သစ္စာ
သစ္စာ ဆိုသည်မှာ သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသည်။ သစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ
(၁) သမ္မုတိသစ္စာ
(၂) ပရမတ္ထသစ္စာ တို့ ဖြစ်ကြသည်။[၁]
သမ္မုတိသစ္စာ[ပြင်ဆင်ရန်]
လောကီဘုံသား လူအများတို့၏ ခေါ်ရိုး ပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာ ဖြစ်သည်။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ရှိ၏၊ ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ် ရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ စသည်တို့ ဖြစ်ကြသည်။
သမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘဝအတွင်းတွင် အခါခါ ဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည် ဧကန်အမှန် ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လှည့်စားခြင်း မဖြစ်ပေ။
ပရမတ္ထသစ္စအလိုအားဖြင့် ထိုစကားမျိုးသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ဝိပလ္လာသအမှန် ဖြစ်၏။ ထိုဝိပလ္လာသတရားကို မပယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ဟူရာတို့သည်လည်း ထိုနည်းအတူပင် ဖြစ်သည်။[၁]
ပရမတ္ထသစ္စာ[ပြင်ဆင်ရန်]
ပရမတ္ထသစ္စာဆိုသည်မှာ ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိ စကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာ မည်၏။
ရှိ၊ မရှိ နှစ်ပါးတို့တွင် ရှိဆိုသည်မှာ ပထဝီ ရှိ၏။ အပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ရှိ၏။ စိတ်ဝိညာဏ်ရှိ၏။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ ရှိ၏။ ရုပ်ခန္ဓာ ရှိ၏။ နာမ်ခန္ဓာ ရှိ၏ စသည်တို့ ဖြစ်ကြသည်။
မရှိဆိုသည်မှာ အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား မရှိ။ ဦးခေါင်းဟူ၍ မရှိ၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ဟူ၍ မရှိ စသည်တို့ ဖြစ်ကြသည်။
အတ္တမရှိ၊ ဇီဝမရှိဆိုသည်မှာ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တ၊ ဇီဝ ဟူ၍မရှိဟု ဆိုလိုသည်။
ပုဂ္ဂိုလ် မရှိ၊ သတ္တဝါ မရှိ ဆိုသည်မှာ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်သာ ရှိ၏။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်၊ ဗြဟ္မာ စသည် မဟုတ်ပေ။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့မှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါဟူ၍ အသီးအခြားမရှိ လူ၊ နတ်၊ ဗြဟ္မာစသည်လည်း မရှိဟု ဆိုလိုသည်။
ပရမတ္ထသစ္စာသည် ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤပရမတ္ထသစ္စာတရားမှသာ ဝိပလ္လာသတရားကို ပယ်နိုင်သည်။ ဝိပလ္လာသတရားကို ပယ်နိုင်မှ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။
ပရမတ္ထသစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ
(၁) ရုပ်တရား
(၂) နာမ်တရားတို့ ဖြစ်ကြသည်။[၁]
ရုပ်တရား[ပြင်ဆင်ရန်]
ရုပ်တရားသည် (၂၈)ပါး ရှိ၏။ ထို (၂၈)ပါးတို့မှာ
- မဟာဘုတ်ကြီး (၄) ပါး
- ဝတ္ထုရုပ် (၆) ပါး
- ဘာဝရုပ် (၂) ပါး
- ဇီဝိတရုပ် (၁) ပါး
- အာဟာရရုပ် (၁) ပါး
- ဂေါစရရုပ် (၄) ပါး (ဤ ၁၈ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားရှိကြခြင်းကြောင့် ဇာတရုပ် မည်၏။)
- ပရိစ္ဆေဒရုပ် (၁) ပါး
- ဝိညတ်ရုပ် (၂) ပါး
- ဝိကာရရုပ် (၃) ပါး
- လက္ခဏာရုပ် (၄) ပါး (ဤ ၁၀ ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှားမရှိခြင်းကြောင့် အဇာတရုပ် မည်၏။)[၁]
နာမ်တရား[ပြင်ဆင်ရန်]
နာမ်တရားသည် (၅၄) ပါး ရှိ၏။ ထို (၅၄) ပါးတို့မှာ
- စိတ် (၁) ပါး − စိတ်ဆိုသည်မှာ အာရုံကို ရှာကြံမှု၊ အာရုံကို ရမှု၊ အာရုံကို သိမှု ဖြစ်သည်။
- စေတသိက် (၅၂) ပါး − စေတသိက်ဆိုသည်မှာ စိတ်မှပေါက်ဖွားသော နာမ်အမူအရာများ ဖြစ်သည်။
- နိဗ္ဗာန် (၁) ပါး − နိဗ္ဗာန်ဆိုသည်မှာ ဒုက္ခအမျိုးမျိုးတို့မှ လွတ်ငြိမ်းမှု ဖြစ်သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက်
location = ရန်ကုန်။ pp. ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈။ line feed character in
|publisher=
at position 23 (အကူအညီ); Missing pipe in:|publisher=
(အကူအညီ)
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |