ရေနွေးငွေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရေနွေးငွေ့ဆိုသည်မှာ အရည်ဘဝမှ အငွေ့ဘဝသို့ ပြောင်းလဲသွားသော ရေပင်ဖြစ်သည်။ ရေနွေးငွေ့သည် အမှန်စင်စစ် အရောင်မရှိသည့်အတွက် မျက်စိဖြင့် မမြင်နိုင်ချေ။ ရေနွေးငွေ့ကို မမြင်နိုင်ဟု ဆိုသဖြင့် အချို့က အံ့ဩမိပေမည်။ ရေဆူလျက်ရှိစဉ် ရေနွေးကရားနှုတ်သီးမှ ထွက်နေသော အဖြူရောင် အခိုးအငွေ့များသည် ရေနွေးငွေ့များ မဟုတ်ကြပေ။ လေအေးနှင့် တွေ့၍ အရည်ပြန်ဖြစ်သော ရေမှုန်ကလေးများသာ ဖြစ်ကြပေသည်။ ရေနွေးကရားနှုတ်သီးကို အသေအချာကြည့်လျှင် အဖြူရောင် ရေနွေးငွေ့တို့သည် နှုတ်သီးဖျားမှ စတင်ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ၊ တစ်လက်မခန့်ကွာသည့် နေရာသို့ရောက်မှ ဖြစ်ပေါ်ခြင်းဖြစ်သည်ကို တွေ့ရပေမည်။ နှုတ်သီးဖျားနှင့် အဖြူရောင် ရေငွေ့တို့၏ စပ်ကြားတွင်ကား မျက်စိဖြင့် မြင်နိုင်သည့်အရာဟူ၍ မရှိချေ။ သို့သော် တစ်ခုခု လှုပ်ရှားလျက်ရှိသည်ကိုမူ သိရ၍ ထိုတစ်ခုခုမှာ ရေနွေးငွေ့အစစ်ပင် ဖြစ်လေသည်။

ရေဆူခြင်းကြောင့်ဖြစ်စေ၊ ရေငွေ့ပျံခြင်းကြောင့် ဖြစ်စေရေနွေးငွေ့သည် ဖြစ်ပေါ်ရ၏။ ရေသည် သာမန်အပူချိန်များ၌လည်း အငွေ့ပျံလျက် ရှိပေသည်။ ရေဆူရာမှ ဖြစ်ပေါ်လာသော ရေနွေးငွေ့သည် ဆူနေသည့်ရေနှင့် အပူချိန်ချင်း တူညီသည်။ ထိုကြောင့် အလွန်ပူ၏။ ရေငွေ့ပျံရာမှ ဖြစ်ပေါ်လာသော ရေငွေ့မှာ မပူချေ။ သို့သော် ယေဘုယျအားဖြင့် ရေနွေးငွေ့ဟု ဆိုရာ၌ ပူသောရေနွေးငွေ့ကိုသာ ဆိုလိုကြပေသည်။

ရေဆူချိန်အမှတ်နှင့် ရေပေါ်၌ ကျရောက်ဖိနှိပ်ထားသော လေထုဖိအားတို့သည် တစ်ခုနှင့်တစ်ခု တိုက်ရိုက် ဆက်သွယ်လျက် ရှိသည်။ လေထုဖိအားများလျှင် ရေသည် အပူချိန် အတော်မြင့်မှ ဆူ၍၊ဖိအားနည်းလျှင် အဆူမြန်သည်။ တစ်နည်းအားဖြင့် လေထုဖိအားများလျှင် ရေဆူချိန်အမှတ်မြင့်၍၊ ဖိအားနည်းလျှင် ရေဆူချိန်အမှတ် နိမ့်လေသည်။ ထိုကြောင့် ရေသည် သာမန်အားဖြင့် လေထုဖိအားများသော ပင်လယ်ပြင်ညီ အရပ်၌ စင်တီဂရိတ် ဒီဂရီ ၁ဝဝ (သို့မဟုတ် ဖာရင်ဟိုက်ဒီဂရီ ၂၁၂) တွင် ဆူသော်လည်း တောင်ထိပ် စသော မြင့်မားသည့် အရပ်တို့၌ ဖိအားနည်းသည့်အတွက် ရေဆူချိန်အမှတ်သည် လျော့သွားသည်။ သို့ဖြစ်၍ မြင့်မားသောအရပ်များ၌ ဖိအားနည်းသည့် အတွက် ရေဆူချိန်အမှတ်သည် လျော့သွားသည်။ သို့ဖြစ်၍ မြင့်မားသော အရပ်များ၌ ဟင်းသီးဟင်းရွက် သားငါးများကို ချက်ပြုတ်သောအခါ အချိန်ကြာကြာ ချက်ပြုတ်ရလေသည်။ အပူချိန်မြင့်မြင့်နှင့် ချက်ပြုတ်ရသောစားစရာ သောက်စရာ များတွင် အနံ့အရသာ ပြောင်းလဲပျက်စီး သွားတတ်သည်။ ထိုကြောင့် နို့ဆီနှင့် နို့စိမ်းများ ပြုလုပ်ရာတွင် ပလာနယ်ဒယ် ဟု ခေါ်သော ဒယ်တစ်မျိုးဖြင့် ကျိုချက်လေ့ရှိကြသည်။ ပလာနယ်ဒယ်တွင် ရှိမြဲဖိအားထက် လျော့အောင် တစ်မျိုးတစ်ဖုံ စီမံ ထားရာ ထိုဒယ်မျိုးဖြင့် ကျိုချက်သောအခါ အပူချိန်နည်းနည်း နှင့်ပင် ရေခန်းခြောက်သွားသည့်အတွက် အနံ့အရသာကို ထိခိုက်စေခြင်း မရှိချေ။

ရေသည် ဆူချိန်ရောက်ပြီးနောက် နေနွေးငွေ့ ဖြစ်သွားသောအခါ အပူငုပ်ဟု ခေါ်သော အပူစွမ်းအင်ကို သယ်ဆောင်သွား၍၊ ရေနွေးငွေ့အဖြစ်မှ ရေအဖြစ်သို့ ပြန်ပြောင်းသောအခါ ထိုအပူကို ပြန်၍ပေးသည်။ ရေနွေးငွေ့ပိုက်များဖြင့် အိမ်ရာ အဆောက်အအုံများကို နွေးအောင် ပြုလုပ်ထားသောသဘောမှာ ဆိုခဲ့သည့် အတိုင်း မီးဖိုများ၊ ဗွိုင်လာများမှ ရယူခဲ့သော အပူစွမ်းအင်ကို ပြန်လည်ထုတ်ပေးစေခြင်းပင် ဖြစ်လေသည်။ ဆူနေသည့် ရေနှင့်စာလျှင် ဖြစ်ပေါ်လာသော ရေနွေးငွေ့ သည် အရွယ်ထုအားဖြင့် အဆပေါင်း ၁၆၇ဝ မျှ ကြီးမားလာသည်။ ထိုရေနွေးငွေ့ကို ထပ်မံအပူတိုက်ပေးလျှင် ထိုထက်ပင် အရွယ်ထုပိုပြီး ကြီးမားလာနိုင်ပေသည်။ တစ်နည်းအားဖြင့် ဆိုသော် ရေနွေးငွေ့၌ ကြီးထွားကားထွက်နိုင်သည့် အရည်အချင်း ရှိ၍ ရေနွေးငွေ့စက်တို့ ဆောက်လုပ်ထားပုံမှာ ဤအချက်ကို အခြေပြု၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)