နဂါးငွေ့တန်း ဂယ်လက်ဆီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
နဂါးငွေ့တန်း ဂယ်လက်ဆီ
ESO-VLT-Laser-phot-33a-07.jpg
Paranal Observatory ကောင်းကင်အထက်မှ
နဂါးငွေ့တန်း၏ ဂယ်လက်တစ်ဗဟို
(လေဆာသည် တယ်လီစကုပ်အတွက် လမ်းပြကြယ်လုပ်ပေးသည်။)
လေ့လာရေး ဒေတာ
အမျိုးအစား Sb, Sbc, or SB(rs)bc[၁] (barred spiral galaxy)
အချင်းဝက် ၁၀၀–၁၈၀ kly (၃၁–၅၅ kpc)[၂]
စတီလာအချပ်ပြား၏အထူ ≈၂ kly (၀.၆ kpc)
ကြယ်အရေအတွက် ၂၀၀–၄၀၀ ဘီလီယံ (၃×၁၀၁၁ ±၁×၁၀၁၁)
သက်တမ်းအရင့်ဆုံးကြယ် ≥၁၃.၇ Gyr
ထုထည် ၀.၈–၁.၅×၁၀၁၂ M
ထောင့်ဖြတ် အဟုန် ×10၆၇ J s[၃]
ဂယ်လက်တစ်ဗဟိုသို့ နေ၏အကွာဝေး ၂၇.၂ ± ၁.၁ kly (၈.၃၄ ± ၀.၃၄ kpc)
ဂယ်လက်တစ်ဗဟိုသို့ နေ၏ပတ်လမ်းကြာချိန် ၂၄၀ Myr
ခရုပတ်လမ်း ကြာမြင့်ချိန် ၂၂၀–၃၆၀ Myr
ကားထွက်ခရုပတ်လမ်း ကြာမြင့်ချိန် ၁၀၀–၁၂၀ Myr
CMB အညွန်းဆီသို့ အမြန်နှုန်း ၅၅၂ ± ၆ km/s
နေဝန်းကျင်အနား လွတ်မြောက်အလျင် ၅၅၀ km/s
နေဝန်းကျင်အနား dark matter သိပ်သည်းမှု 0.0088+0.0024
-0.0018
Mpc-3 or 0.35+0.08
-0.07
GeV cm-3
အခြားကြည့်ရန်: ဂယ်လက်ဆီဂယ်လက်ဆီများ စာရင်း


နဂါးငွေ့တန်း ဂယ်လက်ဆီ (အင်္ဂလိပ်: Milkyway Galaxy) ဆိုသည်မှာ ကြယ်ပေါင်း ၁၀၀ ဘီလီယံကျော် ပါဝင်သော ဂယ်လက်ဆီ တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာတွင် မစ်ကီးဝေး ဂယ်လက်ဆီဟု ခေါ်ကြသည်။[၄][၅][၆][၇][၈] ကမ္ဘာ နှင့် နေ တို့မှာ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ပါဝင်သည်။[၉] နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အချင်းမှာ အလင်းနှစ် ၁ သိန်း ရှိသည်။ [၄] နဂါးငွေ့တန်း ဂယ်လက်ဆီကို ရှာဖွေ တွေ့ရှိမှုမှာ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင် ဒီမိုကရိတပ်မှ အစပြုခဲ့သည်။ [၉] နဂါးငွေ့တန်း ဂယ်လက်ဆီသည် ဝက်အူရစ်သဏ္ဌန် ဂယ်လက်ဆီ အမျိုးအစား ဖြစ်သည်။ ဂယ်လက်ဆီ အတွင်းတွင် ဂယ်လက်ဆီကြီး ၃ ခုနှင့် ပို၍သေးငယ်သော ဂယ်လက်ဆီအသေးစား ၃၀ ခု တို့ပါဝင်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးဆုံးဂယ်လက်ဆီမှာ အင်ဒရိုမီဒါ ဂလက်ဆီ ဖြစ်သည်။ ယင်း အင်ဒရိုမီဒါသည် Local Group ထဲတွင် အကြီးဆုံး ဂယ်လက်ဆီဖြစ်၍ နဂါးငွေ့တန်းမှာမူ ဒုတိယအကြီးဆုံး ဖြစ်သည်။

အတိုင်းအတာ[ပြင်​ဆင်​ရန်​]

ဂလက်ဆီတစ်ခုတွင် အကြမ်းအားဖြင့်ကြယ်ပေါင်း ကုဋေတစ်သိန်းခန့်ရှိ ပြီး ဓာတ်ငွေ့များနှင့်ပြီးသည်ဟု ယူဆနိုင်သည်။ ဂလက်ဆီပေါင်း ကုဋေတစ်သိန်းရှိသော အဖွဲ့အစည်းကို စကြာဝဠာဟုခေါ်သည်။ ရူပဗေဒ၏ဝေါဟာရအရ စကြာဝဠာမှာ ရုပ်လောကအတွက် အကြီးဆုံး အဖွဲ့အစည်းဟုမှတ်ယူရ မည်။ ဂလက်ဆီများ၏ အချင်းဝက် (အတိုင်းအတာ) ကို အလင်းလှိုင်း ဖြတ်သန်းရာတွင် ကြာရှိမည့် အချိန်တာနှင့်မှန်းဆ နိုင်သည်။ ဂလက်ဆီတစ်ဘက်စွန်းမှ ကျန်တစ်ဘက်စွန်းသို့ ဖြတ်သန်းသွားလာရန် အလင်းလှိုင်းသည် နှစ်ပေါင်း တစ်သန်းမျှ ကြာမည်ဖြစ်သည်။ စကြာဝဠာတစ်ဘက်စွန်းမှ အခြားတဖက်စွန်း သို့ရောက်ရှိရန်အတွက်မူ အလင်းလှိုင်း အတွက် နှစ်ပေါင်း ကုဋေတစ်ထောင် ကြာရှိမည်ဖြစ်သည်။ အလင်းလှိုင်းသည် တစ်စက္ကန့်တွင် ကီလိုမီတာပေါင်း တစ်သိန်းခန့် သွားနိုင်ပြီး အလင်းထက်မြန်သောလှိုင်း သို့မဟုတ် အမှုန်မှာရုပ်လောကတွင် မတွေ့ရှိရသေးပေ။ (တမိုင်မှာ တစ်ဒသမ ခြောက်ကီလို မီတာ ရှိသည်။) ကျွန်ုပ်တို့ နေအဖွဲ့အစည်းပါဝင်သော ဂလက်ဆီမှာနို့ရည်ဆမ်းဂလက်ဆီဟု ခေါ်သည်။ ကျွန်ုပ်တို့ နို့ရည်ဆမ်းဂလက်ဆီ သို့မဟုတ် မီလကီဝေး ဂလက်ဆီကို ပြင်ပမှနေ၍ လေ့လာ၍ မရသော်လည်း သွယ်ဝိုက်သောနည်းဖြင့် လေ့လာပြီးပုံဖော်ကြည်ရာ အင်ဒရိုမီဒါ ဂလက်ဆီပုံစံမျိုးဟု ယူဆကြသည်။ ဘေးတိုက်ကြည့်လျှင် ပန်းကန်ပြားပျံ ပုံစံမျိုးဖြစ်၍အထက်မှစီးကြည့်လျှင် စကြာပုံစံနှင့်တူသည်။ နေအဖွဲ့အစည်းကို ကျွန်ုပ်တို့ ဂလက်ဆီ၏ဗဟိုမှ တိုင်းတာမည်ဆိုပါလျှင် ဂလက်ဆီ၏ အချင်းဝက် သုံးပုံနှစ်ပုံခန့်အကွာအဝေးလောက်တွင် ရှိမည်ဖြစ်သည်။

ဂလက်ဆီ၏အချင်းဝက်ကို မိုင်အားဖြင့်ဖော်ပြရလျှင် ကုဋေ့ကဋေပေါင်းသောင်း ပေါင်းများစွာရှိမည်ဖြစ်သည်။ ဂဏန်းအားဖြင့် တစ်နောက်တွင် သုညအရေအတွက်ပေါင်း ၁၈ လုံးမျှရှိမည်ဖြစ်၏။ ဤမျှလောက်ကျယ်ပြောသော အတိုင်းအတာရှိ ဂလက်ဆီများအတွင်းနှင့် ဝန်းကျင်ရှိကြယ်များသည် တည်ငြိမ်မနေပဲ ရွေ့လျားလှည့်လည်နေကြသည်။ ဂယ်လက်ဆီ၏ ဗဟိုတွင်ကြယ်အများဆုံး စုစည်းသိပ်သည်း လျက်နေကြသည်။ အချို့ကြယ်များ၏ အလျင်မှာမြင့်မားပြီး အချို့မှာပမာဏအားဖြင့် သိပ်မကြီးလှသောနှုန်းများ ဖြင့် စက်ဝိုင်းပုံပတ်လမ်းများအတိုင်း ရွေ့လျားနေသည်ဟု ပညာရှင်များက လက်ခံထားကြသည်။ ဂလက်ဆီများမှာလည်း ယေဘုယျအားဖြင့် ပြန့်ကားသော သဘာဝကိုဆောင်ပြီး ရွေ့လျားနေကြသည်။ ဂလက်ဆီများ ရွေ့လျားပုံသည် ပူဖောင်းတစ်လုံးပေါ်ရှိ အစက်များသည် ပူဖောင်းလေသွင်း မှုတ်လိုက်သည့်အခါ တစ်ခုနှင့်တစ်ခု ပို၍ပို၍ ဝေးသွားသကဲ့သို့ ဖြစ်သည်။ ဂလက်ဆီများသည် ကြီးမားလွန်း၍ အမေရိကန် နက္ခတ္တဗေဒပညာရှင် ဟပ်ဗဲလ်က ကျွန်းစကြာဝဠာများဟု ခေါ်ခဲ့သည်။ ပဒေပညာသင်ပြီး ရှေ့နေလုပ်စားနေရာမှ နက္ခတ္တဗေဒပညာကို တက္ကသိုလ်တွင် ပြန်လည်ဆည်းပူးပြီး ပါရဂူဘွဲ့ကို ဆွတ်ခူးသူ ဟပ်ဗဲလသည် ၁၉၂ဝ ပြည့်နှစ်မှစ၍ ဂလက်ဆီများကို အထူးပြုပြီး လေ့လာခဲ့လေသည်။ ဟပ်ဗဲလ်၏ လေ့လာမှုသည် အခြေခံကျလှပြီး ဂယ်လက်ဆီများ သဘာဝ သာမက စကြာဝဠာ၏ ပြန့်ကားနေကြောင်းကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ အမေရိကန်ပြည် ဝီလဆင်တောင်ထိပ်၌ တည်ရှိသော လက်မတစ်ရာရှိ အဝေးကြည့်မှန်ပြောင်းနှင့် ပလိုမာတောင်ထိပ်ပေါ်၌ရှိသော လက်မနှစ်ရာရှိ အဝေးကြည့် မှန်ပြောင်းများကို အသုံးပြုခဲ့သည်။


ဂလက်ဆီအမျိုးအစားနှင့် ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

နဂါးငွေ့တန်းအား ဆဂိတိရစ် ကြယ်စုတန်းဆီသို့ မျက်နှာမူကာ မြင်တွေ့ရပုံ

ဂလက်ဆီများကို အီလစ်ပုံစံသို့မဟုတ် စက်လုံးပုံစံဟူ၍ ဖော်ပြလေ့ရှိကြသည်။ စက်လုံးပုံစံမှ တဖြည်းဖြည်းပြားသွားသည့် ပုံစံများကို ဘဲဥပုံစံဟူ၍ သတ်မှတ်ကြသည်။ ကျွန်ုပ်တို့၏ ဂလက်ဆီမှာမှု စကြာသဏ္ဌာန် ဂလက်ဆီမျိုး ဖြစ်သည်။ စကြာဝဠာ အတွင်းရှိ ဂလက်ဆီအချို့မှာ ကြီးလွန်းလှ၍ မဟာဂလက်ဆီဟူ၍ပင် ခေါ် ကြသည်။ ဂလက်ဆီအချို့မှာ ပြင်းအားမြင့် ရေဒီယိုလှိုင်းများ ထုတ်လွှတ်ကြ၍ ရေဒီယိုဂယ်လက်ဆီဟု ခေါ်ဆိုကြသည်။ စကြာဝဠာအကြောင်း လေ့လာသည့်အခါ ဂလက်ဆီမှစ၍ ဂလက်ဆီမှာပဲ ဆုံးသည်ဟု နက္ခတ္တ ရူပဗေဒပညာရှင်မျာက ပြောစမှတ် ပြုကြသည်။ ဤမျှလောက် အရေးကြီးလှသော နက္ခတ္တ အဖွဲ့အစည်းများမည်သို့ ပေါက်ဖွားလာသည်ကိုကား တိကျစွာမသိရှိရသေးပေ။

စကြာဝဠာအစနှင့် ပြန့်ကားပုံစံမှာ ဂလက်ဆီ ဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ် လျက်ရှိသည်။ စကြာဝဠာအစကို ရူပဗေဒနှင့် နက္ခတ္တဗေဒ ပညာရှင်များက ဤသို့ လတ်တလော လက်ခံယူဆကြသည်။ စကြာဝဠာအစတွင် သိပ်သည်းမှုအနန္တတန်ဖိုးဆောင် အဖွဲ့အစည်းတခုရှိပြီး ယင်းအဖွဲ့အစည်း၏ ပေါက်ကွဲမှုမှ စကြာဝဠာပေါက်ဖွားလာသည်။ ပေါက်ကွဲမှုမှာ ကြီးမားလွန်းလှ၍ မဟာပေါက်ကွဲမှု ဟုခေါ်သည်။ မဟာပေါက်ကွဲမှုဖြစ်ပွားပြီး ပထမစက္ကန့် တစ်ရာလောက်တွင် အခြေခံအမှုန်အချို့နှင့် ရောင်ခြည်သာရှိပြီး အပူချိန်မှာ ပကတိ အပူချိန်ဒီဂရီ ကုဋေတစ်သန်းခန့်ရှိပြီး စက္ကန့်တစ်ရာမှ တစ်ထောင်အတွင်း လောက်တွင် နယူကလိယိုဆင်သစစ်ခေါ် နယူကလိယ ပေါင်းစပ်မှုများ ဖြစ်ပေါ်ပြီး အက်တမ်နံပါတ်ငယ် ဒြပ်စင်အချို့၏ နယူကလိများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ထိုအခါ အပူချိန်မှာ ပကတိအပူချိန် ကုဋေတစ်ထောင်လောက်ရှိမည်ဖြစ်သည်။ ဒြပ်သား များနှင့်ရောင်ခြည်သည် မဟာပေါက်ကွဲမှုစသည်မှ အနှစ်တစ်သိန်းခန့် တွဲနေခဲ့ပြီးမှ အပူချိန်ဒီဂရီတစ်သောင်း လောက်တွင်စ၍ ကွဲထွက်သွားသည်။ ယင်းအချိန်မှစ၍ ရောင်ခြည်မှာပျံ့လွင့်လာရာ ယခုစကြာဝဠာသက်တမ်း နှစ်ပေါင်း ကုဋေတစ်ထောင်ရှိသည့်အခါတွင် ပကတိအပူချိန် ၄ ဒီဂရီသို့ ကျဆင်းလျက် ရှိနေမည်ဖြစ်သည်။ ယင်းရောင်ခြည်လှိုင်း (မိုက်ခရိုလှိုင်း)ကို အမေရိကန် ရူပဗေဒပညာရှင် ပင်းဇီးယပ်နှင့် ဗီလဆင်တို့က၁၉၆၅ ခုနှစ်တွင် တွေ့ရှိထားပြီးဖြစ်သည်။ ယင်းသို့ မဟာပေါက်ကွဲမှုမှ စတင်သည့် ပြန့်ကားမှုကြောင့် စကြာဝဠာ၏ အချို့ဒေသတွင် ဒြပ်သားများသည် ကျွန်းများသဖွယ် စုစည်းလျက်ကျန်ရစ်ခဲ့ကြသည်။ ယင်းကျွန်းများကို ယခုအခါဂလက်ဆီများဟု လေ့လာတွေ့ရှိရသည်။

နဂါးငွေ့တန်း ဂယ်လက်ဆီကို ပန်းချီဆရာများမှ ပုံဖော်ထားပုံ

ဂလက်ဆီများတွင် ကြယ်များအပြင် ကောစမစ်မြူမှုန်များ၊ ဓာတ်ငွေ့များရှိကြသည်။ ကောစမစ်မြူမှုန့်များမှာ ကာဗွန်အက်တမ်များနှင့် ရေခဲများပါဝင်ကြောင်း သိရှိကြရသည်။ ဖြူဖွေးသော ဓာတ်ငွေ့များမှာ ပေါ်လွင်လှ၍လည်း နဂါးငွေ့လမ်းကြောင်း၊ နို့ရည်ဆမ်းလမ်းကြောင်းဟူ၍ ခေါ်ဆိုကြသည်။ သို့ရာတွင် ဂလက်ဆီ ဟူ၍ တိကျသောဝေါဟာရကိုသာ အသုံးပြုရန် သင့်လျော်ပေသည်။ ကြယ်များတွင်သာ ကာဗွန် (ဂရာဖိုက်)နှင့် အောက်ဆီဂျင် တို့ကို ဖော်ထုတ်နိုင်သည်။ ကောစမစ်မှုန်တို့တွင်ပါဝင်သော ရေနှင့် ကာဗွန်တို့မှာ ကြယ်မဖြစ်ပေါ်ခင် ရှိဖွယ်ရာဖြစ်၍ ရှင်းပြနိုင်ခြင်းမရှိပဲ အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ကွေဆာ၊ ပါလာဆာနှင့် တွင်းနက်တို့အား ၁၉၆၅ ခုနှစ် နှောင်းပိုင်းလောက်တွင် စကြာဝဠာ၏ ဝေးလံသောဒေသများ၌ တည်ရှိပြီး စွမ်းအင်ဖြာထွက်မှု ပြင်းထန်လှသော ကွေဆာခေါ် အလွန်တောက်ပသော ဂလက်ဆီများကို အမေရိကန် နက္ခတ္တဗေဒပညာ ရှင် ရှမစ်(ခ)နှင့် ဆန့်ဒေဂျတို့၏ လုပ်ငန်းများမှ ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့သည်။ ယင်း ဂလက်ဆီများမှ စွမ်းအင် ဖြာထွက်မှုများ၏ ပင်မမှာ ဒြပ်ဆွဲပြိုဖျက်မှု ရရှိသည်ဟု နက္ခတ္တရူပဗေဒ ပညာရှင်များက ယူဆကြသည်။

နျူကလီးယားပင်မမှ ယင်းမျှလောက်စွမ်းအင်ကို မထုတ်ပေးနိုင်ပေ။ အချို့ပညာရှင်များကမူ စွမ်းအင်ထုတ်လုပ်သည့်ပုံစံမှာ ကွေဆာများ၏ဗဟိုတွင် ပါလာဆာ သို့မဟုတ် တွင်းနက်များရှိပြီး ယင်းပါလာဆာခေါ် နယူထရွန်ကြယ်များ လည်ပတ်ရွေ့လျားမှုကြောင့် တစ်စိတ်တစ်ဒေသ စွမ်းအင်ဖြာထွက်မှု ဖြစ်ပေါ်စေသည်ဟူ၍ လည်းကောင်း၊ စွမ်းအင်မှန်သမျှစုပ်ယူနိုင်သော တွင်းနက်ကြီးများထဲသို့ ဒြပ်သားများကျဆင်းသွား၍ အဲလ်ဘတ် အိုင်းစတိုင်း၏ ညီမျှခြင်းအရစွမ်းအင်များ ရရှိသည်ဟူ၍လည်းကောင်း ဟောကိန်းထုတ်ကြသည်။ ယင်း ပြဿနာများနှင့် ရင်ဆိုင်နေရစဉ်ပင် ၁၉၇၈ ခု၊ နှောင်းပိုင်းအထိ မြောက်မြားစွာသောဂလက်ဆီနှင့် ဆင်တူအဖွဲ့အစည်းများကို တွေ့ရှိခဲ့ကြရ၍ ပညာရှင်များ အခက်ကြုံနေကြရသည်။ အခိုင်အမာသိရှိပြီးသောအချက်များမှာ ပလာဆာများသည် လည်ပတ်နေသော နျူထရွန်ကြယ်များဖြစ်ကြောင်း၊ကွေဆာများမှာ တကယ်ပင်စွမ်းအင်ဖြာထွက်မှုမြင့်မားပြီး စကြာဝဠာအစွန်း၌ရှိသော ဂလက်ဆီ သို့မဟုတ် နက္ခတ္တဝတ္ထုများ ဖြစ်ကြောင်း၊ဂလက်ဆီများမှာ တစ်ခုနှင့်တစ်ခု ဝေးသထက်ဝေးသွားစေသော ရွေ့လျားမှုမျိုး အမှန်တကယ် ရှိကြောင်းတို့ဖြစ်သည်။ စောဒကတက်နေကြဆဲ ပြဿနာမှာလက်တွေ့အားဖြင့် တိကျစွာ မတွေ့ရှိရသော်လည်းအထောက်အထားများကို တွေ့ရှိထားသော တွင်းနက် ပြဿနာဖြစ်လေသည်။ ယခုအခါ ဂယ်လက်ဆီတိုင်းရဲ့အလယ်ဗဟိုတွင် အင်အားကြီး တွင်းနက် (Supermassive blackhole) တစ်ခုစီရှိကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါသည်။[၁၀]

ညဘက်ကောင်းကင်တွင် နဂါးငွေ့တန်းကြယ်စုတန်း သွယ်တန်းနေသောပုံ

အခြား ကြည့်ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Classification of the Milky Way GalaxySEDS (August 26, 2005)။ 2015-05-30 တွင် ပြန်စစ်ပြီး။
  2. Hall၊ Shannon (2015-05-04)။ Size of the Milky Way Upgraded, Solving Galaxy Puzzle။ Space.com။ 2015-06-09 တွင် ပြန်စစ်ပြီး။
  3. Double Galaxies §7.1။ Izdatel'stvo Nauka။ 5 April 2015 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ The Milky Way Galaxyseds.org။ Archived from the original on 20 April 1999။ 5 August 2010 တွင် ပြန်စစ်ပြီး။
  5. The Milky Way Galaxycass.ucsd.edu။ 5 August 2010 တွင် ပြန်စစ်ပြီး။
  6. NASA - Galaxynasa.gov။ 5 August 2010 တွင် ပြန်စစ်ပြီး။
  7. 01.09.2006 - Milky Way Galaxy is warped and vibrating like a drumberkeley.edu။ 5 August 2010 တွင် ပြန်စစ်ပြီး။
  8. How Many Stars are in the Milky Way?universetoday.com။ 5 August 2010 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Milky Way, Discover of Milky Way, Milky Way Galaxy at SPACE.comspace.com။ 5 August 2010 တွင် ပြန်စစ်ပြီး။
  10. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]