လောင်စာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ထင်းသည် လူသားများ အဓိကထားသုံးစွဲခဲ့ရသည့် ပင်မလောင်စာဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ၏အတော်များများ၍ အားထားနေရဆဲဖြစ်သည်။[ကိုးကားချက်လိုသည်]

လှုပ်ရှားသွားလာကာတွက် စွမ်းအင်ရရှိအောင် လူတို့သည် အစားအစာကို အမြဲတမ်းစား သောက်၍ ဖြည့်တင်းပေးနေကြရပေသည်၊ အစာ၌ပါရှိသော ကာဗိုဟိုက်ဒြိတ် ဓာတ်သည် အသက်ရှူရာတွင် အဆုတ်တွင်းသို့ဝင်လာသော အောက်ဆီဂျင် ဓာတ်ငွေ့၏ အကူအညီဖြင့် လောင်ကျွမ်း၍ အပူစွမ်းအင်ကို ဖြစ်ပေါ်စေ သည်။ ထိုအပူစွမ်းအင်ကို ကျွန်ုပ်တို့၏ ကြွက်သားများနှင့် နာဗကြောများက ရရှိ၍ လှုပ်ရှားထကြွခြင်းဖြစ်သည်။ ထိုအတူ စက်ကြီးများ၊ မီးဖိုကြီးများ စသည်တို့တွင် အပူစွမ်းအင်ကို လောင်စာများဖြင့် ဖြည့်တင်းပေးကြရ လေသည်။ လောင်စာများတွင် ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင် ဓာတ် များ အဓိကအားဖြင့် ပါဝင်ကြ၍ နိုက်ထရိုဂျင်နှင့် ဆားလဖာ (ကန့်)တို့ လည်း အနည်းအကျဉ်းအားဖြင့် ပါဝင်ကြသေးသည်။ တစ်ခါတစ်ရံ ဖော့ စဖောရပ်(မီးစုန်း)၊ အောက်ဆီဂျင်ဓာတ်နှင့် ပူးပေါင်းကာ အောက်ဆိုက်ဖြစ် လွယ်သည့် မက်ဂနီဇီယမ်၊ အလျူမီနီယမ်တို့ကဲ့သို့သော ဒြဗ်စင်များကိုလည်း လောင်စာအဖြစ် အသုံးပြုကြသည်။ လောင်စာများ လောင်ကျွမ်းသောအခါ လောင်စာထဲ၌ပါရှိသော ကာဗွန်ဓာတ်သည် အောက်ဆိုက်အဖြစ်ပြောင်းလဲ၍ အပူကိုဖြစ်ပေါ်စေသည်။ လောင်စာကို ရှေးပဝေဏီ ကာလကပင် အသုံးပြုခဲ့ကြလေသည်၊ လူတို့သည် မီးကို အစားအစာများ ချက်ပြုတ်ရန်အတွက်လည်းကောင်း၊ အေးသည့်ရာသီဥတုဒဏ်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ သားရဲ တိရစ္ဆာန်တို့အား ခြောက်လှန့်ရန်အတွက်လည်းကောင်း စတင်အသုံးပြုခဲ့ကြ ဟန်တူလေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် အပူဓာတ်ကို လက်နက်များ လုပ်ဆောင်သောလုပ်ငန်းများအတွက် အသုံးချလာနိုင်ကြလေသည်။ အပူ ဓာတ်ကို အသုံးချပေးမှုနယ်လည်း ကျယ်သည်ထက် ကျယ်လာသည့် အလျောက် အပူဓာတ်ကို ပိုမိုအင်အားကြီးမားစွာ ရရှိနိုင်ပြီး အသုံးပြုရာ၌ ပိုမိုလွယ်ကူ၍ သက်သာစေသည့် အသားဆီများ၊ သစ်သားများနှင့် မီးသွေး စသည့် အခြားလောင်စာများကိုလည်း ရှာဖွေတွေ့ရှိလာကြလေသည်။ ထို အချိန်မှာ ကြာမြင့်လှပြီဖြစ်၍ မည်သည့်အချိန်မှ စတင်ခဲ့သည်ကိုကား မခန့်မှန်းနိုင်ချေ။ ကျောက်မီးသွေးကိုမူ သမိုင်းအရ ဘီစီ ၃ဝဝ လောက်က ဂရိပန်းပဲဆရာများက စတင်အသုံးပြုခဲ့ကြသည်ကို တွေ့ရပေသည်။ ထို့ နောက် တဖြည်းဖြည်းနှင့် ဓာတ်ဆီ၊ ရေနံဆီ စသည်တို့နှင့် ဓာတ်ငွေ့ အမျိုးမျိုးတို့ကို တွေ့ရှိလာကြလေသည်။ လောင်စာကို အခဲ၊ အရည်၊ အငွေ့ဟူ၍ သုံးမျိုးခွဲခြားပြနိုင်သည်။ လောင်စာခဲတွင် သဘာဝမှဖြစ်သော လောင်စာနှင့် ပြုလုပ်စီမံယူသော လောင်စာဟူ၍ နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။ ကျောက်မီးသွေး၊ ထင်း၊ သစ် ဆွေးမီးသွေး စသည်တို့သည် ပထမအမျိုး၌ပါဝင်၍ ကုတ်ခေါ် မီးဖုတ်ပြီး ကျောက်မီးသွေးနှင့် မီးသွေးတို့မှာ ဒုတိယအမျိုးတွင် ပါဝင်သည်။ ကျောက် မီးသွေးနှင့် ထင်းတို့ကို လေလုံသောအသုံးအဆောင်ထဲ၌ မီးတိုက်ပေးလျှင် မီးဖုတ်ပြီးကျောက်မီးသွေးနှင့် မီးသွေးတို့ကိုရရှိသည်။ ထို့ပြင် ဓာတ်ငွေ့နှင့် ကတ္တရာတို့ကိုလည်း ရရှိသေးသည်။ ကျောက်မီးသွေးသည် အရေးအကြီးဆုံး လောင်စာဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးမှပေးသော စွမ်းးအင်စုစုပေါင်း၏ လေးပုံသုံးပုံမှာ ကျောက် မီးသွေးမှရသည်။ သစ်သားလောင်စာမှာ မီးခိုးအထွက်များပြီးလျှင် အလ ဟဿ အပူစွမ်းအင်ကို ဖြုန်းတီးသောကြောင့် ယခုအခါ၌ များစွာအသုံး မပြုတော့ချေ။ သစ်ဆွေးမီးသွေးသည် မီးအလောင်နှေး၍ အပူစွမ်းအင် အနည်းငယ်ကိုသာ ပေးနိုင်သည်။ မီသွေးသည် ရှေးခေတ်များက သတ္တု လုပ်ငန်း၌ အရေးပါသည့် လောင်စာဖြစ်ခဲ့သော်လည်း ယခုအခါမူ ထိုထက် သာလွန်ကောင်းမွန်သော မီးဖုတ်ပြီးကျောက်မီးသွေးကို အသုံးပြုနေကြလေပြီ။ အခြားလောင်စာအခဲများမှာ ဖယောင်းတိုင်များအဖြစ် အသုံးပြုနိုင်သော ပါရဖင်ဖယောင်းနှင့် တဲလိုးအမဲဆီတို့ ဖြစ်ကြသည်။ လောင်စာအခဲများကို စက်ရုံလုပ်ငန်းတွင်သာမက အိမ်တွင်းလုပ်ငန်းများတွင်လည်း အသုံးပြုကြ လေသည်။ လောင်စာအရည်ကို ရှေးကတည်းကပင် တွေ့ရှိအသုံးပြုခဲ့ကြ သော်လည်း ခေတ်မီလောင်စာအရည် ထုတ်လုပ်ရေးလုပ်ငန်းကို ၁၉ ရာစု နှစ် အလယ်ပိုင်းလောက်ကမှ စတင်နိုင်ခဲ့လေသည်။ အဓိကလောင်စာ အရည်မှာ ရေနံစိမ်းဖြစ်သည်။ ရေနံစိမ်းမှတစ်ဆင့် ဓာတ်ဆီ၊ ရေနံဆီ၊ ပါရဖင်ဆီ၊ ထင်းဆီစသောအခြား လောင်စာအရည်များကို အဆင့်ဆင့် ပေါင်းခံခြင်းဖြင့် ခွဲထုတ်ယူကြရလေသည်။ ထိုလောင်စာများသည် အရည်ဖြစ်သည့်အလျောက် သိုမှီးခြင်း၊ သယ်ယူခြင်းတို့၌ လွယ်ကူသက်သာသည့်ပြင် ကျောက်မီးသွေးထက် နှစ်ဆမျှ ပို၍စွမ်းအင်ကို ဖြစ်စေနိုင်သဖြင့် ယခုအခါတွင် မီးသဘေ‡ာများ၊ မီးရထား များ၌ ကျောက်မီးသွေးအစား လောင်စာရည်ဖြင့် မောင်းနှင်သောစက်များကို အသုံးပြုလာကြပြီဖြစ်သည်။ လောင်စာအရည်သည် အတွင်းမီး အင်ဂျင်စက် များစတင် ပေါ်ပေါက်လာသောအခါတွင် အရေးအကြီးဆုံး လောင်စာအဖြစ် ထိပ်တန်းသို့ ရောက်လာခဲ့ပေသည်။ ဒီဇယ်အင်ဂျင်စက်များကို ဈေးပေါသော ရေနံချေးနှင့် မောင်းနှင်နိုင်ပေသည်။ အသားဆီနှင့် အသီးအရွက်ဆီတို့မှာ ရှေးကမီးထွန်းညိ|ရန်အတွက် အထူးအသုံးဝင်ခဲ့သော်လည်း ယခုအခါ၌မူ ပပျောက်သလောက် ဖြစ်ခဲ့ပေပြီး။ အရက်ပျံကို ပေါများစွာ ချက်လုပ်နိုင် သော်လည်း အရက်အဖြစ် အခွန်များကြီးလေးစွာ စည်းကြပ်ခြင်း၊ ကန့်သတ် ခြင်း ခံရသောကြောင့် ဈေးပေါပေါနှင့် ဝယ်ယူအသုံးမချနိုင်ဘဲ အချို့ ဓာတ် မီးဆွဲအိမ်များ၌ မီးထွန်းညိ|ပေးရန်အတွက်သာ အနည်းငယ်အသုံးပြုကြသော် လည်း လောင်စာအရည်ကို ရေနံစိမ်းမှသာမက အခြားအရာဝတ္ထုများမှလည်း ဓာတုဗေဒနည်းဖြင့် ချက်လုပ်နိုင်ပေသည်။ ရေနံမထွက်သော ဒေသတို့၌ စစ်အတွင်းခရီးလမ်းပြတ်နေသည့်အခါတွင် လောင်စာအရည်ကို ဓာတုဗေဒနည်းဖြင့် ထုတ်ယူအသုံးပြုခဲ့ကြလေသည်။ လောင်စာအငွေ့များကို အသုံးပြုခဲ့ကြသည်မှာ အနှစ် ၁ဝဝ ကျော် ခန်မျှ ကြာခဲ့သေးသည်။ လောင်စာအငွေ့တို့ကို အစုခုနစ်စု ခွဲထားနိုင်သည်။ ပထမအစုတွင် သဘာဝဓာတ်ငွေ့၊ ကာဗွန်ဓာတ်ဝတ္ထုတို့အား အဆင့်ဆင့် ပေါင်းခံခြင်းဖြင့် ခွဲထုတ်ယူရသော ကျောက်မီးသွေးဓာတ်ငွေ့ ကာဗွန်ဓာတ် ဝတ္ထုတို့ကို တစ်စိတ်တစ်ဒေသမျှ လောင်ကျွမ်းစေရာမှ ရရှိသော ဓာတ်ငွေ့၊ နီရဲနေသော ကာဗွန်ဓာတ်ဝတ္ထုပေါ်တွင် ရေနွေးငွေ့လွှတ်ပေး၍ ရရှိသော ဓာတ်ငွေ့များပါဝင်သည်။ တတိယအစုတွင် ရေဓာတ်ငွေ့၊ ပရိုဂျူဆာဓာတ် ငွေ့၊ လေမှုတ်ဖိုမှဓာတ်ငွေ့ စသည်တို့ပါဝင်သည်။ သဘာဝဓာတ်ငွေ့ကို ကျောက်မီးသွေး သို့မဟုတ် ရေနံနှင့်ယှဉ်တွဲ ၍ အပေါ်မှပိတ်ဖုံးလျက်ရှိသော ကျောက်တုံးအပေါက်များထဲ၌တွေ့ရသည်။ ကျောက်မီးသွေးဓာတ်ငွေ့ကို ကျောက်မီးသွေးမှ ထုတ်ယူရသည်။ ထိုဓာတ်ငွေ့ နှစ်ခုစလုံးမှာ အရေးအကြီးဆုံး ဓာတ်ငွေ့များဖြစ်ကြ၍ ကျောက်မီးသွေးဓာတ် ငွေ့မှာ သဘာဝဓာတ်ငွေ့ထက် ကြီးမားသောအပူအားကို ပေးစွမ်းနိုင်ပေသည်။ အခြားလောင်စာများထက် လောင်စာအငွေ့တို့က သာလွန်သောအချက်များမှာ ဖြန့်ချိထုတ်ဝေရန်လွယ်ကူခြင်း၊ အပူအား ကြီးမားစွာပေးနိုင်ခြင်း၊ မီးခိုးပြာ မထွက်ခြင်း စသည်တို့ဖြစ်လေသည်။ လောင်စာသည် စက်ရုံလုပ်ငန်းများ၌ လွန်စွာအရေးကြီးသော အသက်သွေးခဲတစ်ခု ဖြစ်သည့်အလျောက် လောင်စာနှင့် စပ်လျဉ်း၍ဖြစ် ပေါ်သော ကြီးကျယ်သည့်အကြောင်းအရာများကို နိုင်ငံသမိုင်းများ၌ တွေ့ရှိရ လေသည်။ ယခု ကျွန်ုပ်တို့ သုံးဆောင်နေသော ပစ္စည်းများ၌ လောင်စာ လွတ်ကင်းပြီး ထုတ်လုပ်နိုင်သည့် ပစ္စည်းများမရှိသလောက် ရှားပါးလှပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)