အင်္ဂုလိမာလသုတ်

ဝီကီပီးဒီးယား မှ

လက်ညှိုးပေါင်းတစ်ထောင်ပြည့်ရန် မိခင်ပါမရှောင် ဖြတ်ယူရန် ကြိုးပမ်းဖူးသည့် အင်္ဂုလိမာလသည် ရဟန်းဖြစ်ပြီးနောက် မီးမဖွားနိုင်သော မိန်းမငယ်ကို ဂရုဏာသက်သဖြင့် သစ္စာဆိုသော ဂါထာဖြစ်သည်။ အမျိုးသမီးများ မီးဖွားရလွယ်ကူစေရန်နှင့် မီးဖွားရာတွင် ခက်ခဲနေပါက ဤသုတ်ကို ပရိတ်ရေဖြစ်အောင် ရွတ်ဖတ်ပြီး ရရှိသည့် ပရိတ်ရေကို ထိုအမျိုးသမီး၏ ဆံပင်၌ သပ်ပေး၊ ဖြန်းပေးပါက လွယ်ကူစွာ မီးဖွားနိုင်သည်ဟု ယုံကြည်ကြသည်။

၁။ ပရိတ္တံ ယံ ဘဏန္တဿ၊

နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊
သဗ္ဗမေဝ ပရိဿယံ။

၁။ပရိတ်တံ ယံ ဘဏန်တတ်သ

နိသိန်နတ်ထာန ဓောဝနံ
အုဒကမ်ပိ ဝိနာသေတိ
သတ်ဗ-မေဝ ပရိတ်သယံ

၂။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊

ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊
လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ သွတ်ထိနာ ဂတ်ဘ-ဝုတ်ထာနံ

ယင်စ သာဓေတိ တင်ခဏေ
ထေရတ်-သင်ဂုလိမာလတ်သ
လောကနာထေန ဘာသိတံ
ကပ်ပတ်ထာယိမ် မဟာတေဇံ
ပရိတ်တံ တံဘဏာမ ဟေ

၃။ ယတော ဟံ ဘဂိနိ အရိယာယ၊

ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊
ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊
ဟောတု သောတ္ထိ ဂဗ္ဘဿ။

၃။ယ-တော ဟံ ဘဂိနိ အရိယာယ၊

ဇာတိယာ ဇာတော
နာဘိဇာနာမိ သင်စိတ်စ-ပါဏံ
ဇီဝိတာ ဝေါရောပေတာ
တေန သစ်စေန သွတ်ထိ တေ
ဟောတု သွတ်ထိ ဂတ်ဗတ်သ

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။
အင်ဂုလိမာလသုတ်တံ နိတ်ထိတံ

အင်္ဂုလိမာလသုတ် မြန်မာပြန်[ပြင်ဆင်ရန်]

၁။ အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေး‌ကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သောဘေးရန်ကို ကင်းပျောက်စေနိုင်၏


၂။ အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။


၃။ နှမငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့်ဖြစ်ခဲ့၏ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည်ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။


အင်္ဂုလိမာလသုတ်တော်ပြီး၏

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

နောင်အခါ ရဟန္တာဖြစ်လာမည့် ထိုအရှင်မွေးဖွားသည့်အချိန်က နိုင်ငံတဝှမ်းတွင် ဓားလှံပြိုးပျက်အရောင်ထွက်ခြင်းစသောထူးခြားမှုရှိခဲ့သည်ဆိုသည်။ ဖခင်က အဟိံသက ဟု အမည်ကောင်း မှည့်ပေးခဲ့သော်လည်း သူ၏ လိမ္မာရေးခြားရှိမှုထူးချွန်ထက်မြက်မှုတို့အပေါ် မလိုမုန်းထားရှိသူများကြောင့် ဆန့်ကျင်ဖက်အဓိပ္ပာယ်အမည်ဖြင့်သုံးနှုန်းကြသည်ဆိုသည်။ ပညာသင်ယူစဉ်ကာလတွင် မနာလိုသူများ၏ကုန်းချောစကားများအပေါ် နားဝင်မိသူဆရာက မိမိတပည့်အား လူမုန်းများပြီးဘေးဒဏ်သင့်စေရန် ပရိယာယ်ဖြင့်လူအယောက်တစ်ထောင်ပြည့်အောင်သတ်ပြီး ၎င်းအားပူဇော်ရန်ပြောရာ အင်္ဂုလိမာလ မထေ လောင်းလျာက လိုက်နာခဲ့၏။ လိုက်နာဟန်ကား လူကိုသတ်ပြီးတိုင်းအရေအတွက်သိရရန် လက်ညှိုးကိုဖြတ်ယူထားတတ်ခြင်းနည်းဖြင့် ဖြစ်သည်။ နောက်ပိုင်းတွင် လက်ညှိုးပျောက်ရှဆုံးရှုံးမှုမရှိစေရန် လက်ညှိုးပြတ်ကို ပန်းနှယ်သီကုံးဆွဲလာသောကြောင့် အင်္ဂုလိမာလ အမည်တွင်ခဲ့ပြန်သည်။ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ရသောအခြေအနေကြောင့် ပြည့်ရှင်မင်းက နှိမ်နင်းဖမ်းဆီးတော့မည့်သတင်းကိုပေးရန်လာသည့် မိခင်ရင်းအား သတ်ရန်ကြိုးပမ်းခဲ့သည့်အပြင် ကယ်ချွတ်ရန်ကြွလာသော ဘုရားရှင်အားလည်း သတ်ရန်အပြေးလိုက်ခဲ့သည်။ သို့ရာတွင် အထမမြောက်ခဲ့ပဲ တရားစကားကြားနာရသဖြင့် အသိအမြင်များပြောင်းလဲကာ နောက်လိုက် ရဟန်းပြုခဲ့သည်။ ရဟန်းဘဝရောက်သည့်တိုင် လူထု၏ရန်လိုမုန်းတီးနေမှုကြောင့် အခက်အခဲပြဿနာများ ကြုံကြိုက်ရလျက်ရှိသည်။ ဘုရားရှင်၏ သင်ကြားမှုကြောင့် မီးမဖွားနိုင်သောအမျိုးသမီးတစ်ဦးဒုက္ခရောက်စဉ် သစ္စာပြုရွတ်ဆိုပေးခြင်းဖြင့်ချမ်းသာရစေခဲ့ဖူးသည်ဆိုသည်။ သစ္စာအဓိပ္ပာယ်မှာ (နှမငယ် ငါသည် ရဟန်းဘဝ ရသည်မှစ၍ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမရှိပါ၊ ]ဤမှန်သော သစ္စာကြောင့် နှမငယ်ချမ်းသာပါစေ၊ သင်၏ကိုယ်ဝန်သည်လည်း ချမ်းသာပါစေ) ဟုဖြစ်သည်။

တစ်ရံခါက အင်္ဂုလိမာလ မထေရ်၏ မှန်ရာဆိုသောသစ္စာစကားကြောင့်ဤသို့ချမ်းသာရာရကြဖူးလေပြီ။ ထို့အတူပင်သင်တို့လည်းချမ်းသာကြပါစေဟု မီးဖွားစဉ်ကြုံတတ်သော ဘေးဒုက္ခများမှ အရံအတားပြုပေးသော ပရိတ်အဖြစ်ထင်ရှားခဲ့သည်။


[၁] ကောသလနိုင်ငံတော်၌ အင်္ဂုလိမာလခိုးသူကြီးပေါ်လာပုံ၊ အင်္ဂုလိမာလအား ချွေချွတ်တော်မူရန် မထင်မရှားအသွင်အားဖြင့် ကြွတော်မူလာသော ဘုရားရှင်အား နွားကျောင်းသားစသူတို့က ဤလမ်းခရီးဖြင့်ကြွတော်မမူရန် ဝိုင်းဝန်း၍တားကြပုံ၊ အင်္ဂုလိမာလကို ချွေချွတ်တော်မူပုံ၊ အင်္ဂုလိမာလရဟန်းဖြစ်ပုံ၊ တိုင်းသူပြည်သားတို့ ကောသလဘုရင် နန်းတော်ယင်ပြင်၌ ကြွေးကြော်ဆန္ဒပြကြပုံ၊ ကောသလဘုရင် ကိုယ်တိုင် အင်္ဂုလိမာလအားဖမ်းရန် မြင်းတပ် ၅၀၀ဖြင့် သာဝတ္ထိမြို့တော်မှထွက်၍ ဘုရားရှင်ထံ အဖူးမျှော်ဝင်ပုံ၊ အင်္ဂုလိမာလ မထေရ်ကိုမြင်၍ ကောသလဘုရင်ကြောက်လန့်ပုံ၊ အင်္ဂုလိမာလမထေရ်အား ပစ္စည်းလေးပါးဖြင့်ဖိတ်ကြားပုံ၊ အင်္ဂုလိမာလထေရ်ဆောင်သော ဓုတင်ကျင့်ဝတ်များ၊ ကောသလဘုရင်လျှောက်ထားချက်၊ အင်္ဂုလိမာလထေရ်၏ ကရုဏာ နှင့် အင်္ဂုလိမာလပရိတ်တော်၊ အင်္ဂုလိမာလထေရ် ရဟန္တာဖြစ်ပုံ၊ မကောင်းမှုကံ အကျိုးပေးပုံ၊ ဘုရားရှင်၏တရားတော်၊ အင်္ဂုလိမာလထေရ်၏ ဝိမုတ္တိသုခကို ခံစားတော်မူပြီး ကျူးရင့်မြွက်ဆိုသည့်ဂါထာ (၁၆) ဂါထာကို ပြဆိုရာသုတ်။

ယင်းအဋ္ဌကထာ၌ -အဟိံသက သတို့သားကို ဖွားမြင်ပုံ၊ ဖွားမြင်ချိန်၌ ထူးဆန်းသောဖြစ်ရပ်များ၊ တက္ကသိုလ်ပြည်၌ ပညာသင်ယူပုံ၊ တက္ကသိုလ်ဆရာကြီး၏ ဥပါယ်တမျည်၊ အင်္ဂုလိမာလဘဝ၊ အကျွမ်းမဝင်ထိုက်သူလေးယောက်၊ ဘုရားရှင် ကိုယ်တော်တိုင်ကြွ၍ တန်ခိုးပြပြီး ချွေချွတ်တော်မူပုံ၊ အင်္ဂုလိမာလ ရဟန်းပြုပုံ၊ ကောသလဘုရင်၏ ဥပါယ်တမျည်၊ အင်္ဂုလိမာလပရိတ်တော်ဖြစ်ပေါ်လာပုံနှင့် ရွတ်ဖတ်ပုံ၊ အကုသိုလ်ကံ၏ ပစ္စက္ခအကျိုးများ၊ ပါကဒါနကံလေးပါး၊ ရဟန်းတော်၏ ပရိဘောဂလေးမျိုး စသည်တို့ကို ဖွင့်ပြထားသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၀၁-၈။ မ၊မြန်၊၂၊၃၀၇-၃၁၃။ မ၊ဋ္ဌ၊၃၊၂၂၆-၂၃၇။ မ၊ဋီ၊၃၊၁၅၄-၉။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၄-ရာဇဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ