ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ဝီကီပီးဒီးယား မှ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (အတိုကောက်: WHO)
WHO ၏အလံ
အမျိုးအစားကုလသမဂ္ဂ၏ အထူးအဖွဲ့အစည်း
တရားဝင်အနေအထားလုပ်ဆောင်ဆဲ
ဌာနချုပ်ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့
အဖွဲ့ဝင်များ
၁၉၃ နိုင်ငံ
အကြီးအကဲ
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့
ဝက်ဘ်ဆိုဒ်http://www.who.int/

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization, WHO) သည် ကုလသမဂ္ဂ (UN) ၏အထူးအေဂျင်စီ တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် ညှိနှိုင်းဆောင်ရွက်ရေး အာဏာပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ပြဋ္ဌာန်းပြီး ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရှိသည်။ အေဂျင်စီအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အေဂျင်စီတစ်ခုဖြစ်သော ၎င်းဆက်ခံရသော အဖွဲ့ဖြစ်သည့် ကျန်းမာရေး အဖွဲ့အစည်း၏ အမိန့်အာဏာနှင့် အထောက်အပံ့များကို အမွေဆက်ခံသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သမိုင်းကြောင်း[ပြင်ဆင်ရန်]

WHO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "လူများအားလုံး ဖြစ်နိုင်သမျှ အမြင့်ဆုံး ကျန်းမာရေးအဆင့်အတန်းကို ရယူရေး"ဟု ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ပြသည်။ ၎င်း၏ အဓိကလုပ်ငန်းမှာ အနာရောဂါများ အထူးသဖြင့် အဓိက ကူးစက်တတ်သော အနာရောဂါများ တိုက်ဖျက်ရေးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ အထွေထွေ ကျန်းမာရေး အခြေအနေကို မြှင့်တင်ရေးတို့ပင် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကုလသမဂ္ဂ၏ မူလအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၂၆ ခုမြောက် အဖွဲ့ဝင်နိုင်ငံက အတည်ပြုသော ပထမအကြိမ် ကမ္ဘာ့ကျန်းမာရေးနေ့ (၁၉၅၀ ခုနှစ် ဧပြီလ ၇ ရက်)တွင် တရားဝင် ထိရောက်စွာ စတင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဂျဝါဟာလာနေရူးက WHO စတင်ရန် အကြံဉာဏ် ပေးခဲ့သည်။ ဤအချိန်မတိုင်မီက ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုပ်ဆောင်ရန် ကျန်ရှိသော လှုပ်ရှားမှုများအပါအဝင် ၎င်း၏လုပ်ငန်းစဉ် လည်ပတ်မှုများမှာ ၁၉၄၆ ခုနှစ် နွေရာသီတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံပြီးနောက် ယာယီကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။

အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် အာဏာဖြင့် လွှဲပြောင်းပေးခဲ့သည်။ ပြင်သစ်ရှိ ကူးစက်တတ်သော ရောဂါပိုးများ ရှာဖွေလေ့လာရေးဆိုင်ရာ ဝန်ဆောင်မှု၏ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေးရုံး (Office International d'Hygiène Publique) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ယာယီကော်မရှင်နှင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပူးပေါင်းခဲ့သည်။

ဆောင်ရွက်မှုလုပ်ငန်းများ[ပြင်ဆင်ရန်]

ဆားစ် ခေါ် ကူးစက်မြန် အဆုတ်ရောင်အအေးမိရောဂါ၊ ငှက်ဖျား၊ အဆုတ်နာရောဂါ၊ ဆွိုင်းဖလူးခေါ် ကြက်ငှက်တုပ်ကွေးနှင့် ခုခံအားကျဆင်းမှုရောဂါ ([၁]) ကဲ့သို့သော ကူးစက်တတ်သော အနာရောဂါများ ကူးစက် ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်း ဆောင်ရွက်ခြင်းအပြင် ထိုရောဂါများ ကာကွယ်ရေးနှင့် ကုသရန် အစီအစဉ်များကိုလည်း WHO ကတာဝန်ယူသည်။ စိတ်ချရပြီး အာနိသင်ရှိသော ကာကွယ်ဆေးများ၊ ဆေးဝါးနှင့် ပတ်သက်သော နည်းပညာများ၊ ပစ္စည်းများနှင့် ဆေးဝါးများ တိုးတက်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို WHO ကပံ့ပိုးထောက်ပံ့ပါသည်။

ကျောက်ကြီးရောဂါကို ဆယ်စုနှစ် နှစ်ခုအကြာ တွန်းလှန်တိုက်ခိုက်ပြီးနောက် ၁၉၈၀ ခုနှစ်တွင် ထိုရောဂါကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းပြီးဖြစ်ကြောင်း WHO ကကြေညာခဲ့သည် - သမိုင်းတွင် လူသားတို့၏ ကြိုးပမ်းမှုကြောင့် ပယ်ဖျက်ရှင်းလင်းနိုင်ခဲ့သည့်ပထမဦးဆုံးသောရောဂါဖြစ်သည်။

ပိုလီယိုခေါ် အရိုးပျော့ရောဂါကို လာမည့်နှစ်အနည်းငယ်အတွင်း အမြစ်ပြတ်သုတ်သင် ရှင်းလင်းရန် WHO က ရည်မှန်းထားသည်။ အဖွဲ့အစည်းသည် ဇင်ဘာဘွေနိုင်ငံအတွက် ကမ္ဘာ့ပထမဦးဆုံး တရားဝင် HIV/AIDS တူးလ်ကစ်ဒ်ခေါ် ကိရိယာ အစုံအလင်ပါသော ဆေးသေတ္တာကို အတည်ပြုထောက်ခံပေးပြီး (၂၀၀၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ) နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုလုပ်ပေးထားသည်။

အနာရောဂါများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း လုပ်ငန်းအပြင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သည် - ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုကို မြှင့်တင်ရန်နှင့် ဆေးရွက်ကြီးအသုံးပြုမှုကို တားဆီးလျှော့ချရန်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျီနီဗာရှိ ဌာနချုပ်၌ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံကြပြီး ၎င်းတို့လုပ်ဆောင်နေသော တစ်ပြည်လုံး ကူးစက်ပျံ့နှံ့သော တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တိုးတက်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်ပြီး အားတက်စေသည့် အခြေအနေ တိုးတက်မှုအဆင့်သို့ ရောက်ရှိ အောင်မြင်ပြီးဖြစ်ကြောင်း သတင်းပို့ခဲ့ကြသည်။

ဆေးဝါးကုသခြင်း လက်တွေ့ စမ်းသပ်မှုပေါင်း ၄၀ ကျော် ပြီးမြောက်ခဲ့ပြီး သို့မဟုတ် အဆက်မပြတ် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အများအားဖြင့် ကျန်းမာသော အရွယ်ရောက်ပြီးသူ လူကြီးများအပေါ် အာရုံစိုက် လုပ်ဆောင်ပါသည်။ အချို့ ကုမ္ပဏီများသည် အရွယ်ရောက်ပြီးသူ လူကြီးများတွင် စိတ်ချရသော စိစစ်မှုများ ပြုလုပ်ပြီးနောက်၊ သက်ကြီးရွယ်အိုများနှင့် ကလေးများဖြင့် ဆေးဝါးကုသခြင်း လက်တွေ့စမ်းသပ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ယခုအချိန်အထိ စမ်းသပ်ထားသော အသက်အရွယ်အုပ်စု အမျိုးမျိုးတွင် ကာကွယ်ဆေးများအားလုံး စိတ်ချရပြီး ကောင်းစွာ စွမ်းဆောင်မှုရှိကြောင်း ပေါ်ပါသည်။

WHO/FAO၏တုံ့ပြန်ချက်များ[ပြင်ဆင်ရန်]

တိုင်းပြည်၏လိုအပ်ချက်များကို အာရုံစူးစိုက်သော သုတေသနလုပ်ငန်းကို အသုံးပြုရန်နှင့် လုပ်ဆောင်ရန် အတွက် အမျိုးသား ကျန်းမာရေး သုတေသနစနစ်များနှင့် သက်သေခံ အထောက်အထား သတင်းပို့ရေး ပေါ်လစီ ကွန်ယက် (Evidence Informed Policy Network)- EVIPNet ကဲ့သို့သော အသိပညာဗဟုသုတ ဘာသာပြန် စင်မြင့်များကို ဖေးမထောက်ကူပေးခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်နိုင်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်မှုကို WHO က အားပေးမြှင့်တင်ပေးပါသည်။ WHO နှင့်၎င်း၏ ဒေသဆိုင်ရာ ရုံးများသည် ကျန်းမာရေးသုတေသနနှင့် ဆိုင်သော ဒေသအဆင့် မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေကြသည်။ အမေရိကား PAHO/AMRO အတွက် ဒေသဆိုင်ရာရုံးခန်းက ပထမဦးဆုံးအနေဖြင့် ၎င်း၏ ကျန်းမာရေးအတွက် သုတေသနဆိုင်ရာ မူဝါဒကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ ၄၉ ခုမြောက် ညွှန်ကြားရေးကောင်စီ စာရွက်စာတမ်း CD 49.10 ဖြင့် အတည်ပြုချက် ရယူခဲ့သည်။

ကူးစက်ပျံ့နှံ့တတ်သော ရောဂါများ၊ ကူးစက်ပျံ့နှံ့ခြင်း မရှိသော အခြေအနေများနှင့် ထိခိုက်ဒဏ်ရာရမှုများ- ဥပမာအားဖြင့် အကယ်၍ ကျွန်ုပ်တို့သည် အပိုနှစ်များ အသက်ရှင် နေထိုင်ရပါက ထိုနှစ်များကို ကျန်းမာရေး ကောင်းစွာ သို့မဟုတ် ညံ့ဖျဉ်းစွာ အသက်ရှင် နေထိုင်ရမည်ဟူသော ဇရာနှင့် ပတ်သက်သော လေ့လာမှုများနှင့် ဆဲလ်ဖုန်းခေါ် လက်ကိုင်ဖုန်း ပတ်ဝန်းကျင်ရှိ လျှပ်စစ်သံလိုက်ဓာတ် စက်ဝန်းသည် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိမရှိ ဆိုသည်တို့ကို ဆုံးဖြတ်နိုင်ရန်အတွက် ဇရာနှင့် ကာလကြာရှည်စွာ သုတေသနလုပ်၍ စုဆောင်းရရှိသော သတင်းအချက်အလက်များကို လေ့လာမှုများ။

၂၀၀၃ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော WHO/FAO ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည့် ကျန်းမာသော အစားအစာ စားသုံးမှုတွင် သကြားသည် ၁၀% ထက်ပိုမို၍ မပါသင့်ဟု ထောက်ခံချက်မျိုးကဲ့သို့ ဤအလုပ်၏ အချို့သော အချက်များမှာ အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည်။ ဤအစီရင်ခံစာကြောင့် သကြားထုတ်လုပ်ရေး လုပ်ငန်းက ထောက်ခံချက်ကို ဆန့်ကျင်၍ ဥပဒေပြဋ္ဌာန်းသူများအား အရေးဆိုမှု ဖြစ်ပေါ်ခဲ့သည်။ ထိုအရေးဆိုမှုအား "စုစုပေါင်းခွန်အား စွမ်းအင်၏ ၁၀% ထက်နည်းပြီး သကြားကင်းလွတ်ရေးဟူသော လူထုရည်မှန်းချက်ပန်းတိုင်သည် အငြင်းပွားဖွယ်ဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲက အသိအမှတ်ပြုသည်"ဟူသော ကြေညာချက်တစ်ခု အစီရင်ခံစာထဲတွင် ထည့်သွင်းခြင်းဖြင့် WHO/FAO ကတုံ့ပြန်ခဲ့သည်။

သို့သော်လည်း သိပ္ပံနည်းကျ လေ့လာမှုများအား ကိုယ်ပိုင် စိတ်ဖြာလေ့လာချက်အပေါ် အခြေခံပြီး ၎င်း၏ ထောက်ခံချက်အပေါ်တွင် ရပ်တည်ခဲ့သည်။ နိုင်ငံပေါင်း 70 မှ အသက် 18+ နှစ်ရှိ ဖြေကြားသူ 308,000 ဦးနှင့် အသက် 50+ နှစ်ရှိ ဖြေကြားသူ 81,000 ဦးတို့ပါဝင်သော ကမ္ဘာ့ကျန်းမာရေးစစ်တမ်းနှင့် 23 နိုင်ငံတို့မှ အသက် 50+ ရှိသောသူ 50,000 တို့ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဇရာနှင့် အရွယ်ရောက်သူများ ကျန်းမာရေး လေ့လာမှု(SAGE) တို့အပါအဝင် အချက်အလက် ကောက်ယူမှု လမ်းစဉ်အမျိုးမျိုးမှတဆင့် လိုအပ်လျက်ရှိသော ကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု သက်သေသာဓကကို ထောက်ပံ့ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေး လေ့လာမှုများအုပ်စုက လုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာစိတ်ကျန်းမာရေးစစ်တမ်းများ(World Mental Health Surveys)၊ WHO ဘဝတန်ဖိုးစာတမ်း(WHO Quality of Life Instrument)၊ WHO မသန်မစွမ်းမှု အကဲဖြတ်ခြင်း အတိုင်းအတာများ (WHO Disability Assessment Scales) တို့သည် အခြား ကျန်းမာရေး၊ ၎င်းနှင့် ဆက်စပ်လျက်ရှိသော နယ်ပယ်များဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် လမ်းညွှန်မှုပေးပါသည်။ WHO နှင့် ကျန်းမာရေး တိုင်းတာမှုစနစ်များ ကွန်ယက်(Health Metrics Network)၊ အပြည်ပြည်ဆိုင်ရာ အိမ်ထောင်စု စစ်တမ်းများကွန်ယက် (International Household Surveys Network) ကဲ့သို့သော အခြား အေဂျင်စီအဖွဲ့များအကြား ပူးပေါင်း ကြိုးပမ်း အားထုတ်မှုများသည် မြင့်မားသော သုတေသန စံချိန်စံညွှန်းများ သတ်မှတ်ရာတွင် စံနှုန်းပြဋ္ဌာန်းသော လုပ်ငန်းများအဖြစ် တာဝန်ထမ်းဆောင်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဂျီနီဗာရှိ WHO ဌာနချုပ်

WHO တွင် လိချ်တန်စတိန်း(Liechtenstein)မှအပ UN အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံနှစ်ခုဖြစ်သည့် နယူးဝေး(Niue)နှင့် ကွတ်ခ်ကျွန်းစုများ (Cook Islands) အပါအဝင် အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံ ရှိသည်။ အဖွဲ့ဝင်မဟုတ်သည့် နယ်မြေများသည် အကယ်၍ ညီလာခံမဲပေးခြင်းအားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိပါက တွဲဘက်အဖွဲ့ဝင်များအဖြစ် (သတင်းအချက်အလက် အပြည့်အစုံဖြင့် သို့ရာတွင် ပါဝင်မှုနှင့် မဲပေးခွင့်တို့ကို ကန့်သတ်ထားသည်) အဖွဲ့ဝင်နိုင်သည်။ ပွာတိုရီကို(Puerto Rico)နှင့် တိုကေလော (Tokelau) နိုင်ငံတို့မှာ တွဲဘက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ သီးခြားအုပ်ချုပ်ခွင့်ရှိသော အထူးလက်အောက်ခံ နယ်မြေများကိုလည်း လေ့လာသူအဆင့်အတန်း သတ်မှတ်နိုင်သည်။ ဥပမာပြရလျှင် ပါလက်စတိုင်း(UN လေ့လာသူ) ဗာတီကန်စီးတီး(UN အဖွဲ့ဝင်မဟုတ်သော လေ့လာသူ) နှင့် တရုတ်တိုင်ပေ (ဖိတ်ကြားခြင်းခံရသော ကိုယ်စားလှယ်) တို့ဖြစ်သည်။

WHO အဖွဲ့ဝင်နိုင်ငံများသည် WHO ၏ အချုပ်အချာ ဆုံးဖြတ်ချက်ချရာ အစုအဖွဲ့ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ခန့်အပ်သည်။ UN အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် WHO အဖွဲ့ဝင်ဖြစ်ရန် အရည်အချင်းပြည့်မီပြီး၊ WHO ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ”အခြားတိုင်းပြည်များသည် ၎င်းတို့၏ လျှောက်ထားချက်များကို ကမ္ဘာ့ကျန်းမာရေးညီလာခံက သာမန် အများစုဆန္ဒမဲဖြင့် သဘောတူထောက်ခံသောအခါ အဖွဲ့ဝင်အဖြစ် ဝင်နိုင်သည်”။

WHO ညီလာခံကို ပုံမှန်အားဖြင့် နှစ်စဉ် မေလတွင် ကျင်းပပါသည်။ အထွေထွေညွှန်ကြားရေးမှူးကို ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည့်အပြင် ညီလာခံက အသင်းကြီး၏ ဘဏ္ဍာရေး မူဝါဒများကို ထည့်သွင်းစဉ်းစားပြီး၊ အဆိုပြုလာသော အစီအစဉ် ရသုံးမှန်းခြေငွေစာရင်းကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်သည်။ ညီလာခံသည် ကျန်းမာရေး ပညာရပ်တွင် အရည်အချင်းပြည့်မီသော အဖွဲ့ဝင် 34 ဦးကို သုံးနှစ်စီသက်တမ်းရှိသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ရွေးကောက်တင်မြှောက်သည်။ ဘုတ်အဖွဲ့၏ အဓိကလုပ်ငန်းများမှာ ယေဘုယျအားဖြင့် ညီလာခံကချမှတ်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အကြံပေးရန်နှင့် ၎င်း၏လုပ်ငန်းများ လွယ်ကူချောမွေ့စေရန်တို့ ဖြစ်သည်။

WHO ကို အဖွဲ့ဝင်နိုင်ငံများနှင့် အလှူရှင်များက ငွေကြေးထောက်ပံ့သည်။ မကြာသေးခင်နှစ်များက WHO ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပါဝင်လာသည်။ လက်ရှိတွင် ထိုကဲ့သို့ အစုစပ်လုပ်ငန်းပေါင်း 80 ခန့်ကို NGO များနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဘီလ်နှင့်မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်း နှင့် ရော့ကဖဲလားဖောင်ဒေးရှင်း ကဲ့သို့သော ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့် ဒေသ အစိုးရများ၊ ဖောင်ဒေးရှင်းများနှင့် NGOများ၊ အခြား UN အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အခန်းကဏ္ဍများမှလည်း WHO သို့ စေတနာအလျောက် ထည့်ဝင်ကြရာ ယခုအခါ အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံတို့၏ သတ်မှတ်ထည့်ဝင်ငွေ (ပေးရန်ရှိသော)ထက် ကျော်လွန်သွားပြီဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]