သဇင်ပန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သဇင်ပန်း
Bulbophyllum auricomum - Curtis' 130 (Ser. 3 no. 60) pl. 7938 (1904).jpg
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးစု:
ဒွိနာမ
Bulbophyllum auricomum
Lindl. (1830)
Synonyms
  • Dendrobium tripetaloides Roxb. (1832)
  • Bulbophyllum foenisecii E.C.Parish ex Rchb.f. (1865)
  • Phyllorkis auricoma (Lindl.) Kuntze (1891)
  • Bulbophyllum tripetaloides (Roxb.) Schltr. (1914)

မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အမှတ်ပြုကြသော သဇင်ပန်းကို သန့်ပြန့်စင်ကြယ်သော နေရာ၌သာ ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍၎င်း၊ ဒဏ္ဍာရီပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည်သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍၎င်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။

သဇင်ပင်သည် သစ်ခွပင်များနှင့်အတူ ဩခစ်ဒေစီအီးမျိုးရင်း၌ ပါ ဝင်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဗာလဗိုဖိုင်လမ်ဩရိကိုမမ်ဟုခေါ်သည်။ ယင်းသည် ဂမုန်းမျိုးတွင်အပါအဝင်ဟူ၍လည်း စာဟောင်းပေဟောင်းများ၌ အဆိုရှိသည်။ ဂမုန်းမျိုးဖြစ်သော သဇင် (၁၅)မျိုးရှိကြောင်း၊ တော်ဝင်ပန်းဖြစ်ကြောင်း တို့ကို ရွှေတိုက်စိုးဦးတိုးရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင်....

"စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြေ၊
မိုးမခဘူး နွေလသံပေါက်၊ ရည်သန်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့် အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်။
လက်တံတိုတမည်၊ လက်တံရှည်နှင့် နေရောင်ခြည်-လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊
ပုလဲဆိုင်း၊ ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊
နီလာရောင်-တောင်လုံးပြိုင်၊ သုံးပွင့်ဆိုင်-ခိုင်လုံးဆန်း၊
ပင်လုံးလန်း-နွဲ့တန်း ယိမ်းကလေးတို့က-လေသိမ်းတိုင်းလှ၊
ကိန္နရီကသည့်နှယ်၊ တချို့က ဖြူပြာပြာ၊ တချို့က ဖြူဝါဝါ၊
တချို့မှာ ချိပ်ပွင့်၊ တချို့မှာ ပန်းရင့်လို့ ၊ ပင်မြင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံကြ၊ ဝေယန်နန်းမြင့်၊ ရှုတိုင်းတင့်မို့၊
မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊
သေချင်သေ၊ ရှင်ချင်ရှင်၊ အင်မတန့်၊ အင်တန်ရာဝတ်တော် ခံရမည်၊ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလမ်းကို၊
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်နှင့်ဝင့်မတုန်း။ ဘုန်းနှင့်ကံနှင့်၊ ရွှေသဇင်" ဟူ၍ စပ်ဆိုလေသည်။ [၁]


သဇင်ပင်သည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်သည်။ ဆောင်းရာသီဖြစ်သော နတ်တော် ပြာသိုလများတွင်လှိုင်လှိုင်ပွင့်လေ့ရှိသည်။ ထို့ကြောင့်ပင် မြဝတီမင်းကြီးဦးစက သူ၏သဇင်ပန်းဘွဲ့၌ -

သည်ဆောင်းဟေမန်၊ မြောက်ပြန်လေညှင်းဆော်တယ်ကို၊
နတ်တော် ပြာသို၊ စိုစိုတည့် နှင့်ဖုံဖုံ၊
ရိုးတံဆင့်ဖူးငုံ၊ ဝတ်မှုံတင့်ဆုံး၊
သဇင်ပန်း ဂမုန်းငယ်နှင့်လေး ဟုစပ်ဆိုခဲ့ခြင်းဖြစ်သည်။

သဇင်ပင်သည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍၎င်း၊ အိုးထဲ၌ အုန်းဆံပွပွနှင့်ထည့်၍၎င်း ခပ်သန့်သန့်စိုက်ရသော ဥမှထွက်သည့်အပင်ကလေးမျိုးဖြစ်သည်။ မူလက စိမ့်ကြီးတောကြီးထဲ၌ ပေါက်ရောက်သောအပင်မျိုးဖြစ်၏။ ထိုကြောင့် စာဆိုတော်ကြီးဦးတိုးက သူ၏ရာမရကန်၌ 'စမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံ ပင်ဆင့်၊ မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူးဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။ သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ ယေဘုယျအားဖြင့် တစ်လက်မသာသာခန့်ကြီးသည်။ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဦးကျစတွင်ထွက်သည်။ အရွက်သည် တစ်လက်မမှ သုံးလက်မအထိရှည်၍ အစိမ်းနုရောင်ဖြစ်သည်။ အလယ်ကြောမကြီး တစ်ခုသာပါ၍ အရွက်သားသည်ပြောင်ချောသည်။ အပွင့်ပွင့်ချိန်၌ အရွက်များကြွေလေသည်။ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက်တစ်ချက်စီပွင့်သည်။ အပွင့်သည် သေးငယ်၍ အလယ်၌ဝတ်ဆံပါသည်။ သဇင်ပန်းပွင့်အရောင်သည် လေးမျိုးရှိ၍ ယင်းတို့မှာ

  1. သဇင်ဖြူ၊
  2. သဇင်ဝါ၊
  3. သဇင်နီ၊
  4. သဇင်နက် တို့ဖြစ်ကြသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မော်လမြိုင်မြို့အနီးတစ်ဝိုက်တွင် သဇင်ဖြူများထွက်၍ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များ၊ ကျေးလက် တောရွာများနှင့် မေမြို့တစ်ဝိုက်မှ သဇင်ဝါများထွက်သည်။ သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝိုက် ကျေးလက် တောအုံများတွင် သဇင်နက်များ တစ်ခါတစ်ရံရသည်။ သဇင်ဝါနှင့် သဇင်ဖြူသာလျှင် များများစားစားရသဖြင့် ရောင်းချနိုင်ကြသည်။ သဇင်ဖြူသည် သဇင်ဝါလောက် မမွှေးချေ။ သဇင်ဝါပွင့်ထက် အပွင့်ကြီးသော်လည်း ရိုးတံတွင် အပွင့်ကျဲသည်။ သဇင်ဝါသည် အပွင်သေး၍ ရိုးတံ၌ စိတ်စိတ် အခိုင်လိုက် ပွင့်သည်။ ရနံ့အလွန်မွှေးသည်။ သဇင်နက်နှင့် သဇင်နီသည် ရနံ့မမွှေးချေ။ အတွေ့ရလည်း အလွန်နည်းသည်။ သဇင်နီနှစ်မျိုးရှိသည်။ အပွင့် ရောအရိုးတံပါ နီသောသဇင်နီမျိုးနှင့် အပွင့်သာနီ၍ ရိုးတံမနီသောသဇင်နီမျိုးတို့ဖြစ်သည်။ သဇင်နီဟုဆိုသော်လည်း ပန်းရောင်ရင့်ရောင်ဖြစ်သည်။ သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်သည်။ ဥကမူစိမ်းသည်။ သဇင်နီထက် သဇင်နက် ကရှားပါးသည်။ အလွန်တွေ့ရခဲသည်။

တော်ဝင်ပန်း[ပြင်ဆင်ရန်]

မြန်မာမင်းများလက်ထက်တော်အခါက သဇင်ပန်းသည် ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ခွင့်ရသောပန်းဖြစ်သဖြင့် တော်ဝင်ပန်းအဖြစ် အသိအမှတ်ပြုကြသည်။ သဇင်ပန်းသည် သိုင်းတော် အဆောင်အယောင်နှင့် နေပြည်တော်သို့တက်၍ နန်းတော်တွင်း မြတ်ရာတို့တွင်ဝင့်ဝါနိုင်ခဲ့သော တောပန်းတောင်ပန်း စိမ့်မြိုင်ပန်းဖြစ်သည်။ ရာဇဝင်စဉ်ဆက်မှဆင်းသက်လာခဲ့ သော နန်းတွင်းထုံးစံတစ်ခုမှာ တောင်ငူနတ်တောင်မှ သဇင်နီကို၎င်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းများမှသဇင်ဖြူနှင့် သဇင်ဝါကို၎င်း၊ ဆိုင်ရာနယ်ပယ်အုပ်ချုပ်သူ အရာရှိ၊ သို့မဟုတ် နယ်ရှင်စော်ဘွားတို့သည် နန်းတော်သို့ ရှိခိုးလက်ဆောင်တော်ဆက်ကြရသည်။ ဤသို့ အချိန်နှင့်ဆက်သရန် နှိုးဆော်မှု၊ ယူဆောင်မှု၊ နန်းတော်သို့ သွင်းဆက်မှုများကို မှူးတော်မတ်တော်ကြီး တစ်ဦးဖြစ်သော ကျီဝန်မင်းက တာဝန်ယူရသည်။ နန်းတော်တွင် ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့ သဇင်ပန်းကို အဦးပြု၍ သစ်ခွပန်းအမျိုးမျိုးကို ပန်ဆင်တော်မူသော သဘင်တစ်ခု သီးခြားရှိလေသည်။ ဤပန်ဆင်ပွဲသဘင်ပြီးမှ မြို့ဝန်က အမိန့်ဆင့်ထုတ်ပြီး လျှင်တိုင်းသူပြည်သား လူအများအား ပန်ဆင်ခွင့်ပေးလေသည်။ ထို့ကြောင့်ပင် စာဆိုတော်ကြီးဦးတိုးက တစ်ချို့ကနီပြာပြာ၊ တစ်ချို့ကဖြူဝါဝါ၊ တစ်ချို့မှာပန်းရင့်လို၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်များခံကြသည်။ ဝေယံနန်းမြင့်၊ ပန် တိုင်းတင့်မို့၊ မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊ အင်မတန် အင်တန်၊ ရာဇဝတ်တော်ခံရသည်။ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို၊ ဟိုတောင်းပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့် ဝင့်မတုန်း၊ ဘုန်းနှင့် ကံနှင့် ရွှေသဇင် ဟု စပ်ဆိုခဲ့ခြင်းဖြစ်လေသည်။ သဇင်ပန်းကို ယင်းသို့ မြို့ဝန်မင်း အမိန့်မထုတ်ဆင့်မီ ဘုရင်မင်းမြတ်၏သားတော် သမီးတော်များပင် ပန်ဆင်ခွင့်မရကြောင်းကို ၁၁၆၈ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်နေ့ က ထုတ်ပြန်သော ဘိုးတော်ဘုရား၏ အောက်ပါအမိန့်တော်က ထင်ရှားစေသည်။

သဇင်ပန်းတော် ရွှေနန်းတော်သို့ မဆက်မသွင်းသေးသည်ကို မင်းသားများ အိမ်သို့ပန်းများရောက်ကြောင်းနှင့် ကြားသိတော်မူရသည်။ ကျီဝန်ကို တန်းမှာထား၊ ပန်းဆက်လာသူတို့ကိုရအောင်တောင်း။ ၁၁၆၈ ခု ပြာ သိုလပြည့်ကျော် ၉ ရက်နေ့နာခံတော် ရာဇနော်ရထာပြန်။ င်စစ်အားဖြင့် သဇင်ပန်းကို လေးလေးစားစား မည်မျှထားသည်ကို ဤအမိန့်တော်အရထင်ရှားသည်။ ဤအမိန့်တော်သည် သဇင်ပန်းကိုသာ လေးစားလို၍ချည်း မဟုတ်၊ တိုင်းပြည်၌ မင်းအာဏာကိုမည်မျှ ပျပ်ဝပ်မှုရှိ သည်ကို အကဲစမ်းရန်ကိစ္စတစ်ခု ပြုလုပ်ထားခြင်းဖြစ်လေသည်။


သဇင်ပန်းသည် နတ်တော်လ၌ ပွင်သဖြင့် အမြတ်တနိုးထား၍ နတ်တင်ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ကြသည်။ ဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းအလိုအရ သဇင်ပွင့်သည် မူးဝေငိုက်မြည်းသောအနာကို လည်းကောင်း၊ ဦးခေါင်းကိုက်ခြင်း မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ ဆာလောင်မွတ်သိပ်သောအနာကိုလည်းကောင်း၊ သလိပ်သည်းခြေအားကြီးသော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟုဆိုသည်။ မြန်မာဘယဆေးသမားတို့သည် ဆေးဖော်ရာ၌အလွန်စွမ်းသော သဇင်နီနှင့် သဇင်နက်တို့ကို ရှားရှားပါးပါး ရှာဖွေကြရသည်။

သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ တောင်ငူ ပတ်ဝန်းကျင်မှလာသော သဇင်ဖြူမျိုးကို ပိဿာချိန်၊ သို့မဟုတ် အခက်ရေနှင့်ရောင်းကြသည်။ ပေါ်ဦးပေါ်ဖျားတွင် တစ်ခက်ကို ၁၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် အထိပေးရတတ်သည်။ ယခုအခါ သဇင်ပန်းကို ရန်ကုန်မြို့၌လည်း ခြံများတွင် တယုတယစိုက်ပျိုးနေကြလေပြီဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း၊ (ပထမတွဲ) နှာ-၁၊ ၂
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)