စာရေးတံ

ဝီကီပီးဒီးယား မှ

မြတ်စွာဘုရား လက်ထက်တော်အခါ သံဃာအများနှင့် စပ်ဆိုင်သော ဆွမ်းမလှူကိစ္စ၊ ဝိနည်းကိစ္စတို့တွင် ပြဋ္ဌာန်း ဆုံးဖြတ်ရာ၌ အမှုကို ပြီးစီးလွယ်သောငှာ၊ စာအက္ခရာ အမှတ်အသားပါသော ဝါးခြမ်းတံကို မဲနှိုက်စေ၍ ဆုံးဖြတ်ရသည်။ ယင်းဝါးခြမ်းတံကို စာရေးတံဟု ခေါ်သည်။ ပုံစံအားဖြင့် သံဃာတော်အများကို တကာ တကာမများက ဆွမ်းပင့်ဖိတ်သောအခါ မည်သည့် တကာ တကာမသည် မည်သည့်သံဃာအား ဆွမ်းကျွေးစေဟူ၍ ဆုံးဖြတ်ရန် မရကောင်းသောအခါတို့တွင် စာရေးတံဟုခေါ်သော ဝါးခြမ်းတံဝယ် သံဃာအရေအတွက်ကို အမှတ်အသားပြု၍ ကံအလျောက် ဆွမ်းကပ်နိုင်ကြစေရန် အိမ်စဉ်အရ မဲနှိုက်စေ၍ သလာကဘတ္တ (စာရေးတံ) ဆွမ်းအလှူဟု ခေါ်သည်။ တစ်ဖန်တုံလည်း၊ သံဃာတော် အများ စုံညီ စည်းဝေးတော်မူကြ၍ နှစ်ဦး နှစ်ဖက်သော သံဃာတော်တို့၏ အမှုအကြောင်းကို ပြောကြားလျှောက်ထားစေသည်။

ထိုလျှောက်ထားချက်တို့ကို ကြားနားပြီးလတ်သော် အဆုံးအဖြတ် ပေးရမည့် သံဃာတော်တို့သည် သင်္ကန်းစသော တစ်စုံတစ်ခုပေါ်ဝယ် တင်ထားသော တရားမှန်သော ဓမ္မဝါဒီ ဝါးခြမ်းတံ၊ တရားမမှန်သော အဓမ္မဝါဒီ ဝါးခြမ်းတံဟု နှစ်မျိုး နှစ်စား ခွဲခြား အမှတ်အသားပြုထားသည့် စာရေးတံတို့အနက် မိမိတို့ ကြိုက်နှစ်သက်ရာ စာရေးတံကိုယူ၍ မဲပေးသောအလား ကိုင်ယူချထားရသည်။ ဤစာရေးတံမဲဦးရေ အနည်းအများကို ကြည့်၍၊ ယေဘုယျသိက ဝိနည်းအရ၊ မဲများရာကို အနိုင်ပေး၍ ဆုံးဖြတ်ကြသည်။ ယင်းဆုံးဖြတ်ခြင်း၌လည်း စာရေးတံမဲပေးသည်ဟုခေါ်ဝေါ်ကြကုန်၏။(ဆရာဆိုင်) [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

  • ဝစ်ရှင်နရီရှိ စာရေးတံ အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်