လက္ခဏာရုပ်
လက္ခဏာ ဆိုသည်မှာ ဤတရားတို့သည် အနိစ္စမျိုးတို့သာတည်းဟု သန္နိဋ္ဌာန်ကျ သိမှတ်နိုင်ကြရန် အမူအရာမျိုး ဖြစ်သည်။ လက္ခဏာရုပ် (၄) ပါးရှိသည်။ ၎င်းတို့မှာ
(၁) ဥပစယရုပ် − ရှေးဦးစွာ ဖြစ်ပေါ်ခြင်း၊ ဖြစ်ပေါ်ပြီးနောက် အဆင့်ဆင့် တိုးပွားခြင်းများ ဖြစ်သည်။ ထိုတွင် ရှေးဦးစွာ ဖြစ်ပေါ်ခြင်းကို အာစယဟု ဆိုရ၏။ အစယ၊ ဥပစယမျိုး ခေါ်ရ၏။
(၂) သန္တတိရုပ် − အဆင့်ဆင့် တိုးပွားမှုပြီးဆုံးသည်နောက် မတိုးမဆုတ်တည်၍ နေခြင်း ဖြစ်သည်။ ၎င်းသန္တတိကို ပဝတ္တိဟူ၍ ခေါ်ရ၏။ ရုပ်ကလာပ်တို့၏ ဖြစ်ပေါ်ခြင်းဟူသော ဇာတိတရား တစ်ပါးတည်းသည်ပင်လျှင် အာစယ၊ ဥပစယ၊ သန္တတဟူ၍ အခိုက်အတန့်အားဖြင့် အမည်သုံးပါး ဖြစ်၏။
(၃) ဇရတာ − အိုမှု၊ ကျမှု၊ ရင့်ရော်မှည့်ရွမ်းဟောင်းနွမ်းဆွေပုပ်၊ ဆုတ်ယုတ်လျော့ပါးမှုဖြစ်သည်။
(၄) အနိစ္စတာ − သေဆုံးချုပ်ပျက်မှု ကုန်ခန်းပျောက်ကွယ်မှု ဖြစ်သည်။
သစ်ပင်တစ်ပင်၌ အာစယအခိုက်၊ ဥပစယအခို်က်၊ သန္တတိအခို်က၊ ဇရတာအခိုက်၊ အနိစ္စတာအခိုက်ဟူ၍ အခိုက်အလှည်အခါ အခွင့်ငါးပါး ရှိ၏။ ထိုသစ်ပင်ငယ်သည် ရှေးဦးစွာ ပေါ်ပေါက်လာ၏။ ပေါ်ပေါက်လာပြီးနောက် တစ်နေ့တစ်ခြား တိုးပွားလာ၏။ တိုးပွားလာပြီးနောက် အတိုးအပွားရပ်၍ ကာလမြင့်ရှည် တည်နေ၏။ တည်နေပြီးနောက် ဆုတ်ယုတ်လျော့ပါး၍ သွား၏။ ဆုတ်ယုတ်လျော့ပါး၍ သွားရာအဆုံး၌ သေလေ၏။ သေပြီးနောက် ပျက်ပြားကုန်ဆုံးလေ၏။
ပေါ်ပေါက်စဉ်အခါ ရုပ်တို့၏ ဥပါဒ်သည် အာစယမည်၏။ တိုးပွားစဉ်အခါ ရုပ်တို့၏ ဥပါဒ်သည် ဥပစယမည်၏။ တည်နေစဉ်အခါ ရုပ်တို့၏ ဥပါဒ်သည် သန္တတိ မည်၏။ ဤအခါသုံးပါ၏ အတွင်း၌ ရုပ်တို့၏ ခဏိကဇရတာ ခဏိက အနိစ္စတာတို့သည် ရှိကြကုန်သော်လည်း မထင်ရှားကြလေကုန်။ ထိုသစ်ပင်၏ ဆုတ်ယုတ်လျော့ပါးစဉ်အခါ ရုပ်တို့၏ ဌီခဏ၌ ရင့်ရော်မှုသည် ဇရကာမည်၏။ ဤဆုတ်ယုတ်လျော့ပါးစဉ်အခါတွင်လည်း ရုပ်တို့၏ ခဏိကဇာတိ၊ ခဏိကမရဏတို့သည် ရှိကြကုန်၏။
ထိုသစ်ပင် ဆုတ်ယုတ်လျော့ပါး၍ သွားလေရာ အဆုံး၌ သေလေ၏။ သေသည်မှစ၍ ထိုသစ်ပင်၏ အစအန အလုံးစုံ ကုန်ဆုံးကွယ်ပျောက်သည်တိုင်အောင် ထိုအခါတွင်း၌ ရုပ်တို့၏ ခဏိကမရဏသည် အနိစ္စတာ မည်၏။ အနိစ္စတာ၏ အခိုက်အခါအတွင်း၌လည်း ရုပ်တို့၏ ခဏိကဇာတိ၊ ခဏိကဇရတာတို့ ရှိကြသည်ကုန်၏။ သို့ရာတွင် ထင်ပေါ်ထင်ရှားရာကိုသာ ထုတ်ဖော်၍ အခိုက်အခါငါးပါး ခြားနားချက်ကို ပြသသည်။
ထိုသစ်ပင်နှင့်တူစွာ သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ သစ်ညွန့်၊ သစ်ပွင့် အသီးသီးတို့၌လည်း အသီးသီး အခိုက်အတန့် ငါ့းပါးစီရှိကြ၏။ သစ်သီးတစ်ခုမှာ ရှေးဦးစွာပေါ်မှု၊ နောက်၌ တိုးပွားမှု၊ နောက်၌ တည်နေမှု၊ နောက်၌ မှည့်ရွမ်းမှု၊ နောက်၌ အညှာပြတ်ကြွေသေမှု၊ နောက်၌ ပျက်ပြားကုန်ဆုံးကွယ်ပမှုတို့သည် ရှိကြကုန်၏။
သစ်ပင်တို့နှင့်တူစွာ သတ္တဝါတို့၌လည်းကောင်း၊ သတ္တဝါတို့၏ အင်္ဂါကြီးငယ်တို့၌ လည်းကောင်း အစမှစ၍ ပေါ်ပေါက်မှု စသည်တို့ကို ထိုက်သည်အားလျော်စွာ ရအပ်ကုန်၏။
သွားခြင်း၊ လာခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ပြောဆိုခြင်း စသော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၌လည်း အစ၊ အလယ်၊ အဆုံး ရှိကြကုန်ရာ ထိုအမူအရာ ငါးချက်တို့ကိုလည်း ထိုက်သည်အားလျော်စွာ ရအပ်ကုန်၏။
အိမ်၊ တိုက်၊ ဗိမာန်၊ ဇရပ်၊ တန်ဆောင်း၊ ညောင်စောင်း၊ အင်းပျဉ်၊ အဝတ်ပုဆိုး၊ အိုး၊ အင်၊ ခွက်တို့အလျောက် စသည်တို့၌လည်း အစ၊ အလယ်၊ အဆုံး ရှိကြကုန်သည်။[၁]