မွန်ဂိုလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တစ်ခေတ်က ဝင့်ကြွားနိုင်ခဲ့သော အာရှအလယ်ပိုင်းသားများ အာရှတိုက် အလယ်ပိုင်း၌ နေထိုင်သော မွန်ဂိုလူမျိုးများသည် မြင်းစီးအတတ်၌ ကျင်လျင်၍ အတိုက်အခိုက်၌ ဝါသနာပါသူများလည်း ဖြစ်၏။ တစ်ဆယ့်သုံး ရာစုနှစ်တွင် မွန်ဂိုစစ်ခေါင်းဆောင်များသည် ကမ္ဘာ့သမိုင်းတွင် အံ့ချီးဖွယ်ရာတစ်ရပ်အဖြစ် မှတ်တမ်းတင်ရလောက်အောင် အာရှတိုက် တစ်တိုက်လုံးနီးပါးမျှနှင့် ဥရောပတိုက်သို့ ချီတက် တိုက်ခိုက် အောင်မြင်ခဲ့သည်။

မွန်ဂိုလူမျိုး[ပြင်ဆင်ရန်]

မွန်ဂိုလူမျိုးတို့သည် အာရှတိုက် အလယ်ပိုင်း၌ နေထိုင်ကြသော လူမျိုးများဖြစ်ကြ၏။ သိုး၊ ဆိတ်၊ နွား၊ မြင်းပု၊ ကုလားအုပ်များကို ထိန်းကျောင်းကာ ရေကြည်ရာ မြက်နုရာသို့ အပြောင်းပြောင်း အလည်လည် သွားလာနေထိုင်ကြသူများ ဖြစ်သည်။

မြင်းစီးအတတ်၌ အထူးကျင်လင်၍ အတိုက်အခိုက် ဘက်၌ ဝါသနာပါသူများလည်း ဖြစ်၏။ ၁၃ ရာစုနှစ်သို့ရောက်သောအခါ မွန်ဂိုစစ်ခေါင်းဆောင်များသည် အာရှတိုက် တစ်တိုက် လုံးနီးပါးမျှနှင့် ဥရောပတိုက်သို့ပင် ချီတက်တိုက်ခိုက် အောင်မြင်ခဲ့သဖြင့် ကမ္ဘာ့သမိုင်းတွင် အံ့ချီးဖွယ်ရာတစ်ရပ်အဖြစ် မှတ်တမ်းတင်ရလေသည်။ ယခုအခါတွင်မူကား မွန်ဂိုတို့သည် မူလကအတိုင်း မထင်မရှားပင် သိုးဆိတ်ကျောင်း၍ လှည့်လည် နေထိုင်လျက်ရှိကြသည်။

မွန်ဂိုတို့သည် ဦးစွာ၌ တရုတ်မင်းများ၏ လက်အောက်ခံအဖြစ် နေထိုင်ကြ၏။ သို့ရာတွင် ၁၃ ရာစု နှစ်ဦးပိုင်း၌ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်(ခရစ် ၁၁၆၂-၁၂၂၇) ခေါင်းဆောင်သော မွန်ဂိုတို့သည် တရုတ်နိုင်ငံ မြောက်ပိုင်း၊ တာကီစတန်ပြည်၊ ပါးရှားပြည်(အီရန်)နှင့် ရုရှားနိုင်ငံ တောင်ပိုင်းနယ်များကို တိုက်ခိုက်သိမ်းယူ၍ မွန်ဂိုနိုင်ငံကြီးကို တည်ထောင်ခဲ့လေသည်။


ဂျင်ဂစ်ခန်၏မြေး ကူဗလိုင်ခန်(ခရစ် ၁၂၁၆-၁၂၉၄)သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသူဖြစ်၍ ဘိုးတော် ဂျင်ဂစ်ခန် ၏ ရည်ရွယ်ချက်အတိုင်း ဆွန်ဘုရင်တို့ ပိုင်နယ်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။

မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံ တံတိုင်းကြီး အတွင်းရှိ ယခု ပီကင်းမြို့နေရာသို့ ပြောင်းရွှေ့ခဲ့သည်၊ တရုတ်နိုင်ငံ တစ်ခုလုံးကို အောင်မြင်ပြီးနောက် ယွန်မင်း ဆက်ကို စတင် တည်ထောင်ခဲ့သော မင်းလည်းဖြစ်သည်။

ကူဗလိုင်ခန်၏ နိုင်ငံတော်သည် အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာမှ အနောက်ဘက်တွင် ပင်လယ်နက်ကျော်သည်အထိ ကျယ်ပြန့်လေသည်။ နရသီဟတေ့မင်း လက်ထက်တွင် ကူဗလိုင်ခန်၏ စစ်တပ်များသည် မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ခန်မင်းကြီး ထံတွင် အမှုထမ်းဘူးသူ ဗင်းနစ်မြို့သား မာကိုပိုလိုမှ တစ်ဆင့် ဥရောပတိုက်သားတို့သည် မွန်ဂိုဘုရင်တို့ ဘုန်းတန်ခိုးကြီးမားပုံကို ပထမဦးဆုံး ကြားသိကြသည်။


ကူဗလိုင်ခန်သည် စိတ်သဘောထား မြင့်မြတ်၏။ အနုသုခမပညာရပ်များကိုလည်းအားပေး၏။ ပညာသည်များသည်လည်း ချီးမြှောက်၏။


တစ်ဆဲ့လေးရာစုနှစ်တွင် ဂျင်ဂစ်ခန်၏ အဆက်အနွယ်ဖြစ်သော တမာလိန်းအမည်ရှိ မွန်ဂိုဘုရင်သည် ပါးရှား(အီရန်)၊ အာဖဂန်နစ္စတန်နိုင်င၊ အိန္ဒိယမြောက်ပိုင်း၊ မက်ဆိုပိုတေးမီးယား(အီရတ်)၊ အာရှမိုင်းနားတို့ကို အောင်မြင်သည်။ ၁၄ဝ၅ ခုနှစ်တွင် တမာလိန်း ကွယ်လွန်ပြီးနောက် မွန်ဂိုနိုင်ငံကြီးသည် ယိုယွင်းလာလေသည်။ နောင်နှစ်ပေါင်း တစ်ရာခန့်ကြာသော အခါ တမာလိန်း၏ အဆက်အနွယ်ထဲမှ ဗာဗာ (ခရစ် ၁၄၈၃- ၁၅၃ဝ)ဆိုသူ မွန်ဂိုဘုင်တစ်ပါးသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းကို သိမ်းယူပြီးလျှင် မွန်ဂို၊ သို့မဟုတ် မဂိုအင် ပိုင်ယာကို တည်ထောင်ခဲ့လေသည်။

ဗာဗာ၏ မြေးတော် အက္ကဗာဘုရင်သည် မဂိုဘုရင်များတွင် အထင်ရှားဆုံးဖြစ်၍ အိန္ဒိယနိုင်ငံကို ခရစ် ၁၅၅၆ ခုနှစ်မှ ၁၆ဝ၅ ခုနှစ်အထိ အုပ်စိုးသည်။ အက္ကဗာဘုရင်သည် စစ်မှုရေးရာ၌ ထူးချွန်သည့်နည်းတူ အုပ်ချုပ်ရေးဘက်၌လည်း ကျွမ်းကျင်၏။ ကိုယ်တိုင်က အစ္စလမ် အယူဝါဒီဖြစ်သော်လည်း ဟိန္ဒူ များကို အုပ်ချုပ်ရေးဌာန အသီးသီးတို့၌ ခန့်ထားသည်။ ထိုသို့ အားဖြင့် အယူဝါဒရေးကြောင့် မညီမညွတ်ဖြစ်နေသော အိန္ဒိယနိုင်ငံကို တစည်းတလုံးတည်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အက္ကဗာလက်ထက်တွင် အိန္ဒိယနိုင်ငံသည် အင်္ဂလန်နိုင်ငံနှင့် ပထမဦးဆုံးအကြိမ် အဆက်အသွယ် ပြုလုပ်ခဲ့၏။

အက္ကဗာဘုရင် ကွယ်လွန်ပြီးနောက် ထီးနန်းကို ဆက်ခံကြသော မဂိုဘုရင်များအနက် မြေးတော် ဩော်ရင်ဇစ်ဘုရင်သည် မဂိုအင်ပိုင်ယာကို ချဲ့ထွင်ခဲ့၏။ သို့ရာတွင် အုပ်ချုပ်ရေးဘက်၌ လိမ္မာပါးနပ်မှုမရှိသဖြင့် မဂို အင်ပိုင်ယာမှ အကွဲကွဲအပြားပြား ဖြစ်ရလေသည်။ ဩော်ရင်ဇစ်ဘုရင် ကွယ်လွန်သည့် ၁၇ဝ၇ ခုနှစ် နောက်ပိုင်းတွင် မွန်ဂိုတို့ စိုးပိုင်ခဲ့သော အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်လေတော့သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)