သမ္မုတိသာသနာပိုင် ပခန်းဆရာတော်
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ပခန်းဆရာတော်ကား သက္ကရာဇ် ၁၁၈၂-ခု၊ ပြာသိုလဆန်း ခြောက်ရက် စနေနေ့တွင် ဖွားမြင်သည်။ ဇာတိ ပခုက္ကူမြို့ အရှေ့တောင်၊ မြန်မာခရီးဆယ်တိုင်ခန့်ကွာဝေးသော ရေရှားရွာဖြစ်သည်။ သက်တော်စေ့ရဟန်းပြုသည်။ ရဟန်းမည် ရှင်နန္ဒ ဖြစ်သည်။ မန္တလေးမြို့သို့ရောက် သောအခါ အရှေ့ပြင်မဟာဝိသုတာရာမတိုက်တော်၌ သာသနာပိုင် ဒုတိယမောင်းတောင်ဆရာတော်အရှင် ေဥယျဓမ္မထံ ပိဋကတ်ကျမ်းဂန်တို့ကိုသင်ကြားသည်။
နောက်အခါယင်းတိုက်တော်အတွင်း ရွှေရေးကျောင်း၌ သီတင်းသုံးသည်။ သီပေါမင်းအစ်မတော် ပခန်းကြီး စုဖုရားကကိုးကွယ်သည်။ သီပေါမင်းနန်းတက်သောနှစ် တန်ဆောင်မုန်း လပြည့်ကျော်ခြောက်ရက်နေ့ သာသနာ့ပြုသူဓမ္မာအဖွဲ့တစ်ကျိပ် နှစ်ပါးဖွဲ့စည်းရာ ပခန်းဆရာတော် ပါဝင်သည်။ ဤနေရာ၌ 'တံဆိပ်ရဆရာတော် တစ်ကျိပ်နှစ်ပါး'ဟု မဟာရာဇဝင်ကြီး ၌အဆိုရှိသည်။ တံဆိပ်အသီးသီးကိုလည်း ဖော်ပြခြင်းမရှိ။ မင်းတုန်းမင်းလက်ထက်၌လည်း တံဆိပ်ပေးအပ်သော စာရင်းသီးခြားမပါ။ သီပေါမင်းလည်းနန်းတတ်စဖြစ်၍ ဆရာတော်တို့အား တံဆိပ်ပေးအပ်ခြင်းမရှိသေး။ သို့သော်လည်း ပခန်းဆရာတော်မှာ သူဓမ္မာအဖွဲ့ တစ်ကျိပ်နှစ်ပါးဖွဲ့စည်းရာ အပါအဝင်ဖြစ်၍ တံဆိပ်ကိုပင်မသိရသော်လည်း မင်းတုန်းမင်း လက်ထက်ကပင် တံဆိပ်ရခဲ့ကြောင်း ထင်ရှားသည်။ ၁၂၄၆-ခုနှစ်၊ဝါခေါင်လတွင် သီပေါမင်းက ဆရာတော် သံဃာတော်ရှစ်ဆယ်တို့အား ဘွဲ့တံဆိပ်ကပ်လှူရာ၍ ပခန်းဆရာတော်အား နန္ဒာဘိဓဇ ဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ကို ကပ်လှူသည်။ သီပေါမင်းလက်ထက် မန္တလေးမြို့တော်တည်ရန် ခုနစ်ဌာနပန္နက်ချရာအပါအဝင် မဟာအတုလဝိဇယရာမ တိုက်ကြီးအတွင်း မဟာအတုလဝေရန် ကမ္ပည်းတပ်သော အတုမရှိကျောင်းတော်ကြီးကို ကြီးမှူးအုပ်ချုပ်ရန် မြို့ပေါ်ရှိ တံဆိပ်တော်ရဆရာတော်တို့ကို မဲချရာ သုံးကြိမ်တိတိ မဲကျသော ပခန်းဆရာတော်အား အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက်ရှိ မင်းတုန်းမင်း၏နန်းတော်ဟောင်းကို ရွှေ့ပြောင်းဆောက်လုပ်ထားသော ရွှေနန်းကျောင်းကို တင်လှူသီတင်းသုံးစေသည်။
၁၂၅၆-ခုနှစ် သာသနာပိုင်တောင်တော် ဆရာတော်ဘုရားကြီးပျံလွန်သောအခါ သုဓမ္မာအဖွဲ့ဝင် တစ်ကျိပ်နှစ်ပါး ဆရာတော်တို့သည် သာသနာရေး သာသနာမှုကို စီရင်ဆုံးဖြတ်ရာ၌ တောင်တော်ဆရာတော်မှ ဆင်းသက်လာသော အခွင့်အာဏာသည် မိမိတို့၌သာ ရှိသည်ဟု ယူဆပြီးလျှင် မိမိတို့နှစ်သက်ရာ မိုးကောင်းဆရာတော် အရှင်နာဂိန္ဒကို သံမ္မုတိ သာသနာပိုင် တင်မြှောက်ကြသည်။ ၁၂၅၇-ခုနှစ်၊ နယုန်လဆန်းခုနစ်ရက်နေ့တွင် မန္တလေးမြို့ပေါ် လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော်များနှင့် ကင်းဝန်မင်းကြီး အမှူးရှိသော ဒါယကာတို့က အတုမရှိတိုက်တော်ကြီးအတွင်းရှိ ရွှေနန်းကျောင်း၌ အစုံအညီစည်းဝေး၍ အများဆန္ဒအရ ပခန်းဆရာတော်ကြီးကို သမ္မုတိသာသနာပိုင်တင်မြှောက်ကြသည်။ (ထိုသို့နှစ်ပက္ခဖြစ်ကာ သမ္မုတိသာသနာပိုင်နှစ်ပါး တင်မြှောက်ကြသော်လည်း အင်္ဂလိပ်အစိုးရက နှစ်ပါးလုံးကိုပင်အသိအမှတ်မပြု ၊ လျစ်လျူရှု ၍သာနေသည်။ အသိအမှတ်မပြုသော်လည်းနှစ်ပက္ခဖြစ်လာသည့်အတိုင်း သာသနာရေး သာသနာမှုကို စီရင်ဆုံးဖြတ်ရာ၌ တစ်စည်းတစ်လုံး တည်းမဟုတ်တော့ဘဲ အသီးသီးခွဲခြား၍ စီရင်ဆုံးဖြတ်ကြသည်။ သို့အတွက် မင်းတုန်းမင်း လက်ထက်မှစ၍ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း၊ သုဓမ္မာဂိုဏ်းဟု သုံးဂိုဏ်းကွဲလာခဲ့ရာ တစ်ဖန် သုဓမ္မာဂိုဏ်းမှ တစ်ကျိပ် နှစ်ပါးဂိုဏ်းထပ်၍ ကွဲပြန်သဖြင့် လေးဂိုဏ်းဖြစ်လာသည်။) ပခန်းဆရာတော်ကြီးသည် သက်တော် ၇၈၊ ၁၂၆ဝ ပြည့်နှစ်တွင် ပျံလွန်တော်မူသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |