ပိဏ္ဍပါတ်ဓုတင်
ပိဏ္ဍပါတ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဆောက်တည်သည့် ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုဉ်းပေးရ၏၊ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်တို့ကို ဘုဉ်းမပေးရ။[၁]
ဆောက်တည်ပုံ
[ပြင်ဆင်ရန်]ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် အတိရေကလာဘံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ ဆွမ်းခံဆွမ်းထက် အပိုအလွန်ဖြစ်သော ဆွမ်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊
ပိဏ္ဍပါတိကင်္ဂံ သမာဓိယာမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ ဆွမ်းခံခြင်း အလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ပိဏ္ဍပါတ်ဓုတင်ဆောင် ရှောင်ကြဉ်ရမည့် ဆွမ်း ၁၄-မျိုး
[ပြင်ဆင်ရန်]- (၁) သံဃိကဘတ် = သံဃာအား လှူသောဆွမ်း၊
- (၂) ဥဒ္ဒေသဘတ် = သံဃာမှ ညွှန်းစေ၍ လှူသောဆွမ်း၊
- (၃) နိမန္တနဘတ် = ပင့်ဖိတ်၍ လှူသော်ဆွမ်း၊
- (၄) သလာကဘတ် = စာရေးတံမဲချ၍ လှူသော ဆွမ်း၊
- (၅) ပက္ခိကဘတ် = (လဆန်း, လဆုတ်) ၁-ပက္ခ ၁-ခါ လှူဒါန်းသော ဆွမ်း၊
- (၆) ဥပေါသထိက = ဥပုသ်နေ့လှူသောဆွမ်း
- (၇) ပါဋိပဒိက = ဥပုသ်အထွက် တရက်နေ့၌ လှူသောဆွမ်း၊
- (၈) အာဂန္တုကဘတ် = ဧည့်သည်ရဟန်းတို့ကို ရည်မှန်း၍ လှူဒါန်းသော ဆွမ်း၊
- (၉) ဂဓိကဘတ် = ခရီးသွားမည့် ရဟန်းတို့ကို ရည်မှန်း၍ လှူဒါန်းသောဆွမ်း၊
- (၁၀) ဂိလာနဘတ် = နာမကျန်းသော ရဟန်းတို့ကို ရည်မှန်း၍ လှူဒါန်းသော ဆွမ်း၊
- (၁၁) ဂိလာနုပဋ္ဌာကဘတ်= နာမကျန်းသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးသော ရဟန်းတို့ကိုရည်မှန်း၍ လှူဒါန်းသော ဆွမ်း၊
- (၁၂) ဝိဟာရဘတ် = ကျောင်းကို ရည်မှန်း၍ လှူဒါန်းသော ဆွမ်း၊
- (၁၃) ဓုရဘတ် = အဦးအစအိမ်၌ တည်ထား၍ လှူသော ဆွမ်း၊
- (၁၄) ဝါရကဘတ် = အလှည့်ကျ လှူသောဆွမ်း။
ယင်း ဆွမ်းတို့ကို ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်းသည် သာယာခွင့် ခံယူခွင့် မရှိ။ သံဃဘတ္တံ ဂဏှထ = သံဃဘတ်ကို အလှူခံပါဟု မလျှောက်ထားပဲ အမှာကံ ဂေဟေ သံဃော ဘိက္ခုံ ဂဏှာတု၊ တုမှေပိ ဘိက္ခုံ ဂဏှထ = တပည့်တော်တို့ အိမ်၌ သံဃာတော်များ ဆွမ်းအလှူခံပါစေ၊ အရှင်ဘုရားတို့လဲ ဆွမ်းအလှူခံလာပါကုန်ဟု လျှောက်ထား၍ ပေးလှူခဲ့လျှင် သာယာခွင့် ရှိ၏၊ သာယာနိုင်သည်။ သံဃာမှ ရအပ်သော ဆွမ်းစသော အာမိသ မပါသော အခြားစာရေးတံ ကျောင်း၌ ချက်အပ်သော ဆွမ်းဟင်းတို့ကိုလည်း သာယာနိုင်သည်[၂]။ ကျောင်း၌ရှိသော သစ်သီးကြီး-ငယ်ကို ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတို့ သုံးဆောင်နိုင်သည်[၃]။ [၄]
ဆွမ်း
[ပြင်ဆင်ရန်]"ဘတ္တ =ထမင်း၊ ဩဒန =ထမင်း ဤသို့သော စကားမျိုးဖြင့် ဖိတ်မန်လျှင် မအပ်၊
ပိဏ္ဍပါတ =ဆွမ်း၊ ဘိက္ခာ =ဆွမ်း ဤသို့သော စကားမျိုးဖြင့် ဖိတ်မန်ခြင်းကြောင့် ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ်အား အပ်၏"[၅]
ယနေ့ခေတ်တွင် ထမင်း ဟူသောအသုံးအနှုန်းဖြင့် မဖိတ်မန်ကြ၊ ဆွမ်း ဟုသာသုံးနှုန်းကြသည်ဖြစ်ရာ ဤဓုတင်ပျက်နိုင်ခဲ၍ အမြဲတမ်းဆောက်တည်သင့်သည် ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြ၏။
ဓုတင်ဆောင် ပုဂ္ဂိုလ် ၃-မျိုး
[ပြင်ဆင်ရန်]ဤ၌လည်း
(၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ရှေ့ကဖြစ်စေ, နောက်ကဖြစ်စေ ဆောင်ယူ၍ လှူအပ်သော ဆွမ်းကို၎င်း ဆွမ်းခံအပြန် ဆွမ်းစားစရပ်သို့ ယူဆောင်၍ လှူအပ်သော ဆွမ်းကို၎င်း ခံယူနိုင်၏၊ ရောက်ဆဲ အိမ်တံခါး၌ရပ်၍ သပိတ်ကို ယူလျှင်လည်း ပေးနိုင်သည်၊ ယနေ့ ဖိတ်မန်ထားအပ်သော ဆွမ်း လာလိမ့်မည်ဟု စောင့်မြှော်၍ကား မခံ ယူရ။
(၂) အလတ်စား (= မဇ္ဈိမ)ဓုတင်ဆောင် ပုဂ္ဂိုလ်သည် စောင့်မျှော်နေ၍လည်း ဆွမ်းခံယူအပ်၏၊ နက်ဖြန်အတွက် ဖိတ်မန်အပ်သောဆွမ်းကိုမူကား လက်မခံရ။
(၃) အညံ့စား(= မုဒုက)ဓုတင်ဆောင် ပုဂ္ဂိုလ်သည် နက်ဖြန်အတွက် ဖိတ်မန်အပ်သော ဆွမ်းကို၎င်း သန်ဘက်အတွက် ဖိတ်မန်အပ်သော ဆွမ်းကို၎င်း လက်ခံနိုင်သည်။ သို့ဖြစ်၍ မဇ္ဈိမ, မုဒုက ပုဂ္ဂိုလ်တို့သည် သူတပါးနှင့် မစပ်ပဲ နေနိုင်ခြင်း ချမ်းသာမျိုးကို မရနိုင်ကြကုန်၊ ဥက္ကဋ္ဌ ပုဂ္ဂိုလ်သည်သာ ရနိုင်၏။ ရှင်းဦးအံ့— တခုသော ရွာဝယ် အရိယဝံသသုတ်နှင့် စပ်သော တရားဟောပွဲရှိသည်ဖြစ်၍ တရားနာသွားရန် ဥက္ကဋ္ဌပုဂ္ဂိုလ်က မဇ္ဈိမ, မုဒုက ပုဂ္ဂိုလ်တို့ကို ဖိတ်ခေါ်ခဲ့လျှင် ယနေ့(နက်ဖြန်) ဒါယကာ တဦးက ဖိတ်မန်ထားသဖြင့် မလိုက်နိုင်ပါဟု ငြင်းပယ်ရတော့မည်၊ သို့ဖြစ်၍ ဓမ္မအရသာကို ခံစားခွင့် မရရှာကြတော့ချေ၊ ကိုယ့်အား ကိုယ်ကိုး၍ လွတ်လပ်စွာနေသော ဥက္ကဋ္ဌ ပုဂ္ဂိုလ်သည်သာ နံနက်စောစော ဆွမ်းခံလှည့်လည်ပြီးလျှင်တရားပွဲသွားကာ ဓမ္မအရသာကို ခံစားနိုင်သည်။ [၄]
ဓုတင် ပျက်စီးခြင်း
[ပြင်ဆင်ရန်]ဆွမ်းခံဆွမ်းမှ တပါးသော ပင့်ဖိတ်ကပ်လှူသည့် သံဃဘတ်စသည်ကို သာယာသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]
ပိဏ္ဍပါတ်ဓုတင် ဆောင်ရကျိုး
[ပြင်ဆင်ရန်]- (၁) ပိဏ္ဍိယာ လောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ ဟူသော ဘုရားစကားတော်အတိုင်း ရဟန်း ဖြစ်စက ဝန်ခံခဲ့သော ပဌမနိဿယနှင့်လျော်သော အကျင့်ပဋိပတ်ရှိခြင်း၊
- (၂) ဒုတိယ အရိယဝံသ၌ တည်ခြင်း၊
- (၃) ကိုယ့်အား ကိုယ် ကိုးလျက် အသက်မွေးမြူခြင်း၊
- (၄) တန်ဖိုးနည်း၍ ရလွယ်သည်, အပြစ်ကင်းပေသည် ဟု ဘုရားရှင် ချီးမွမ်းအပ်သော ပစ္စည်းရှိသူ ဖြစ်ခြင်း၊
- (၅) ဆွမ်းခံရန် ပျင်းရိမှုကို နှိပ်ကွပ် နိုင်ခြင်း၊
- (၆) စင်ကြယ်သော အသက်မွေးမှု ရှိခြင်း၊
- (၇) သေခိယ-အကျင့်ကို ဖြည့်ကျင့်ခြင်း၊
- (၈) (ခံယူရာ၌ အတိုင်းအရှည်သိခြင်း လူတို့နှင့် ရောနှော၍ မနေခြင်းကြောင့်) သူတပါးကို မွေးမြူလေ့မရှိခြင်း၊
- (၉) သူတပါး (ဆွမ်းလှူသူ)တို့အား ချီးမြှောက်မှုပြုရခြင်း၊
- (၁၀) မာန်မာနကို ပယ်နိုင်ခြင်း၊
- (၁၁) (ရောနှောသော ဆွမ်းဖြင့် မျှတခြင်းကြောင့် ရသတဏှာကို တားမြစ်နိုင်ခြင်း၊
- (၁၂) ဂဏဘောဇန, ပရမ္ပရဘောဇန, စာရိတ္တသိက္ခာပုဒ်တို့ဖြင့် အာပတ်မသင့်နိုင်ခြင်း၊
- (၁၃) အပ္ပိစ္ဆတာ-စသောဂုဏ်တို့အားလျော်သောအသက် မွေးမှုရှိခြင်း၊
- (၁၄) သမ္မာပဋိပတ် အကျင့်မြတ်ကို တိုးပွါးစေခြင်း၊
- (၁၅) နောက်နောင် ရဟန်းများကို (ဒိဋ္ဌာနုဂတိ ဖြစ်စေခြင်းငှါ) ချီးမြှင့်ရခြင်း ဟူသော ယင်းအကျိုးများကို ရနိုင်သည် [၆]။[၄]
တိုက်တွန်းချက်
[ပြင်ဆင်ရန်]-ဆွမ်းခံကျင့်ဝတ်၌ တစ်လုပ်တစ်ဆုပ်သောဆွမ်းဖြင့် ရောင့်ရဲသော၊
-သူတပါးနှင့်မဆက်စပ်သော အသက်မွေးခြင်းရှိသော၊
-ပယ်အပ်ပြီးသော လောလုပ္ပတဏှာရှိသော ပုဂ္ဂိုလ်သည် အရပ်လေးမျက်နှာ သွားရာအရပ်တို့၌ အပိတ်အပင်အနှောက်အယှက်မရှိ သွားလာနိုင်၏။
ကောင်းသောပညာရှိသော ပိဏ္ဍပါတ်ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ပျင်းရိခြင်းကိုပယ်ဖျောက်နိုင်သောကြောင့် အသက်မွေးစင်ကြယ်၏၊ ထိုကြောင့် ဆွမ်းခံကျင့်ဝတ်ကို အထင်သေး/မထေမဲ့မြင်မပြုအပ်၊။ ဤသို့ ဆွမ်းခံကျင့်ဝတ်၌ လုံ့လပြုခြင်းရှိသော၊ လာဘ်အကျော်အစောကို မမျှော်မှန်းပဲ ပိဏ္ဍပါတ်ဓုတင်ဆောင်ကာ မိမိကိုယ်ကို မွေးမြူနိုင်သော၊ ကောင်းဆိုးအာရုံတို့၌ သတိပညာဖြင့် အလယ်အလတ်ရှုမြင်နိုင်သော၊ သူတပါးတို့ မကျွေးမွေးရ (ဝန်ထုပ်ဝန်ပိုးမဖြစ်/တာဝန်မတက်)သော ယောဂီရဟန်းအား သိကြားအစရှိသော နတ်ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကာ အားကိုးကြကုန်၏။
ဤသို့လျှင် လောကုတ္တရာအားလျော်သော အကျိုးကျေးဇူးတို့၌ အလိုရှိကုန်သော ယောဂီပုဂ္ဂိုလ်သည် ပိဏ္ဍပါတ်ဓုတင်ကျင့်ဝတ်၌ မွေ့လျော်ပျော်ရွှင်အပ်ပေသည်။ [၇]