ဝိညတ်ရုပ်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
မိမိ၏ အတွင်းသဘော အလိုဆန္ဒ အကြံအစည်ကို သူတစ်ပါးတို့အား သိတတ်သည့် ကိုယ်အမူအရာ, နှုတ်အမူအရာ, သူတစ်ပါးတို့က သိအပ်သော ကိုယ်အမူအရာ, နှုတ်အမူအရာ, သိကြောင်း ကိုယ်အမူအရာ, နှုတ်အမူအရာ အထူးကို ဝိညတ်ရုပ်[၁] ဟု ခေါ်သည်။[၂]
ဝိညတ်ရုပ်သည် ပရမတ္ထရုပ်အစစ်မဟုတ်။ [၃]။ စိတ္တက္ခဏ တစ်ချက်ခန့်သာ အသက်ရှည်သောကြောင့် စိတ္တာနုပရိဝတ္တိဓမ္မတို့၌ ပါဝင်၍ စိတ်နှင့် ပြိုင်တူဖြစ်၍ ပြိုင်တူချုပ်သည်။ [၄]။
ဝိညတ်ရုပ်တွင် နှစ်ပါးအပြားရှိ၏။
ကာယဝိညတ်
[ပြင်ဆင်ရန်]ကာယဝိညတ်[၆] ဟူသည် လက်လှုပ်ခြင်း, ဦးခေါင်းလှုပ်ခြင်း စသော ကိုယ်အမူအရာဖြင့် မိမိအလိုဆန္ဒကို သူတစ်ပါးအား သိစေမှုပင်တည်း။ လာစေလို၍ လက်ယပ်ခေါ်ရာ၌ အခေါ်ခံရသူသည် လှုပ်ရှားသော လက်ကိုသာ မြင်ရသော်လည်း လှုပ်ရှားသော လက်သည်၎င်း ဝါယောဓာတ်သည်၎င်း ကာယဝိညတ်မဟုတ်။ လှုပ်ရှားသော လက်အဆင်းကို မြင်သည်၏ အခြားမဲ့၌ မနောဝိညာဉ်ဖြင့် သိအပ်သော လှုပ်ရှားမှု၏ အကြောင်းဖြစ်သော ဝါယောဓာတ်၏ အမူအရာအထူးသာလျှင် ကာယဝိညတ်မည်သည် [၇]။
ချဲ့ဦးအံ့- ဆရာသည် တပည့်တစ်ယောက်ကို လာစေလို၍ လက်ယပ်ခေါ်ရာ၌ ရှေးဦးစွာ လာစေလိုသော စိတ်ဖြစ်၏။ ထိုစိတ်နှင့်အတူ စိတ္တဇရုပ်ကလာပ်များသည် ထိုထိုအရပ် များစွာဖြစ်ကြ၏။ လှုပ်ရှားမည့်လက်၌ ဖြစ်သော စိတ္တဇကလာပ်တွင် ဝါယောဓာတ်သည် တခြားသော မဟာဘုတ်များထက် သတ္တိလွန်ကဲလျက် ရှိ၏။ ပကတိရိုးရာအခါ၌ကဲ့သို့ အေးအေးဆေးဆေး မဟုတ်ဘဲ ထိုဝါယောဓာတ်မှာ ထူးခြားသော အမူအရာတစ်မျိုးပါရှိ၏။ ထိုဝါယောဓာတ်၏ ထူးခြားသော အမူအရာသည် ကာယဝိညတ်မည်၏ [၈]။ မျက်စိတမှိတ်ခန့်ကာလ၌ ကုဋေတစ်သိန်းခန့်မျှ စိတ်များဖြစ်နိုင်၏။ ထိုစိတ်များတွင် ဝိညတ်ကို ဖြစ်စေနိုင်သော စိတ် (ဝိညတ္တိသမုဋ္ဌာပကစိတ်) များလည်း ပါရှိကြ၏။ ဝိညတ်ကို ဖြစ်စေနိုင်သော စိတ်များ ဖြစ်တိုင်းဖြစ်တိုင်း ထူးခြားသော အမူအရာတစ်မျိုးပါသည့် ဝါယောဓာတ်လွန်ကဲသော စိတ္တဇကလာပ်များလည်း အထပ်ထပ် ဖြစ်ကြ၏။ ထို့ကြောင့် အငြိမ်မနေဘဲ ကိုယ်လက်လှုပ်ရှားမှု ဖြစ်လာသည်။ ထိုသို့လှုပ်ရှားရာ၌ သစ်ပင်များ လေတိုက်၍ လှုပ်သကဲ့သို့ စည်းကမ်းမဲ့ ပရမ်းပတာ လှုပ်သည်မဟုတ်။ စိတ်၏အလိုကျ လှုပ်ရှားအောင် ဝါယောဓာတ်၏ ထူးခြားသော အမူအရာတစ်မျိုး (ဝိညတ်) က ကူညီပဲ့ကိုင်ပေး၏။ ဥပမာ- လှေသူကြီးသည် မိမိလှေကို လိုရာခရီးသို့ ရောက်အောင် ပဲ့ကိုင်ပေးသကဲ့သို့တည်း။ ဤဥပမာ၌ လှေသူကြီးနှင့် ကာယဝိညတ်တူသည်၊ လှေနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ တူသည် [၉]။
ဤအစီအစဉ်ဖြင့် လက်လှုပ်ရှားလာသောအခါ တပည့်ဖြစ်သူက “ဆရာသည် ငါ့ကိုလာစေချင်၏”ဟု ဆရာ၏ အလိုဆန္ဒကို သိလေသည်။ ထိုသို့သိရာ၌ “စိတ်၊ စိတ္တဇရုပ်၊ လှုပ်ရှားမှု၊ အမူအရာ”ဟု အချုပ်မှတ်ရန် လေးချက်ရှိ၏။ ထိုတွင် စိတ်ကလည်း အလိုဆန္ဒကို သိစေနိုင်သည်မဟုတ်၊ စိတ်က အလိုဆန္ဒကို သိစေနိုင်သည်ဆိုလျှင် မလှုပ်မရှက် စိတ်သက်သက် ဖြစ်နေခိုက်မှာလည်း အလိုဆန္ဒကို သိရပေလိမ့်မည်။ ထို့ကြောင့် စိတ်က အလိုဆန္ဒကို မသိစေနိုင်သည်မှာ ထင်ရှား၏။ စိတ္တဇရုပ်ကလည်း အလိုဆန္ဒကို သိစေနိုင်သည်မဟုတ်၊ စိတ္တဇရုပ်က အလိုဆန္ဒကို သိစေနိုင်သည်ဟု ဆိုလျှင် ဝိညတ်မပါသော စိတ္တဇရုပ်ကလာပ်များ ဖြစ်နေခိုက်မှာလည်း အလိုဆန္ဒကို သိရပေလိမ့်မည်။ ထို့ကြောင့် စိတ္တဇရုပ်ကလာပ်က အလိုဆန္ဒကို မသိစေနိုင်သည်မှာ ထင်ရှား၏။ လှုပ်ရှားမှုကလည်း အလိုဆန္ဒကို သိစေနိုင်သည်မဟုတ်၊ လှုပ်ရှားမှုသက်သက်က အလိုဆန္ဒကို သိစေနိုင်သည်ဟု ဆိုလျှင် အိပ်ပျော်နေစဉ် လက်ခြေများ လှုပ်ရှားရာ၌လည်း အလိုဆန္ဒကို သိရပေလိမ့်မည်။ ထို့ကြောင့် လှုပ်ရှားမှုသက်သက်ကလည်း အလိုဆန္ဒကို မသိစေနိုင်သည်မှာ ထင်ရှား၏။
လက်ယပ်ခေါ်ရာ လက်လှုပ်ရှားရာ၌ စိတ္တဇကလာပ်များ ဖြစ်ကြ၏။ ထိုစိတ္တဇကလာပ်များ၌ အခြားသော မဟာဘုတ်များထက် လွန်ကဲသော ဝါယောဓာတ်ပါဝင်၏။ ထိုဝါယောဓာတ်၏ ထူးခြားသော အမူအရာ (ဝိညတ်) ကသာ အလိုဆန္ဒကို သိစေနိုင်သည်၊ ထိုဝိညတ်ကို စက္ခုဝိညာဉ်ဖြင့် သိအပ်သည်မဟုတ်၊ မနောဝိညာဉ်ဖြင့်သာ သိအပ်သည်၊ စက္ခုဝိညာဉ်ဖြင့် လှုပ်ရှားသောလက်၏ အဆင်းရူပါရုံကိုသာ သိနိုင်မြင်နိုင်လေသည်။ ဝိညတ်ကိုကား မနောဝိညာဉ်ဖြင့်သာ သိနိုင်၏။ ဥပမာ- ဆိုင်၏ ပြင်ပ၌ အလံစိုက်ထားသည်ကို စက္ခုဝိညာဉ် (မြင်သိစိတ်) ဖြင့် တိုက်ရိုက်မြင်သိ၍ ဆိုင်တွင်း၌ အရက်ရှိကြောင်းကို မနောဝိညာဏဓာတ်ဖြင့် စိတ်ဖြင့် မှန်းဆသိရသကဲ့သို့တည်း။ ဤဥပမာ၌ အလံကို စက္ခုဝိညာဉ်ဖြင့် မြင်ရခြင်းနှင့် လှုပ်ရှားသော ကိုယ်အဆင်းရူပါရုံကို စက္ခုဝိညာဉ်ဖြင့် မြင်ရခြင်း တူသည်၊ အလံကိုမြင်၍ ဆိုင်အတွင်း၌ အရက်ရှိကြောင်းကို မနောဝိညာဏဓာတ်ဖြင့် စိတ်ဖြင့် မှန်းဆ၍ သိရခြင်းနှင့် လှုပ်ရှားသော ကိုယ်အဆင်းရူပါရုံကိုမြင်၍ ဝိညတ်ကို မနောဝိညာဉ်ဖြင့် သိရခြင်း တူသည် [၁၀]။
ဝိညတ်ဟူသည် ပင်ကိုလက္ခဏာသီးခြားမရှိ၊ မရကောင်း။ ထို့ကြောင့် ပရမတ္ထအစစ်မဟုတ်၊ ပရမတ္ထအတုသာဖြစ်သည်၊ ရုပ်အစစ်မဟုတ် ရုပ်အတုသာဖြစ်သည် [၁၁]။
ဝစီဝိညတ်
[ပြင်ဆင်ရန်]ဝစီဝိညတ်[၁၂]သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့တွင် စိတ်ကြောင့်သာ ဖြစ်သည်။ ယင်းဝစီဝိညတ်ကို ဖြစ်စေတတ်သော စိတ်များကား ဝုဋ္ဌောစိတ် (၁)၊ ကာမာဝစရဇောစိတ် (၂၉)၊ အဘိညာဉ်စိတ် (၂)ပါးအားဖြင့် (၃၂)ပါးတို့ ဖြစ်သည်။ [၁၃]
ဝစီဝိညတ် ဖြစ်ပေါ်ပုံမှာ- “ဤစကားကိုပြောဆို”ဟု ကြံစည်သောသူအား အကြံအစည်ဖြစ်သည်နှင့်တစ်ပြိုင်နက် ရှေးဦးစွာ ဝိညတ်ကိုဖြစ်စေတတ်သော စိတ် ဖြစ်ပေါ်လာသည်။ ထိုစိတ်သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာဟု ဆိုအပ်သော (၈)ပါးသော ရုပ်တို့ကို ဖြစ်ပေါ်စေသည်။ ထိုစိတ္တဇရုပ် (၈)ပါးတို့တွင် ပါဝင်သော စိတ္တဇပထဝီဓာတ်နှင့် အသံဖြစ်ရာအရပ်၌ တည်ရှိသော ကမ္မပထဝီဓာတ်တို့၏ ထိခိုက်ခြင်း၏ အကြောင်း ဖြစ်သော-အခြင်းအရာ၊ အမှုအရာ အထူးကလေးသည် ဝစီဝိညတ် မည်၏။ ထိုဝစီဝိညတ်ကို သောတဝိညာဉ်ဖြင့် သိအပ်သည်မဟုတ်၊ မနောဝိညာဉ်ဖြင့်သာ သိအပ်သည်။
ဤဝစီဝိညတ်သည် လူသတ္တဝါတို့ကို မဆိုထားဘိ၊ တိရစ္ဆာန်တို့အားလည်း သိသာထင်ရှားလေသည်။ ထို့ကြောင့်ပင် လူတို့၏ “လာလော့” “သွားလော့”ဟု ပြောဆိုသော အသံကို ကြားသဖြင့် “ဤသူသည် ဤအမှုကို ပြုစေလိုယောင်တကား = ပြုစေလိုပုံရ၏”ဟု သိ၍ လာလည်းလာကြသည်။ သွားလည်းသွားကြသည် [၁၄]။
ဝစီဝိညတ်သည် ပရမတ္ထအစစ်မဟုတ်၊ အတုမျှသာ ဖြစ်သည်။ [၁၅]။ ဝစီဝိညတ်သည် စိတ္တက္ခဏတစ်ချက်မျှသာ အသက်ရှည်သည်။ ထို့ကြောင့် “စိတ္တာနုပရိဝတ္တိနော ဓမ္မာ” ဟူသော မာတိကာပုဒ်တွင် ပါဝင်၍ စိတ်နှင့် ပြိုင်တူဖြစ်၊ ပြိုင်တူချုပ်သည်။ [၁၆]။
ဝစီဝိညတ်သည် စကားပြောသူ၏ အလိုကို သူတစ်ပါးအား ပြခြင်း ကိစ္စရှိသည်။ စကား၏ အကြောင်းအဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်တတ်သည်။ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်လျှင် နီးစွာသော အကြောင်းရှိသည် [၁၇]။[၁၈]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဝိညာပနတ္တာ ပနေသာ ဝိညတ္တီတိ ဝုစ္စတိ--- န ကေဝလဉ္စ ဝိညာပနတောဝ ဝိညတ္တိ နာမ၊ ဝိညေယျတောပိ ပန ဝိညတ္တိယေဝ နာမ။ အဘိ၊ဋ္ဌ၊၁၊၁၂၅-၆။ (အဘိ၊ဋ္ဌ၊၁၊၃၆၀-၁။ အဘိ၊ဝတာရ၊၉၅။ ဝိဘာဝိနီ၊၂၀၀။ မဏိမဉ္ဇူ၊၂၊၁၃၉)။
- ↑ ဝိညတ္တိ (ထီ) [ဝိ+ဉာ+ဏာပေ+တိ။ အဘိ၊ဋ္ဌ၊၁၊၁၂၅။ ဝိဘာဝိနီ၊၂၀၀။ ဝိ+ဉာ+တိ။ အဘိ၊ဋ္ဌ၊၁၊၁၂၆၊ ၃၆၀-၁။ အဘိ၊ဝတာရ၊၉၄၊ အဘိ၊ဝတာရ၊၂၀၀။ ဝိဇပ္တိ-သံ။ ဝိဏ္ဏတ္တိ-ပြာ၊ အဒ္ဓမာဂဓီ။] (၁) အကြောင်း ဥဒါဟရုဏ် ထုံးပုံ စသော-အထူးထူးအပြားပြား အမျိုးမျိုးသော နည်းတို့ဖြင့် သိစေခြင်း။ (၂) သိစေ-တောင်းခြင်း။ (၃) သိခြင်း။ (၅) သိရာ (အရပ်)။ (၆) သူပေါဒနဝိညတ္တိသိက္ခာပုဒ်။ (၇) အညာတကဝိညတ္တိသိက္ခာပုဒ်။ (၈) အညဝိညာပနသိက္ခာပုဒ်။ (၁) အကြောင်း ဥဒါဟရုဏ် ထုံးပုံ စသော-အထူးထူးအပြားပြား အမျိုးမျိုးသောနည်းတို့ဖြင့် သိစေခြင်း။ ဝိညတ္တိဗဟုလာ (၂) အနက်ကြည့်။ (၂) သိစေ-တောင်းခြင်း။ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပ ဝိညတ္တိ။ ဝိ၊၁၊၂၂၂-၃။ ဝိညတ္တိတိ ဣမိနာ နော အတ္ထော” တိ ဝိညာပနာ။ ဝဇိရ၊၁၉၁။ နဝေါ နာမ ပတ္တော ဝိညတ္တိ ဥပါဒါယ ဝုစ္စတိ။ ဝိ၊၁၊၃၅၇။ ဝိညတ္တိတိ ယာစနာ။ ဝိ၊သင်္ဂဟ၊၁၅။ (ဝိ၊ဋ္ဌ၊၂၊၁၄၈၊ ၂၉၈-၉။ ဝိ၊ဋ္ဌ၊၃၊၇၉)။ (၃) သိခြင်း။ ဝတ္ထုသဝိညတ္တိလက္ခဏံ ဝိညာဏံ။ ပေဋကော၊၂၄၇။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၂၅။ မူလဋီ၊၁၊၇၂)
- ↑ (ဝိဘာဝိနီ၊၁၄၀)
- ↑ အတ္ထိ ရူပံ ဝိညတ္တိ၊ အတ္ထိ ရူပံ န ဝိညတ္တိ။ အဘိ၊ဓ၊၁၄၆။
- ↑ ကာယဝိညတ္တိ (ထီ) [ကာယ+ဝိညတ္တိ] (က) ကိုယ်ဖြင့် (မိမိအလိုဆန္ဒကို သူတစ်ပါးတို့အား) သိစေတတ်သောရုပ်။ (ခ) ကိုယ်ဖြင့် (မိမိအလိုဆန္ဒကို သူတစ်ပါးတို့က) သိရသောရုပ်။ (ဂ) ကိုယ်၌ ဖြစ်သော၊ ကိုယ်ဟူသော၊ သိကြောင်း (အမူအရာထူး) ရုပ်၊ ကာယဝိညတ်။ ကတမံ တံ ရူပံ ကာယဝိညတ္တိ... ဣဒံ တံ ရူပံ ကာယဝိညတ္တိ။ အဘိ၊ဓ၊၁၆၈။ (မ၊ဋ္ဌ၊၃၊၂၁။ သံ၊ဋ္ဌ၊၃၊၄၀။ အဘိ၊ဋ္ဌ၊၃၊၁၆၂။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၈။ ဝိမတိ၊၂၊၂၇၁။ ဒီ၊ဋီ၊၂၊၃၀၄။) ကာယဝိညတ္တိနိဒ္ဒေသေ ကာယဝိညတ္တီတိ ဧတ္ထ တာဝ ကာယေန အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနဉ္စ၊ ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ကာယဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။ သယံ ကာယဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ “ကာယေန သံဝရော သာဓူ”တိ အာဒီသု အာဂတော စောပနသင်္ခါတော ကာယော ဝိညတ္တိ ကာယဝိညတ္တိ။ ကာယဝိပ္ဖန္ဒနေန အဓိပ္ပါယဝိညာနဟေတုတ္တာ, သယဉ္စ တထာ တထာ ဝိညေယျတ္တာ ကာယေန ဝိညတ္တီတိပိ ကာယဝိညတ္တိ။ အဘိ၊ဋ္ဌ၊၁၊၃၆၀။ (ဝိသုဒ္ဓိ၊၂၊၇၈။ ဝိသုဒ္ဓိ၊ဋီ၊၂၊၈၈။)
- ↑ (အဘိ၊ဝတာရ၊ဋီ၊သစ်၊၂၊၁၄၄-၅)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၂၄)
- ↑ (ပရမတ္ထဒီပနီ။ အနုဒီပနီ)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၂၅)
- ↑ (အဘိဓမ္မတ္ထသင်္ဂဟ၊၉၇၊ ၁၁၅)
- ↑ ဝစီဝိညတ္တိ (ထီ) [ဝစီ+ဝိညတ္တိ။ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။ ဝစိယာ ဝိညတ္တိ ဝစီဝိညတ္တိ။ အဘိ၊ဋ္ဌ၊၁၊၃၆။ မဏိမဉ္ဇူ၊၂၊၃၉။ ဝါစာ စ သာ ဝိညတ္တိ စာတိ ဝစီဝိညတ္တိ၊ ဝိသုဒ္ဓိ၊ဋီ၊၂၊၇၈။ ဝိညတ္တိ-ပုဒ်နှင့် တွဲစပ်ကြည့်။] ဝစီဝိညတ်- (က) စကား၊ စကားသံ၊ ဖြင့် (မိမိအလိုဆန္ဒ အကြံအစည်ကို) သူတစ်ပါးတို့အား သိစေ၊ ထင်စွာပြတတ်သော သဘော၊ ရုပ်။ (ခ) စကား၊ စကားသံ၊ ဖြင့် သူတစ်ပါးတို့သည် သိအပ်သော သဘော၊ ရုပ်။ (ဂ) စကား၊ စကားသံ၊ ဖြင့် သိအပ်ကြောင်း ဖြစ်သော သဘော၊ ရုပ်။ (ဃ) လှုပ်ရှားသောနှုတ် (= ဝစီဝိညတ်) ဟူသော သိတတ်သော သဘော၊ ရုပ်။ (က) (ခ) (ဂ) (ဃ) ကတမံ တံ ရူပံ ဝစီဝိညတ္တိ ... ယာ တာယ ဝါစာယ ဝိညတ္တိ ဝိညာပနာ ဝိညာပိတတ္တံ။ ဣဒံ တံ ရူပံ ဝစီဝိညတ္တိ။ အဘိ၊ဓ၊၁၆၈။ ဝါစာယ အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ၊ ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ဝစီဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တ။ သယဉ္စ ဝစီဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ... စောပနသင်္ခါတာ ဝစီဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။ ဝစီဃောသေန အဓိပ္ပါယ ဝိညာပနဟေတုတ္တာ၊ သယဉ္စ တထာဝိညေယျတ္တာ, သယဉ္စ တထာဝိညေယျတ္တာဝါစာယ ဝိညတ္တီတိ ဝစီဝိညတ္တိ။ အဘိ၊ဋ္ဌ၊၁၊၃၆၁။
- ↑ အဘိ၊ဋ္ဌ၊၁၊၃၆၁။ သင်္ဂဟ၊၄၂။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၇။ အဘိ၊ဝတာရ၊၉၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၀။ ဝိဘာဝိနီ၊ ၂၀၁။ အဘိ၊ဝတာရ၊ဋီ၊သစ်၊၂၊၁၄၇)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၂၅၊ အဘိ၊ဋ္ဌ၊၁၊၁၂၉။ မူလဋီကာ၊၁၊၇၂။ အနုဋီကာ၊၁၊၇၈)
- ↑ (ဝိဘာဝိနီ၊၁၄၀)
- ↑ (ဝိသုဒ္ဓိ၊၂၊၇။ အဘိ၊ဝတာရ၊၉၅)
- ↑ ကာယဝိညတ္တိ ဝစီဝိညတ္တိ။ ဝိသုဒ္ဓိ၊၂၊၇၃။ ဗျဉ္ဇနာဝါစာဘာဝတော ဝါ အဓိပ္ပါယဝိညာပနတော စ၊ ဝါစာ စ ဧတာယ ဝိညတ္တိ စာတိ ဝစီဝိညတ္တိ။ ဝိသုဒ္ဓိ၊ဋီ၊၂။၈၈။ သဝိညာဏကဿ သဒ္ဒသင်္ခါတာယ ဝါစာယ အဓိပ္ပါယံ ဝိညာပေတိ သယဉ္စ ကာယ ဝိညာယတီတိ ဝစီဝိညတ္တိ။ ဝိဘာဝိနီ၊ ၂၀၀။ ဝိညတ္တိသဒ္ဒဿ ကတ္တုကမ္မဝသေန အတ္ထဒွယံ ကာယဝိညတ္တိဝစီဝိညတ္တိသဒ္ဒဉ္စ တရိယာတညုရိသသမာသံ ဒဿေန္တာ စလမာနကသယနာတိ အာဒိဟ။ မဏိမဉ္ဇူ၊၂၊၁၃၉။