဝင် အရှင်ခေမာစာရ ဟူသော ရဟန်း တစ်ပါးက ထိုးနှက် ရိုက်တီးလိုက်ခြင်း ဖြစ်လေ၏ ။
    မင်းကြီး စွာစော်ကဲ လည်း “ ဤ စည်တီးသံသည် ရဟန်းတစ်ပါး ပါးလွန်၍ တီးခြင်း ဖြစ်မည်၊ မည်သည့် ကျောင်းက မည်သည့် ပုဂ္ဂိုလ် သေဆုံးသနည်း - မေးမြန်း ကြကုန် ” ဟု အမတ်တို့ကို စေလွတ်၍ မေးမြန်း စုံစမ်း စေလေသည်၊ အမတ်တို့လည်း စည်တီးသော ကျောင်းကို ရှာဖွေ မေးမြန်း စုံစမ်း ကြကုန်၏။
    ထိုအခါ မနာပြင် ငါးဆူအရပ်မှ ပရက္ကမ အနွယ်ဝင် အရှင်ခေမာစာရ တီးကြောင်း သိရသဖြင့် “ မည်သည့် ရဟန်း ပုဂ္ဂိုလ် သေဆုံး၍ စည်တီး ပါသနည်း ” ဟု မေးမြန်း ကြလေသည်။ အရှင် ခေမာစာရ က “ မည်သည့် ရဟန်း ပုဂ္ဂိုလ်မျှ သေဆုံးခြင်း မရှိ၊ ဤ စည်တီး ရခြင်းကား တာဝတိံသာ မှ သိကြားမင်း သေ၍ တီးခြင်း ဖြစ်သည် ” ဟု ဆိုလေသည်။
    အမတ်တို့ ကလည်း ထို အတိုင်းပင် ဘုရင်ကို လျှောက်ထားရာ မင်းကြီး စွာစော်ကဲက တအံ့တဩ ဖြင့် “ အဘယ့်ကြောင့် သိကြားမင်း သေကြောင်း သိသနည်း - ပြန်၍ မေးမြန်းကြချေ ” ဟု အမတ်တို့ကို စေလွှတ် လိုက်ပြန် လေသည်၊ ထိုအခါ အရှင်ခေမာစာရက “ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခါနီး၌ သာသနာကို စောင့်ရှောက် ပါမည်ဟု သိကြားမင်း ဝန်ခံပါသည်၊ ဤ သို့ဝန်ခံ ခဲ့ပါလျက် ယခုအခါ သာသနာတော်ကို ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက် ပါသောကြောင့် သိကြားမင်း သေကြောင်းကို သိရပေသည်၊ ထို့ကြောင့် ဤ စည်ကို တီးရခြင်း ဖြစ်သည် ” ဟု ပြန်လည် မိန့်ကြားတော် မူလိုက်လေသည်။
    အရှင်ခေမာစာရ မိန့်ကြားသည့် အတိုင်းပင် ဘုရင်အား လျှောက်ထား ကြရာ ဘုရင် မင်းကြီး စွာစော်ကဲ သည် ဆိုလိုသော အဓိပ္ပာယ်ကို ကောင်းစွာ နားလည် သဖြင့် “ ဟုတ်ပေသည် ” ဟုဆိုကာ သဒ္ဓါ ကြည်ညို၍ ဝမ်းဘဲအင်း မြောက်ဘက် ဒန့်တော အရပ်တွင် ကျောင်းဆောက်၍ အရှင်ခေမာစာရ အား တင်လှူလေသည်၊ စည်းခုံနှင့် သိမ်လည်း သမုတ်၏၊ ထိုစည်းခုံနှင့် ကျောင်းတော်ကို ရည်၍ ရာဇဝင်တွင် အဝဒန့်တော စည်းခုံနှင့် ကျောင်းတော် ဟု အလှူစာရင်း သွင်းလေသည်၊ ထိုဆရာကား သထုံဆက် သီဟိုဠ်နွယ် လဇ္ဇီ ပေတလ ဖြစ်၍ သာသနာဆက် ဆရာစဉ် သို့ ဝင်၏၊ ထီးဖြူနှင့် တကွ တင်လှူတော် မူသည်၊ သာသနာပိုင်လည်း အပ်တော်မူ၏ ဟု သာသနာ လင်္ကာရ စာတမ်းတွင် ဆိုလေသည်။

[၁] [၂] [၃] [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကုလား မဟာရာဇဝင်တော်ကြီး
  2. ရခိုင်ရာဇဝင် အရေးတော်ပုံကျမ်း
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  4. အောင်စည်းခုံသံဃရာဇာ ပွဲကျောင်း
  5. သိကြားမင်းနှင့် သာသနာ၊ ရဝေထွန်း