ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်း
ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်း
[ပြင်ဆင်ရန်]ဗုဒ္ဓအယူဝါဒအရ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် ရဟန်းသံဃာတော်များကား၊ လူ့လောကတွင် အမြင့်မြတ်ဆုံးတစ်ပါးဟု အသိ အမှတ်ပြု ကြသည်။ ရခဲသော ဒုလ္လဘတရားငါးပါးတွင် မနုဿတ္တဘာဝ ဒုလ္လဘ လူ၏အဖြစ်ကို ရနိုင်ခဲသည်ထက် လူဖြစ်လာသော် လည်း ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ ဘုရား သာသနာတွင်း၌ ရဟန်းသာမဏေ၏ အဖြစ်ကို ရနိုင်ခြင်းက အဆပေါင်းများစွာ သာလွန်ခဲယဉ်းသည် ဖြစ်သောကြောင့် ပါရမီထူးချွန်၍ ရဟန်း ဘဝကို ရရှိကြသူများအား လူသာမန်တို့က အထူးပင် ရိုသေ ကိုင်းရှိုင်းကြလေသည်။
ရဟန်း နှစ်မျိုး
[ပြင်ဆင်ရန်]ရဟန်းဟူသည်မှာ ကိလေသာ ကာမဂုဏ်ဟူသမျှကို စွန့်ပယ်၍ သူတစ်ပါး ပေးလှူအပ်သော သင်္ကန်း ပစ္စည်း၊ ဆွမ်းပစ္စည်း၊ ဆေးပစ္စည်းနှင့် ကျောင်းပစ္စည်း တည်းဟူသော ပစ္စည်းလေးပါးတို့နှင့်သာ ရောင့်ရဲတင်းတိမ် ပြီးလျှင်၊ မြတ်စွာဘုရားသခင် ချမှတ်တော်မူခဲ့သည့် ဝိနည်း သိက္ခာ ပုဒ်များကို တရိုတသေ စောင့်ထိန်းကာ တရားအားထုတ်လျက် လောကုတ္တရာ အကျိုးစီးပွားကို ရှာကြံသော သူတော်သူမြတ် ဖြစ်လေသည်။ ဇာတ်အားဖြင့် သံဃာတော် နှစ်မျိုးရှိ၏။ (၁) အရိယာ သံဃာ (ဝါ) ပရမတ္ထသံဃာတော် ခေါ်အာသဝေါကင်း သည့် အရိယာဇာတ်ဝင် သူတော်စင်များ၊ (၂) ထိုအရိယာ သံဃာ အနွယ်တော်မှ ဆင်းသက်ပေါက်ဖွားလာသည့် သံဃာ တော်ဟု အသိအမှတ် ပြုခံရသော ပုထုဇဉ်သံဃာတော်များ ဖြစ်လေသည်။
ရဟန်းနှင့် သာမဏေ
[ပြင်ဆင်ရန်]သံဃာ့ဘောင်တွင် သာမဏေနှင့် ရဟန်းဟူ၍ နှစ်မျိုး နှစ်စားရှိ၏။ သာမဏေမှာ သံဃာဂိုဏ်းဝင်တစ်ဦးပင် ဖြစ်သော် လည်း ရဟန်းနှင့်စာသော် အဆင့်အတန်းနိမ့်၏။ သို့ရာတွင် ရှင်သာမဏေများသည် ဆယ်ပါးသီလနှင့် လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါးအပါအဝင် ဖြစ်သည့် ၇၅ ပါးသော သာမဏေ သိက္ခာပုဒ်တို့ကို ရိုသေစွာ လိုက်နာ စောင့်ထိန်းကြရလေသည်။ ဗုဒ္ဓဝါဒီ ယောက်ျားမှန်လျှင် ရှင်သာမဏေ အဖြစ်ဖြင့် သာသနာ့ဘောင်သို့ဝင်ရသော အစဉ်အလာရှိ၏။ ယင်းသို့ ဝင်ခြင်းကို ရှင်ပြုသည်ဟုခေါ်သည်။ ရှင်ပြုသည့် အရွယ်မှာ အများအားဖြင့် လူပျိုဖော် မဝင်တဝင်နှင့် ဝင်စအရွယ် ဖြစ်သော်လည်း သရဏဂုံကို ဌာန်ကရိုဏ်းကျန ပီသစွာ ရွတ်ဆိုနိုင်သော အရွယ်မှစ၍ အထက်သို့အသက်အပိုင်း အခြားမရှိ ရှင်ပြုနိုင်လေသည်။ ရှင်ပြုရာတွင် ငွေကြေး တတ်နိုင်သူများသည် ငွေအမြောက်မြား အကုန်အကျခံလျက် ကြီးကျယ်သော မင်္ဂလာ အခမ်းအနားကို ပြုလုပ်ကြ၏။
ရဟန်းဝတ်သည့် ဓလေ့
[ပြင်ဆင်ရန်]သို့ရာတွင် မည်သည့်ဆင်းရဲနွမ်းပါး သူမဆို ပရိက္ခရာရှစ်ပါး ပြည့်စုံခဲ့လျှင် ဘုန်းတော်ကြီး တစ်ပါးပါးထံတွင် အကျဉ်းရုံး၍ ရှင်ပြုနိုင်လေသည်။ ရှင်သာမဏေဘဝတွင် အနည်းဆုံး ၇ ရက်လည်သည်တိုင်အောင် နေလေ့ရှိကြသော်လည်း နေရမည့် ရက်ကို ပုံသေ ကားကျ ပိုင်းဖြတ်သတ်မှတ်ထားခြင်းကား မရှိချေ။ ရှင်ကျင့်ဝတ်သိက္ခာကို လုံခြုံအောင် စောင့်ထိန်း၍ နေနိုင်သမျှ နေခွင့်ရှိကြသည်။ ရှင်သာမဏေသာမှ လူမထွက်ဘဲ ပဉ္စင်းအဖြစ်သို့ဆက်လက်ကူးပြောင်းပြီးလျှင် ရဟန်းဝတ်ဖြင့် အရိုးထုတ်သွားသူများလည်း ရှိသည်။ အိမ်ထောင် မပြုသေးမီ ရှင်သာမဏေအဖြစ် ခံယူ၍ ထိုဘဝမှ ရဟန်းဘဝသို့ကူးပြောင်း ကာ တစ်သက်ပတ်ဘုံး ရဟန်းအဖြစ် နေထိုင်သွားသူကို ငယ်ဖြူက ခေါ်၏။ အိမ်ထောင်ပြုပြီးမှ ရဟန်းဝတ်သူကိုကား တောထွက်ဟု ခေါ်လေသည်။ ၇ ရက်၊ တစ်လစသော အချိန် ကာလ အပိုင်းအခြားအားဖြင့် ခေတ္တရဟန်းဝတ်ခြင်းကို ဒုလ္လဘ ရဟန်းခံသည်ဟု ခေါ်သည်။
ရဟန်းဝတ်ရာတွင် လိုအပ်ချက်များ
[ပြင်ဆင်ရန်]ရှင်ပြုသကဲ့သို့ပင် ရဟန်းခံရာ၊ သို့မဟုတ် ပဉ္စင်းခံရာ ၌လည်း အချို့ကြီးကျယ်စွာ အခမ်းအနားဖြင့် ပြုလုပ်ကြ၍ အချို့မှာ သင့်လျော်သလိုပင် သိမ်ဝင်ကာ ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ရဟန်းဖြစ်နိုင်ရန်အတွက် လိုအပ်သော အရည်အချင်းများမှာ ရဟန်းလောင်းသည် မိဘနှစ်ပါး၏ တရားဝင်သော သားဖြစ်ခြင်း၊ ကြွေးမြီးကင်းရှင်းခြင်း၊ မင်းပြစ်မင်းဒဏ် လွတ်ကင်းခြင်း၊ မိဘများ၏ သဘောတူ ခွင့်ပြုချက်ရခြင်း၊ အနည်းဆုံး သက်တစ်ဆယ့် ကိုးနှစ်နှင့် နှစ်လပြည့်ပြီးဖြစ်ခြင်း၊ အနာရောဂါ ကင်းရှင်း၍ ကိုယ်လက် အင်္ဂါ ပြည့်စုံခြင်းနှင့် ပရိက္ခရာ ၈ ပါး ပြည့်စုံစွာ ရှိခြင်းတို့ ဖြစ်လေသည်။ ပရိက္ခရာ ၈ ပါးကား (၁) ဒုကုဋ်ထ်ခေါ် ကိုယ်ရုံ သင်္ကန်းကြီး (၂) ကိုယ်ဝတ်-ဧကသီ (၃) သင်းပိုင် (၄)သပိတ် (၅) ခါးပန်းကြိုး (၆) ပဲခွပ် သို့မဟုတ် သင်ဓုန်းဓား (၇)အပ် (၈) ရေစစ်တို့ဖြစ်ကြ၏။ ထိုပစ္စည်းများမှာ ကိုယ်နှင့် ထပ်ကြပ် မကွာ ယူဆောင်သွားရသော ရဟန်း၏ ကိုယ်ပိုင် ပစ္စည်းများ ဖြစ်လေသည်။
လိုက်နာရမည့် စည်းကမ်းနှင့် ပါရာဇိက
[ပြင်ဆင်ရန်]ရဟန်းများသည် ၂၂၇ ပါးသော သိက္ခာပုဒ်ကို လုံခြုံ စွာ စောင့်ထိန်းကြရ၏။ ထိုတွင် ရဟန်းတော်များ အထူးရှောင် ကြဉ်အပ်သော အဓိက အပြစ်ကြီး ၄ ခုရှိသေးသည်။ ယင်းတို့ မှာ အဗြဟ္မစရိယ အမှုဖြစ်သော မေထုန်မှီဝဲခြင်း၊ တစ်မတ်၊ သို့မဟုတ် တစ်မတ်ထက် ပိုလွန်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ လူဇာတ် ဖြစ်သူကို သတ်ဖြတ်ခြင်းနှင့် ဈာန်မရဘဲ ဈာန်ရ၏ဟု ပြောဆိုဝန်ခံခြင်းတို့ပင် ဖြစ်၏။
သံဃာဂိုဏ်းဝင် ရဟန်း တော်တစ်ပါးသည် အခြားသော အပြစ်များကို ကျူးလွန်ခဲ့သော် အာပတ်ဖြေခြင်း၊ ဝတ်စောင့် ခြင်း၊ ကံဆောင်ခြင်း စသည်တို့ဖြင့် ဒဏ်ခံ၍ သုဒ္ဓိဖြစ်စေ နိုင်သေး၏။ ဆိုခဲ့ပြီးသော အဓိက အပြစ်ကြီး ၄ ခုကို ကျူးလွန် ခဲ့သော်ကား ရဟန်းအဖြစ်တွင် တစ်ခဏမျှပင် မနေနိုင်တော့ပြီ။ ပါရာဇိက ကျရချေတော့၏။ အကြင်ရဟန်းတစ်ပါးသည် အဆို ပါ အပြစ်ကြီး လေးခုတွင် အပြစ်တစ်ခုကိုသော် လည်းကောင်း၊ အပြစ်အားလုံးကိုသော် လည်းကောင်း ကျူးလွန် ခဲ့ပြီးသော် လည်း ထိုအကြောင်းကို သူတစ်ပါးအား ဖွင့်ဟ၍လည်း မပြော၊ ရဟန်းအဖြစ်မှလည်း မထွက်ဘဲ နေလျှင်၊ ထိုရဟန်းသည် သင်္ကန်းကို ဝတ်ရုံထားသော်လည်း ရဟန်းကား မဟုတ်တော့ပြီ။
သီလစင်ကြယ်သော အခြား ရဟန်းများနှင့် အတူတကွရောနှော နေထိုင် စားသောက်နိုင်ခွင့်လည်း မရှိတော့ပြီ။ ထိုရဟန်းနှင့် အတူနေထိုင် မိသော အခြားရဟန်းတို့လည်း အပြစ်ရကြ လေတော့၏။ ထိုသို့နေသူကား မိမိနှင့်တကွ သူတစ်ထူးအား လိမ်လည် လှည့်ဖြား အပြစ်ပြုနေသူသာဖြစ်၍ သံသရာဝန် လေးလှပေသည်။
ရဟန်းဂုဏ်အရည်အချင်း အမျိုးမျိုး
[ပြင်ဆင်ရန်]လူတို့တွင် အသက်အရွယ်နှင့် ဂုဏ်အဆင့်တန်း အကြီးအငယ်ကိုလိုက်၍ ရိုသေကိုင်းရှိုင်းကြရသကဲ့သို့ရဟန်း သံဃာအချင်းချင်းလည်း ဝါကြီးဝါငယ်အလိုက် ရိုသေမှု ပြုကြ ရ၏။ ရှေးမြန်မာ ဘုရင်များလက်ထက်က သာသနာ့ဝန်ထမ်း ရဟန်းတော်များကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားထား၏။ ယင်းတို့မှာ ၁၊ ရှင်သာမဏေ။ ၂၊ ပဉ္စင်း၊ ၃၊ ခန်းနေဘုန်း ကြီး။ ၄၊ ကျောင်းထိုင်ဘုန်းကြီး။ ၅၊ ဂိုဏ်းထောက်။ ၆၊ ဂိုဏ်းအုပ်၊ ၇၊ ဂိုဏ်းချုပ်။ ၈၊ သာသနာပိုင်ဟူ၍ ဖြစ်၏။
ဤသို့အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားသော်လည်း သံဃာတော်များ စောင့်ထိန်းအပ်သော ဝိနည်းသိက္ခာပုဒ်များကို ရှင်သာမဏေများမှတစ်ပါး အားလုံး အတူတူပင် စောင့်ထိန်း ကြရ လေသည်။ ပိန္ထကတ်သုံးပုံကို အာဂုံဆောင်နိုင်သော ဆရာတော်ကြီးများပင်၊ သာမဏေ၊ ပဉ္စင်းငယ်များနည်းတူ အရပ်တကာလှည့်၍ ဆွမ်းခံရ၏။ သို့ရာတွင် အသက်အရွယ် ကြီးရင့်၍ ဖျတ်လတ်ပေါ့ပါးစွာ မသွားလာနိုင်သည့် အခါ တွင်ကား မိမိ၏ ကျောင်းသင်္ခမ်းအတွင်း၌ပင် တပည့်သာမဏေ ရဟန်းများ၏ အလုပ်အကျွေးကို ခံယူလျက် သီတင်းသုံး နေထိုင်လေ့ ရှိကြလေသည်။
ဘုန်းကြီးကျောင်းတိုက်များတွင် အကြီးအကဲမှာ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ တပည့်တပန်းများအား စာပေပို့ချခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ သံဃာများ၏ စည်းကမ်းသေဝပ်မှုအတွက် တစ်လလျှင် ၄ ကြိမ်မျှ ဆုံးမဩ ဝါဒပေးခြင်းတို့မှာ ကျောင်းထိုင်ဆရာတော်၏ ဝတ္တရားများ ဖြစ်သည်။ ဒုတိယ အကြီးဆုံးမှာ တိုက်အုပ် ဆရာတော်ဖြစ်၏။
တာဝန်ဝတ္တရားများ
[ပြင်ဆင်ရန်]တိုက်အုပ်ဆရာတော်သည် ကျောင်းတိုက်ရှိ သံဃာများ စည်းကမ်းသေဝပ်မှုအတွက် ကျောင်း ထိုင်ဆရာတော်ထံ တာဝန်ခံရသည့်ပြင် ကျောင်းတိုက်တစ်ခုလုံး၏ သန့်ရှင်းရေး ကိုလည်း ကြည့်ရှုထိန်းသိမ်းရလေ သည်။ တိုက်အုပ် ဆရာတော်အား အလုပ်ဝတ္တရားများတွင် ကူညီရန် တိုက်ကြပ် ဆရာတော် တစ်ပါးလည်း ထားရှိကြသေး၏။ ထို့ပြင် ဆွမ်းစား ကျောင်း ဘုန်းကြီးဟူ၍ သီးသန့်ထားရှိကြသည်။ ထိုဆွမ်းစား ကျောင်း ဘုန်းကြီးသည် ကျောင်းတိုက်ရှိ သံဃာတော်တို့ အတွက် ဆွမ်းကိစ္စကို စီမံဆောင်ရွက်ရသည့်ပြင် ကျောင်းတိုက် ဆိုင်ရာ ပစ္စည်း ဘဏ္ဍာများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရ လေသည်။ ကျန်သံဃာတော်တို့ကား နံနက်ပိုင်းတွင် ဆွမ်းခံ ရခြင်း၊ ထိုနောက် နေ့ဝါ ညဝါလိုက်ခြင်း၊ သာရေးနာရေး သာသနာရေးကိစ္စစသည့် အမှုတို့ကို ကျေပွန်စွာ ဆောင်ရွက် ကြရခြင်းတို့ဖြစ်လေသည်။
ခရစ်ယာန်ဘုန်းကြီးများ
[ပြင်ဆင်ရန်]အနောက်နိုင်ငံများတွင် ဘုန်းကြီးကျောင်းဖွင့်၍ ဘုန်း ကြီးလုပ်သော စနစ်ကို ခရစ်တော် မပေါ်မီကပင် ယဟူဒီ လူမျိုးများ လိုက်နာကျင့်သုံးခဲ့ကြလေသည်။ ထိုစနစ်ပေါ်ပေါက် ထွန်းကားရာ ဒေသတို့ကား ဂျူဒီယားနှင့် အလက်ဇန္ဒြီးယားတို့ ဖြစ်ကြ၏။
ခရစ်တော် ပေါ်ပြီးနောက် ခရစ်ယာန် အယူဝါဒ ပြန့်ပွားခါစ အချိန်တွင် အရညဝါသီ တောမှီကာ တရား ဆောက်တည်သည့် ဓလေ့သည် ပေါ်ပေါက်ခေတ်စားလာခဲ့၏။ တောမှီပုဂ္ဂိုလ်တို့၏ ကျင့်စဉ်မှာ အိမ်ထောင် မပြုခြင်း၊ အသားမစားခြင်း၊ မူးယစ်စေသော သေရည် သေရက်တို့ကို ရှောင်ကြဉ်ခြင်း၊ ဘုရားဝတ်တက်ခြင်း၊ တရားတော်များကို ဆည်းပူးအားထုတ်ခြင်း၊ ပေးကမ်း စွန့်ကြဲခြင်း စသည်တို့ပင် ဖြစ်ကြလေသည်။
အီဂျစ်နိုင်ငံတွင် အေဒီ ၃ ရာစု နှစ်အလယ်လောက်၌ ထိုသို့သော သူတော်စင်တို့သည် မြို့ရွာများနှင့် မလှမ်းမကမ်း နေရာတို့တွင် ကျောင်းသင်္ခမ်း ဆောက်လုပ်လျက် တောရ ဆောက်တည် နေခဲ့ကြ၏။ ထိုပုဂ္ဂိုလ်တို့သည် စိန်အန်ထော်နီ၏ ဩဝါဒ စည်းမျဉ်းများကို လိုက်နာလေးစားခဲ့ကြသည်။ ခြိုးခြံစွာ နေထိုင်ကျင့်ကြံခြင်း၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဘုရား ဝတ်ပြုခြင်းတို့မှာ အဓိက လိုက်နာကြရသော စည်းမျဉ်းများ ဖြစ်၏။ စိန်အန်ထော်နီ ကြီးမှူးသော တောရဆောက်တည်ရေး ဂိုဏ်းသည် ပထမဦးဆုံးသော ခရစ်ယာန်ဘုန်းကြီး အဖွဲ့ အစည်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ထိုဂိုဏ်းသည် အီဂျစ်နိုင်ငံတွင် ၅ ရာစုနှစ် အလယ်လောက်အထိ ထွန်းကား ခဲ့၏။
အနောက်နိုင်ငံ ဘုန်းကြီးကျောင်း တည်ထောင်ရေး သမိုင်းတွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်မှာ နာရှားနယ်မှ စိန်ဗင်နီဒစ်ဖြစ်၏။ သူ၏ မွေးဖွားခုနှစ်မှာ ခရ်စနှစ် ၄၈ဝ ပြည့် ပတ်ဝန်းကျင်တွင် ဖြစ်သည်ဟု ဆိုသည်။ စိန်ဗင်နီဒစ်၏ အယူအဆကား အယူဝါဒရေး လုပ်ငန်းတွင် လူမှုရေးရာ လုပ်ငန်းများလည်း အကျုံးဝင် နေသည့်အတွက် ဘုန်းကြီး များသည် ဘုရားဝတ်ပြုခြင်း၊ တရားအားထုတ်ခြင်းစသော အလုပ်တို့ကို နေ့စဉ် လူမှုရေးရာ တာဝန်တရားတို့နှင့် အလှည့် ကျထားကာ လုပ်ကိုင်သွားကြရမည်ဟူ၍ ဖြစ်လေသည်။ စိန်ဗင်နီဒစ်၏ ဩဝါဒမှာ လိုက်နာလေးစားသူ များသည့် အလျောက် အနောက်ဥရောပ နိုင်ငံများတွင် ပြိုင်ဘက်ကင်းစွာ ထွန်းကားခဲ့လေသည်။ ဗင်နီဒစ် ဩဝါဒခံ ဘုန်းကြီးများသည် မည်းနက်သော ဝတ်ရုံကို ဝတ်ဆင်ကြသည့်အတွက် ဘုန်းကြီး မည်းဂိုဏ်း ဟူသော အမည်ဖြင့် ထင်ရှားခဲ့ ကြ၏။
ခရစ်ယာန် ဘုန်းကြီးကျောင်းများသည် ပင်ကို ဖူလုံမှုရှိသော အဖွဲ့အစည်းများ ဖြစ်ကြ၏။ ကျောင်းတိုက် တွင်းရှိ ဘုန်းကြီးအပေါင်းကို ကျောင်းထိုင်ဘုန်းတော်ကြီးက အုပ်ချုပ်၍ ထိုဘုန်းတော်ကြီး၏ အစီအမံတို့ကို တိုက် အုပ်ဘုန်းကြီးနှင့် တိုက်ကြပ် ဘုန်းကြီးတို့က ကူညီဆောင်ရွက် ကြရ၏။ ကျောင်းတိုက်၏ အလယ်တွင် ဘုရားဝတ်ကျောင်း ကို ဆောက်လေ့ရှိကြ၍ ဝတ်ကျောင်းတွင် အောက်ပါ အချက် တို့ဖြင့် ပြည့်စုံအောင် စီမံထားကြရလေသည်။ ယင်းတို့မှာ (၁) ဘုန်းကြီးများ ဓမ္မသီချင်းသီဆို၍ ဘုရားကြည်ညိုရာ နေရာ၊ (၂) ဘုရား ဆွမ်းကပ် သီဆို၍ ဘုရားကြည်ညိုရာ နေရာ၊ (၂) ဘုရားအား ဆွမ်းကပ်ပူဇော်ရာ ပင်အချို့နှင့် (၃) တနင်္ဂနွေနေ့များတွင် စင်္ကြံလျှောက်ရန် နေရာများ ဖြစ်ကြ ၏။
စိန်အန်ထော်နီ ဂိုဏ်းဝင် သူတော်စင်တို့သည် သီးခြား ကျောင်းသင်္ခမ်း တဲငယ်တို့၌သာ နေထိုင်ကြသည်။ ကျောင်း သင်္ခမ်းတို့၌ တစ်စုတစ်ဝေးတည်း နေထိုင်သည့် ဘုန်းကြီး ကျောင်း စနစ်ကိုမူ အေဒီ ၃၄ဝ ပြည့်နှစ်တွင် စိန်ပါခိုမိယက စတင်စီမံခဲ့လေသည်။ စိန်ပါခိုမိယသည် ၃၄၆ ခုနှစ်တွင် ပျံလွန်၏။ မပျံလွန်မီအတွင်း ထိုအရှင်သည် ဘုန်းကြီးကျောင်း ၉ ကျောင်းနှင့် သီလရှင် ကျောင်းတစ်ကျောင်းကို ဆောက်နိုင်ခဲ့ လေသည်။ စိန်ပါခိုမိယ ဂိုဏ်းဝင်များ လိုက်နာကြရသည့် စည်းမျဉ်းတို့မှာ စုဝေး၍ ဘုရားဝတ်တက်ခြင်း၊ စုဝေး၍ အစာစားခြင်း၊ ကျောင်း ပရဝုဏ်တွင် အလုပ်ကြမ်းလုပ်ရ ခြင်းတို့ဖြစ်၏။
၄ ရာစုနှစ်တွင် အီဂျစ်နိုင်ငံမှ ဘုန်းကြီးကျောင် စနစ်သည် အာရှမိုင်းနာနှင့် ဆီးရီးယားတို့သို့ပြန့်ပွား သွားလေသည်။ ထိုမှတစ်ဆင့် ပါးရှား၊ ဗက်ဗီလုံးနှင့် အာရေဗျနိုင်ငံတို့သို့ကူးစက်ရောက်ရှိသွားလေသည်။ ထင်ရှားသော ဂိုဏ်းခေါင်းဆောင်မှာ စိန်ဗားဆီးဖြစ်၏။ ခရစ်နှစ် ၃၆ဝ ပြည့်ခန့်တွင် ပွန်တပ်ပြည်ရှိ နီယိုကေဆရီ ယားမြို့အနီးတွင် စိန်ဗားဆီးသည် ဘုန်းကြီးကျောင်းကြီး တစ်ဆောင် ဆောက်လုပ်ခဲ့၏။ ထိုဂိုဏ်းက အဓိက ထားသော စည်းမျဉ်းမှာ ဘုန်းကြီးများသည် ကိုယ့်အကျိုးစီးပွားထက် လူသတ္တဝါအများ၏ အကျိုးစီးပွားကို ဆောင်ကြရမည်ဟူ၍ ဖြစ်၏။ သို့အားလျော်စွာ စိန်ဗားဆီးဂိုဏ်း ဘုန်းကြီးကျောင်းမှာ အနီးတွင် ဘုန်းကြီးများကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်သော ဆေးရုံများ၊ တည်းခိုရန် စရပ်များ၊ မိဘမဲ့ ကျောင်းများကို တွေ့ရှိနိုင်ပေသည်။
အနောက်ဥရောပ နိုင်ငံများသို့ဘုန်းကြီးကျောင်း စနစ် သွတ်သွင်းပေးသူမှာ စိန်အသနေးယှပ် ဖြစ်၏။ ခရစ်နှစ် ၃၄ဝ ပြည့်တွင် စိန်အသနေးယှပ်သည် အခြားဘုန်းကြီး နှစ်ပါးနှင့်အတူ အီတလီနိုင်ငံ ရောမမြို့တော်သို့ရောက်လာပြီး လျှင် ဘုန်းကြီးကျောင်း စံနစ်ကို စတင်ဖွင့်လှစ်လိုက်လေသည်။ ထိုမှတစ်ဆင့် အခြားအနောက် နိုင်ငံများသို့ပြန့်ပွားသွား ခဲ့လေသည်။
ထိုနောက် အရေးကြီးသော အဆောက်အအုံမှာ တောရ ကျောင်းဖြစ်သည်။ ထိုကျောင်းတွင် ဘုန်းကြီး အိုကြီးများသည် ကျမ်းပြုခြင်းဖြင့် လည်းကောင်း၊ ဘုန်းကြီး ပျိုများသည် စာသင်ခြင်းဖြင့် လည်းကောင်း အချိန်ကို ကုန်လွန်စေကြရ၏။ ဘုရားဝတ်ကျောင်းနှင့် မလှမ်းမကမ်း နေရာတွင် ဘုန်းကြီးများ ဆွမ်းစားခန်း ထားရှိလေသည်။ ဆွမ်းစားခန်း၏ ကြမ်းပြင်မှာ ကောက်ရိုးခင်း၊ သို့မဟုတ် ကျူရိုးခင်းဖြစ်လျက် တစ်နှစ်လျှင် သုံးလေးကြိမ်မျှ လဲလှယ်ပေးကြရသည်။ ဆွမ်းစားခန်းနှင့်ကပ်၍ ဆွမ်းချက်ရုံကို ထားရှိလေသည်။ ဘုန်းကြီးများ အိပ်ခန်းဆောင် မှာမူ တောရကျောင်းအနီးတွင် ထားရှိ၏။ ရှေးအခါက ထိုအိပ်ခန်းဆောင်ကို ခန်းဆီးများ မကန့်ဘဲ အခန်းကျယ် ကြီးအဖြစ် ထားရှိခဲ့၍ နောက်မှ ဘုန်းကြီးတစ်ပါးစာ အိပ်ခန်းငယ်များကို ပြုလုပ်ခဲ့ကြသည်။
ဘုန်းကြီးကျောင်းတိုက်များတွင် မပါလျှင် မပြီးသော အခြားအဆောက်အအုံ များလည်း ရှိသေးသည်။ တစ်ခုမှာ ဘုန်းကြီး အိပ်ခန်းဆောင်အနီး၌ ကပ်၍ ဆောက်လုပ်ထား လေ့ရှိသော သူနာရုံ ဖြစ်၏။ နာဖျား မကျန်းရှိသူများနှင့် အိုမင်းမစွမ်း ရှိသူများသည် ထိုသူနာရုံသို့လာရောက်ကာ ဆေးဝါးအကုအသနှင့် ကျွေးမွေး စောင့်ရှောက်ခြင်းကို ခံယူနိုင် ကြသည်။ အခြားအဆောက်အအုံတစ်ခုမှာ ခရီးသွား ခရီးလာ များ ရပ်နားတည်းခိုရန် သာလာယံစရပ် ဖြစ်သည်။
ထိုအဆောက်အအုံများအပြင် မရှိနွမ်းပါး ဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲရာ ဖြစ်သည့် အလှူတင်းကုပ်နှင့် မရှိ ဆင်းရဲသော ကလေးများအား စာသင်ကြားပေးသည့် အခလွတ် စာသင်ကျောင်းတို့လည်း ရှိကြသေး၏။ ထို့ပြင် ဘုန်းကြီး အသုံးအဆောင်များကို ကျောင်းတိုက်အတွင်း၌ပင် ပြုလုပ်လေ့ရှိ ကြ သည့်အလျောက် လက်သမားရုံ၊ ပန်းဘဲရုံ၊ စာအုပ်ချုပ်ရုံ၊ စက်ရုံ၊ မုန့်ဖုတ်ရုံ၊ ဂျုံပြောင်းများကို သိုလှောင်ရာ ကျီစ သည်ဖြင့် သက်ဆိုင်ရာ အဆောက်အအုံများကိုလည်း ကျောင်းတိုက်အတွင်း၌ပင် ဆောက်ထားကြလေသည်။
ယခုခေတ်ကဲ့သို့ခမ်းနားထယ်ဝါသော စာကြည့်တိုက် များ မရှိခဲ့သော်လည်း လက်ရေးမူများကို ဘုရားဝတ်ကျောင်း၊ သို့မဟုတ် တောရကျောင်းတို့တွင် ဘီရိုတွင်း၌ ထည့်ကာ တရိုတသေ သိမ်းဆည်းထားလေ့ ရှိကြ သည်။ ၁၅ ရာစုနှစ်သို့ ရောက်လာသောအခါ စာကြည့်တိုက် အတန်ပင် ပေါများလာ လျက်၊ စာရေးခန်းများနှင့် တွဲထားကြသဖြင့် ကျယ်ဝန်း၍ သပ်ရပ်လာလေသည်။
ခရစ်ယာန်ဘုန်းကြီး ကျောင်းများတွင် ဘုန်းကြီးနေ့စဉ် ကျင့်ဆောင်လိုက်နာရမည့် တာဝန်ဝတ္တရားတို့ကို စေ့စပ်သေချာ သော အစီအစဉ်ဖြင့် ၁၂ ပိုင်း အညီအညာ ပိုင်းခြားကန့်သတ် ထားရှိ၏။ ယင်းတို့အနက် အရေးပါသော ဝတ္တရားများမှာ ဘုန်းကြီးအားလုံးသည် နံနက် ၂ နာရီအချိန်တွင် အိပ်ရာထ၍ ဘုရားဝတ် ကျောင်းသို့သွားပြီးလျှင် ဘုရားဝတ်ပြုကြရ၏။
နေထွက်တပြူ အချိန်မှ နံနက် ၁ဝ နာရီ အချိန်အထိ တာဝန် ကျသော ကျောင်းတိုက်ဆိုင်ရ အလုပ်ဝတ္တရားများကို လုပ်ကိုင် ကြရ၍ ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ တရားစာပေ တို့ကို လေ့လာဖတ်ကြားရလေသည်။ ထိုနောက် ဆုတောင်းပတ္တနာပြု၍ နေ့လယ်စာကို စားသောက်ကြရသည်။ ဘုန်းကြီးများသုံးဆောင် လေ့ရှိသော ခဲဖွယ်ဘော်ဇဉ်တို့မှာ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ငါး၊ ပေါင်မုံ့နှင့် စပျစ် ရည်များ ဖြစ်ကြသည်။ အမဲသားကို ကား စာခွင့်မရကြချေ။ စားသောက်ပြီးသောအခါ ကျောင်းတိုက် အသုံး အဆောင်များ ပြုလုပ်ရာဌာန အသီးအသီးသို့သွားရောက် ၍ ညနေ ၅ နာရီ အချိန်အထိ အလုပ်လုပ်ကြရပြန်သည်။
ညနေစာကို ၅ နာရီခွဲ အချိန်တွင် စားသောက်ကြ၍ တရားစာ များကို ထိုနေ့အဖို့နောက်ဆုံးအကြိမ် ရွတ် ဖတ်သရဇ္ဈာယ်ကြ ပြီးသော် ညနေ ၆ နာရီခွဲအချိန်တွင် အိပ်ရာသို့ဝင်ကြရလေ သည်။
အလယ်ခေတ် စောစောပိုင်းတွင် ပြင်သစ်၊ အီတလီ၊ စပိန်၊ အင်္ဂလန်နှင့် အိုင်ယာလန် နိုင်ငံတို့၌ သီလရှင်ကျောင်း များ ပေါ်ပေါက်ခဲ့၏။ အဖွဲ့အစည်းအနေဖြင့်ကား ဘုန်းကြီး ကျောင်းနှင့် အတူတူပင်ဖြစ်၏။ သီလရှင်ကျောင်း တစ်ကျောင်းကို သီလရှင် ကျောင်းအုပ်တစ်ဦး အုပ်ချုပ်၏။
ဘုရားရှိခိုးခြင်း၊ ကုသိုလ်ရေး လုပ်ငန်းများ လုပ်ခြင်း၊ ဆင်းရဲနွမ်းပါးသူတို့အား စောင်မကြည့်ရှုခြင်း၊ နာမကျန်း သူများအား ဆေးဝါးကုသပြုစုခြင်း စသည်တို့ကား သီလရှင် တို့၏ ဓိက ဝတ္တရားများ ဖြစ်လေသည်။ ယခုအခါတွင် သီလရှင်ဂိုဏ်း အမျိုးမျိုး ထွန်းကား ပေါ်ပေါက်နေလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)