ဇီဝဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Escherichia coli Tree fern
Goliath beetle
Biology studies the variety of life (clockwise from top-left) E. coli, tree fern, gazelle, Goliath beetle

သက်ရှိတို့၏ တည်ဆောက်ပုံနှင့်ဆောင်ရွက်ချက်များအား သိပ္ပံနည်းကျ စမ်းသပ်လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။ ဗိုင်ဩလိုဂျီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ အဓိပ္ပါယ်မှာ အသက် (သို့မဟုတ်) ဇီဝအကြောင်း လေ့လာဆွေးနွေးချက်ဖြစ်သည်။ ဤဝေါဟာရကို တီထွင်ခဲ့သူကား ထင်ရှားကျော်စောသော သဘာဝပညာရှင် ပြင်သစ်လူမျိုး လမတ် (၁၇၄၄-၁၈၂၉) ဖြစ်သည်။

မာတိကာ

ဇီဝဗေဒ[ပြင်​ဆင်​ရန်​]

ဗိုင်ဩလိုဂျီသည် သက်ရှိအရာ သို့မဟုတ် သဇီဝတို့နှင့် ပတ်သက်သော အကြောင်းအကျိုးတို့ကို လေ့လာသော သိပ္ပံပညာရပ်ဖြစ်သည်။ ဤနေရာတွင် သဇီဝဆိုရာ၌ အသက်ရှိနေ သော အရာမှန်သမျှပါဝင်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အသက်ရှင်နေသော သဇီဝများ ဝန်းရံလျက်ရှိကြသည်။ အပင်နှင့်သတ္တဝါတို့သည် သဇီဝများဖြစ်ကြသည်။ ထို့ကြောင့် အပင် နှင့်သတ္တဝါတို့တွင် တွေ့မြင်နိုင်သော အခြင်းအရာတို့ကို မူတည်၍ လေ့လာခြင်းဖြင့် အသက်ရှင်ခြင်းနှင့် ပတ်သက်သော အချက်အလက်များကို နားလည်နိုင်မည်။

ဇီဝ(အသက်) ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ဟူ၍ ကား တိကျစွာမပြောနိုင်ချေ။ သို့ရာတွင် ကျွန်ုပ်တို့ အကြား အမြင် အတွေ့အကြုံတို့ကို အခြေပြု၍ ပြောရသော်၊ ဇီဝ (အသက်)ဟူသည် သဇီဝခန္ဓာကိုယ်ကို ဖွဲ့စည်းထားသောအရာ များနှင့် အစဉ်သဖြင့် ဆက်စပ်နေသည်။ ဇီဝကင်းမဲ့သော ရုပ်ကို အနှံ့အပြား များစွာတွေ့နိုင်သော်လည်း၊ ရုပ်ကင်းမဲ့သော ဇီဝကို မူ သိပ္ပံလောကတွင် ရှာ၍မတွေ့ချေ။ ထိုကြောင့် ကျွန်ုပ်တို့ နား လည်သော ဇီဝဆိုသည်မှာ ရုပ်နှင့် ခွဲခွာ၍မရအောင် ဆက်စပ် လျက်ရှိသောအရာဖြစ်သည်။ ကျွန်ုပ်တို့စွမ်းဆောင်နိုင်သမျှ ဇီဝ၏ အဓိပ္ပါယ်ဖော်ပြရသော်၊ အပင်နှင့် သတ္တဝါတို့တွင် တွေ့မြင်ရသော လုပ်ငန်းဆောင်တာတို့ကို ချုပ်ကိုင်ထားသော အရာမှာ ဇီဝဖြစ်သည်။ သို့ရာတွင် ရွေ့ရှားခြင်း၊ ကြီးခြင်း၊ မျိုးပွားခြင်း စသည့် အခြင်းအရာများသည် သဇီဝတို့ အသက် ရှင်စဉ် တွေ့မြင်ရသည့် လက္ခဏာများပင် ဖြစ်လင့်ကစား၊ ယင်း လက္ခဏာတို့ပေါ်တွင် မူတည်၍ အကြွင်းမဲ့ပြည့်စုံသော ဇီဝ၏ အဓိပ္ပါယ်ကို မပေးနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော်၊ ယင်း လက္ခဏာ တစ်စိတ်တစ်ဒေသကို နိဇီဝ (သက်မဲ့)များတွင်လည်း တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ သာဓကအဖြစ် ပြရသော်၊ မြစ်များလည်း ကြီးထွားခြင်းရှိကြ၏။ မြစ်မမှ မြစ်ငယ်များထပ် ပွားနိုင်ကြသည်။ ပရုတ်စိမ်းကို ရေမျက်နှာပြင်ပေါ်၌ တင်ကြည့် လျှင် ဟိုဟိုသည်သည် လှုပ်ရှားကြောင်း တွေ့ရသည်။ ရွံ့စေးကို လည်း ရေနှင့်ဖျော်ကြည့်လျှင် ရွံ့စေးမှုန့်များ လှုပ်ရှားကြောင်းကို တွေ့ရသည်။ သို့ရာတွင် ဇီဝကြောင့်ဖြစ်ပေါ်သော အခြင်းအရာ များကို သေချာစွာစိစစ်၍ လေ့လာသော်၊ အောက်ပါဝိသေသ လက္ခဏာကြီးငါးချက်ကို တွေ့ရမည်။

၁။ ပရိုတိုပလက်ဇမ်ခေါ် မူလဩဇာ[ပြင်​ဆင်​ရန်​]

သဇီဝနှင့် နိဇီဝတို့ကို ခွဲခြား၍သိရှိစေသော ဝိသေသ လက္ခဏာကား သဇီဝ၌ မူမှန်အဖွဲ့အစည်းရှိခြင်းဖြစ်သည်။ သဇီ ဝဖြစ်သော သစ်ပင်နှင့်သတ္တဝါတို့၏ ခန္ဓာကိုယ်တို့သည် ဆဲများ ဖြင့်ပြည့်နှက်နေသည်။ ထိုဆဲများ၏ အတွင်း၌ ရှင်သန်နေသော ပရိုတိုပလက်ဇမ် ရှိသည်။ ဤပရိုတိုပလက်ဇမ် မပါဘဲနှင့် ဇီဝ မဖြစ်နိုင်ချေ။ သစ်ပင်နှင့် သတ္တဝါတို့၌သာလျှင် ဆဲများဖြင့် ဖွဲ့စည်းထားသော အင်္ဂါများရှိသည်။ နိဇီဝတို့တွင် ဆဲနှင့် ပရိုတို ပလက်ဇမ်မရှိချေ။

သစ်ပင်နှင့် သတ္တဝါတို့၏ အချို့အင်္ဂါအစိတ်အပိုင်း၌ရှိ သော ပရိုတိုပလက်ဇမ်သည် ငယ်မူပြန်နိုင်စွမ်းရှိသည်။ ပုံစံအား ဖြင့်ဆိုသော်၊ လူ၏လက်မောင်းအရေပြား စုတ်ပြတ်ပွန်းပဲ့သွား လျှင် အရေပြားသစ် တစ်ဖန်ပြန်ဖြစ်နိုင်သည်။ သစ်ပင်နှင့် သတ္တဝါတို့၌ တွေ့မြင်ရသော အနာကျက်ခြင်း၊ ကျိုးသွားသော အရိုးများ ပြန်ဆက်ခြင်း၊ သွေးသစ်ဖြစ်ခြင်း၊ ရော်ဘာပင်၊ ထန်း ပင်တို့ကဲ့သို့ သစ်ရည်သစ်ဖြစ်ခြင်း၊ သစ်ခေါက် ထပ်တလဲလဲ ဖြစ်ခြင်း စသည်တို့မှာ ပရိုတိုပလက်ဇမ်၏ ငယ်မူပြန်စွမ်းရည် ကြောင့်ဖြစ်သည်။


၂။ မျိုးပွားခြင်း[ပြင်​ဆင်​ရန်​]

သဇီဝတို့၌ မျိုးပွားနိုင်သော သတ္တိရှိသည်။ မျိုးပွားခြင်းဆို ရာ၌ မိဖမှပေါက်ပွားသော သားသမီးတို့သည် မိဖ၏ အမျိုးနှင့် တစ်သမတ်တည်းတူစွာ ပေါက်ပွားကြခြင်းကို ဆိုလိုသည်။ ပုံစံ အားဖြင့် ဆင်က ဆိတ်မမွေး၊ မျိုးတူ ဆင်ကလေးများကိုသာ မွေးခြင်း၊ သရက်ပင်က ဩဇာသီးမသီး၊၊ အမျိုးတူ သရက်သီး သာ သီးခြင်းကိုဆိုလိုသည်။ သဇီဝတို့တွင် အချိန်ရာသီအလိုက် မျိုးပွားမှုရှိမြဲဖြစ်သော်လည်း၊ နိဇီဝတို့တွင်မူ ဤအဖြစ်မျိုးမရှိ ချေ။ ထိုကြောင့် သဇီဝတို့တွင် မဖေါက်ပြန်သော ဇီဝစက်ရှိခြင်း ဖြစ်သည်။

၃။ ရွေ့ရှားခြင်း[ပြင်​ဆင်​ရန်​]

သဇီဝတို့တွင် အသက်ရှင်နေသောအဖြစ်ကို ပြသော လက္ခဏာကား ရွေ့ရှားနိုင်သော သတ္တိဖြစ်သည်ဟု ယူဆနိုင် သည်၊ ကျွန်ုပ်တို့ တွေ့မြင်နေကြရသော သစ်ပင်တို့မှာ မြေ၌ စွဲမြဲနေကြသည့် အရာများဖြစ်ကြသောကြောင့် သတ္တဝါများမှာ ကဲ့သို့ ရွေ့ရှားနိုင်သော သတ္တိကို ထင်ထင်ရှားရှားအမြဲတမ်း မတွေ့ရချေ။ အပင်နှင့် သတ္တဝါတို့၏ ရွေ့ရှားခြင်းကို နှစ်မျိုး ခွဲခြားနိုင်သည်။ ယင်းတို့မှာ (က) အလိုအလျှောက် ရွေ့ရှားခြင်း နှင့် (ခ) ဆွဲဆောင်၍ ရွေ့ရှားခြင်း သို့မဟုတ် တုံ့ပြန်သတ္တိတို့ ဖြစ်ကြသည်။


  • (က) အလိုအလျောက် ရွေ့ရှားခြင်းကို သတ္တဝါတို့တွင်

ထင်ရှားစွာတွေ့နိုင်သည်။ အပင်တို့တွင်မူ အယ်လဂျေပင်များဖြစ် သော ယူဂလီနားနှင့် ဩစီလေတိုရီးယား၌ တွေ့ရသည်။ ထို အပင်တို့၏အတွင်း၌ ပရိုတိုပလက်ဇမ်သည် အလိုအလျောက်ရွေ့ ရှားနေသည်။


  • (ခ) သဇီဝတို့တွင် ဆွဲဆောင်၍ ရွေ့ရှားခြင်း သို့မဟုတ်

တုံ့ပြန်သတ္တိရှိသည်။ ပုံစံပြရသော်၊ သတ္တဝါ တစ်ကောင်သည် လက်ခြေစသည်ကို မီးလောင်လျှင် မီးနှင့် ဝေးရာသို့ ရွေ့သွား လိမ့်မည်။ ကလိုရိုဖီပါသော သစ်ပင်တို့သည် အမှောင်ဖက်မှ အလင်းဖက်သို့ဦးတည်၍ ပေါက်မြဲဖြစ်သည်။ ဤနေရာ၌ မီးနှင့် အလင်း ရောင်သည် သတ္တဝါနှင့် အပင်တို့အား ဆွဲဆောင်သော အလှုံ့ဓာတ်များဖြစ်ကြ၍၊ သတ္တဝါနှင့် အပင်တို့၏ တုံ့ပြန်ခြင်း မှာလည်း ပရိုတိုပလက်ဇမ်ကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန် သတ္တိကြောင့်ပင်ဖြစ်သည်။ ထိကရုန်းပင်ကိုထိလျှင် ရုန်းသွား သည်။ သားစားပင်များ၌ရှိသော အထူးအင်္ဂါများသည် သား ကောင်နှင့် တွေ့ထိသည်နှင့်တစ်ပြိုင်နက် အမိဖမ်းတတ်သော ယန္တရားများဖြစ်လာကြသည်။ ကုက္ကိုရွက်သည် ညတွင် အိပ် သည်။ နံနက်တွင် တစ်ဖန်ပြန့်ကားလာလေသည်။ နေကြာပွင့် သည် နေသွားရာဖက်သို့ လှည့်၍လိုက်နိုင်စွမ်းရှိသည်။ သတ္တဝါ တို့၌မူကား သစ်ပင်များမှာထက် ပိုမိုထင်ရှားသော တုံ့ပြန်သတ္တိ ရှိသည်။

၄။ ဇီဝရုပ်အဖြစ်အပျက်[ပြင်​ဆင်​ရန်​]

သဇီဝမှန်သမျှတွင် ဇီဝရုပ်အဖြစ်အပျက် (မက်တာဗော်လစ် ဇင်) ပြုပြင်နိုင်စွမ်းရှိသည်။ မက်တာဗောလ်လစ် ဇင်ဆိုသည်မှာ ဇီဝကိစ္စဗေဒ (ဖီဇီဩလိုဂျီ) လုပ်ငန်းဆောင်တာနှင့် စပ်လျဉ်း၍ သဇီဝတို့၏ဆဲအတွင်း၌ ဓာတ်များအဆက်မပြတ် ပြုပြင်ပြောင်း လဲနေပုံကို ခြုံ၍ခေါ်ခြင်းဖြစ်သည်။ မက်တာဗော်လစ်ဇင်ကြောင့် ရရှိသော အကျိုးကျေးဇူတို့မှာ သဇီဝတို့၏ အသက်ရှင်ရေးဖြစ် သော ပရိုတိုမလက်ဇမ်များ ဖြစ်ပေါ်ခြင်း၊ မချွတ်ယွင်းအောင် ဖန်တီးခြင်းနှင့် ချွတ်ယွင်းသွားသော ပရိုတိုပလက်ဇမ်များကို အသစ်ဖြစ်အောင် တစ်ဖန်ပြုပြင်နိုင်ခြင်း တို့ဖြစ်ကြသည်။ သဇီဝကို အသုံးပြုရန်အတွက် ဩဂဲနစ်ပစ္စည်းပြုလုပ်ခြင်းနှင့် ဆိုင်သော မတ်တာဗော်လစ်ဇင် ကို ဇီဝရုပ်ဖြစ်ခြင်း (အနာဗော် လစ်ဇင်)ဟု ခေါ်သည်။ သဇီဝတို့ စွမ်းအင်ရမှုအတွက်ပြုလုပ်ပြီး ဩဂဲနစ် ပစ္စည်းများကို ချေဖျက်ခြင်းနှင့်၎င်း၊ အသုံးမကျသော ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့်၎င်း ဆိုင်သော မက်တာဗော်လစ် ဇင်ကိုမူ ဇီဝရုပ်ပျက်ခြင်း (ကက်တာဗော်လစ်ဇင်)ဟု ခေါ်သည်။

၅။ ကြီးခြင်း[ပြင်​ဆင်​ရန်​]

ဇီဝဗေဒတွင် သုံးစွဲသော ကြီးခြင်းဆိုသော ဝေါဟာရသည် အရွယ်ပမာဏကြီးများခြင်းထက် ပိုမိုနက်နဲသော အဓိပ္ပါယ်ကို ဆောင်သည်။ ဤဝေါဟာရကို သုံးလိုက်သည်နှင်တစ်ပြိုင်နက် မက်တာဗော်လစ်ဇင်၏ အကျိုးကြောင့် (က) မိတိုဆစ် သို့မဟုတ် ဒွိဂုဏ်ပွားခြင်းဖြင့် ဆဲအသစ်များဖြစ်ပေါ်ခြင်း၊ (ခ) ထိုဆဲအသစ်များ ပမာဏကြီးမားလာခြင်းနှင့် (ဂ) ယင်းကဲ့သို့ ကြီးမားလာသောဆဲများ ကြီးရင့်လာပြီးလျှင် ရင့်သောတစ်ရှူး အသီးသီးအဖြစ်သို့ ရောက်လာခြင်းတည်းဟူသော အဆင့်သုံး ဆင့် တစ်ဆက်တည်း ဖြစ်ပေါ်ကြောင်းကို သိနားလည်ထားရ မည်။ ပမာဏကြီးမားခြင်းသည် ကြီးခြင်း၏အဆင့် တစ်ဆင့်မျှ သာဖြစ်သည်။ ဖီဇီဩလိုဂျီဆိုင်ရာ လုပ်ငန်းတာဝန်များကို ခွဲဝေ ခြင်း၊ ယင်းတာဝန်အသီးသီးကို ညီညွတ်စွာဖြစ်စေရန် ည|ိထိန်း ၍ပေးခြင်း၊ သဇီဝ၏ မျိုးရိုးရုပ်သွင်ပေါ်အောင် ဖွဲ့ဖြိုးခြင်းတို့ သည်လည်း ကြီးခြင်းဆိုသော ဝေါဟာရ၌ အကျုံးဝင်ပြီးဖြစ်ကြ သည်။ အချုပ်ကိုရှင်းလင်းစွာဆိုရသော်၊ သဇီဝတို့၏ ကြီးခြင်း သည် အတွင်းဖက်ရှိ ပရိုတိုပလက်ဇမ်ကို အရင်းခံ၍ စတင်ဖြစ် ပေါ်သည်။ နိဇီဝတို့၏ ကြီးမားခြင်းမှာ ပြင်ပ၌စတင်ဖြစ်ပေါ် သည်။ ပုံဆောင်ခဲများ ကြီးမားလာပုံကို သာဓကပြုရလျှင်၊ ရုပ်တူဓာတ်တူဖြစ်ကြသော မော်လီကျူးများသည် ပုံဆောင်ခဲ၏ ပြင်ပမျက်နှာပြင်ပေါ်တွင် ထပ်တလဲလဲ စွဲကပ်သောကြောင့် ပမာဏကြီးလာခြင်းဖြစ်သည်။[၁]


အပင်နှင့်သတ္တဝါ[ပြင်​ဆင်​ရန်​]

အီဗော်လျူရှင်ဖြစ်စဉ်၏ အတိတ်ကာလတွင် အပင်နှင့် သတ္တဝါတို့သည် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားစွာ ဖြစ်ပေါ် ခဲ့ကြဟန်တူပေသည်။ ထိုသို့ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာခြင်း မှာ တစ်ချိန်တည်း၌၎င်း၊ တစ်နေရာတည်း ၌၎င်း ဖြစ်ဟန်မတူ ချေ။ အီဗော်လျူရှင် သမိုင်းတစ်လျှောက်၌ အခြေအနေချင်း ခြားနားသော နေရာဒေသအမျိုးမျိုး၌၎င်း၊ ခေတ်ကာလအမျိုးမျိုး ၌၎င်း ဖြစ်ပေါ်ခဲ့ဟန်တူပေသည်။ အီဗော်လျူရှင် သမိုင်းစသည့် အချိန်နှင့်ယှဉ်၍ ဇီဝ သို့မဟုတ် သဇီဝလည်း ဖြစ်ပေါ်ခဲ့ရပေ လိမ့်မည်။ သို့သော် ထိုသဇီဝသည် အပင်ပင်ဖြစ်မည်၊ သတ္တဝါ ပင်ဖြစ်ကိုမူ တိကျစွာခွဲခြား၍ မပြောနိုင်ချေ။ ထိုနည်းတူစွာ အပင် လောကသည် သတ္တဝါလောကမှ ဆင်းသက်သည် သို့မဟုတ် သတ္တဝါလောကသည် အပင်လောကမှ ဆင်းသက် သည် ဟူသည်ကိုလည်း တိကျ မှန်ကန်စွာမပြောနိုင်ချေ။ သို့ရာတွင် ကမ္ဘာပေါ်စ၌ ပထမဦးဆုံးဖြစ်သော သဇီဝသည် အလိုအလျောက်အစာ ပြုလုပ်နိုင်စွမ်း ရှိရမည်ဟူသော ယူဆ ချက် မှန်ကန်ပါမူကား အပင်သည် သတ္တဝါထက်ဦးစွာပေါ်သော သဇီဝ ဖြစ်ရပေမည်။ အီဗော်လျူရှင် သမိုင်းတလျောက်၌ အချို့ သော သဇီဝတို့သည် အပင်၏ အသွင်ကိုဆောင်ကြသည်။ ကျန် သဇီဝတို့မူ အပင်လည်းမမည်၊ သတ္တဝါလည်းမမည်သော အပင် သတ္တဝါများ ဖြစ်ခဲ့ကြမည်။ ဤကား အီဗော်လျူရှင်၏အဓိပ္ပါယ် ကို အနည်းငယ်ရှင်းပြခြင်းဖြစ်သည်။

အီဗော်လျူရှင်ဩဝါဒအရ တိုးတက်သော (ဝါ) အမြင့် တန်းစား သဇီဝနှင့် ရှေးကျသော (ဝါ) အနိမ့်တန်းစား သဇီဝ ဟူ၍ ခွဲခြားထားသည်။ အမြင့်တန်းစားသဇီဝသည် အနိမ့်တန်း စား သဇီဝမှ စနစ်တကျပြောင်းလဲ တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ယူဆသည်။ အမြင့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်း ပုံမှာ အနိမ့်တန်း စားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံထက် ပိုမိုရှုပ်ထွေး ဆန်းကြယ်သည်။ အနိမ့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံမှာ ရှုပ်ထွေးဆန်းကြယ်ခြင်းမရှိ၊ ရှင်းလင်းသော အခြေခံရုပ်အသွင် မျိုးဖြစ်သည်။

ဗိုင်ဩလိုဂျီပညာရှင်တို့၏ ယူဆချက်အရ အပင်လောက နှင့် သတ္တဝါလောကသည် မျိုးရင်းပင်မတစ်ခုမှ ဖြာထွက်လာ သော အကိုင်းကြီးနှစ်ကိုင်းဖြစ်ကြသည်။ ဤနေရာ၌ အီဗော်လျူ ရှင်၏ အဓိပ္ပါယ်ကို ပိုမိုထင်ရှားစေရန် သစ်ပင်၏ ပင်ပိုင်းဖြင့် တင်စားနှိုင်းရှည့်၍ ပြထားခြင်းဖြစ်သည်။ သစ်မြစ်ပိုင်းသည် မြေကြီးအတွင်း၌ နစ်မြုပ်နေသဖြင့် ကျွနိုပ်တို့သေချာစွာ မြင်နိုင် ခြင်းမရှိချေ။ မြေကြီးထက်၌ပေါ်နေသည့် ပင်စည်မကြီးမှ ဖြာ ထွက်သော အကိုင်းကြီးနှစ်ကိုင်းကို အပင်လောကနှင့် နှိုင်းထား သည်။ ထိုအကိုင်းကြီးများမှတစ်ဖန် အခက်အလက်အသစ်များ အမြဲမပြတ်အဆင့်ဆင့် ဖြာထွက်ဖြစ်ပေါ်နေကြသည်။ အိုမင်းရင့် ယော်ကုန်သော အခက်အလက်တို့၏ ရုပ်အသွင်တည်ခြင်းမရှိ၊ ခဏခဏ ပြောင်းလွဲလျက်နေပေသည်။ အပင်လောကနှင့် သတ္တဝါလောကတို့သည်လည်း ထိုသစ်ပင် ဥပမာအတိုင်းပင် အီဗော်လျူရှင် ဖြစ်နေကြသည်။ ကျွန်ုပ်တို့တွင် အပင်နှင့် သတ္တဝါကို ယေဘုယျအားဖြင့် ခွဲခြားနိုင်သော အသိဉာာဏ်ရှိ သည်။ အထူးသဖြင့် အမြင့်တန်းစား အပင်နှင့် သတ္တဝါကို အလွယ်တကူခွဲခြား၍ သိနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အပင်၌တွေ့မြင်ရသော အင်္ဂါဖွဲ့စည်းပုံ ရုပ်အသွင် စသည်တို့နှင့် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုသို့စိတ် ထဲ၌ ခွဲခြား၍သိနေသော အပင်နှင့် သတ္တဝါကို ရေးသား၍ ရုပ်လုံးဖော်ကြည့်လျှင် မည်မျှခက်ခဲကြောင်း လက်တွေ့သိနိုင် မည်။ အီဗော်လျူရှင် သမိုင်းကို ပြန်၍ကြည့်သော် အကိုင်း အခက်အလက်များဖြင့် တင်စားထားသော ယခုခေတ် အမြင့် တန်းစားအပင်နှင့် သတ္တဝါတို့ကို ခွဲခြား၍ သိရန်လွယ်သည်။

အကိုင်း ကြီးများမှ ပင်စည်မကြီးအထိ လျှောဆင်း၍ကြည့်သော်၊ အတိတ်ခေတ်တွင် ရှေးကျသော (ဝါ) အနိမ့်တန်းစားအပင်နှင့်သတ္တဝါ သို့မဟုတ် အပင်လော သတ္တဝါ လောဟု ခွဲခြား၍မရသောအရာကို တွေ့မည်။ အထူးသဖြင့် ဆဲ တစ်ခုတည်းသာ ပါရှိသည့် အနိမ့်တန်းစား အပင်နှင့် သတ္တဝါ ကို ခွဲခြား၍သိရန်မှာ အခက်ဆုံးဖြစ်သည်။ ရုက္ခဗေဒပညာရှင် တို့က အပင်ဟုမှတ်ယူထားသော အပင်သတ္တဝါ သဇီဝများ ယခုခေတ်တိုင်အောင်ပင် ရှိနေကြသည်။ (ပုံစံ-ယူဂလီနာ)။ ထိုသို့ဖြစ်ခြင်းကြောင့် အပင်နှင့် သတ္တဝါတို့ကို ခွဲခြားရာတွင် စည်းမျဉ်းကို လှေနံထားထစ်ချထား၍မရချေ။ ယေဘုယျအားဖြင့် အောက်ပါထူးခြားချက်များနှင့် ခြွင်းချက်များကို ထောက်ထား လျက် သစ်ပင်နှင့် သတ္တဝါကို ခွဲခြား၍သိရာသည်။


၁။ ကြီးခြင်း အပင်တွင် ကြီးရာအပိုင်း (ဝါ) ကြီးနယ်များသည် သူ့ နေရာနှင့်သူ တိကျစွာသတ်မှတ်လျက်ရှိသည်။ မျာသောအားဖြင့် ပင်စည် ထိပ်ဖျားနှင့် အမြစ် ထိပ်ဖျားတို့သည် ကြီးနယ်များဖြစ် ကြသည်။ အစေ့ရွက်ထီးပင်နှင့် အချို့သောအပင်မျိုးတို့တွင် ကြီး နယ်များသည် ဆစ်ကြား၊ ဆစ်ကြားရင်းနှင့် ရွက်ရင်းတို့၌ ရှိ တတ်ကြသည်။ သတ္တဝါတို့ကား သစ်ပင်ကဲ့သို့မဟုတ်ချေ။ သတ္တဝါတို့၏ အင်္ဂါအစိတ်အပိုင်းတို့သည် ထက်ဝန်းကျင် တစ်ပြိုင်နက် ကြီးနိုင်သည်။ သို့ရာတွင် ထိုကြီးနိုင်သည့်စွမ်း ရည်သည် သတ္တဝါတို့ အရွယ်ရောက်သည်အထိသာ ဖြစ်သည်။ အရွယ်ရောက်ပြီး နောက်အဖို့၌ကား ကြီးမှုနောက်ထပ်မဖြစ် တော့ချေ။ အပင်တို့မူကား တစ်သက်လုံး ကြီးနိုင်စွမ်းရှိသည်။


၂။ ကလိုရိုဖီ အကျိုးဖျက် ကပ္ပါးပင်နှင့် ဖန်းဂပ်မှိုပင်တို့မှလွဲ၍ အစိမ်း ရောင်သန်းလျက်ရှိသော အပင်မှန်သမျှတွင် ကလိုရိုဖီပါဝင်လေ သည်။ ယင်းသို့ ကလိုရိုဖီ ပါရှိခြင်းကြောင့် အပင်သည် အလို အလျောက် အစာလုပ်နိုင်လေသည်။ သတ္တဝါတို့တွင်မူကား ကလိုရိုဖီ မရှိကြချေ။ ထိုကြောင့် အလိုအလျောက် အစာလုပ် နိုင်စွမ်းမရှိချေ။ (ခြွင်းချက်။ ။ကလိုရိုဖီ မပါသော ဖန်းဂပ် မှိုနှင့် ဗက်တီးရီးယားတို့သည်လည်း သတ္တဝါများကဲ့သို့ပင် အလိုအလျောက် အစာလုပ်နိုင်စွမ်း မရှိကြချေ။)


၃။ ဆဲနံရံ သဇီဝမှန်သမျှတို့၏ ခန္ဓာကိုယ်သည် သေးငယ်သော ဆဲ များဖြင့် ပြည့်နှက်နေသည်။ ဆဲတို့ကို ပတ်လည်ကာရံထားသော ဆဲနံရံကိုမူကား အပင်၌သာ ထင်ရှားတွေ့မြင်ရသည်။ သတ္တဝါ တို့၏ ဆဲ၌ နံရံကင်းမဲ့သည်။ (ခြွင်းချက်။ ။ချွဲကျိမှိုတွင် ဆဲ နံရံမပါချေ။)


၄။ ဆဲလျူလို့ ဖန်းဂပ်မှိုမှတစ်ပါး အားလုံးသော အပင်တို့၏ ဆဲနံရံတို့ သည် ဆဲလျူလို့ဖြင့်ပြီးသည်။ သတ္တဝါတို့၏ ဆဲနံရံတွင်မူ ဆဲ လျူလို့မပါချေ။ (ခြွင်းချက်။ ။ကျူနီကိတ်သတ္တဝါ၏ ဆဲနံရံ သည်လည်း ဆဲလျူလို့ဖြင့်ပြီးသည်။)


၅။ ရွေ့ရှားခြင်း အမြင့်တန်းစား အပင်တို့သည် မြေတွင်စွဲမြဲလျက် တည် သောကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားသွားလာနိုင် ခြင်းမရှိကြချေ။ အနိမ့်တန်းစား အပင်များသာလျှင် ယင်းသို့ ရွေ့ရှားသွားလာနိုင်ကြသည်။ အနိမ့် တန်းစားသတ္တဝါအချို့မူ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားနိုင်ခြင်းမရှိကြချေ။ သာဓက များမှာ အိုဗီလီယားနှင့် သန္တာကျောက်တန်းတို့ဖြစ်ကြသည်။ အမြင့်တန်းစားသတ္တဝါတို့မှာမူကား ခြေလက်အပြည့်အစုံပါသော ကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားသွားလာနိုင်ကြ သည်။


၆။ ရုပ်တည်ဩဇာစုခြင်း သတ္တဝါတို့သည် အစိုင်အခဲဖြစ်သော အစာများကို စားမျိုး နိုင်ကြလေသည်။ အပင်တို့မှာမူကား ယင်းတို့၏ ပြင်ပပတ်ဝန်း ကျင်၌ ပျော်ဝင်လျက်ရှိသော အရည်များကိုသာ အခြေအနေအရ စုတ်ယူနိုင်စွမ်းရှိကြလေသည်။ (ခြွင်းချက်။ ။ချွဲကျိမှိုသည် သေးငယ်သော အစာအစိုင်အခဲများကို မျိုနိုင်၏။)

သတ္တဝါတို့တွင် ရွေ့ရှားရန်၊ ရက်စပီးရေးရှင်း ပြုလုပ်ရန်၊ အညစ်အကြေး စွန့်ပစ်ရန် အစရှိသော တာဝန်များကို ဆောင် ရွက်နိုင်သော အင်္ဂါများရှိကြသည်။ ထိုအင်္ဂါများ၏ ဖွဲ့စည်းပုံ သည်လည်း ယင်းတို့ဆောင်ရွက်ရန်ဖြစ်သော တာဝန်တို့အတွက် အသင့်တော်ဆုံးသော အဆင့်အတန်းအထိ တိုးတက်ကောင်းမွန် ကြသည်။ အပင် တို့တွင်မူကား၊ ထိုအင်္ဂါများ အကယ်၍ ပါရှိ ပါမူ သတ္တဝါအင်္ဂါများမှာကဲ့သို့ ဖွဲ့စည်းပုံရှုပ်ထွေးဆန်းကြယ် ခြင်း မရှိချေ။ အင်္ဂါမည်ကာမျှသာ ရှိတတ်သည်။ သို့မဟုတ် အင်္ဂါလုံးဝ မပါရှိဘဲလည်း ရှိတတ်သည်။

ဇီဝဗေဒမှ ဖြာထွက်သော ခက်မများ ဇီဝဗေဒမှ အဓိကအားဖြင့် ရုက္ခဗေဒနှင့် ပါဏဗေဒဟူ၍ ခက်မနှစ်သွယ်ခွဲထွက်သည်။

ဇီဝ ဗေဒမှဖြာထွက်သော အခြားသိပ္ပံပညာရပ်များမှာ ဇီဝဓာတုဗေဒ၊ ဇီဝရူပဗေဒ၊ ဆေးပညာရပ် စသည်တို့ဖြစ်ကြသည်။ ရုက္ခဗေဒ နှင့်ပါဏဗေဒကို လွယ်ကူစိမ့်သောငှာ အောက်ပါအတိုင်း ကဏ္ဍ များခွဲ၍ လေ့လာရာသည်။

၁။ ရုပ်သွင်ပညာ[ပြင်​ဆင်​ရန်​]

ဤပညာသည် သစ်ပင်နှင့် သတ္တဝါတို့၏ အင်္ဂါများကို ပြင်ပမှမြင်ရသည့် ရုပ်အသွင်အတိုင်း လေ့လာသော ပညာရပ် ဖြစ်သည်။

၂။ တစ်ရှူးပညာ[ပြင်​ဆင်​ရန်​]

ဤပညာသည် သစ်ပင်နှင့် သတ္တဝါတို့၏ အင်္ဂါတို့ကို ပြင်ပမှမြင်ရသော ရုပ်အသွင်ပေါ်ရန် အတွင်းဖက်၌ ဖွဲ့စည်း လျက်ရှိသော ဆဲနှင့် တစ်ရှူးများကို လေ့လာသောပညာဖြစ် သည်။

၃။ ဇီဇီဩလိုဂျီ[ပြင်​ဆင်​ရန်​]

ဤပညာသည် သဇီဝတို့၏ အင်္ဂါများနှင့် တစ်ရှူးအစိတ် အပိုင်းတို့၏ လုပ်ငန်းတာဝန်များကို၎င်း၊ အသက်ရှင်ခြင်း၏ အကြောင်းနှင့် ပတ်သက်သမျှကို၎င်း လေ့လာသောပညာဖြစ် သည်။

၄။ အီကောလိုဂျီ[ပြင်​ဆင်​ရန်​]

ဤပညာသည် အပင် သို့မဟုတ် သတ္တဝါ သို့မဟုတ် သဇီဝနှင့် ပတ်ဝန်းကျင်သပ္ပါယ်ယဖြစ်ပုံ အလုံစုံကို လေ့လာ သော ပညာဖြစ်သည်။

၅။ အပင် သို့မဟုတ် သတ္တဝါပထဝီ[ပြင်​ဆင်​ရန်​]

ဤပညာသည် အပင်နှင့် သတ္တဝါများ ကမ္ဘာပေါ်ပျံ့နှံ့ခြင်း နှင့် ယင်းကဲ့သို့ ပျံ့နှံ့စေသော ပယောဂများအကြောင်းကို လေ့ လာသောပညာဖြစ်သည်။

၆။ အမျိုးအစားခွဲနည်းပညာ[ပြင်​ဆင်​ရန်​]

ဤပညာသည် အပင်နှင့် သတ္တဝါတို့၏ ရုပ်အသွင်ကို အသေးစိတ်လေ့လာ၍ ရုပ်လုံးဖော်ခြင်း၊ မျိုးမည်သတ်မှတ်ခြင်း နှင့် စနစ်တကျ အမျိုးအစားခွဲခြားခြင်းတို့ကို ပြုသောပညာ ဖြစ်သည်။ ရုက္ခဗေဒပညာရှင်တို့ တွေ့ရှိလေ့လာမှတ်သားထား သော အပင်မျိုးစိတ်ပေါင်းမှာ သုံးသိန်းနှစ်သောင်းမျှရှိသည်။ ပါဏဗေဒပညာရှင်တို့ လေ့လာပြီးသော သတ္တဝါမျိုးစိတ်ပေါင်း ထက် အရေအတွက်အားဖြင့် သုံးဆပိုမိုလျက်ရှိသည်။ တော တောင်အထပ်ထပ်နှင့် တကွ လူသူအရောက်အပေါက်မရှိသေး သော (ဝါ) လူနေနည်းပါးသော အရပ်ရပ်တို့၌ ပေါက်နေသည့် အပင်တို့ကို ရှာဖွေလေ့လာနိုင်လျှင် အပင်မျိုးစိတ်အရေအတွက် ပိုမိုများပြားစွာ တွေ့ရှိဦး မည်မှာ သေချာပေသည်။

၇။ ရုပ်ကြွင်းကျောက် ရုက္ခဗေဒနှင့် ရုပ်ကြွင်းကျောက်ပါဏဗေဒ[ပြင်​ဆင်​ရန်​]

အတိတ်ခေတ်၌ ပေါ်ထွန်းခဲ့ကြသော အပင်နှင့် သတ္တဝါတို့ ၏ ရုပ်ကြွင်းများသည် မြေလွှာအထပ်ထပ်၌ ကျောက်ဖြစ်၍ ကျန်ရစ်နေတတ်ကြသည်။ ထိုရုပ်ကြွင်းကျောက်တို့၏ အသွင် လက္ခဏာကို စူးစမ်းလေ့လာခြင်းဖြင့် အတိတ်ခေတ်တွင် ပေါ် ထွန်းခဲ့ကြသော အပင်နှင့် သတ္တဝါတို့အကြောင်းကိုသိနိုင်သည်။ အပင်နှင့် သတ္တဝါများ၏ ရုပ်ကြွင်းကျောက်ကို ယခုခေတ်၌ တွေ့မြင်နေကြရသော အပင်၊ သတ္တဝါတို့နှင့် နှိုင်းရှည့်၍လည်း လေ့လာနိုင်သည်။ အမျိုးအစားခွဲခြားခြင်းသည် ဇီဝဗေဒပညာရပ်တွင် အလွန် အသုံးဝင်သည်။ ဇီဝဗေဒပညာရှင်တို့သည် သတ္တဝါများကို (၁) ကျောရိုးရှိသတ္တဝါနှင့် (၂) ကျောရိုးမဲ့သတ္တဝါဟု နှစ်မျိုးခွဲခြား သည်။ ထိုအစု နှစ်ခုကို တစ်ဖန်အောက်ပါအတိုင်း ခွဲခြားပြန် သည်။


၁။ ။ကျောရိုးရှိသတ္တဝါ[ပြင်​ဆင်​ရန်​]

  • (က) ငါး။ ပုံစံ-ငရှဉ့်၊ ငရံ့၊ ငမန်း။
  • (ခ) ကုန်းနေရေသတ္တဝါ။ ပုံစံ-ဖား၊ နျူကောင်။
  • (ဂ) တွားသွားကောင်။ ပုံစံ-မြွေ၊ ပုတ်သင်၊ လိပ်။
  • (ဃ) ငှက်။ ပုံစံ-လင်းယုန်ငှက်၊ စာကလေး၊ ခို၊ ကြက်၊ ချိုး၊ ဥဩ။
  • (င) နို့တိုက်သတ္တဝါ။ ပုံစံ-မျောက်၊ နွား၊ မြင်း၊ ခွေး၊ သိုး၊ ဆိတ်၊ ယုန်။

၂။ ။ကျောရိုးမဲ့သတ္တဝါ[ပြင်​ဆင်​ရန်​]

  • (က) အားသရော့ပိုဒါ။ ပုံစံ-အင်းဆက်ပိုး၊ ပင့်ကူ။
  • (ခ) မိုလတ်စက။ ပုံစံ-ကမာ၊ ခရု။
  • (ဂ) အန်နီလစ်ဒါ။ ပုံစံ-တီကောင်၊ မြေ|ာ့။
  • (ဃ) ပရိုတိုဇိုဝါ။ ပုံစံ-အမီးဗား။


ဇီဝဗေဒပညာရှင်တို့သည် အပင်များကို အပွင့်ပွင့်သော အပင်နှင့် အပွင့်မပွင့်သော အပင်ဟူ၍ အစုကြီး နှစ်စုခွဲထား သည်။ တစ်ဖန် အပွင့်ပွင့်သော အပင်များကို (က) အန်ဂျီအို စပမ်းခေါ် မျိုးစေ့ဝှက်ပင်မျိုး၊ ပုံစံ-သရက်၊ ဩဇာ၊ မာလကာ နှင့် (ခ) ဂျင်မနိုစပမ်းခေါ် မျိုးစေ့ဖော်ပင်မျိုး၊ ပုံစံ-ထင်းရှူး၊ ဖားထင်းရှူးဟူ၍ ခွဲခြားထားပြန်သည်။ အပွင့်မပွင့်သော အပင်များမှာမူ ကျောက်ချက်ပင်မျိုး၊ ရေည|ိ၊ လစ်ဗာဝတ်ပင်၊ ဖန်ဂျိုင်း၊ မှို၊ အယ်လဂျေပင် (ကျောက် ပွင့်)တို့ ဖြစ်ကြသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက်ရှိအမျိုးအစား ဇယားအခြေခံကို ရေးဆွဲလိုက်လျှင် အောက်ပါအတိုင်း ဖြစ်လေ သည်။

ဇီဝဗေဒပညာသမိုင်း[ပြင်​ဆင်​ရန်​]

ဘီစီ ၆ဝဝ အထက်က ဂရိပညာရှိ အနက်ဆီမန်ဒါသည် 'သတ္တဝါတို့မှာ ရေမှဖြစ်ပေါ်လာ၏'ဟူသော အယူအဆကို ကြံ ဆခဲ့ဘူး၏။ ထိုနောက် နှစ်ပေါင်းတရာခန့်ကြာသောအခါ၊ ဆေး ပညာ၏ ဖခင်ဟု ခေါ်ဆိုသမုတ်အပ်သော ဂရိပညာရှိ ဟစ်ပေါ့ ကရာတီသည် ဇီဝဗေဒပညာကို များစွာအထောက်အပံ့ပြုခဲ့သည်။ ဂရိလူမျိုး အယ်ရစ္စတိုတယ်နှင့် ရောမလူမျိုး ပလင်နီတို့သည် သတ္တဝါနှင့် အပင်အကြောင်းကို များစွာ သုတေသနပြုခဲ့ကြ သည်။

သို့ရာတွင် ဇီဝဗေဒပညာသည် အလယ်ခေတ်ရောက်မှသာ ပို၍ထွန်းကားလာခဲ့သည်။ ၁၅၁၄ ခုနှစ်တွင် ဗိဆေးလိယပ်ခေါ် ဗဲလဂျီယန်အမျိုးသားတစ်ဦးသည် လူ့ရုပ်ကလာပ်ကို ခွဲစိတ် ကြည့်ရှုခဲ့သည်တွင် အနာတမီပညာသည် ပေါ်ထွန်းလာလေ သည်။ အင်္ဂလန်နိုင်ငံ၌မူကား ၁၅၇၈ ခုနှစ်တွင် ဝီလျံ ဟားဗေး သည် လူ့ခန္ဓာကိုယ်၌ သွေးကြောများဖြင့် သွေးလွှတ်ပုံကို သုတေသနပြုခြင်းအားဖြင့် ခန္ဓာကိစ္စဗေဒပညာသည် စတင် ပေါ်ထွန်းလာလေသည်။ ၁၆ဝဝ ပြည့်နှစ်တစ်ဝိုက်၌ ထင်ရှား ခဲ့သော ဒပ်ချလူမျိုး လေးဗင်ဟုသည် မိုက္ကရိုစကုပ်ကို တီထွင် ယင်းမှ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ် သော အပင်နှင့် အကောင်များကို လေ့လာနိုင်ခဲ့သည်။ ထိုခေတ် တွင် အင်္ဂလိပ်လူမျိုး ရောဗတ် ဟွတ်သည် အပင်နှင့် အကောင် ငယ်များတွင်ရှိသော ဆဲများကို မိုက္ကရိုစကုပ်ဖြင့် တွေ့မြင်နိုင်ခဲ့ရ သည်။

ခရစ် ၁၇ဝဝ ပြည့်နှစ်အတွင်း၌ ဆွီဒင်အမျိုးသား သိပ္ပံ ပညာရှင် လင်းနီးယပ်သည် အပင်နှင့် သတ္တဝါတို့ကို သိပ္ပံပညာ နည်းစနစ်ဖြင့်လျော်ညီအောင် အမျိုးအစားခွဲခြား၍ ပေးခဲ့လေ သည်။ ထိုပြင်၊ ပြင်သစ်အမျိုးသား ကူးဗီယေသည် လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို လေ့လာ၍ အနာတမီ ပညာရပ်ကို စတင်ပြုစုပေး ခဲ့လေသည်။ ခရစ် ၁၈ဝဝ ပြည့်နှစ် ၌ ရှလိုင်ဒင်နှင့် ရှဗန်းနှစ်ဦးတို့သည် သက်ရှိရုပ်ဟူသမျှမှာ ဆဲ များဖြင့်သာ ဖွဲ့စည်းထားကြောင်း သီအိုရီကို ကြံဆခဲ့ကြလေ သည်။ ထိုခေတ်တွင် ဒါဝင်သည် ဝေါလေ့နှင့်အတူ သုတေသန ပြုရာမှ ယခုအခါ အလွန်ကျော်စောထင်ရှားသော အီဗော်လျူရှင် ဆိုင်ရာ သီအိုရီတစ်ခုကို ကြံဆခဲ့လေသည်။ ယင်းသီအိုရီမှာ သတ္တဝါတို့သည် အနိမ့်တန်းစားသတ္တဝါမျိုးမှ တစ်ဆင့်ထက် တစ်ဆင့်တက်၍ အမြင့်တန်းစား သတ္တဝါမျိုးအဖြစ်သို့ ကူး ပြောင်းလာတတ်သည်ဟူသော အခြေခံသဘောတရားပင်ဖြစ်လေ သည်။ ဩစတြီးယား လူမျိုး ခရစ်ယန်ဘုန်းတော်ကြီး မင်းဒဲ မှာမူ ဂျင်နစ်တစ်ပညာရပ်ဆိုင်ရာ အခြေခံနိယာမတရားတို့ကို ရှာဖွေတွေ့ ရှိခဲ့လေသည်။ ၂ဝ ရာစု နှစ်ဦးတွင် ဂျာမန်လူမျိုး ဇီဝဗေဒပညာရှင် ဗိုက်စမန်းသည် သတ္တဝါတို့၏ ဗီဇဆဲများကို အခြားဆဲများမှ ခွဲခြား၍ ပြဆိုခဲ့လေသည်။ ထိုပြင် လူဝီပါး စတားနှင့် ရောဗတ်ကော့တို့သည် ဗက်တီးရီး ယားပိုးပညာကို ထွန်းကားလာအောင် အထောက်အပံ့ပြုခဲ့လေ၏။ (ဦးကိုကိုကြီး)[၂]



ရှေးခေတ်ဂရိပညာရှင်များလက်ထက်မှ အစပြု၍ လူ၊တိရစ္ဆာန်နှင့် အပင်များအား သုတေသနပြုခဲ့ကြောင်း သမိုင်းအထောက် အထား များရှိခဲ့သည်။ ၈ရာစုနှင့်၁၃ရာစုကာလ အာရပ်လူမျိုးပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များနှင့် ဥရောပရီနေဆွန်းခေတ် လေ့လာစမ်းသပ် ချက်များစွာတို့သည် ခေတ်သစ် ဇီဝဗေဒပေါ်ထွန်းစေသည့်အခြေခံ အုတ်မြစ်များဖြစ်ခဲ့သည်။ ၁ရရာစုတွင် အဏုကြည့်မှန်ဘီလူး ပေါ်ပေါက်လာပြီးနောက် ရောဂါပိုးမွှားများ(Microbes)၊ဆဲလ် (Cell)အစရှိသည့် ကြီးမားသည့်တွေ့ရှိ ချက်များ ပေါ်ထွန်းခဲ့ပြီး ၁၈ရာစု ခေတ်သစ်ဓါတုဗေဒနှင့် စနစ်တကျပေါင်းစပ်ကာ ယနေ့ကျွနု်ပ်တို့ သိရှိမြင်တွေ့နေ ရသည့်ခေတ်သစ်ဇီဝဗေဒ ပေါ်ထွန်းလာခဲ့သည်။

၂ဝရာစုနှင့်၂၁ရာစုအစောပိုင်း ကာလသည် ဇီဝဗေဒဘာသာရပ်၏ ရွှေရောင်လွှမ်းသောကာလများ ဟုမှတ်ယူထားရသည့်အောင် တိုးတက်မှုအရှိန်အဟုန် မြင့်မားခဲ့သည်။ နောက်ဆုံးပေါ်နည်းပညာများနှင့်ကိရိယာများ အကူအညီဖြင့် စမ်းသပ်ခန်းများထဲတွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ပဟေဋ္ဌိများ အားဖေါ်ထုတ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်- ဆဲလ်တစ်ခုသာရှိသော သက်ရှိမှသည် ဆဲလ်ပေါင်းများစွာ ပါဝင်သော အပင်နှင့်တိရစ္ဆာန်များအဖြစ် မည်သို့မည်ပုံ ပြောင်းလဲလာပုံ၊နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍ အပင်တို့ဆင့်ဆင့် အစာချက်လုပ်ပုံ၊ လွန်စွာသေးငယ်သော ပိုးမွှာလေးမှသည် သန်းပေါင်းများစွာကွဲပြား သောသက်ရှိအမျိုးမျိုး အဖြစ်ဆင့်ကဲပြောင်းလဲ လာပုံ အပါအဝင် အခြားအကြောင်းအရာပေါင်းများစွာ တို့အားမည့်သည့်ခေတ်ကာလ နှင့်မတူ နက်နက်နဲနဲ နားလည်သဘောပေါက် လာပြီဖြစ်သည်။

ထို့အပြင်ခေတ်သစ်ဇီဝဗေဒသည် လူ့အဖွဲ့အစည်း၏နေ့စဉ်ဘဝတွင် မရှိအဖြစ်အသုံးပြုရသော အရေးပါသည့်ဘာသာရပ်တစ်ခု လည်းဖြစ်သည်။သာဓက များပြရသော မျိုးရိုးဗီဇနှင့်ဆဲလ်များ အားအထူးပြုလေ့လာသည့် Geneticsနှင့်Cell Biologyတို့၏အကျိုး ကျေးဇူးကြောင့် ပိုမိုတိုးတက်သည့်ဆေးဝါးနှင့် လယ်ယာစိုက်ပျိုးရေး နည်းပညာများ ပေါ်ပေါက်လာသလို မနုဿဗေဒဘာသာရပ် အတွက်လည်း Molecular Biology၏အခန်းကဏ္ဍမှာများစွာအရေးပါ လှသည်။DNAတိုက်ဆိုင်စစ်ဆေးမှုသည် တရားစီရင်ရေးစနစ် ၏ မရှိမဖြစ်ကိရိယာတစ်ခုဖြစ်လာပြီး ဂေဟဗေဒ(Ecology)ကဲ့သို့သောဘာသာရပ်ခွဲမှ ကမ္ဘာကြီးပူနွေးလာမှု နှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုပြသနာ များအား အဓိကဖြေရှင်းပေးလျှက် ရှိသည်။


ဇီဝဗေဒ၏အခြေခံအုတ်မြစ်များ[ပြင်​ဆင်​ရန်​]

ခေတ်သစ်ဇီဝဗေဒအား အောက်ပါ အခြေခံသဘောတရား ၄မျိုး ပေါ်တွင် တည်ဆောက်ထားသည်။


ဆဲလ်သီအိုရီ(Cell Theory)[ပြင်​ဆင်​ရန်​]

သက်ရှိအားလုံးတို့အားဆဲလ် သို့မဟုတ် ဆဲလ်များဖြင့်ဖွဲစည်းထားပြီး ဆဲလ်မှာအခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်သည်။ ဆဲလ်များစွာပါဝင်သည့်သက်ရှိများ တွင်မူလဆဲလ်တစ်ခုမှအစပြု၍ ဆဲလ်များစွာပေါက်ဖွါးလာသည်။ အဆိုပါဆဲလ်များသည် အရိုးဆဲလ်၊ အရေပြားဆဲလ်အစရှိသဖြင့် အမျိုးအစားများကွဲပြား ခြားနားကြသည်။


ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ (Evolution Theory)[ပြင်​ဆင်​ရန်​]

၁၉ရာစုအင်္ဂလိပ်ဇီဝပညာရှင် Charles DarwinOrigin of species စာအုပ်ဖြင့် ဇီဝဗေဒအား ခေတ်ပြောင်းတော်လှန်ခဲ့သည့် အယူအဆဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ခန္ဓာဗေဒနှိုင်းယှဉ်လေ့လာချက်များအရ ယနေ့သက်ရှိမျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာရှိ မျိုးစိတ်များမှ ဆင့်ကဲပြောင်းလဲလာ ခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲရာတွင် natural selectionခေါ် သဘာဝတရားကြီး၏ဖေးမရွေးချယ်မှုမှာ အဓိကသော့ချက်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီသည် သက်ရှိမျိုးစိတ် ပေါင်းများစွာတို့၏ အံဩဖွယ် တူညီမှုနှင့် ကွဲပြားခြားနားမှုတို့အား သိပ္ပံနည်းကျ ရှင်းချက်ထုတ် ပေးနိုင်သည့် တစ်ခုတည်းသော သီအိုရီဖြစ်သည်။

မျိုးရိုးဗီဇသီအိုရီ(Gene Theory)[ပြင်​ဆင်​ရန်​]

သက်ရှိများအားလုံး၏ ဇီဝအချက်အလက်များကို မျိုးရိုးဗီဇတွင်မှတ်သားထားပြီး မျိုးပွါးရာတွင် (ဥပမာ-မိဘမှသားသမီးသို့) အဆိုပါအချက်အလက်များထည့် သွင်းပေးလိုက်သည်။ DNAသည် မျိုးရိုးဗီဇ အချက်အလက်များ တည်ဆောက်ရာတွင် အသုံးပြုသည့်ကုဒ်လေးများ ဖြစ်သည်။ ထိုအချက်အလက်များသည် Genotypeစနစ်မှ မြင်တွေ့သိမြင်နိုင်သော Phenotypeစနစ် (အရွယ်အစား၊ အရောင်အသွေး၊ အမူအကျင့်စသည်တို့) သို့ဘာသာပြန်ခြင်းခံရသည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် အထက်ပါအချက်အလက်များ ပြောင်းလဲနိုင်သော်လည်း နောက်မျိုးဆက်သို့လက်ဆင့်မကမ်းနိုင်။ Mutationကြောင့် ပြောင်းလဲသွားမှ သာလျှင် လက်ဆင့်ကမ်းနိုင်သည်။

ကိုယ်တွင်းအားမျှခြေစနစ် (Homeostasis)[ပြင်​ဆင်​ရန်​]

Steady Stateဟု အကြမ်းဖျင်းခေါ်ဆိုနိုင်သည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုအား သက်ရှိများအားလုံး၏ ကိုယ်ခန္ဓာအတွင်းပိုင်းတွင် လိုက်လျောညီထွေ ဖြစ်နိုင်ရန်ထိန်းညှိပေးသည့် အားမျှခြေစနစ် ဖြစ်သည်။ အခြေခံအကျဆုံးသော ဆဲလ်များတွင်ပင် ထိုအားမျှခြေစနစ်ရှိသည်။ ဥပမာ - အင်မတန်ပူပြင်းသည့် ပတ်ဝန်းကျင်တွင် သွေးနွေးသတ္တဝါများ၏ ကိုယ်တွင်းအပူချိန်မျှတနေခြင်း၊ အချိုများအများအပြားစားသော်လည်း သွေးတွင်းသကြားပမာဏ ပုံမှန်တည် ရှိနေခြင်းတို့မှာ ကိုယ်တွင်းအားမျှခြေစနစ် ကြောင့်ဖြစ်သည်။

သက်ရှိများအား ယေဘူယျအုပ်စု ဖွဲ့ခွဲခြားခြင်း[ပြင်​ဆင်​ရန်​]

ဇီဝဗေဒတွင်သန်းပေါင်းများစွာ ကွဲပြားခြားနားသောသက်ရှိများကို စနစ်တကျလေ့လာနိုင်ရန်အတွက် မျိုးတူရာအစုများအုပ်စုဖွဲ့၍ နယ်မြေများပိုင်းခြားသတ်မှတ် ထားသည်။ ယေဘူယျအကျဆုံးပိုင်းခြားနည်းမှာ သက်ရှိများ၏ ဆဲလ်အမျိုးအစားပေါ် မူတည်ခြင်းဖြစ်သည်။ သေးငယ်၍ ရှင်းလင်းသော Prokaryotic ဆဲလ်နှင့် ပိုမိုကြီးမား၍ တည်ဆောက်ပုံရှုတ်ထွေးသော Eukaryotic ဆဲလ် ဟူ၍ဖြစ်ကြသည်။ ရှေးယခင်က Monera၊ Protista ၊ Plantae ၊ Fungi၊ Animaliaဟူသော ၅နိုင်ငံစနစ် ကိုအသုံးပြုသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုအတွင်း အသစ်ထပ်မံတွေ့ရှိချက်များ ပေါ်မူတည်၍ ဒိုမိန်း ၃ခုစနစ် အားစတင် အသုံးပြုလာကြသည်။

ဒိုမိန်း ၃ခု စနစ်[ပြင်​ဆင်​ရန်​]

ဒိုမိန်း ၃ခု စနစ်အား ဘက်တီးရီယား (Bacteria)၊ အာခေးရား (Archaea) နှင့် အျူကားရား (Eukarya)တို့ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉ဝခုနှစ်တွင် အမေရိကန် ဇီဝပညာရှင် Carl Woeseမှ စတင် မိတ်ဆက်သည်။

E.Coliဘက်တီးရီးယား

ဘက်တီးရီးယား (Bacteria) ဒိုမိန်း[ပြင်​ဆင်​ရန်​]

ဘက်တီးရီးယားများအား Prokaryotic ဆဲလ် တစ်ခုတည်းဖြင့်ဖွဲ့စည်းထားပြီး ဆဲလ်အတွင်း Nucleus မပါဝင်ပေ။ မိုက်ခရိုမီတာ အနည်းငယ်သာရှည်လျားပြီး ပုံသဏ္ဍန်အားဖြင့် စက်လုံး၊ တုတ်ချောင်း၊ ခရုပါတ် အစရှိသဖြင့် အမျိုးမျိုး ကွဲပြားကြသည်။ ဘက်တီးယားများ သည်လူ့ခန္တာကိုယ်တွင်း၊ အက်ဆစ်ရေပူစမ်းများ၊ ရေဒီယိုသတ္တိကြွအမှိုက်များ အပါအဝင်ကမ္ဘာ့နေရာအနှံ့အပြား၌ အသက်ရှင်နေ ထိုင်နိုင်ကြသည်။အများစုသော ဘက်တီးရီးယားမျိုးစိတ်များသည် လူသားအားအကျိုးပြုနိုင်သော်လည်း အချို့မျိုးစိတ်များမှာ ကာလဝမ်းရောဂါဆစ်ဖလစ်ရောဂါနူနာရောဂါအဆုတ်နာတီဘီရောဂါ အစရှိသည့်ရောဂါ ပေါင်းများစွာဖြစ်ပေါ်စေနိုင်သည်။ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယားများ ကိုကာကွယ်ရန် Antibacterialခေါ် ပဋိဇီဝဆေးဝါးများအသုံးပြုကြသည်။


အာခေးရားအမျိုးအစားတစ်မျိုး

အာခေးရား(Archaea) ဒိုမိန်း[ပြင်​ဆင်​ရန်​]

"ancient"ဟုအဓိပ္ပယ်ရပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဆဲလ်တစ်ခုတည်းသာပါဝင်သည့် Prokayotes များ ဖြစ်ကြသည်။ ယခင်က ၄င်းတို့အား ထူးခြားသည့် ဘက်တီးရီးယားများအဖြစ် မှတ်ယူပြီး archaebacteriaဟုသတ်မှတ်ခေါ်ဝေါ်ခဲ့ကြ သည်။ သို့သော် ဘက်တီးရီးယားများနှင့်မတူ ထူးခြားသည့် ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်များ အားရှာဖွေတွေ့ ရှိပြီးနောက် ပိုင်းသီခြားဒိုမိန်း တစ်ခုအဖြစ်ခွဲထုတ်ခဲ့သည်။ အာခေးရားများသည် ဘက်တီးရီးယားများကဲ့သို့ပင် လွန်စွာသေးငယ်သလို ပုံသဏ္ဍန်အားဖြင့်လည်း များစွာဆင်တူကြသည်။ သို့ရာတွင် ဇီဝကမ္မဖြစ်စဉ်များအရ Eukaryotes များ နှင့် ပိုမိုဆွေးမျိုးနီးစပ် သည်။ လွန်စွာအပူရှိပြင်းထန်သည့် ရေအိုင်များ၊ ဆားငန်အိုင်များထဲတွင် အသက်ရှင်နိုင်ကြသည့် သက်ရှိများဖြစ်ကြ သော်လည်း ရောဂါပိုးမွှားအဖြစ် အန္တရာယ်ပေး နိုင်ကြောင်း အထောက်အထားမတွေ့ရှိရသေးပေ။


အျူကားရား(Eukarya) ဒိုမိန်း[ပြင်​ဆင်​ရန်​]

ပိုမိုကြီးမား၍ရှုပ်ထွေးသော Eukaryoticဆဲလ်များ ဖြင့်ဖွဲ့စည်းထားပြီးထိုဆဲလ်များအတွင်းတွင် နယူကလိယပ်စ်Nucleusပါဝင်သည်။ကွဲပြားခြား နားသောEukaryotic ဆဲလ်များပေါ် မူတည်၍ အျူကားရားဒိုမိန်းအား နိုင်ငံ၄ခုထပ်မံခွဲခြားထားပြန်သည်။၄င်းတို့မှာ ပရိုတစ်တာ(Kingdom Protista)၊ အပင်(Kingdom Plantae)၊ မှို(Kingdom Fungi)နှင့် တိရိစ္ဆာန်(Kingdom Animalia) တို့ဖြစ်ကြသည်။


ပရိုတစ်တာ(Kingdom Protista)[ပြင်​ဆင်​ရန်​]

ပရိုတစ်တာများသည် လွန်စွာသေးငယ်သည့် microorganismsအျူကားရားများဖြစ်ကြပြီး အများစုမှာဆဲလ်တစ်မျိုးဖြင့်သာ ဖွဲ့စည်းထားသည်။ သို့သော်ဆဲလ်အမြောက်အမြားဖြင့် ဖွဲ့စည်းထားသည့်ပရိုတစ်တာများလည်းရှိသည်။ယင်းတို့၏ရိုးရှင်း သောဆဲလ်ဖွဲစည်းပုံပေါ်မူတည်၍ အခြားသောအျူကားယားများဖြစ်သည့်အပင်၊မှို၊တိရိစ္ဆာန် တို့နှင့်ခွဲခြားထားသည်။ ပရိုတစ်တာများသည် ရေရှိသည့် ပတ်ဝန်းကျင်တိုင်းတွင် ပေါက်ဖွါးရှင်သန်နိုင်ကြပြီး ဂေဟစနစ်တွင်ဘက်တီးရီးယားများ ကဲ့သို့ပင် အရေးပါသူများဖြစ်သည်။တိရိစ္ဆာန်ကဲ့သို့သော ပရိုတစ်တာအား ပိရိုတိုဇွား(Protozoa)၊ အပင်ကဲ့သို့သော ပရိုတစ်တာအား အယ်လ်ဂျေး(Algae)၊ နှင့်မှိုကဲ့သို့သော ပိရိုတစ်တာ(Slime Mold)ဟူ၍ ခွဲခြားထားသည်။အချို့သော ပရိုတစ်တာများသည် ကပ်ပါးရောဂါပိုးမွှားများဖြစ်ပြီး ငှက်ဖျား၊ Sleeping sicknessအစရှိသည့်ရောဂါအမြောက်အများ ဖြစ်ပွါးစေသည်။


အပင်(Kingdom Plantae)[ပြင်​ဆင်​ရန်​]
Planta - Triticum

Eukaryoticဆဲလ်များဖြင့်ဖွဲ့စည်းထားပြီး နေရောင်ခြည်စွမ်းအင်အသုံးပြုကာ အစာအဖြစ် အော်ဂန်နစ်မော်လီကျူးများထုတ်လုပ်သည့်သက်ရှိ များကို အပင်ဟုခေါ်သည်။ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း(Photosynthesis)သည် အပင်နှင့်အခြားသက်ရှိများအားအဓိက ခွဲခြားပေးထားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။အပင်များအား အုပ်စုခွဲခြားရာတွင် အစိမ်းရောင်ရေညှိ(Green Algae)၊ Bryophytes၊ Pteridophytesနှင့် အစေ့ရှိအပင်များ(Seed Plants) ဟူ၍အကြမ်းဖျင်း၄ပိုင်းခွဲခြားထားသည်။ အပင်များ၏ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း(Photosynthesis)သည် ဂေဟစနစ်များအားလုံး၏ စွမ်းအင်နှင့် အော်ဂန်နစ်ပစ္စည်းများထုတ်လုပ်ရာ ပင်မအရင်းအမြစ် ဖြစ်သည့်အပြင် ကမ္ဘာလေထုတွင်း ဂက်စ်များအချိုးကျပေါင်းစပ်မှုကိုပါ ပြုပြင်ထိန်းချုပ်ပေးသည်။ထို့အပြင် ဂေဟစနစ်အတွင်း တိရိစ္ဆာန်များ အတွက် အစားစာနှင့်မှီခိုနေထိုင်ရာ အဖြစ်ပါအကျိုးပြုသည်။


H.jpg
မှို(Kingdom Fungi)[ပြင်​ဆင်​ရန်​]

မှိုများအားလုံးအားEukaryoticဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ဆဲလ်တစ်မျိုးသာပါဝင်သော မျိုးကွဲအချို့လည်းရှိသည်။ ယခင်ကမှိုများအား အပင်များနှင့်အုပ်စုတူအဖြစ် သတ်မှတ်ခဲ့သော်လည်း အသစ်ထပ်မံတွေ့ရှိချက်များအရ သီးခြားအုပ်စုအဖြစ်ခွဲထုတ်ခဲ့သည်။ မော်လီကျူးသုတေ သနများအရ မှိုနှင့်တိရိစ္ဆာန် များမှာ ပိုမိုဆွေမျိုးနီးစပ် ကြသည်။သဲကန္တာရများအပါအဝင် ကမ္ဘာ့နေရာအနှံအပြား၌ မှိုတို့ရှင်သန်ပေါက်ဖွားနိုင် ကြသလိုရေထဲတွင်သာ ပေါက်ရောက်နိုင်သည့် မျိုးစိတ်များလည်းရှိသည်။ မှိုများသည်လိုအပ်သည့် အစာအဟာရများအား ပတ်ဝန်းကျင်မှစုပ်ယူ သည့်စနစ်အားအသုံးပြုကြပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဂေဟစနစ်တွင်Decomposerများ ဖြစ်ကြသည်။ လက်ရှိှိမှတ်တမ်းတင်ပြီးသော မှိုမျိုးစိတ်၁သိန်းကျော်အနက် ၃ဝရာခိုင်နှုန်းမှာ ကပ်ပါးများဖြစ်ပြီး အများစုမှာ အပင်များပေါ်တွင်သာ တွယ်ကပ်ကြသည်။သို့သော် မျိုးစိတ်၅ဝခန့်မှာ လူနှင့်တိရိစ္ဆာန်များ သို့တွယ်ကပ်တတ်ပြီး အဆုတ်တွင်မှိုစွဲခြင်းရောဂါ၊ အမျိုးသမီးလိင်အင်္ဂါတွင်မှိုစွဲခြင်းရောဂါနှင့် အခြားသောအရေပြားရောဂါများစွာ ဖြစ်ပေါ်စေနိုင်သည်။


တိရိစ္ဆာန်(Kingdom Animalia)[ပြင်​ဆင်​ရန်​]
Animalia - Bos primigenius taurus

လူနှင့်တိရိစ္ဆာန်တို့ပါဝင်ပြီး Eukaryoticဆဲလ်များစွာဖြင့် ဖွဲ့စည်းထားသည့်သက်ရှိများ ဖြစ်ကြသည်။ ထူူးခြားသည့် ဝိသေသမှာ ကိုယ်တွင်းကလီစာ များဖြင့် အစာချေဖျက်ပြီး အဟာရများစုတ်ယူခြင်းဖြစ်သည်။ တိရိစ္ဆာန်အများစုမှာ လိင်မှုပြုခြင်းဖြင့် မျိုးပွါးကြပြီး ဥအုခြင်းအပြင်အကောင်လိုက်မွေးဖွါးကြသည်။ တိရိစ္ဆာန်အများစုတွင် ကြွက်သားနှင့်နက်ဗ်ဆဲလ်များရှိပြီး အစာရှာဖွေရာတွင် အဓိကအသုံးပြု ကြသည်။အချို့သောမျိူးစိတ်များတွင် ရှုတ်ထွေးကြီးမားသည့် နက်ဗ်ဆဲလ်ကွန်ယက်ခေါ် ဦးနှောက်ပါဝင်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည်။ တိရိစ္ဆာန်များအား ကျောရိုးရှိနှင့် ကျောရိုးမဲ့ ဟူ၍ ယေဘူယျအုပ်စု ခွဲခြားကြသည်။

ဇီဝဗေဒဘာသာရပ်ခွဲများ[ပြင်​ဆင်​ရန်​]

ဇီဝဗေဒပညာရပ်သည် ကြီးမားကျယ်ပြန့်သောဘာသာရပ်ဖြစ်သောကြောင့် ဘာသာခွဲငယ်များဖြင့် အသေးစိတ်ပိုင်းခြားလေ့လာသည်။

သတ္တဗေဒ (zoology)[ပြင်​ဆင်​ရန်​]

သတ္တဝါများအား လေ့လာသောဘာသာရပ်ဖြစ်သည်။

ရုက္ခဗေဒ (botany)[ပြင်​ဆင်​ရန်​]

အပင်များအား လေ့လာသောဘာသာရပ်ဖြစ်သည်။

အဏုဇီဝဗေဒ (Molecular biology)[ပြင်​ဆင်​ရန်​]

ဇီဝဗေဒအား မော်လီကျူးများအဆင့်ထိလေ့လာသော ဘာသာရပ်ဖြစ်ပြီး ဆဲလ်မျိုးကွဲများ ပေါင်းစပ်အလုပ်လုပ်ပုံအား အဓိကထားသည်။

Cell biology(ဆဲလ်ဗေဒ ဝါ ကလပ်စည်းဗေဒ)[ပြင်​ဆင်​ရန်​]

ဆဲလ်များ၏ အမူအကျင့်၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆောင်ရွက်ပုံတို့အား လေ့လာသောဘာသာရပ်ဖြစ်သည်။

Genetics(မျိုးရိုးဗီဇဗေဒ)[ပြင်​ဆင်​ရန်​]

သက်ရှိများ၏ အမွေဆက်ခံသည့်ဗီဇများအား လေ့လာသောဘာသာရပ်ဖြစ်သည်။

Evolutionary biology(ဆင့်ကဲပြောင်းလဲခြင်းဗေဒ)[ပြင်​ဆင်​ရန်​]

သက်ရှိများ၏ မူလအစနှင့် ဆင့်ကဲပြောင်းလဲလာပုံအဆင့်ဆင့်အား လေ့လာသောဘာသာရပ်ဖြစ်သည်။

Taxonomy(ဇီဝမျိုးခွဲဗေဒ)[ပြင်​ဆင်​ရန်​]

သက်ရှိများအား စနစ်တကျလေ့လာနိုင်ရန် မျိုးတူအုပ်စုခွဲ၍ အမည်ပေးသောဘာသာရပ်ဖြစ်သည်။

Ecology(ဂေဟဗေဒ)[ပြင်​ဆင်​ရန်​]

သက်ရှိများနှင့် ၄င်းတို့၏ပတ်ဝန်ကျင်တို့ အပြန်အလှန်ဆက်စပ်အကျိုးပြုပုံအား လေ့လာသောဘာသာရပ်ဖြစ်သည်။

ကိုးကားကျမ်းစာရင်း[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဝီကီပီးဒီးယား[၁]

Neil A.Campbell၊ Jane B.Reeceနှင့် Eric J.Simonတို့ရေးသားသည့် Essential Biology with Physiology