မောရသုတ်

ဝီကီပီးဒီးယား မှ

မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက မှလာသော ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခဲ့သည့် ဘုရားဂုဏ်တော်သစ္စာလေးပါးဂုဏ်တော်နှင့် ရဟန္တာဂုဏ်တော်တို့ကို ချီးကျူးကော်ရော်ပူဇော်သော ဂါထာဖြစ်သည်။ ဘုရားအလောင်းရွှေဥဒေါင်းမင်းသည် ဤဂါထာကို နေထွက်နေဝင် နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ရာ လာရောက်ဖမ်းယူရန် ကြိုးစားခဲ့သော မုဆိုးများ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှေဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်း ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်သဖြင့် အဖမ်းအဆီးအနှောင်အဖွဲ့ မှ လွတ်မြောက်ခဲ့ခြင်းကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များက မိမိတို့သည်လည်း အဖမ်းအဆီး အနှောင်အဖွဲ့ ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစေခြင်း အကျိုးငှါ ဤ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်ရွတ်ဖတ် ပူဇော်ကြသည်။ ဤ ပရိတ်တော်သည် ဗုဒ္ဓဘာသာဝင်များ ရွတ်ဖတ်ပူဇော်လေ့ရှိကြသည့် ပရိတ်ကြီး (၁၁) သုတ်တွင် (၅) သုတ်မြောက် ပရိတ်တော်ဖြစ်သည်။

ပါဠိဘာသာ မောရသုတ် ပရိတ်တော်[ပြင်ဆင်ရန်]

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

၁။ ပူရင်တံ ဗောဓိသမ်ဘာရေ

နိတ်ဗတ်တံ မောရ-ယောနိယံ

ယေန သံဝိဟိတာရက်ခံ

မဟာသတ်တံ ဝနေစရာ


၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။ ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။  စိရတ်သံ ဝါယမန်တာပိ၊

နေဝ သက်ခိမ်သု ဂန်နှိတုံ

ဗြန်မ-မန်တန်တိ အက်ခါတံ

ပရိတ်တံ တံ ဘဏာမ ဟေ


၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊

၃။ အုဒေတယံ စက်ခုမာ အေက-ရာဇာ

ဟရိတ်သ-ဝဏ်ဏော ပထဝိတ်ပ,ဘာသော

တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ

ပထဝိပ်ပ, ဘာသံ

တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ


၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။

၄။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ

တေ မေ နမော တေ စ မံ ပါလယန်တု

နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ

နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ

အိမံ သော ပရိတ်တံ ကတ်တဝါ

မောရော စရတိ အေသနာ


၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

၅။ အပေတယံ စက်ခုမာ အေက-ရာဇာ

ဟရိတ်သ-ဝဏ်ဏော ပထဝိပ်ပ,ဘာသော

တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ

ပထဝိပ်ပ-ဘာသံ

တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိမ်


၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။

၆။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ

တေ မေ နမော, တေ စ မံ ပါလယန်တု

နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ

နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ

အိမံ သော ပရိတ်တံ ကတ်တဝါ

မောရော ဝါသ'မ-ကပ်ပယိ


မောရသုတ္တံ နိဋ္ဌိတံ။

မောရ-သုတ်တံ နိတ်ထိတံ

ပရိတ်တော် မြန်မာပြန်[ပြင်ဆင်ရန်]

  1. သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦးဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။
  2. မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
  3. နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
  4. မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
  5. နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
  6. မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဉ့်အခါ၌ နေလေ၏။

ရွတ်ဖတ်ရခြင်း အကျိုး[ပြင်ဆင်ရန်]

ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

၁။ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ပရိတ်ကြီးနိဿယသစ် (ရန်ကုန်၊ မိခင်ဧရာဝတီ၊ ၁၉၉၉)၊ ၄၂၂-၃၂။