ကျီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျီး Crow
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
Animalia
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:

ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော ငှက်များတွင် ကျီးသည် ရှောင်၍မလွတ်၊ နေရာတကာတွင် တွေ့မြင်ရသောငှက် ဖြစ်သည်။ ငှက်အပေါင်းတွင် ကျီးသည် လူ့လောကနှင့် အနီးကပ်ဆုံးဟု ဆိုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့လူအချင်းချင်း စကားပြောရာတွင်၊ 'ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ'၊ 'နတ်ကရာ ကျီးမော့'စသည်ဖြင့် ပြောဆို သုံးစွဲကြသည်။ ကျီးပါဝင်သော ပုံဝတ္ထုများတွင် အထင်ရှားဆုံးကား ဘုရားဟော တိကနိပါတ် ဥလူကဇာတ်၌ ပါရှိသော ကျီးနှင့် ခင်ပုပ်၏ ကမ္ဘာရန်အကြောင်းပင်တည်း။

ကမ္ဘာဦး၌ လူများ၊ ခြေလေးချောင်းတိရစ္ဆာန်များ၊ ငါးများသည် စည်းဝေးကြ၍၊ မဟာသမတ၊ ခြင်္သေ့၊ ငါးကြီး အာနန္ဒာတို့ကို အသီးသီး မိမိတို့ဆိုင်ရာဆိုင်ရာ မင်းမြှောက်ကြရာ၊ ငှက်များကလည်း အားကျမခံ မင်းမြှောက်ရန် စည်းဝေးကျင်းပကြသည်။ အစည်းအဝေးတွင် ငှက်များက ခင်ပုပ်ငှက်ကို မင်းမြှောက်ရန် သဘောတူညီကြ၏။ ထို့နောက် အားလုံး သဘောတူညီချက်ရရန် ကန့်ကွက်သူရှိမရှိ သုံးကြိမ်တိုင်တိုင် မေးလေရာ နောက်ဆုံးအကြိမ်တွင် ကျီးတစ်ကောင်က 'ခင်ပုပ်ငှက်သည် အမျက်မထွက်မီကပင် ကြောက်မက်ဖွယ် မျက်နှာရှိသည်။ အမျက်ထွက်သည့်အခါတွင်မူ ဆိုဖွယ်ရာရှိတော့မည်မဟုတ်' ဟု ကန့်ကွက်သဖြင့် ခင်ပုပ်ငှက် လည်း မင်းမဖြစ် တော့ဘဲ၊ ထိုအခါမှစ၍ ကျီးနှင့် ခင်ပုပ်ငှက်တို့သည် ကမ္ဘာရန် ဖြစ်လာကြသည်ဟု ဆိုလေသည်။ ကျီးသည် ပါဏဗေဒအရ ကော်ဗီဒီဟူသော မျိုးရင်းတွင် ပါဝင်၍ ထိုမျိုးရင်းတွင် ဗွက်ကုလားတောကျီးကျီးအနှင့် သပိတ်လွယ်ရင်ကျား စသည့်ငှက်မျာလည်း ပါဝင်သည်။


ကျီးဟုဆိုရာတွင် ဤနေရာ၌ မြို့ကျီးဟုခေါ်ကြသော ကျီးမျိုးကို ဆိုလိုသည်။ ကျီးသည်အလျား ၁၈ လက်မခန့်ရှိ၍ အမွှေးအတောင်နက်သည်။ သို့ရာတွင် သဘာဝ၏ဆန်းကြယ်သော သဘောကြောင့် တစ်ခါတစ်ရံ ဩစတြေးလီးယားတိုက်ကဲ့သို့သော ဒေသ၌ ကျီးဖြူကို တွေ့ရတတ်သည်။ ကျီးသည် အခြားငှက်များကဲ့သို့ ထူးထူးထွေထွေ မမြည် တတ်ဘဲ၊ အားအားဟူ၍သာ အော်တတ်သည်။ နေ့လယ်နေ့ခင်း အိမ်အနီးအပါးတွင် ကျီးတစ်ကောင်တည်း သာယာစွာ မြည်လာလျှင် ကျီးသာသည်ဟု ဆိုကြသည်။ မြို့ကျီး၏ မြည်သံသည် တောကျီးသံကဲ့သို့ စူးရှမာကျောခြင်းမရှိချေ။ ကျီးမျိုးတွင် မြို့ကျီးနှင့် တောကျီးဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ မြို့ကျီးမှတစ်ပါး ကျန်ကျီးများကို တောကျီးဟု ခေါ် ကြသည်။ တောကျီးသည် မြို့ကျီးနှင့် ဆင်တူသော်လည်း ကိုယ်ထည်မှာ အနည်းငယ်ပို၍ ကြီးမားသည်။ နှုတ်သီးလည်း အနည်းငယ်ပို၍ တုတ်သည်။ အလျားမှာ လက်မ ၂ဝ မှ ၂၂ လက်မအထိ ရှည်သည်။ နှေးနှေးနှင့် ဖြောင့်ဖြောင့်ပျံတတ်ပြီး တောင်ပံကို မှန်မှန်ရိုက်တတ်သည်။ အတောင်များသည် မြို့ကျီး၏ အတောင်များထက် သိသိသာသာ ကြီးမားပြီး အနည်းငယ်ကျဲသည်။ အရောင်မှာမူ မြို့ကျီးနှင့်မခြား နက်ကျောလေသည်။ မြို့ကျီးကဲ့သို့ပင်၊ အား အားဟု အော်တတ်သော်လည်း တောကျီးကန်း၏အသံသည် တစ်ခါတစ်ရံ ခက်ထန်၍ တစ်ခါ တစ်ရံတွင် သာယာနာပျော်ဖွယ် ကောင်းသည်။ အလွန်ပူပြင်းသောနေ့လယ်အခါများတွင် အရိပ်ကောင်းသော သစ်ကိုင်းများတွင် နားကာ အာလုပ်သံကြီးနှင့် ပျင်းရိဘွယ် 'မ - -ဝါ၊ မ - -ဝါ'ဟု အော်တတ်သည်။ တောကျီးများသည် အဓိပ္ပါယ် တစ်မျိုးစီရှိသော အသံသုံးလေးဆယ်နှင့် အချင်းချင်း ဆက်သွယ်လေ့ ရှိကြသည်။ တောကျီးဟုဆိုရစေကာ ထိုငှက်များသည် တောထဲတွင်သာမနေဘဲ မြို့နီးချုံစပ်များသို့လည်း လာရောက်ကြသေးသည်။ တောကျီးတို့သည် အုပ်အသင်းဖွဲ့ကာ နေတတ်၍ နံနက်စောစော အသိုက်မှထလာပြီးလျှင် နေဝင်ဆည်းဆာတွင် အိပ်တန်းတက်ကြသည်။

တောကျီးသည် အခြားမျိုးတူငှက်များကဲ့သို့ မြေပြင်တွင် ကျက်စားသော တွေ့ရာစား ငှက်မျိုးဖြစ်သည်။ လူတို့စွန့်ပစ်သော စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များ၊ အစေ့မဲ့သီးများ၊ ကြွက်ကြောင်စသော နို့တိုက် တိရစ္ဆာန်ကလေးများ၊ အသေကောင်ပုပ်များကို စားလေ့ရှိသည်။ အထူးသဖြင့် ငှက်ဥများနှင့် ပေါက်ခါစငှက် ကလေးများကို ဖျက်ဆီးစားသောက် တတ်သည်။ ထို့ကြောင့်တောကျီးကန်းကို ငှက်တို့၏ရန်သူ အမှတ် ၁ ဟု ခေါ်ထိုက်သည်။ ဆိုးသွမ်းသော အခြားအကျင့် တစ်ရပ်မှာ သေခါနီးတိရစ္ဆာန်၏ မျက်လုံးကို ဖောက်စားတတ်ခြင်း ဖြစ်သည်။ မိတ်လိုက်ချိန် ဖြစ်သော ဖေဖေါ်ဝါရီလတွင် ငှက်ဖို၏ အမူအရာမှာ အလွန်ထူးခြားသည်။ ထိုအချိန်တွင် ငှက်မ၏ ရှေ့တွင် ခြေကလေးမြှောက်ကာ၊ ခေါင်းကလေးငုံ့ကာ၊ အတောင်ဖြန့်ကာ၊ အမြီးကြွကာနှင့် ငှက်မကို မြူတတ်သည်။ တစ်ခါတစ်ရံတွင် ငှက်ဖိုသည် မိမိသဘောကျသောငှက်မထံသို့ အစာကိုချီ၍ လာတတ်သည်။ ငှက်မက ကြိုက်လျှင် လက်ခံ၏။ အဖိုနှင့်အမသည် ရာသက်ပန် တွဲဖက်နေထိုင်လေ့ရှိသည်။ မတ်လမှ မေလအထိသည် တောကျီးကလေးများ ပေါက်ချိန်ဖြစ်သည်။ တစ်မြုံလျှင် အများအားဖြင့် ၄ ဥ မှ ၅ ဥ အထိ ရှိ၍ တစ်ခါတစ်ရံ ၆ ဥ ရှိသည်။ ဥမှာ ရှည်မျောမျောဖြစ်ပြီး အခွံမှာ ချောမွတ်သည်။ တောကျီးကန်းကို မြန်မာနိုင်ငံ၌ ကွင်းပြင်များ၊ တောင်ခြေများနှင့် တောင်မြင့်များတွင် လှည့်လည် ကျက်စားလျက်ရှိသည်ကို အနှံ့အပြား တွေ့နိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)