စာပေ

ဝီကီပီးဒီးယား မှ
Egyptian hieroglyphs

လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာပေသည် စာမှပေါ်ပေါက်လာ၏။ စာဟူသည်ကား စကား၏သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်၏။ ဤတွင်၊ ဗျည်း သရ အက္ခရာများဖြင့် စုစည်းအပ်သော အရေးအမှတ်များသာမက၊ တရုတ်လူမျိုး၊ ရှေးရှေးအီဂျစ်လူမျိုးတို့ သုံးသော ရုပ်ပုံသင်္ကေတများမှ ဆင်းသက်လာသည့် အရေးအမှတ်များကိုပါ စာဟုခေါ်သည်။ ယခု မျက်မမြင်တို့ လက်ဖျားကလေးများဖြင့် စမ်း၍ဖတ်ရသော အမှတ်ဖု ကလေးများကိုလည်း စာဟုပင်ခေါ်ရပေမည်။ စာကို သုခုမအရာမြောက်အောင် (ဝါ)အနုပညာသက်ဝင်အောင် ဖွဲ့စည်းစီရင်တီထွင်သော် စာပေဟု ဖြစ်လာ၏။ စာမဖြစ်ပေါ်မီ စာပေမပေါ်ပေါက်နိုင်ပေ။ အချို့ ဘာသာစကားများတွင် ရှေးရှေးအခါက စာဟူ၍ မပေါ်ပေါက်သေးသော်လည်း သီချင်းများ၊ ကဗျာလင်္ကာများကို ဖွဲ့နွဲ့သီကုံးကာ စပ်ဆိုမှု ပြုကြသည်။

ယင်းကဗျာများကို ကြားနာရသူများက စိတ်တွင် မှတ်သား၍ ပြန်လည် ရွတ်ဆိုခြင်းဖြင့် တစ်ဆင့်တစ်ဆင့် လက်ကမ်းသကဲ့သို့ ကာလရှည်မြင့်စွာ မတိမ်ကော မပျောက်ပျက်ရအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြ၏။ သို့သော် မှတ်ဉာဏ်နှင့်စကားသံတွင်သာ အခြေတည်ထားသော ဤအဖွဲ့အနွဲ့များမှာ သုခုမအင်္ဂါဖြင့် ပြည့်စုံစေကာမူ၊ စာပေဟု ခေါ်နိုင်မည်မဟုတ်ပေ။

ဤအဖွဲ့အနွဲ့များ ပါဝင်သော ဘာသာစကားကို ပေ၊ ကျောက်၊ စက္ကူ၊ ရွှံ့ပြား၊ ကြေးပြား စသည်တို့၌ ထွင်း၍ ရေး၍၊ ခြစ်၍၊ ပုံဆွဲ၍၊ ထု၍၊ အစက်အကြောင်းချ၍ အမှတ် အသားတင်ကာ၊ စာဟု တီထွင်ပေါ်ပေါက်လာမှပင်၊ နှုတ်ဖြင့်သာ ရွတ်ဆိုလျက် မှတ်ဉာဏ်ဖြင့်သာ ထိန်းသိမ်းခဲ့ရသော အဖွဲ့အနွဲ့ကဗျာလင်္ကာတို့သည် စာပေအရာမြောက်လေသည်။

စာရှိမှ စာပေရှိနိုင်မည်ဟူသော အထက်က အယူအဆကို ငြင်းဆိုသော ကေစိဆရာများလည်း ရှိ၏။ စာဖြင့် မှတ်တမ်းတင်ခြင်း မပြုနိုင်သော်လည်း အနုပညာသင်ဝင်သည့် အဖွဲ့အနွဲ့ ကဗျာများကို စာပေဟုခေါ်နိုင်သည်ဟု ကေစိဆရာများက ဆိုပေသည်။

သုခုမအရာမြောက်အောင်၊ အနုပညာ သက်ဝင်အောင် ဖွဲ့စည်းစီရင်သော စာမှသာလျှင်၊ စာပေအခေါ်ခံထိုက်သည်ဟူသော အယူအဆကို ယခုခေတ်မှပင် အများက လက်ခံလာကြ၏။ မြန်မာတို့တွင် စာပေဟူသော စကားသည် ရှေးခေတ်များ၌ တရားစာပေ ဟူသော အနက်ရခဲ့၏။ ကိုးခန်းပျို့၌၊ 'စာပေနားဝင်၊ ငါ့ကိုသင်သည်၊ လင်လည်း စွန့်ထား၊ ယခုသွားခဲ့'ဟု စပ်ဆိုထားရာ၊ 'တရားစာပေကို နားလည်အောင် သင်ပြပေသောလင်'ဟု အဓိပ္ပာယ်ဖွင့်ကြရ၏။ တစ်ဖန် နေမိငရဲခန်းပျို့၌၊ 'ပုထိုးဘုရား၊ ကျောင်းကန်သွား၍၊ တရားစာပေ၊ နာပါချေအံ့'ဟု စပ်ဆိုထားရာ၊ စာပေဟူလျှင် တရားစာစု ဖြစ်သည်ဟု ကျမ်းဂန်တတ်ပုဂ္ဂိုလ်များ နားလည်ယူဆခဲ့ကြ၏။

လောကုတ္တရာနှင့်ဆိုင်သော စာစုကို စာပေဟုခေါ်ခဲ့သည့် ခေတ်မှသည် လောကီနှင့်ဆိုင်သောစာစုများ ပေါ်ပေါက် ခေတ်စားလာချိန်၌ စာပေဟူသော ဝေါဟာရ၏အနက်လည်း ပြောင်းခဲ့ရပေသည်။ ထို့ကြောင့် ယခုအခါ တရားစာစုများကိုသာ စာပေဟု ခေါ်လေ့ မပြုကြတော့ဘဲ၊ အနုပညာ သက်ဝင်သည့် စာမျိုးကိုလည်း စာပေဟု ခေါ်ကြသည်။ ထိုကြောင့် 'စာပေသမိုင်း'ဟူသော စာအုပ်အမည်ကို ကြားရသူတို့သည် တရားစာပါရှိသော ကျမ်းဂန်များပေါ်ပေါက်လာပုံ အစဉ်အလာအကြောင်း စာအုပ်မျှသာဟု မယူဆဘဲ၊ ရတုကဗျာ လင်္ကာနှင့်တကွ စကားပြေအဖွဲ့ အမျိုးမျိုးတို့ ရေးသားပေါ်ပေါက်လာပုံအကြောင်း စာအုပ်ဟု ချက်ခြင်း သိရှိနားလည်လာကြ၏။

သိုးဆောင်တို့၏ အယူအဆတွင် အနုပညာသက်ဝင်သည့် စာအရေးအသားကိုသာမဟုတ်၊ ထိုစာအရေးအသားကို ဝေဖန်ခွဲခြား၊ စိစစ် အကဲဖြတ်၍ အရသာခံစားမှုကို ပေါ်လွင်စေသော အရေးအသားကိုလည်း စာပေအရာအတွင် သွတ်သွင်းထား၏။ ဖွဲ့စည်း သီကုံးမှုတွင် စကားသား အရွေးအချယ် အစီအရင်ကြောင့် သုခုမအရာ မြောက်သည်၊ ဖတ်ရှုသူ၏ စိတ်နှလုံးကို လှုပ်ရှားထိခိုက်စေသည်ဟု ဆိုနိုင်သော စာမျိုးကို စာပေဟု အသိအမှတ်ပြုရပေမည်။ စာပေဟုခေါ်ရမည့် စာမျိုး၌ သေးသိမ်သော စဉ်းစားစိတ်ကူးနည်း၊ ညံ့ဖျင်းသော အယူအဆ အကြည့်အမြင်၊ နုံ့သော ကလေးကလား အသွားမျိုးကို ပယ်၍၊ တင့်တယ်ကြည်နူး အံ့ဩဖွယ်ရာသော အရေးအသား ပါရှိရုံမျှမက ဖြောင့်မတ်တည်ကြည်၍ သမာဓိပြည့်စုံသော စိတ်ထားမျိုးကို ပါရှိစေရသည်။

စာပေဟု ယေဘုယျအားဖြင့် ခေါ်ဝေါ်ပြောဆိုကြသော်လည်း စာပေကို ကဏ္ဍခွဲခြားရန် မလွယ်လှပေ။ စာပေ အမျိုးမျိုး ရှိရာ အချို့တရားစာများ၊ အချို့သမိုင်းစာများ၊ အချို့မိန့်ခွန်းများ၊ အချို့သိပ္ပံအကြောင်းရပ် စာများသည် သုခုမအင်္ဂါနှင့် ပြည့်စုံ၍ ယင်းတို့ကိုလည်း စာပေအသိုက်အအုံတွင် ထည့်သွင်းပေးရပေမည်။ သဘောအားဖြင့် စာပေအမျိုးမျိုးကို ကဏ္ဍ ခွဲရမည်ဆိုလျှင် တရားစာပေ၊ သဘာဝတ္ထဗေဒအရ လောကကြီးကို ဆင်ခြင်သုံးသပ်သော စာပေ၊ ကဗျာလင်္ကနှင့် ပြဇာတ် စာပေ၊ သမိုင်း စာပေ၊ အဟောအပြောစာပေ၊ ဝေဖန်အကဲဖြတ်မှုစာပေနှင့် စိတ်ကူး (ဝါ) စိတ်ကွန့်စာပေဟု ခွဲခြားနိုင်သည်။ သိုးဆောင်းတို့၏ စာပေသည် ရှေးနှစ်ပေါင်း ၂၄ဝဝ ခန့်ကစ၍ ပေါ်ပေါက်ထွန်းကားခဲ့သော ဂရိစာပေမှ သက်နွယ်ခဲ့၏။ ဂရိစာပေတွင် တရားစာပေနှင့် စိတ်ကူးယဉ်(ဝါ) စိတ်ကွန့်စာပေမျိုးတို့မှအပ ဖော်ပြခဲ့သော် စာပေမျိုး အစုံပါဝင်ခဲ့ပေသည်။

စာပေမှန်သမျှကို နည်းအမျိုးမျိုးဖြင့် ခွဲထားနိုင်ပေသည်။ လူမျိုးအလိုက်၊ ဘာသာစကားအလိုက် ခွဲခြားနိုင်၏။ ဤစွယ်စုံကျမ်းတွင် ကနေဒါစာပေ၊ ဂရိစာပေ၊ ဂျာမန်စာပေ၊ အင်္ဂလိပ်စာပေ၊ စပိန်စာပေ၊ မြန်မာစာပေ စသည်ဖြင့် လူမျိုးနိုင်ငံ၊ ဘာသာစကားအလိုက် ခွဲခြားကာ စာပေအမျိုးမျိုးကို ဖော်ပြထားသော ဆောင်းပါးများ မြောက်မြားစွာ ဖတ်ရှုနိုင်သည်။ ခေတ် အလျောက်လည်း စာပေကို ခွဲခြားနိုင်၏။ သိုးဆောင်းစာပေတွင် ရှေးခေတ်စာပေ၊ အလယ်ခေတ်စာပေဟု ခွဲခြားနိုင်၏။ စာပေအချင်းချင်း နှိုင်းရှည့်၍ စာပေနှိုင်းရှည့်မှုပညာဟု ပညာတစ်ရပ် အဖြစ်နှင့်လည်း ရှိပေသည်။ ဖွဲ့စည်းသီကုံးမှုကို အခြေခံထား၍ ဖွဲ့နည်းကို ခွဲခြားကာ၊ ကဗျာ၊ စကားပြေ၊ ပြဇာတ်၊ စာမွန်စသည့်ဆောင်းပါးများကိုလည် ဤစုံစွယ်ကျမ်းတွင် တွေ့ရပေမည်။ စာပေ၌ ထင်ရှားကျော်စောသော အရှေ့တိုင်း၊ အနောက်တိုင်း စာရေးဆရာကြီးများနှင့် အလွန့်အလွန် ကျော်ကြားခဲ့သော စာပေများကို သီးသန့်၍လည်း ဤကျမ်းတွင် ဖော်ပြပါရှိ၏။ [၁]


စာနှင့်စပ်လျဉ်းသော စကားကို ပြောဆိုပါက စာအကြောင်းကို ရေးသားမည်ရှိသော် `စာ´ဟု တစ်လုံးတည်း မရေးဘဲ `စာပေ´ဟူ၍သာ ပေနှင့်တွဲ၍ ပြောလေ့ပြောထ ရေးလေ့ရေးထ ရှိကြသည်။ စာပေဟု ခေါ်ဝေါ်သုံးစွဲ၊ ရေးသားမှ ပြည့်စုံသည်ဟု ထင်မှတ်ကြသည်။

စာပေကဏ္ဍနှင့် ပတ်သက်၍ လောလောဆယ် လွယ်တာက စာပေပညာရှင်စာရင်း မှတ်တမ်းတင်တာဖြစ်သည်။ ခေတ်အလိုက် ပိုင်းပြီး သုတစာပေ၊ ရသစာပေဟူ၍ ခွဲနိုင်သည်။ ဒီနေရာမှာ ခေတ်အဆက်ဆက် စာပေများကို ပုဂံခေတ်ပင်းယခေတ်အင်းဝခေတ်တောင်ငူခေတ်ညောင်ရမ်းခေတ်ကုန်းဘောင်ခေတ် ပိုင်းပြီး ပြုစုခဲ့သော စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်းတွေမှာ တော်တော် ပြည့်ပြည့်စုံစုံ ပါပြီးပါပြီ။ နောက်ပိုင်းမှာလည်း မလိခရဲ့ မြန်မာဝတ္ထုအညွှန်းတို့မှာလည်း တော်တော် ပါပြီးသားပါ။ ဒီနေရာမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျော်ကြားတဲ့ သုတ ရသ စာပေပညာများကို နှစ်အလိုက် ကြိုးစားပြုစု မှတ်တမ်းတင် သွားပါမည်။

သုတစာပေ[ပြင်ဆင်ရန်]

သုတစာပေတွင်မူ စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု သုတတို့ကို သူသိသည့်အတိုင်း တင်ပြသည်။ ထိုအခါ စာဖတ်သူသည် အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိသည်။ ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်း စသည်တို့သည် သုတစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။ ထို့ပြင် ဗဟုသုတကို တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့်ရေးသော ပညာပေး ကဗျာများသည်လည်း သုတစာပေတွင် ပါဝင်သည်ဟု ဆိုရ ပါမည်။ သုတစာပေကိုရေးရာ၌ တခါတရံ စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော ဗဟုသုတတို့ကို စာဖတ်သူတို့ လက်ခံချင်လာအောင် သူ့စေတနာနှောလျက် ဖျောင်းဖျသွေးဆောင်၍ ရေးတတ်သည်လည်း ရှိသည်။ ထိုအခါ စာဖတ်သူသည် ပညာဗဟုသုတ ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရသည်။ ထိုစာမျိုးကို သုတစာပေ၌ ထည့်သွင်းနိုင်သည် ဆိုသော်လည်း ရသသဘော နှောနေသဖြင့် ပညာရှင်အချို့က သုတ ရသစာပေဟု ဆိုကြသည်။ [၂] သုတ= knowledge (မသိသေးတဲ့ အချက်အလက် ပညာရပ် ကိုရှင်းလင်းအသိတိုးစေတာ) သက်သက် ရေးတဲ့စာ

ရသစာပေ[ပြင်ဆင်ရန်]

ရသစာပေတွင် စာရေးဆရာသည် သူသိသော၊ သူခံစားမိသော အကြောင်းအရာတို့ကို အခြေ ခံပြု၍ သူ့စေတနာကို အဓိကထားသော သူ့စိတ်ကူးဉာဏ်တည်းဟူသော ဆေးရောင်စုံဖြင့် ရေးခြယ် သည်။ ထိုအခါ စာဖတ်သူသည် စာရေးဆရာ၏ စိတ်ကူးဉာဏ်တန်ခိုးကြောင့် ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ အားတက်ခြင်း၊ ရဲရင့်ခြင်း၊ အံ့ဩခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ ခြင်းတည်းဟူသော ရသ အတွေ့အကြုံကို ရရှိသည်။ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ပုံပြင် စသည်တို့သည် ရသစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။[၃] ရသ= ခံစားမှု feeling တစ်ခုခု ဖြစ်ပေါ်ခံစားစေတဲ့စာ

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. မင်းယုဝေ - မြန်မာ ကလေးသူငယ် သုတစာပေ
  3. မင်းယုဝေ - မြန်မာ ကလေးသူငယ် သုတစာပေ