စိုးဝင်း (ဝန်ကြီး)
စိုးဝင်း | |
---|---|
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၂၈ နိုဝင်ဘာ ၂၀၁၉ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးဝင်းမြင့် |
ယခင်လူ | ကိုယ်တိုင် |
ဆက်ခံသူ | ဦးဝင်းရှိန် |
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၃၁ မေ ၂၀၁၈ – ၂၈ နိုဝင်ဘာ ၂၀၁၉ | |
ယခင်လူ | ဦးကျော်ဝင်း |
ဆက်ခံသူ | ကိုယ်တိုင် |
စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး[၁] | |
တာဝန်သက်တမ်း ၃၀ ဇူလိုင် ၂၀၁၉ – ၂၈ နိုဝင်ဘာ ၂၀၁၉ | |
ယခင်လူ | ဦးခင်မောင်ချို |
ဆက်ခံသူ | ကိုယ်တိုင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မော်လမြိုင်မြို့၊ ဗြိတိသျှဘားမား | ဒီဇင်ဘာ ၁၃၊ ၁၉၃၈
လူမျိုး | မြန်မာ |
ဦးစိုးဝင်း သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန တို့၏ ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်ပြီးနောက် ဝန်ကြီးဖြစ်လာသူဖြစ်သည်။ ဝန်ကြီးဖြစ်လာချိန်တွင် အသက် (၈၀) အရွယ်ရှိပြီဖြစ်သဖြင့် ဦးဝင်းမြင့်အစိုးရအဖွဲ့အတွင်း အသက်အကြီးဆုံးသူ ဖြစ်လာခဲ့သည်။[၂] စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးနောက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ထိန်းသိမ်းခံခဲ့ရသည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးစိုးဝင်းကို ၁၉၃၈ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်သည်။ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာဘွဲ့များ ရရှိခဲ့သည်။ [၁]
အလုပ်အကိုင်
[ပြင်ဆင်ရန်]ဦးစိုးဝင်းသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းတွင် (၄၅)နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ အစိုးရပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အထွေထွေ မန်နေဂျာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးအကြံပေးကုမ္ပဏီ ဒီလွိုက်၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည်။[၁]ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုစီးပွားရေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သည်။
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၁၈ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းပြီးနောက် ဦးကျော်ဝင်း နုတ်ထွက်ခဲ့ရသည်။ ထို့နောက် ဝန်ကြီးအသစ်အဖြစ် ဦးစိုးဝင်းအား နိုင်ငံတော်သမ္မတက အဆိုပြုခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ရာ ၂၀၁၈ခုနှစ် မေလ ၃၁ရက်နေ့တွင် ဦးစိုးဝင်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။[၃] ၂၀၁၉ခုနှစ် ဇူလိုင်လတွင် စက်မှု ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးခင်မောင်ချို နုတ်ထွက်ခဲ့ရပြီးနောက် ဦးစိုးဝင်းသည် စက်မှုဝန်ကြီးဌာနကိုပါ ပူးတွဲကိုင်တွယ်ခဲ့ရသည်။[၄]၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပူးပေါင်းခဲ့ပြီး ဦးစိုးဝင်းက ကိုင်တွယ်ခဲ့သည်။[၅] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် အစိုးရလျို့ဝှက်ချက်များ အက်ဥပဒေနှင့် တရားစွဲဆိုခံထားရသည်။ [၆]
ဦးစိုးဝင်းတရားစွဲဆိုခံထားရသော နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာ ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်၊ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းတို့နှင့် ပူးတွဲ စွဲဆိုခံထားရသော အမှုဖြစ်သည်။[၇]
အမှုရင်ဆိုင်နေရဆဲကာလတွင် ဦးစိုးဝင်းသည် အူမကြီးကင်ဆာရောဂါ ဝေဒနာကြောင့် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။[၈] တရားရုံးတော်က ဦးစိုးဝင်းအား ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၂ ဇန်နဝါရီ ၂၇ရက် ရုံးချိန်းတွင် အာမခံပေးခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရဆဲ ဝန်ကြီးဟောင်းများထဲ ပထမဦးဆုံးအာမခံရသူ ဖြစ်လာခဲ့သည်။[၉]
၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းအား မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့သည်။
၎င်းနှင့်အတူ ပူးတွဲတရားစွဲဆိုခံရသည့် ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း ထောင် ၃နှစ်ကျခံခဲ့ရသည်ကိုတွေ့ရသည်။[၁၀]
ရမည်းသင်းထောင်တွင်း အကျဉ်းချခံနေရသော ဦးစိုးဝင်းကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၈ရက်တွင် စစ်ကောင်စီက ပြန်လွတ်ပေးသည်။ [၁၁] [၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ စက်မှုဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်။
- ↑ စီမံ ဘဏ္ဍာ ဝန်ကြီးသစ် ဘယ်ကဏ္ဍတွေကို အာရုံစိုက် ကိုင်တွယ်ဖို့ လိုလဲ။
- ↑ ဦးစိုးဝင်းကို စီမံဘဏ္ဍာဝန်ကြီးအဖြစ် သမ္မတနှင့် လှတ်တော် အတည်ပြု။
- ↑ ဝန်ကြီးဌာန နှစ်ခုကို ပေါင်းမယ်။
- ↑ ဝန်ကြီးဌာန ၂ ခုကို ပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဟု ပြောင်းလဲ။
- ↑ အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှု ဦးစိုးဝင်း၏ကျန်းမာရေး မကောင်းသဖြင့် စစ်ဆေးခဲ့ခြင်းမရှိ။
- ↑ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေး (in my)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဖမ်းဆီးခံ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်ကုသမှုခံယူရ (23 ဒီဇင်ဘာ 2021)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ခွဲစိတ်ကုသမှု ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံ ရ (27 ဇန်နဝါရီ 2022)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်။ BBC Burmese (၂၃ ဇွန်၂၀၂၁)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD အစိုးရ လက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်လာ။ RFA (၂၉ အောက်တိုဘာ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်။ ဧရာဝတီ (၂၉ အောက်တိုဘာ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။