ဝတ္ထုရုပ်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဗုဒ္ဓအဘိဓမ္မာတွင် ဝတ္ထုရုပ်[၁] ဆိုသည်မှာ စိတ်နှင့် စေတသိက်တို့၏ ဖြစ်ရာ၊ တည်ရာ၊ မှီရာနှင့် ပွားစည်းရာ ဖြစ်သော ရုပ်တရားများကို ဆိုလိုသည်။ အဘိဓမ္မာနည်းအရ ဝတ္ထုရုပ်သည် (၆) ပါးရှိပြီး ၎င်းတို့မှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထုနှင့် ဟဒယဝတ္ထု တို့ ဖြစ်ကြသည်။[၂]
ဝတ္ထုရုပ် (၆) ပါးနှင့် စိတ်တို့၏ ဆက်စပ်မှု
[ပြင်ဆင်ရန်]ဝိညာဏ်ဓာတ်များသည် ဆိုင်ရာ ဝတ္ထုရုပ်များကို အသီးသီး မှီတွယ်၍ ဖြစ်ပေါ်ကြသည်။
- စက္ခုဝိညာဏ် (မြင်သိစိတ်) သည် စက္ခုဝတ္ထု ကို မှီ၍ ဖြစ်သည်။
- သောတဝိညာဏ် (ကြားသိစိတ်) သည် သောတဝတ္ထု ကို မှီ၍ ဖြစ်သည်။
- ဃာနဝိညာဏ် (နံသိစိတ်) သည် ဃာနဝတ္ထု ကို မှီ၍ ဖြစ်သည်။
- ဇိဝှါဝိညာဏ် (လျက်သိစိတ်) သည် ဇိဝှါဝတ္ထု ကို မှီ၍ ဖြစ်သည်။
- ကာယဝိညာဏ် (ထိသိစိတ်) သည် ကာယဝတ္ထု ကို မှီ၍ ဖြစ်သည်။
- မနောဓာတ် နှင့် မနောဝိညာဏဓာတ် (ကျန်စိတ် ၇၅ ပါး) တို့သည် ဟဒယဝတ္ထု (နှလုံးသားရုပ်) ကို မှီ၍ ဖြစ်ပေါ်ကြသည်။ [၃]
ဝတ္ထုရုပ်များ၏ တည်နေရာနှင့် သဘာဝ
[ပြင်ဆင်ရန်]၁။ စက္ခုဝတ္ထု: မျက်ဖြူဝန်း ခြံရံထားသော မျက်နက်ဝန်း၏ အလယ်တည့်တည့်၊ သန်းဦးခေါင်း ပမာဏရှိသော နေရာတွင် မျက်လွှာခုနစ်ထပ်ကို ပျံ့နှံ့တည်ရှိသည်။
၂။ သောတဝတ္ထု: နားပေါက်အတွင်း၌ လက်စွပ်ကွင်းသဏ္ဌာန်ရှိသော နုနယ်နီမြန်းသည့် အမွေးကလေးများ ရှိရာအရပ်တွင် ပျံ့နှံ့တည်ရှိသည်။
၃။ ဃာနဝတ္ထု: နှာခေါင်းအတွင်း ဆိတ်ခွာသဏ္ဌာန်ရှိသော အရပ်ကို ပျံ့နှံ့တည်ရှိသည်။
၄။ ဇိဝှါဝတ္ထု: လျှာ၏အလယ် ကြာပွင့်ဖတ်အဖျားသဏ္ဌာန် ရှိသော အရပ်တွင် ပျံ့နှံ့တည်ရှိသည်။
၅။ ကာယဝတ္ထု: ဆံပင်ဖျား၊ အမွေးဖျား၊ ခြေသည်းလက်သည်းဖျားနှင့် ခြောက်သွေ့သောအသားမာများမှလွဲ၍ တစ်ကိုယ်လုံးကို ပျံ့နှံ့တည်ရှိသည်။
၆။ ဟဒယဝတ္ထု: နှလုံးသားအတွင်းရှိ တွင်းငယ်၌ တည်ရှိသော သွေးများကို ပျံ့နှံ့မှီတွယ်၍ တည်ရှိသည်။
ဝတ္ထုအရ တရားကိုယ် ကောက်ယူပုံ
[ပြင်ဆင်ရန်]ဝတ္ထုရုပ်နှင့် ပတ်သက်၍ တရားကိုယ် ကောက်ယူရာတွင် အဘိဓမ္မာနည်း နှင့် သုတ္တန်နည်း ဟူ၍ (၂) မျိုး ကွဲပြားသည်။
- အဘိဓမ္မာနည်း: အဘိဓမ္မာနည်းအရ ဝတ္ထုရုပ်၏ တရားကိုယ်မှာ စက္ခုပသာဒ အစရှိသော (၆) မျိုးသော ဝတ္ထုရုပ်စစ် (နိပ္ဖန္နရုပ်) များကိုသာလျှင် သီးခြား ကောက်ယူရသည်။ စိတ်ဝိညာဏ်တို့သည် ဤအကြည်ရုပ်များကို တိုက်ရိုက်မှီ၍ ဖြစ်သောကြောင့် ဖြစ်သည်။
- သုတ္တန်နည်း: သုတ္တန်နည်းအရမူ ဝတ္ထုရုပ်၏ တရားကိုယ်ကို စက္ခုပသာဒစသော အကြည်ရုပ် (၆) ပါးတည်းဟု သီးခြား မယူရဘဲ၊ ၎င်းတို့နှင့်အတူ ရုပ်ကလာပ်အလိုက် ဖြစ်နေကြသည့် ကရဇကာယ (ဘူတရုပ် ၄ ပါးနှင့် ဥပါဒါရုပ် ၂၄ ပါး) အားလုံးကိုပင် ကောက်ယူရသည်။ ဥပမာအားဖြင့် စက္ခုဝတ္ထုကို သိမ်းဆည်းလိုလျှင် စက္ခုဒသကကလာပ်အတွင်းရှိ ဘူတရုပ်နှင့် ဥပါဒါရုပ် (၁၀) ပါးစလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူရသည်။ [၄]
ဝိပဿနာ ရှုပွားရာတွင် အသုံးချပုံ
[ပြင်ဆင်ရန်]ယောဂါဝစရ ပုဂ္ဂိုလ်များသည် နာမရူပဝဝတ္ထာနဉာဏ် (ရုပ်နာမ်ကို ပိုင်းခြားသိသောဉာဏ်) ကို ရရှိရန်အတွက် ရုပ်တုံး၊ နာမ်တုံး ဟူသော အစိုင်အခဲ (ဃန) များကို ဉာဏ်ဖြင့် ဖြိုခွဲရသည်။ ဖဿပဉ္စမက ဦးဆောင်သည့် နာမ်တရားစုတို့သည် အဘယ်ကို မှီ၍ ဖြစ်သနည်းဟု စူးစမ်းဆင်ခြင်သောအခါ ၎င်းတို့သည် ဝတ္ထုရုပ် (ကရဇကာယ) ကို မှီ၍ ဖြစ်ရကြောင်း ကွဲကွဲပြားပြား သိမြင်လာသည်။ ဤသို့ ဝတ္ထုရုပ်နှင့် စိတ်တို့၏ အညမည (အပြန်အလှန်) ထောက်ပံ့မှုနှင့် နိဿယပစ္စယသတ္တိ (မှီရာအဖြစ် ကျေးဇူးပြုမှု) ကို သိမြင်ခြင်းသည် မိစ္ဆာဒိဋ္ဌိများကို ပယ်ရှားရန် အခြေခံဖြစ်သည်။
ဘုံအလိုက် ဝတ္ထုရုပ် တည်ရှိမှု
[ပြင်ဆင်ရန်]ဝတ္ထုရုပ်များသည် သတ္တဝါတို့ ကျင်လည်ရာ ဘုံဌာနအလိုက် ကွဲပြားစွာ တည်ရှိသည်-
- ကာမဘုံ၌ ဝတ္ထုရုပ် (၆) ပါးလုံး အပြည့်အစုံ ရရှိနိုင်သည်။
- ရူပဘုံ (ဗြဟ္မာပြည်) ၌ ကာမဂုဏ်ကို စက်ဆုပ်သော ဘာဝနာအစွမ်းကြောင့် ဃာန၊ ဇိဝှါနှင့် ကာယ ဝတ္ထုရုပ် (၃) ပါး မရှိတော့ဘဲ စက္ခု၊ သောတနှင့် ဟဒယဝတ္ထု (၃) ပါးသာ ရှိသည်။
- အရူပဘုံ၌ ရုပ်တရား လုံးဝမရှိသည့်အတွက် ဝတ္ထုရုပ် (၆) ပါးလုံး မရှိချေ။
ဝတ္ထုရုပ်သည် နာမ်တရားများ ဖြစ်ပေါ်တည်တံ့ရန်အတွက် အခြေခံအဆောက်အအုံဖြစ်ပြီး၊ ဝတ္ထုရုပ် ချို့ယွင်းပါက ဆိုင်ရာ အသိစိတ်များ ဖြစ်ပေါ်နိုင်စွမ်း မရှိတော့ပေ,။ သာဓကအားဖြင့် စက္ခုဝတ္ထု ပျက်စီးပါက အဆင်းကို မြင်သိသည့် စက္ခုဝိညာဉ်စိတ် မဖြစ်ပေါ်နိုင်တော့သည်ကို တွေ့ရှိနိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝတ္ထုရူပ (န) [ဝတ္ထု + ရူပ] ဝတ္ထုရုပ်။ (က) ဟဒယဝတ္ထုရုပ်။ (ခ) စက္ခု စသော ဝတ္ထုရုပ် ၆-ပါး။ (က) ဝတ္ထုရူပံ ပသီဒိ။ အဘိ၊ဋ္ဌ၊၁၊၁၅။ သာရတ္ထ၊၃၊၁၄၇။ ဝတ္ထုရူပါ (ဝိသုဒ္ဓိ၊၂၊၂၃၁) တိ ဟဒယဝတ္ထုတော။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၆၅။ (ခ) ပသာဒါ, ဟဒယဉ္စ ဝတ္ထုရူပံ။ မော၊ဝိစ္ဆေဒနီ၊၉၂။ ပသာဒဟဒယသင်္ခါတံ ဆဗ္ဗိဓမ္မံ ဝတ္ထုရူပံ နာမ။ သင်္ဂဟ၊၄၁။
- ↑ ဝတ္ထုသင်္ဂဟေ ဝတ္ထုနိ နာမ စက္ခု သောတ ဃာန ဇိဝှါ ကာယဟဒယဝတ္ထုစေတိ ဆဗ္ဗိဓာနိ ဘဝန္တိ။ သင်္ဂဟ၊၅၂။
- ↑ ဝိပဿနာဒီပနီ
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ