ဝတ္ထုရုပ်

ဝီကီပီးဒီးယား မှ

ဝတ္ထုရုပ် ဆိုသည်မှာ စိတ်၏ ဖြစ်ရာ၊ တည်ရာ၊ မှီရာ၊ ပွားစည်ရာ ဖြစ်သည်။ ဝတ္ထုရုပ် (၆) ပါးရှိ၏။ ၎င်းတို့မှာ[၁]

(၁) စက္ခုဝတ္ထုရုပ်

(၂) သောတဝတ္ထုရုပ်

(၃) ဃာနဝတ္ထုရုပ်

(၄) ဇိဝှာဝတ္ထုရုပ်

(၅) ကာယဝတ္ထုရုပ်

(၆) ဟဒယဝတ္ထုရုပ် တို့ ဖြစ်ကြသည်။[၂]

စက္ခုဝတ္ထုရုပ်[ပြင်ဆင်ရန်]

စက္ခုဝတ္ထုရုပ်ဆိုသည်မှာ မျက်လုံးအိမ်တွင်းမှာ ပေါ်ရှိသော အကြည်ဓာတ်တစ်မျိုး ဖြစ်သည်။၎င်းစက္ခုရုပ်မှ စက္ခုဝိညာဏ်စိတ်ပေါက်ဖွားသည်။ စက္ခုဝိညာဏ်ဆိုသည်မှာ အဆင်းသဏ္ဌာန် အမျိုးမျိုးတို့ကို မြင်မှု ဖြစ်သည်။[၂]

သောတဝတ္ထုရုပ်[ပြင်ဆင်ရန်]

သောတဝတ္ထုရုပ်ဆိုသည်မှာ နားအိမ်အတွင်းတွင် ပေါ်ရှိသော အကြည်ဓာတ်တစ်မျိုး ဖြစ်သည်။ ၎င်းသောတဝတ္ထုရုပ်မှ သောတဝိညာဏ်စိတ် ပေါက်ဖွားသည်။ သောတဝိညာဏ်စိတ် ဆိုသည်မှာ အသံအမျိုးမျိုးတို့ကို ကြားမှု ဖြစ်သည်။[၂]

ဃာနဝတ္ထုရုပ်[ပြင်ဆင်ရန်]

ဃာနဝတ္ထုရုပ်ဆိုသည်မှာ နှာခေါင်းအိမ်တွင်းမှာ ပေါ်ရှိသော အကြည်ဓာတ်တစ်မျိုး ဖြစ်သည်။ ၎င်းဃာနဝတ္ထုရုပ်မှ ဃာနဝိညာဏ်စိတ် ပေါက်ဖွားသည်။ ဃာနဝိညာဏ်စိတ်ဆိုသည်မှာ အနံ့အမျိုးမျိုးတို့ကို နံမှု ဖြစ်သည်။[၂]

ဇိဝှာဝတ္ထုရုပ်[ပြင်ဆင်ရန်]

ဇိဝှာဝတ္ထုရုပ်ဆိုသည်မှာ လျှာအပြင်မှာ ပေါ်ရှိသော အကြည်ဓာတ်တစ်မျိုး ဖြစ်သည်။ ၎င်းဇိဝှာဝတ္ထုရုပ်သည် ဇိဝှာဝိညာဏ်စိတ် ပေါက်ဖွားသည်။ ဇိဝှာဝိညာဏ်စိတ် ဆိုသည်မှာ အချို၊ အချဉ် စသော အရသာအမျိုးမျိုးတို့ကို သိမှု ဖြစ်သည်။[၂]

ကာယဝတ္ထုရုပ်[ပြင်ဆင်ရန်]

ကာယဝတ္ထုရုပ်ဆိုသည်မှာ ခြေဖဝါးအပြင်မှ စ၍ အတွင်းအပြင် တစ်ကို်ယ်လုံးမှာ ပေါ်ရှိသော အကြည်ဓာတ်မျိုး ဖြစ်သည်။ ၎င်းကာယဝတ္ထုရုပ်မှ ကာယဝိညာဏ်စိတ်ပေါက်ဖွားသည်။ ကာယဝိညာဏ်စိတ် ဆိုသည်မှာ အတွေ့အထိကို သိမှု ဖြစ်သည်။[၂]

ဟဒယဝတ္ထုရုပ်[ပြင်ဆင်ရန်]

ဟဒယဝတ္ထုရုပ်ဆိုသည်မှာ နှလုံးအိမ်အတွင်းမှာ ပေါ်ရှိသော အလွန်နူးညံ့လှပသော ရုပ်အထူး ဖြစ်သည်။ ၎င်းဟဒယဝတ္ထုရုပ်မှ မနောဝိညာဏ်စိတ် (၇၅) ပါးတို့ ပေါက်ဖွားကြသည်။

ဤဝတ္ထုရုပ် (၆) ပါးတို့မှ အလုံးစုံသော စိတ်ဝိညာဏ်တရားတို့သည် ပေါက်ဖွားကြကုန်သည်။[၂]

ဝတ္ထုဟူသည် ကရဇကာယ[ပြင်ဆင်ရန်]

ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် .. ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့သည် အဘယ်ကို မှီ၍ ဖြစ်ကုန်သနည်းဟု ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏၊ ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ ယင်းကရဇကာယကိုပင် ရည်ရွယ်တော်မူ၍ .. ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏[၃]ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကရဇကာယဟူသည် တရားကိုယ်အားဖြင့် ဘူတရုပ် ဥပါဒါရုပ်ပင်တည်း။

မူလဋီကာ[၄]ကလည်း ထပ်ဆင့်ကာ ဤသို့ ရှင်းလင်းတင်ပြထား၏ ..။[၅]

ဘူတရုပ် ဥပါဒါရုပ်အားလုံးသည် ဝတ္ထု[ပြင်ဆင်ရန်]

ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ဟု – ဤသို့ ပိုင်းခြား မှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်သော အရာဌာန ဖြစ်ခြင်းကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ – 'ဝတ္ထုမည်သည် ကရဇကာယတည်း'ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏၊ ယင်းစကားရပ်ဖြင့် – စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဟူသော ဝတ္ထုရုပ်သက်သက်မျှကိုသာ ဤ၌ ဝတ္ထုအရ တရားကိုယ်ကောက်ယူရသည် မဟုတ်။ ယင်းဝတ္ထုရုပ်တို့နှင့် ဌာနတစ်ခုအတွင်း၌ = ဒွါရတစ်ခုအတွင်း၌ တည်ရှိကြသော (၆၃)မျိုး (၅၃)မျိုးသော ကရဇကာယ အမည်ရသည့် ဘူတရုပ် ဥပါဒါရုပ်အားလုံးတို့ကိုပင် ဝတ္ထုအရ တရားကိုယ် ကောက်ယူရမည်ဟု ဆိုလို၏၊ ကရဇကာယ အမည်ရသည့် ယင်းဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ဝတ္ထုအဖြစ် ပြီးစေခြင်းငှာ 'ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏' - ဟု သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယီသုတ္တန်တို့၏ အဆိုအမိန့်ကို ထုတ်ဆောင်၍ ညွှန်ပြတော်မူသည်။[၆]


ကိုးကား[ပြင်ဆင်ရန်]

  1. ဝတ္ထုသင်္ဂဟေ ဝတ္ထုနိ နာမ စက္ခု သောတ ဃာန ဇိဝှါ ကာယဟဒယဝတ္ထုစေတိ ဆဗ္ဗိဓာနိ ဘဝန္တိ။ သင်္ဂဟ၊၅၂။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၁၊ ၂၊ ၃၊ ၄။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)
  3. (ဒီ၊၁၊၇၂၊ သာမညဖလသုတ္တန်။ မ၊၂၊၂၀၉၊ မဟာသကုလုဒါယီသုတ္တန်။)
  4. နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ဝတ္ထု နာမ ကရဇကာယောတိ အာဟ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓန္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)
  5. နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။ ဖားအောက်တောရဆရာတော်
  6. နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။ ဖားအောက်တောရဆရာတော်