စိတ်ပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စိတ်ပညာသည် လူတို့၏ စိတ်နေသဘောထားနှင့် အပြုအမူကို သိပ္ပံနည်းကျကျ လေ့လာသည့် ပညာတစ်ရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ ယေဘုယျ သဘောတရားများနှင့် သာဓကများကို ရှာဖွေရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန်ဖြစ်သည်။ စိတ် ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူကို သဘောပေါက် နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အချို့ စိတ်နေစိတ်ထားနှင့် အပြုအမူ နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံပိုင်းဆိုင်ရာ အကြောင်းရင်းများကိုလည်း လေ့လာကြသည်။

စိတ်ပညာသည်အတွေးအခေါ်ပညာရပ်မှ ခွဲထွက်လာသော ပညာရပ်တစ်ခုဖြစ်သည်။

စိတ်ပညာ[ပြင်​ဆင်​ရန်​]

စိတ်ပညာသည် လူ၏အပြုအမူကို၎င်း၊ လူ၏ သိခြင်းကို ၎င်း၊ လေ့လာသော သိပ္ပံပညာရပ် တစ်ခုဖြစ်သည်။ စိတ်ပညာ လေ့လာသော ကိုယ်ကာယအပြုအမူသည် လူ၏သိခြင်းနှင့် ဆက်စပ်သော အပြုအမူမျိုး ဖြစ်သည်။ ထို့ကြောင့် လူ၏သိ ခြင်းကို လေ့လာရာ၌ အပြုအမူကိုလေ့လာရသည်။ အပြုအမူကို လက်တွေ့စမ်းသပ်ခြင်းအားဖြင့်၎င်း၊ တိုင်းတာခြင်းအားဖြင့်၎င်း၊ လေ့လာရသဖြင့် သိပ္ပံနည်းကို အသုံးပြုရလေသည်။ ဤသို့ စနစ်တကျလေ့လာခြင်းအားဖြင့်၊ လူ၏ သဘောအပြုအမူကို သိနားလည်၍၊ လူတို့၏ အပြုအမူကို ထိန်းအုပ်ပြုပြင်နိုင်ရန် ရည်ရွယ်သည်။ စိတ်ပညာရှင်များသည် မိမိတို့ စိတ်ပါဝင်စား သော အကြောင်းအချက်များကို အထူးလေ့လာကြရာ၌ စိတ် ပညာအမျိုးအစားအများကို ခွဲခြားထားလေသည်။ ထိုအမျိုး အစားအချို့မှာ- (၁) ယေဘုယျစိတ်ပညာသည် စိတ်အမျိုးမျိုးတို့နှင့်ဆိုင်ရာ ပဓာနသဘောတရားများကို ဖေါ်ပြသည်။ ထို့ပြင်အရွယ်ရောက် သော လူသတ္တဝါအကြောင်းကို အထူးလေ့လာသည်။
(၂) ဇီဝကိစ္စစိတ်ပညာသည် သတ္တဝါတို့၏ အပြုအမူနှင့် ၎င်း၊ သိခြင်းနှင့်၎င်း၊ ဆက်စပ်သော နဗ်ကြောစုများနှင့် အင်ဒို ကရင်းဂလင်း (အတွင်းစိမ့်ဂလင်း)များ၏ လုပ်ငန်းများကို လေ့ လာသည်။
(၃) ကလေးစိတ်ပညာသည် ကလေးများ တိုးတက်ကြီးထွားရေး အကြောင်းကို၎င်း၊ စစ်ဆေးခြင်းဖြင့် ကလေးတို့၏ စွမ်းအား အခြေအနေကို၎င်း၊ ကလေးတို့၏ စွမ်းအားသည် မျိုးရိုးပေါ်၌ ဖြစ်စေ၊ ပတ်ဝန်းကျင်ပေါ်၌ဖြစ်စေ၊ မည်မျှတည်ရှိ သည်ကို၎င်း၊ ကလေးများ အဆင်ပြေအောင် ပြုလုပ်ခြင်းကို၎င်း၊ လေ့လာသည်။
(၄) တိရစ္ဆာန်စိတ်ပညာသည် တိရစ္ဆာန်များ၏ အပြုအမူ ကို လေ့လာသည်။
(၅) ဓမ္မတာလွဲစိတ်ပညာသည် အရွယ်ရောက်သော လူများ ၏ ဓမ္မတာအလျောက် မဟုတ်သော အပြုအမူကိုလေ့လာသည်။
(၆) လူမှုရေးစိတ်ပညာသည် အစုအဝေးနှင့် ဆက်ဆံခြင်း အားဖြင့် လူတစ်ဦးတစ်ယောက်၏ အပြုအမူနှင့်သိခြင်း မည်သို့ ပြောင်းလဲတတ်ကြောင်းကို၎င်း၊ အစုအဝေး အချင်းချင်းဆက်ဆံ ခြင်းဖြင့် ဖြစ်ပေါ်လာသော အချက်အလက်များကို၎င်း၊ လေ့လာ သည်။ မိသားစုများ၊ လူစုများ၊ အသင်းအဖွဲ့များ၊ လူအုပ်များ၊ ခေါင်းဆောင်နှင့် နောက်လိုက်များ အကြောင်းကိုလေ့လာသည်။
(၇) ပညာရေးစိတ်ပညာသည် စိတ်ပညာအားဖြင့် သိနား လည်ရသော ကလေး၏ တိုးတက်ကြီးထွားမှုကို ထောက်၍ ပညာသင်ကြားမှုကိုစိစစ်၏။ သင်ကြားခြင်း၊ စေ့ဆော်တိုက်တွန်း ခြင်းတို့နှင့်ဆိုင်သော စိတ်ပညာ သဘောတရားများကိုလည်း အသုံးချရန်ရည်ရွယ်၏။
(၈) စက်မှုလက်မှုစိတ်ပညာသည် စိတ်ပညာနည်းများကို အသုံးပြု၍ အလုပ်သမားများကို ရွေးချယ်ခြင်း၊ အလုပ်လုပ် နည်းသင်ကြားခြင်း၊ စွမ်းရည်များတိုင်းတာခြင်းစသည်တို့ကို လေ့လာသည်။ ကူးသန်းရောင်း ဝယ်ရေးတွင် ကြော်ငြာသော ကိစ္စနှင့် ကုန်တွင်ကျယ်အောင် ပြုလုပ် နည်းတို့ကို လေ့လာ သည်။
(၉) စိတ်ကုပညာသည် စိတ်ပညာဖြင့် စိတ်ရောဂါကုသနည်းများကို လေ့လာသည်။ ဓမ္မတာလွဲစိတ်ပညာကို အခြေ ပြုသည်။

စေ့ဆော်တိုက်တွန်းမှု[ပြင်​ဆင်​ရန်​]

လူတို့ သဘာဝအလျောက်ပြုမူကြသည်မှာ အဘယ်အ ကြောင်းကြောင့်နည်းဟူသော အချက်ကို လေ့လာခြင်းသည် စိတ်ပညာတွင် အရေးကြီးသော လေ့လာချက်ဖြစ်၏။ စိတ်ပညာ အရ ထိုအကြောင်းကိုရှာသော်၊ စေ့ဆော်တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တွေ့ရသည်။ စေ့ဆော်တိုက်တွန်းမှုသည် နဂိုဇာတိ ပါ ကိုယ်တွင်းစေ့ဆော်မှုများကြောင့်၎င်း၊ လူမှုဆက်ဆံရေးအား ဖြင့် လေ့လာယူရသော စေ့ဆော်မှုများကြောင့်၎င်း ဖြစ်သည်။ နဂိုဇာတိပါကိုယ်တွင်းစေ့ဆော်မှုများမှာ ဆာလောင်ခြင်း၊ ရေ ငတ်ခြင်း၊ ဖိုမဇာတိစိတ်၊ မိဘဇာတိစိတ်၊ သင်းပင်းဇာတိစိတ်၊ မိမိကိုယ်ကို ထင်ပေါ်လိုသော ဇာတိစိတ် စသည်များဖြစ်သည် ဟုစိတ်ပညာရှင် အများကယူဆကြသည်။ စိတ်ပညာရှင် ဖရွိုက် ကမူ လူ၏ အပြုအမူအားလုံးသည် ဖိုမဇာတိစိတ်၏ စေ့ဆော်မှု ပေါ်တွင် တည်နေသည်ဟုဆိုသည်။ အချို့စိတ်ပညာရှင်များက လည်း မိဘစိတ်၊ သင်းပင်းစိတ်တို့မှာ လူမှုဆက်ဆံရေးမှ ဖြစ် ပေါ်လာသော စေ့ဆော်မှုများဖြစ်သည်ဟု ယူဆကြသည်။

အရွယ်ရောက်သော လူ၏ အပြုအမူများသည် နဂိုဇာတိပါသော စေ့ဆော်မှုများကြောင့်ဖြစ်သည်ထက် လေ့လာယူရသော စေ့ဆော် မှုများမှ ရအပ်သည့် စွဲလမ်းစိတ်များကြောင့်ဖြစ်သည်ဟု အများ ပင် သဘောကြိုက်ညီကြ၏။ စွဲလမ်းစိတ်များမှ ချစ်ခြင်း၊ မုန်း ခြင်းစသော စိတ်မျိုးကို ဆိုလိုသည်။ စွဲလမ်းစိတ် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ တစ်မျိုးမှာ ဝတ္ထုစွဲလမ်းစိတ်ဖြစ်သည်။ လူ တစ်ဦးတစ်ယောက်သည် လူတစ်ယောက်ကိုခင်မင်ခြင်း၊ မုန်းတီး ခြင်းသည်၎င်း၊ အဆောက်အအုံတစ်ခုကို ခင်တွယ်ခြင်းသည်၎င်း၊ ဤစွဲလမ်းစိတ်မျိုးဖြစ်၏။ အခြားအမျိုးအစားမှာ ဝတ္ထုမဲ့စွဲလမ်း စိတ်များဖြစ်၏။ ဝတ္ထုမဲ့စွဲလမ်းစိတ်ထက် ဝတ္ထုစွဲလမ်းစိတ်သည် ပိုမိုအင်အားရှိသည်။ ထို့ကြောင့် လူအများသည် ဝတ္ထုမဲ့စွဲလမ်း စိတ်ဖြစ်သော သစ္စာတရား ခင်တွယ်ခြင်းကြောင့် ကြိုးပမ်းသည် ထက်၊ ဝတ္ထု စွဲလမ်းစိတ်ဖြစ်သော ပုဂ္ဂိုလ်ခင်တွယ်ခြင်း၊ မုန်းတီးခြင်းတို့ကြောင့် ပိုမိုအားထုတ်ဆောင်ရွက်တတ်ကြသည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် စွဲလမ်းစိတ်များစွာရှိတတ်ရာ၊ တစ်ချို့သော ပုဂ္ဂိုလ်တို့တွင် ပဓာနစွဲလမ်းစိတ် တစ်ခုသည် အခြားစွဲလမ်းစိတ်များကို ဖိနှိပ်လွှမ်းမိုးတတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များသည် အရာရာတွင် ပဓာန စွဲလမ်းစိတ်၏ စေ့ဆော် သည့်အတိုင်းပြုမူ ဆောင်ရွက်တတ်၏။ ပမာအားဖြင့် ဂျာမန် အာဏာရှင် ဟစ်တစ်လာ၌ မိမိ၏ တန်ခိုးကြီးလိုသော စွဲလမ်း စိတ်သည် သား မယားခင်မင်စိတ်၊ မိတ်ဆွေခင်မင်စိတ်စသည် တို့ကို လွှမ်းမိုးသွားသဖြင့်၊ မေတ္တာခေါင်းပါးလျက် ကမ္ဘာတစ် ခွင်၌ အာဏာရှင်ဖြစ်ရန် အစွမ်းကုန် အားထုတ်ခဲ့လေသည်။ ထိုသို့ပဓာနစွဲလမ်းစိတ် မရှိသောပုဂ္ဂိုလ်များမှာ စိတ်ပဋိပက္ခမှု များကင်း၍၊ စိတ်တည်ကြည်စည်းလုံး သော ပုဂ္ဂိုလ်များဖြစ်ကြ သည်။ ပဓာနစွဲလမ်းစိတ်မရှိသော ပုဂ္ဂိုလ်များ၌ စိတ်ပဋိပက္ခမှု များဖြစ်တတ်သည်။ လူတစ်ဦးတစ်ယောက်၏ ပဓာနစွဲလမ်း စိတ်ကို သိရှိသောအခါ၊ ထိုသူ၏ အကျင့်စာရိတ္တကို သိနိုင် သည်။ စိတ်ပညာရှင် ကတဲက ရေးသားခဲ့သည်မှာ 'လူတစ်ဦး တစ်ယောက်သည် မည်သည့်အရာကို ရိုသေလေးမြတ်သည်၊ မည်သည့်အရာများကို စက်ဆုပ်သည်၊ ခင်မင်သည်၊ မုန်းတီး သည်၊ မြတ်နိုးသည်ဟု သိရှိသောအခါ ထိုသူ၏ အပြုအမူကို အသင့်အတင့် ခန့်မှန်း နိုင်ချေပြီ'ဟူ၍ ဖြစ်သည်။

စိတ်လှုပ်ရှားမှုနှင့် ဝေဒနာ[ပြင်​ဆင်​ရန်​]

စိတ်လှုပ်ရှားမှုဆိုသည်မှာ ကြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ကို ဆိုလိုသည်။ မွေးဖွားစကလေးများ၌ စိတ်လှုပ်ရှားမှုတစ်ခု၊ နှစ်ခုမျှသာရှိ သည်။ အသက်နှစ်နှစ် အတွင်းတွင် များစွာသော စိတ်လှုပ်ရှား မှုတို့ ဖြစ်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ အစကနဦးတွင် စိတ်လှုပ်ရှားစေသော အကြောင်းအနည်းငယ်သာရှိသည်။ တစ်စ ထက်တစ်စ စိတ်လှုပ်ရှားစေသော အကြောင်းအရာများသည် များပြားလာရာ၊ အသက်အရွယ်ကြီးပြင်းလာသောအခါအစ၌ စိတ်လှုပ်ရှားမှုမဖြစ်စေသော အရာများပင် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာစေနိုင်သည်။ ပမာအားဖြင့် အစ၌ကလေးသည် မြွေတိရစ္ဆာန်ကို မကြောက် သော်လည်း၊ အသက်အရွယ်ကြီး ထွားလာသောအခါ၌ ကြောက်စိတ်ဖြစ်တတ်သည်။ လူကြီးတို့ အတွက် ကြောက်စရာများစွာ ရှိလာသည်မှာ၊ သင်ယူခြင်း ကြောင့်ပင်ဖြစ်သည်။် စိတ်လှုပ်ရှားမှု အပြုအမူများသည် ယဉ်ကျေးမှုကိုလည်းလိုက်၍ ဖြစ်တတ်သည်။ လူမျိုးစုတစ်ခုတွင် ပါဝင်သူအများသည် ဒေါသစိတ်ဖြစ်လျှင် အပြုအမူတစ်မျိုး တစ်စားတည်းကိုသာ ပြုမူတတ်သည်။ ယင်းမှာ မိမိအပေါင်း အစု ပတ်ဝန်းကျင်မှ သင်ယူခြင်းကြောင့်ဖြစ်သည်။ အပြုအမူ အားဖြင့် စိတ်လှုပ်ရှားမှုတစ်မျိုးနှင့်တစ်မျိုး ခွဲခြားသိသာနိုင်ရန် ခဲယဉ်းသည်။ လူများ၏ မျက်နှာအမူအရာ ကိုယ်ဟန်နှင့် အသံ ကိုထောက်၍ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်း စသည်တို့ကို တစ်မျိုးနှင့်တစ်မျိုး တစ်ထစ်ချခွဲခြား၍ မသိ နိုင်ပေ။

စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသောအခါ ကိုယ်ခန္ဓာအတွင်း ၌လည်း ပြောင်းလဲလှုပ်ရှားမှုများဖြစ်လာသည်။ ထို့ကြောင့် အသက်ရှူရှိုက်ခြင်း၊ သွေးအားတိုးခြင်း၊ သွေးခုန်ခြင်း၊ လက်ခြေ လုံးပတ်ကြီးထွားခြင်း၊ နှလုံးကြွက်သားလှုပ်ရှားခြင်း၊ အရေပြား သည် လျှပ်စစ်ဓာတ်ကို တွန်းလှန်ခြင်းများ ဖြစ်လာသဖြင့်၊ ယင်းလှုပ်ရှားမှုတို့ကို တိုင်းတာခြင်းအားဖြင့် သိသာနိုင်သည်။ သာမန်အားဖြင့်ကား လူတစ်ဦးတစ်ယောက်၏ ပြင်ပလက္ခဏာ များဖြင့် စိတ်လှုပ်ရှားမှုကို တိုင်းထွာသော ကရိယာကို 'မုသား စုံထောက်'ဟု ခေါ်သည်။

သင်ယူခြင်း[ပြင်​ဆင်​ရန်​]

စိတ်ပညာတွင် သင်ယူခြင်းသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ အရွယ်ရောက်သော သူ၏အပြုအမူသည် သင်ယူခြင်းဖြင့် ဖြစ်လာသော အပြုအမူချည်းနှင်နှင်ဖြစ်သည်။ အရွယ်ရောက်သူ၏ စိတ်စေ့ဆော်တိုက်တွန်းမှု၊ စိတ်လှုပ်ရှားမှု၊ ကျွမ်းကျင်မှု၊ ဆင်ခြင်မှုတို့သည် သင်ယူခြင်းအပေါ်တွင် တည် နေသည်။

ကျွနိုပ်တို့သည် အစကနဦးသင်ယူသော အပြုအမူများ သည် အကြောင်းဆက် တုံ့ပြန်မှုများဖြစ်သည်။ နို့ဗူးတိုက်သော ကလေးသည် အစ၌ နို့ဗူးကိုမြင်လျှင် နို့စို့ခြင်းမပြုချေ။ နို့သီး ကို မိမိ၏ ပါးစပ်တွင်းသို့ထည့်မှ နို့စို့သည်။ အခါခါ နို့ဗူးကို မြင်ရပြီးနောက်၊ ပါးစပ်တွင်းသို့ နို့သီးထည့်၍ ခံတွင်းကို လှုံ့ဆော်ပေးလျှင်၊ နို့ဗူးကိုမြင်သော အာရုံသည် နို့စို့သည့် တုံ့ပြန်မှုကို ဖြစ်လာစေလေသည်။ ဤသို့ နို့စို့ခြင်းသည် အကြောင်းဆက်တုန့်ပြန်မှုဟုခေါ်သည်။

ဤသင်ယူခြင်းမျိုးကို ရုရှစိတ်ပညာရှင် ဗတ်ဗလပ် စတင်သိရှိသည်။ ခွေးတစ်ကောင်ကို အစာမကျွေးမီ အနည်းငယ် အချိန်တွင် ခေါင်းလောင်းတီးခြင်းကို ထပ်ခါထပ်ခါ ပြုလုပ် သောအခါ နောက်တွင် အစာမပေးသော်လည်း ခေါင်းလောင်း တီးလျှင် သွားရည်ယိုကြောင်းကို ဗတ်ဗလပ်သည် တွေ့ရှိခဲ့၏။ ယင်းသို့ တွေ့ရှိခဲ့သည့်အတိုင်း စမ်းသပ်ကြည့်ရာ ခေါင်းလောင်း သံသာမဟုတ် အလင်းရောင်သော်၎င်း၊ အနံ့သော်၎င်း၊ ထိတို့ ခြင်းသော်၎င်း၊ သွားရည်ယိုခြင်းကို ဖြစ်စေနိုင်ကြောင်း ထပ်မံ သိရှိရပြန်သည်။ တစ်ဖန်တုံလည်း ဤသို့ ဖြစ်ပေါ်လာသော အကြောင်းဆက်တုံ့ပြန်ခြင်းကို ဖျောက်ဖျက်နိုင်သည်။ အစာ မကျွေးဘဲ ခေါင်းလောင်းကိုသာ တီးနေလျှင်၊ ခွေးသည် သွား ရည်မယိုတော့ချေ။ သို့ရာတွင် အချိန်အနည်းငယ် ကြာသော အခါ ထိုခွေးကို အစာပြ၍ အားဖြည့်ခြင်းအားဖြင့် သွားရည်ယို ခြင်းသည် ပြန်၍ပေါ်လာနိုင်သည်။

တိရစ္ဆာန်များနှင့် ကလေးများ၌ အကြောင်းဆက်တုံ့ပြန်မှု များ ဖြစ်ပေါ်လာစေနိုင်သော်လည်း၊ လူကြီးများကို စမ်းသပ်ရာ တွင် ဖြစ်ပေါ်ရန် ခဲယဉ်းကြောင်းကို သိရပြန်သည်။ စကား စပြောခြင်းသည်၎င်း၊ သဘော ထားများဖြစ်ပေါ်လာခြင်းသည် ၎င်း၊ များစွာသော ကြောက်ရွံ့ခြင်းများသည်၎င်း၊ ဆိုခဲ့ပြီးသော နည်းအတိုင်း သင်ယူခြင်းမျိုးကြောင့်ဖြစ်သည်။

အခြားသင်ယူနည်းတစ်မျိုးမှာ အကြိမ်ကြိမ် စမ်းသပ်သင် ယူခြင်းဖြစ်သည်။ တိရစ္ဆာန်တစ်ကောင်သည် ကိုယ်တွင်းစေ့ဆော် မှုကြောင့် အကြိမ်ကြိမ်စမ်းသပ်သော အပြုအမူမျိုးကို ပြုလုပ် တတ်၏။ ဤသို့ စမ်းသပ်ပြုမူရာတွင် အသုံးမကျသော အပြု အမူများစွာကို ပြုလုပ်၍၊ နောက်ဆုံး၌ မိမိလိုအင်ပြည့်မြောက် စေသော အပြုအမူကိုသာ ပြုလုပ်လာသည်။ အကြိမ်ကြိမ်ထိုသို့ ပြုလုပ်လာသောအခါ အသုံးမဝင်သောအပြုအမူတို့ကို စွန့်လွှတ် ပြီးလျှင် လိုအင်ပြည့်မြောက်စေသော အပြုအမူကိုသာ ပြုတော့ သည်ဖြစ်၍၊ သင်ယူခြင်းလည်း ပြီးမြောက်လေသည်။

လူများမှာ တိရစ္ဆာန်ကဲ့သို့မဟုတ်၊ အကြိမ်ကြိမ် စမ်းသပ် သောအခါ သင်ယူရသောအကြောင်းကို သဘောပေါက်၍၊ ပိုမို လျင်မြန်စွာ သင်ယူနိုင်သည်။ ဝင်္ဂပါထဲတွင် ထည့်သွင်းထား သော ကြွက်သည် အထက်နည်းအတိုင်းပြုလုပ်တတ်သော်လည်း လူတစ်ဦးသည် ဝင်္ဂပါထဲတွင် ရောက်နေလျှင်၊ ထိုသူသည် စိတ်ထဲ၌ စကားလုံးများကိုဖွဲ့၍ ဆင်ခြင်စဉ်းစားလျက် ထွက် ပေါက်ကိုရှာကာ ထွက်မြောက်ရန် သင်ယူတတ်သည်။ တိရစ္ဆာန်များ၌လည်း သဘောပေါက်သင်ယူခြင်းမျိုးဖြစ် နိုင်သည်။ ဤသဘောပေါက်သင်ယူမှုကို စိတ်ပညာရှင်ကားလား သည် စုံစမ်းခဲ့ဖူး၏။ ထိုစုံစမ်းချက်မှာ ဤသို့တည်း။ မျောက်ဝံ များကို လှောင်အိမ်ကြီးတစ်ခုထဲတွင် ထည့်သွင်းပြီးလျှင်၊ ငှက် ပျောသီးကို မျောက်ဝံမမှီနိုင်သော အမိုးတွင် ချိတ်ဆွဲသည်။ လှောင်အိမ်ကြီး၏ တစ်နေရာတွင် သေတ္တာတစ်ခုကို ချထား၏။ မျောက်ဝံများသည် ငှက်ပျောသီးကို ရရန် ခုန်ပေါက်၍ အမျိုုး မျိုးကြိုးစားကြ၏။ သို့သော် အထမမြောက်ချေ။ ထိုအခါ အချို့ မျောက်ဝံများသည် သေတ္တာကို ငှက်ပျောသီးအောက်သို့ ရွေ့ပြီး လျှင်၊ ငှက်ပျောသီးကို ခုန်ပေါက်ဆွဲငင်၍ ယူလေသည်။ ဤ အခြင်းအရာအရ၊ ထိုမျောက်ဝံများသည် သေတ္တာနှင့် ငှက်ပျော သီးတို့ တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းကို သဘောပေါက် ကြောင်း ထင်ရှား၏။ သဘောပေါက်သောအခါ ရုတ်ခြည်းသင် ယူခြင်း တိုးတက်လေသည်။ အကြောင်းဆက် သင်ယူခြင်းနှင့် အကြိမ်ကြိမ် စမ်းသပ်သင်ယူခြင်းများမှာ တစ်ဖြည်းဖြည်းသာ တိုးတက်စေလေသည်။

မှတ်မိခြင်းနှင့် မမှတ်မိခြင်း[ပြင်​ဆင်​ရန်​]

သင်ယူခြင်း၌ မှတ်မိခြင်းပါဝင်၏။ မှတ်မိခြင်း၌ အပိုင်း ၄ ပိုင်းရှိသည်။ မှတ်မိရန်အစ၌ (၁) သင်ယူရ၏။ သင်ယူ သောအရာကို မပျောက်ပျက်စေရန်၊ (၂) လက်ခံထားရ၏။ လက်ခံထားသည်ကို (၃) သတိရ၍၊ (၄) မှတ်မိရသည်။ သတိ ရခြင်းနှင့် မှတ်မိခြင်း ခွဲခြားရန်ရှိသည်။ တစ်ခါတစ်ရံ သတိရ သော်လည်း၊ မှတ်မိခြင်းမရှိတတ်ချေ။ လင်္ကာပုဒ်ကို သတိရ၍ ရွတ်ဆိုနိုင်သော်လည်း၊ မည်သည့်လင်္ကာ၊ မည်သူရေးသည်တို့ကို မမှတ်မိတတ်ချေ။ မှတ်မိခြင်းသည် သတိရခြင်းထက်လွယ်ကူ ပေသည်။ လူတစ်ယောက်ကို မှတ်မိငြားလည်း၊ ထိုသူ၏နာမည် ကို သတိမရတတ်ချေ။

မမှတ်မိခြင်းသည် ပဓာနအကြောင်း ၂ ခုကြောင့်ဖြစ် သည်။ (၁) အချိန်ကြာရှည်၍ မမှတ်မိခြင်းနှင့် (၂) တားဆီး ခြင်း တစ်ခုခုကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။ လေ့ကျင့်မှု များနှင့် တွေ့ဆုံကြုံခဲ့ခြင်းများကို သာမန်အားဖြင့် သတိမရနိုင် သော်လည်း၊ စိတ်ညိ|ု့ခြင်းဖြင့် ပြန်လည်သတိရနိုင်သည်။ ( စိတ်ညိ|ု့ပညာ။)

လေ့ကျင့်ခြင်းတစ်ခုခုကို ပြုပြီးနောက် အခြား တစ်ခုကိုဆက်၍ လေ့ကျင့်လျှင်၊ ပထမလေ့ကျင့်ခြင်းကို ပိုမို မမှတ်မိနိုင်တော့ချေ။ လေ့ကျင့်ခြင်းကိုပြုပြီးနောက် နားနေလျှင်၊ ပိုမို သတိရတတ်သည်။ စိတ်ပညာရှင် ဖရွိုက်က မမှတ်မိခြင်း သည် မမှတ်မိချင်သော စိတ်ကြောင့်ဟုဆို၏။ လူတစ်ဦးတစ် ယောက်၏နာမည်ကို မမှတ်မိခြင်းသည် ထိုသူကို မလိုလား သောစိတ်က သိစိတ်မှပယ်ခြင်းကြောင့်ဟုဆို၏။ အချို့မမှတ်မိ ခြင်းများမှာ ဤနည်းအတိုင်းဖြစ်သည်ကို မငြင်းဆိုနိုင်ပေ။ တစ်ခါတစ်ရံ ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မငြိမ်သက်ခြင်း စသည့် စိတ်လှုပ်ရှားမှုတို့ကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။

ကောင်းစွာမှတ်မိစေရန် စာကျက်နည်း[ပြင်​ဆင်​ရန်​]

မှတ်ဉာာဏ်ကောင်းရန်နည်းလမ်းမှာ သင်ယူရာတွင် နည်း လမ်းကောင်းကို လိုက်နာခြင်းဖြစ်သည်။ ထိုနည်းလမ်းကောင်း မှာ စာကိုကျက်သောအခါ (၁) သင်ယူလိုစိတ်ရှိရမည်။ သို့မှ သာ စိတ်မပျံ့လွင့်ဘဲ၊ ကျက်မှတ်ရန်စာကို စူးစိုက်အာရုံပြု၍ လေ့လာပေမည်။ (၂) စာကျက်သောအခါ တစ်ချိန်တည်းမှတ်မိ ရန်ကြိုးစားမည့်အစား တစ်ချိန်စီ ခွဲ၍သင်ယူလေ့ကျင့်ရမည်။ စာကျက်သောအခါ တစ်နေ့လျှင် နာရီဝက်မျှ၊ ခြောက်ရက်ခွဲ၍ ကျက်မှတ်ခြင်းသည် တစ်နေ့တည်းတွင် တစ်ထိုင်တည်း သုံး နာရီကျက်မှတ်ခြင်းထက် ပိုမို မှတ်မိနိုင်သည်။ (၃) သင်ယူရာ တွင် တစ်နည်းနည်းဖြင့် ထုတ်ဖေါ်ရွတ်ဆိုရန် ကြိုးစားရမည်၊ ဘာသာစကားတစ်ခုကို ကျက်မှတ်ရာတွင် ထိုဘာသာစကားကို ပြောဆိုခြင်းသည် ကျက်မှတ်သောစကားများကို မှတ်မိစေသည်။ (၄) ကျက်မှတ်ရသောစာကို တစ်ခုလုံးဖတ်၍ သဘောပေါက် အောင်ပြုလုပ်ပြီးလျှင်၊ တစ်ခုလုံးကို ခြုံ၍လေ့လာခြင်းသည် စာကိုပိုင်း၍ လေ့လာခြင်းထက်ပိုမိုမှတ်မိစေသည်။ ဤအချက် များကို လိုက်နာလျှင် ကောင်းစွာမှတ်မိစေနိုင်သည်။

စဉ်းစားခြင်း[ပြင်​ဆင်​ရန်​]

ထွေရာစိတ်ကူးခြင်း၊ စိတ်ကွန့်မြူးခြင်း၊ ဆင်ခြင်ခြင်းတို့ မှာ စဉ်းစားခြင်းအမျိုးမျိုးဖြစ်သည်။ တိရစ္ဆာန်များသည် ဆင်ခြင် နိုင်သော သတ္တဝါများဖြစ်လေသလောဟု စစ်ဆေးကြည့်ကြပါစို့။ စိတ်ပညာစုံစမ်းချက်အရ မျောက်ဝံများသည် ဆက်သွယ်ခြင်းကို သိမြင်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းတတ်ကြောင်း ဖေါ်ပြ ခဲ့ပြီ။ အချို့တိရစ္ဆာန်တို့သည် အမှတ်အသားကို စဉ်းစားနိုင်ကြ သည်။ ဤအချက်နှစ်ရပ်ကို ထောက်ရှုခြင်းဖြင့်၊ တိရစ္ဆာန်တို့၏ ဆင်ခြင်မှုသည် လူတို့၏ ဆင်ခြင်ပုံနှင့်ထပ်တူ ထပ်မျှဖြစ်၏ဟု ဆိုရန်ခဲယဉ်း သော်လည်း၊ သူတို့၏ သဘာဝနှင့် လျော်စွာ ဆင်ခြင်တတ်သော သဘောရှိသည်ဟု ဆိုနိုင်ပေသည်။ ဆင်ခြင်ခြင်းသည် အခက်အခဲတစ်ခုကို ဖြေရှင်းရန်ရည် ရွယ်ချက်ရှိသော စဉ်းစားခြင်းဖြစ်သည်။ ဤသို့ ဖြေရှင်းရန် စဉ်းစားခြင်း၌ အစီအစဉ်ရှိခြင်း၊ ပြဿနာနှင့် သက်ဆိုင်သော ပညတ်များ ရွေးချယ်ခြင်းတို့ ပါဝင်သည်။ စိတ်ပညာရှင်ဒျူးဝီး က ဆင်ခြင်ခြင်း၌ အဆင့် ၅ ဆင့်ရှိသည်ဟု ဖေါ်ပြထားသည်။

  1. အခက် အခဲပြဿနာသည် ဆင်ခြင်ခြင်းကို အစပြု၍ နှိုးဆော်ပေး၏။
  2. ပြဿနာအခြေအနေကို သေချာစွာသိရှိရန် ပြုလုပ်ပေး၏။
  3. ပြဿနာကို အဖြေပေးသော အတွေးရှိစေ ၏။
  4. အတွေးတစ်ခုစီသည် ပြဿနာကို လုံးဝဖြေရှင်းနိုင် အောင် ပြုပြင်ရသည်။ ယင်းမှာ ဆင်ခြင်ခြင်း၏ အနှစ်သာရ ဖြစ်သည်။
  5. နောက်ဆုံးအမှားအမှန် စိစစ်ခြင်းအားဖြင့် ဆင်ခြင်ခြင်းသည် ပြီးမြောက်သည်။

အာရုံသိခြင်း[ပြင်​ဆင်​ရန်​]

စဉ်းစားခြင်းသည် အာရုံသိခြင်းပေါ်တွင် အခြေခံပြုထား သည်။ အကြောင်းအရာများကို ကြည့်ရှု၍ အခက်အခဲတွေ့သော အခါ ဆင်ခြင်ခြင်းဖြစ်ပေါ်လာသည်။ နောက်ဆုံးအဖြေ မှန်မမှန် စိစစ်ရာ၌လည်း ကြည့်ရှုခြင်းဖြင့် ပြုလုပ်ရသည်။ အာရုံသိခြင်း မှာ အာရုံခံစားမှုနှင့် ခြားနားသည်။ အာရုံသိခြင်း၌ ကျွန်ုပ်တို့ အာရုံများကို အသုံးပြုရသည်မှန်သော်လည်း၊ အတိတ်ကာလ အတွေ့အကြုံများ၊ စိတ်ကူးရုပ်များ၊ ပစ္စုပ္ပန်ကာလ စိတ်သဘော ထားများတို့လည်း ပါဝင်ပေသည်။ အချုပ်အားဖြင့်ဆိုသော် အာရုံသိခြင်းသည် အာရုံခံစားမှုကို အဓိပ္ပါယ်ဖေါ် ယူခြင်းဖြစ် သည်။ ဥဒါဟရုဏ်အားဖြင့် သရက်သီးဟူသော ဝတ္ထုပစ္စည်း တစ်ခုကို အာရုံဖြင့် မြင်ရာတွင်၊ သရက်သီးဟု သိခြင်းသည် အရောင်၊ အနံ့၊ အရသာ စသည့်အာရုံများ စုပေါင်းထားခြင်း ထက် ပိုမိုကြီးကျယ်လေသည်။

အမြင်မှားခြင်း[ပြင်​ဆင်​ရန်​]

အကယ်စင်စစ် မလှုပ်ရှားသော်လည်း လှုပ်ရှားသည် ကိုမြင်ခြင်း၊ အရှည်တူညီသောမျဉ်းများကို မတူညီဟု မြင်ခြင်း၊ မျဉ်းဖြောင့်ကို မျဉ်းကောက်ဟုမြင်ခြင်း စသည်တို့မှာ အမြင်မှား ခြင်းများဖြစ်သည်။ ဤအခြင်းအရာများကို လူတိုင်းအမြင်မှား တတ်ရကား၊ ယင်းတို့သည် ကျွန်ုပ်တို့အတွေ့အကြုံပေါ်၌ မတည်ကြောင်း ယူဆရသည်။ အချို့မှာ အတိတ်ကာလ အတွေ့ အကြုံကြောင့်ဖြစ်သည်။ စစ်အတွင်းတွင် ငှက်သတ္တဝါကို လေယာဉ်ပျံဟု အမြင်မှားခြင်းသည် အတွေ့အကြုံကိုမှီ၍ စိတ် စောနေခြင်းကြောင့်ဖြစ်သည်။ အမြင်မှားမှုကို ဆင်ခြင်သော်၊ အာရုံအားဖြင့်သိခြင်းသည် အာရုံများပေါ်တွင်သာမက အခြား အကြောင်းများပေါ်တွင်လည်း တည်နေကြောင်း ထင်ရှားသည်။

လူတစ်ဦးနှင့် တစ်ဦးခြားနားခြင်း[ပြင်​ဆင်​ရန်​]

အထက်တွင် လူတိုင်းဖြစ်တတ်သော အခြင်းအရာများကို ဖေါ်ပြခဲ့ပြီ။ လူတစ်ဦးနှင့်တစ်ဦး အပြုအမူနှင့် သိခြင်းဟူသော အကြောင်းများရှိသော်လည်း၊ ခြားနားခြင်းလည်းရှိသည်။ အသိ ဉာာဏ်သည်၎င်း၊ စွမ်းရည်သည်၎င်း၊ ကိုယ်ရည် ကိုယ်သွေးသည် ၎င်း၊ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ စိတ်ပညာဆရာတို့ သည် ဉာာဏ်စွမ်းရည်စစ်ဆေးလွှာများ ဖန်တီး၍ များစွာအသုံးပြု လျက်ရှိလေသည်။ စစ်ဆေးလွှာများကို အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်၏ ဉာာဏ်ဖျတ်လတ်မှုနှင့် သင်ယူစွမ်းရည်ကို ပြသနိုင်ပေသည်။ စွမ်းရည်ထူးများကို စစ်ဆေးရာ၌ အတော် အတန်တိကျစွာ တိုင်းတာနိုင်ပေသည်။ လူငယ်တစ်ယောက်အား သင့်လျော်သောလုပ်ငန်းသို့ လမ်းညွှန်ခြင်း၊ အလုပ်သမားတစ် ယောက်အား သက်ဆိုင်ရာအလုပ်နှင့် သင့်လျော်သည်ကိုဖေါ် ပြခြင်း၊ တာဝန်ဝတ္တရားများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သူ ကို ရွေးချယ်ခြင်း၊ စက်မှုလက်မှုနှင့် လက်နက်ကိုင်တပ်များ အတွက် သင့်လျော်သူတို့အား ရွေးချယ်ခြင်းများ၌ စစ်ဆေးလွှာ တို့ကို အသုံးချကြ၏။

ကိုယ်ရည်သွေးကိုလည်း စိတ်ပညာဆရာများက စုံစမ်းကြ သည်။ ကိုယ်ရည်ကိုယ်သွေး မေးခွန်းလွှာများဖြင့် ကိုယ်ရည် ကိုယ်သွေးအခြေအနေကို အသင့်အတင့် ဖေါ်ထုတ်စေနိုင်၏။ စိတ်အခြေအနေကို ပြင်ပအမူအရာ ဖြင့် စုံစမ်းနည်းများလည်း အသုံးပြုကြသည်။ အများသိကျွမ်းသော နည်းတစ်ခုမှာ ရိုရှပ် ဆိုသူ တည်ထွင်သော မင်စက်စစ်ဆေးနည်းဖြစ်သည်။ လူ တစ်ဦး တစ်ယောက်ကို အကဲဖြတ်ရာတွင် အသိဉာာဏ်စစ်ဆေး လွှာ၊ စွမ်းရည်စစ်ဆေးလွှာ၊ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့် စာရိတ္တများကို အကဲဖြတ်ချက်တို့ကို ပေါင်းစပ်ကာ လေ့လာရ ပေသည်။

လူ၏ ဆက်ဆံရေးအပြုအမူ[ပြင်​ဆင်​ရန်​]

ကျွန်ုပ်တို့၏ အပြုအမူသည် လူများနှင့် ဆက်ဆံပြုမူခြင်း ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က အစုအဝေးတွင်ပါဝင်သော အနေဖြင့် ပြုမူခြင်းသည် တစ်ဦးတည်းပြုမူခြင်းနှင့် ကွာခြား သည်။ အစုအဝေး၏ ညွှန်ခြင်းသည် လူ၏အပြုအမူကို ပြောင်း လဲစေသည်။ လူအုပ်တွင်ပါဝင်သော လူတစ်ယောက်သည် လူ အုပ်အလိုက်ပြုမူတတ်သဖြင့် ဆင်ခြင်ကင်းမဲ့သောအပြုအမူမျိုးကို ပြုလုပ်တတ်သည်။ တစ်ဦးကို တစ်ဦး အတုခိုးတတ်သည်။ ကျွန်ုပ်တို့သည် အများအားဖြင့် ကျွန်ုပ်တို့နှင့်ဆိုင်ရာ လူစု၏ အနေအထိုင်အတိုင်း တူညီအောင် နေတတ်ကြလေသည်။ လူတစ်မျိုးနှင့် တစ်မျိုး စိတ်အခြေအနေ ခြားနားခြင်းရှိ သလော၊ ရှိခဲ့လျှင် ဇာတိအတိုင်း ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ယဉ်ကျေးမှုထုံစံများကြောင့်ပင်လော။ ယင်းအချက် တို့ကို စဉ်းစားလိုက်သော်၊ ပတ်ဝန်းကျင် ခြားနားခြင်းကြောင့် လူတစ်မျိုး နှင့်တစ်မျိုး ခြားနားကြသည်ဟု စိတ်ပညာရှင်တို့က သဘောရကြ၏။ လူမျိုးချင်း ခြားနားသည်ထက် လူမျိုးတစ်စု ထဲတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုခြားနားတတ်သည်။

စိတ်ပညာလေ့လာချက်များဖြင့် လူ၏အကြောင်းကို ပိုမို နားလည်လာသည်ဖြစ်ရကား၊ လူသတ္တဝါတို့ ကြီးပွားတိုးတက် ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် လူတို့၏ အပြုအမူများကို ပြုပြင်ရန် စိတ်ပညာကို အသုံးချနိုင်ပေသည်။ [၁]


စိတ်ပညာ ဘာသာရပ်ဆိုင်ရာ မြန်မာ ပညာရှင်များ[ပြင်​ဆင်​ရန်​]

  1. ချစ်နိုင် (စိတ်ပညာ)
  2. တက္ကသိုလ်ဘုန်းနိုင်
  3. ဒေါက်တာ ကျော်စိန်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)