ဘောဂဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘောဂဗေဒ သည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှု နှင့် ဖြန့်ဖြူးမှု တို့ကို လေ့လာသော ပညာရပ်ဖြစ်သည်။ အင်္ဂလိပ်စကားလုံး economics သည် ဂရိဘာသာ oikos (အိမ်) နှင့် nomos (ထုံးစံ သို့ ဥပဒေသ) မှလာသဖြင့် အိမ်ထောင်စု၏ ဥပဒေသ ဟု အဓိပ္ပါယ်ရသည်။[၁]

ဘောဂဗေဒသည် လူတစ်ဦးချင်းသော် လည်းကောင်း၊ လူအစုလိုက်သော် လည်းကောင်း ချင်းချင်း ဆက်သွယ်ပုံ အကြောင်းရပ်နှင့် လူတို့၏ရုပ်ဝတ္ထု အလိုဆန္ဒ ဖြည့်စွမ်းမှုဆိုင်ရာ ပြဿနာများကို စံနစ်တကျ သိပ္ပံနည်းအရ လေ့လာတင်ပြထားသော အကြောင်းရပ်များ ပါဝင်သည့် လူမှုရေး သိပ္ပံပညာ တစ်ရပ် ဖြစ်သည်။

တစ်ချိန်က ဘောဂဗေဒပညာသည် ဓနအကြောင်း လေ့လာသော ပညာဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် ယခုခါ ဘောဂဗေဒဟူသည်မှာ လူတို့၏ စီးပွားရေး အပြု အမူကို လည်းကောင်း၊ ရှားပါးသော ကုန်ထုတ် လုပ်မှုအား စုများကို အကျိုးအများဆုံး ရရှိရန် မည်ကဲ့သို့ခွဲဝေအသုံးချ ခြင်းကို လည်းကောင်း၊ ထုတ်လုပ်ပြီးသော ကုန်စည်များကို မည်သို့ခွဲဝေပုံ အကြောင်းများကို လည်းကောင်း လေ့လာသော လူမှုရေး သိပ္ပံပညာတစ်ရပ် ဖြစ်သည်ဟု ယေဘုယျအားဖြင့် လက်ခံလာခဲ့ကြသည်။

ဘောဂဗေဒကို ၁၉ ရာစုနှစ် ကုန်ခါနီးကျမှ အင်္ဂလိပ်ဘာသာဖြင့် အီကော်နိုးမစ်ဟု ခေါ်ဝေါ်၍၊ ထိုအလျင် ကမူ ပေါ်လစ်တီကယ်အီကော်နိုမီဟု ခေါ်သည်။ ထိုစဉ်အခါက ထိုဝေါဟာရနှင့် ဆီလျော်စွာပင် ဘောဂဗေဒ ပညာရှင်တို့သည် နိုင်ငံတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေး ပြဿနားများကို လည်းကောင်း၊ နိုင်ငံတော် အစိုးရတို့လက်ခံကျင့်သုံးသော သဘောထားဝါဒများကို လည်းကောင်း လေ့လာဆွေးနွေး ပြဋ္ဌာန်းခဲ့ကြသည်။ နိုင်ငံ တစ်နိုင်ငံသည် သွင်းကုန်ထက် ထုတ်ကုန်ကများသင့်သည်ဟူသော ဝါဒကို ၁၆ ရာစုနှင့် ၁၇ ရာစုနှစ် ကုန်သွယ် မှုရေးရာ ပညာရှင်များက ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဖွံ့ဖြိုးစေနိုင်သော နည်းသည် နိုင်ငံ တော်အစိုးရများက စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက် မစွက်ဖက်ဘဲ ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်များကို လွတ် လပ်စွာ လုပ်ကိုင်ခွင့် ပေးသင့်သည်ဟူသော မစွက်ဖက် ဝါဒအကြောင်းကို ၁၇၇၆ ခုနှစ်တွင် အက်ဒမ်စမစ်ဆိုသူစကော့ လူမျိုး ဘောဂဗေဒ ပညာရှင်က သူ၏စာအုပ်တွင် ရေးသား ဖော်ပြခဲ့သည်။ ( စမစ် အေ ။ ) တီ၊ အာ၊ မယ်သူ့ဆိုသူ အင်္ဂလိပ်လူမျိုး ဘောဂဗေဒ ပညာရှင်ကလည်း လူဦးရေ တိုးပွားမှုများလွန်းပါက တိုင်းပြည်၏ စီးပွားရေး ထိခိုက်မည့် အကြောင်းတို့ကို အကျယ်တဝင့် တင်ပြခဲ့ဘူးသည်။ ဒေးဗစ်ရီကာဒို ဆိုသူ ဘောဂဗေဒ ပညာရှင် တစ်ဦးကမူ နိုင်ငံတစ်နိုင်ငံတွင် မည်သည့် ဘဏ်စံနစ်မျိုး ရှိသင့်ကြောင်းကို လည်းကောင်း၊ မည်သည့် အခွန်တော်စံနစ်မျိုး ရှိသည့်ကြောင်း ကို လည်းကောင်း၊ နိုင်ငံခြားနှင့် ကုန်ကူးသန်းရောင်းဝယ် ခြင်းဖြင့် မည်သို့အကျိုးဖြစ်ထွန်းနိုင်ကြောင်းကို လည်းကောင်း လေ့လာရေးသားခဲ့၏။ စီးပွားရေး စနစ်များ အဆင့်ဆင့် ပြောင်းလဲ လာပြီးလျှင် နောက်ဆုံး၌ ဘုံနိုင်ငံ ပေါ်ပေါက် လာမည်ဟူသော အကြောင်းကို ကားလမတ်က တင်ပြခဲ့ဖူး သည်။ ( မတ် ကားလ။) ထိုပညာရှင်ကြီးများသည် နိုင်ငံတစ်ခုလုံး၏ စီးပွားရေး ပြဿနာများကို ဖြေရှင်း ရာတွင် သုံးသင့်သော သဘောထားဝါဒကိုပါ တင်ပြကြ၏။ ထိုကြောင့် ဘောဂဗေဒကို ထိုအချိန်က ပေါ်လစ်တီ ကယ်အီကော်နိုမီ (ဝါ) နိုင်ငံရေးရာ စီးပွားရေး ပညာဟု ခေါ်ခြင်းဖြစ်သည်။

အထက်ပါ လေ့လာမှုများကို ထောက်ရှု၍ ဘောဂဗေဒ ၏ အဓိကလေ့လာချက်သည် စီးပွားရေးစံနစ်၏ သဘောတရား ဖြစ်ကြောင်းကို တွေ့ရသည်။ ထိုထက် တိကျစွာ ဖော်ပြဦးမည်။ တိုင်းပြည်တစ်ပြည်တွင် ကုန်ထုတ် လုပ်မှုအားစုများဖြစ်သော မြေယာလုပ်သားနှင့် အရင်းအနှီးတို့ကို လုပ်ငန်းအမျိုးမျိုး၌ ခွဲဝေလုပ်ကိုင်ခြင်းဖြင့် ကုန်ပစ္စည်း အမျိုးမျိုးထွက်၏။ ဤသို့ ခွဲဝေရာ၌ မည်သည့်လုပ်ငန်းတွင် မည်သည့်ကုန်ထုတ်လုပ်မှု အားစု မည်မျှ အသုံးပြုပြီးလျှင် မည်သည့်ကုန်ပစ္စည်းမျိုး မည်မျှ ထုတ်မည်ဟူသော ပြဿနာပေါ်ပေါက်ရခြင်း၏ အကြောင်းရင်းမှာ ထုတ်လုပ်မှု အင်အားစုများကို လိုသမျှ မရရှိနိုင်ဘဲ ရှားပါးသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ထိုရှားပါး သော ကုန်ထုတ်လုပ်မှု အားစုများကို အကျိုးအရှိဆုံးနည်းဖြင့် အသုံးပြုရန်လို၏။ ဤနေရာ၌ သတိပြုရန် အချက်မှာမည်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်သင့်သည်ဟု ဆုံးဖြတ်ရာတွင် လောကနီတိသဘော တရားအားဖြင့် ဆုံးဖြတ် ခြင်းမျိုး မဟုတ် ဘဲ၊ စီးပွားရေး အကျိုးအများဆုံး ရရှိရေးကို ရှေးရှု၍ ဆုံးဖြတ် ခြင်းကိုသာ ဆိုလိုသည်။ မည်သည့် ကုန်ပစ္စည်းမျိုး မည်မျှ ထုတ်လုပ်ရမည်ဟူသော ပြဿနာများကို အာဏာရှင် နိုင်ငံများ ၌ အာဏာရှင် လုပ်သူက ဆုံးဖြတ်ပေး၍၊ စီးပွားရေးတွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသော နိုင်ငံများတွင် အလုပ်ရှင်နှင့် စားသုံးသူပေါင်း မြောက်မြားစွာတို့က ဆုံးဖြတ်ကြသည်။

ဤသို့လူပေါင်းမြောက်မြားစွာတို့က ဆုံးဖြတ်ကြသော်လည်း ယင်းတို့၏ ဆုံးဖြတ်ချက်များသည် တစ်ခုနှစ်တစ်ခု ဆက်စပ်မှု ကင်းမဲ့ခြင်း မရှိပေ။ အကြောင်းမှာ လူတို့၏ ဆုံးဖြတ်ချက်များ သည် ကုန်ပစ္စည်းအသီးအသီး၏ နှိုင်းရှည့်တန်ဖိုးနှင့် ဈေးနှုန်း တို့ကို အကြောင်းပြု၍ ပြုလုပ်ကြသောကြောင့် ဖြစ်သည်။

တစ်ဖန် ကုန်ပစ္စည်း အသီးအသီးတို့၏နှိုင်းရှည့်တန်ဖိုး သည် မည်သည့် အချက်များအပေါ်၌ တည်သနည်းဟု မူဝယ် လိုအားနှင့် ရောင်းလိုအားတည်းဟူသော အချက်အလက်များ အပေါ်၌ တည်ရှိနေသည်ဟု ဆိုရပေမည်။ ဤတွင် ဤအချက် များကို လေ့လာကြပြန်၏။ ဤသို့လေ့လာရာ၌ သိပ္ပံနည်းများ ကို အသုံးပြု၍ ဘောဂဗေဒ သီအိုရီများဖြစ်ကြသော ဝယ်လို အားနှင့် ရောင်းလိုအား သဘောတရား စသည်တို့ကို ထုတ်ဖော် ကြ၏။ ဤသို့ဖြင့် ယင်းဘာသာရပ်ကို သိပ္ပံဆန်ဆန် အီကော် နိုးမစ်ဟူ၍ ခေါ်ဆိုလာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အက်ဒမ် စမစ်မှ စ၍ ယခုခေတ် ဘောဂဗေဒပညာရှင်များ လက်ထက် တိုင် စားသုံးသူ ကြိုက်ဈေးနှုန်း စံနစ်၏ သဘောတရားကို လေ့လာသူ တန်ဖိုးသီအိုရီသည် ဘောဂဗေဒပညာရပ်၏ အဓိက အပိုင်းကြီးတစ်ပိုင်း ဖြစ်သည်ကို တွေ့ရ၏။

ဘောဂဗေဒပညာရပ်တွင် ဤသို့ကုန်ပစ္စည်းအမျိုးမျိုး ၏ ဈေးနှုန်းအချိုးအစားများကို လေ့လာသည့်အပြင်ကုန်ပစ္စည်း အားလုံး၏ ပျမ်းမျှဈေးနှုန်း အခြေအနေ အကြောင်းကို လေ့လာ သည့် အပိုင်းလည်း ပါရှိသည်။ ဒုတိယ အပိုင်းတွင် ငွေနှင့် ဈေးနှုန်းများ၏ ဆက်သွယ်မှုကို အဓိကထား၍ လေ့လာထား ၏။ ယင်းအပိုင်းသည် ဈေးနှုန်းများ မငြိမ်သက်မှုနှင့် စီးပွား ရေး အခြေအနေ မငြိမ်သက်မှုတို့၏ အကြောင်းရင်းများကို လေ့လာစူးစမ်းသည့် ဘောဂဗေဒ ပညာပိုင်းဖြစ်၍ ဘောဂဗေဒ ၏ အရေးကြီးသော အပိုင်းတစ်ပိုင်းဖြစ်သည်။

အထက်ဖော်ပြပါ ဘောဂဗေဒ ပညာရပ်၏ အပိုင်းကြီး ၂ ပိုင်းသည် တစ်ပိုင်းနှင့်တစ်ပိုင်း ဆက်စပ်နေ သည်ဟု သိရှိ ကြသော်လည်း၊ ၁၉၃၅ ခုနှစ်အထိ ယင်းအပိုင်းတို့၏ ဆက်စပ် မှုကို တိတိကျကျ ရှင်းလင်းဖော်ပြ နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၃၅ ခုနှစ်တွင် ဂျေ၊ အမ်၊ ကိန်းဆိုသူ ဘောဂဗေဒ ပညာရှင်တစ်ဦး က အလုပ်အကိုင်၊ အတိုးနှင့် ငွေတို့၏ အထွေထွေ သီအိုရီခေါ် စာအုပ်ကို ရေးသားထုတ်ဝေသည့်အခါကျမှသာ ဘောဂဗေဒ ပညာရပ် ၏ အပိုင်း ၂ ပိုင်းသည် ဆက်စပ်မိသွားလေသည်။

သို့သော် ကိန်း၏ အထွေထွေ သီအိုရီသည် ဘောဂဗေဒ နယ်ပယ်တွင် အလွန်နာမည်ကြီးခဲ့ခြင်းမှာ ထိုချက်ကြောင့်သာ မဟုတ်ဘဲ၊ ထိုထက်ပို၍ အရေးကြီးသော အချက်များ ပါရှိ သောကြောင့်ဖြစ်၏။ အထူးသဖြင့် ကိန်း၏ သီအိုရီကြောင့် ကျွနု်ပ်တို့သည် စီးပွားရေးစံနစ်၏ အသွင်ပြင်ကို ကြေးငွေဝါဒ၊ အစိုးရဝါဒ၊ စသည်တို့ဖြင့် လိုသလို ပြုပြင်နိုင်ကြောင်းကိုလည်း သိရှိနားလည်လာကြ၏။ ထိုအခါမှ စ၍ စီးပွားရေးစနစ်ကို ထိန်းသိမ်းပေးရန်နှင့် လိုသလို ပြုပြင်နိုင်ရန် သင့်တော်သော ဝါဒနှင့် နည်းလမ်းများကို နိုင်ငံတော် အစိုးရတို့က ရှာဖွေရရှိ နိုင်တော့၏။ ဤတွင် ဘောဂဗေဒသည် နိုင်ငံအုပ်ချုပ်မှုနှင့် ပြန်လည်ဆက်သွယ် လာပြန်သည်ကို တွေ့ရ၏။

ဤသို့ပြန်လည်ဆက်သွယ်လာသည်နှင့် အညီ နိုင်ငံတော် အစိုးရတို့သည် စီးပွားရေးနယ်၌ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ပါဝင်စွက်ဖက် လာကြ၏။ ဤသို့ပါဝင်စွက်ဖက်လာရာ၌ စနစ်တကျဖြစ်စေ ရန် စီမံကိန်းများနည်းဖြင့် ဆောင်ရွက်လာကြ၏။ ဤတွင် စီမံ ကိန်း ဆိုင်ရာ ဘောဂဗေဒ ပညာတစ်ရပ် တိုးလာပြန်၏။

စီးပွားရေး စနစ်၏ အသွင်အပြင်ကို ပြုပြင်နိုင်သည့် နည်းများ ဤသို့ရရှိသော်လည်း ယင်းသည့် နည်းများသည် တိုတးက်ဖွံ့ဖြိုးနေသော တိုင်းပြည်များနှင့်သာ သက်ဆိုင်သည်က များ၏။ မဖွံ့ဖြိုးသေးသော တိုင်းပြည်များတွင် ပုံသေကားချ အသုံးမပြုနိုင်ပေ။ စီးပွားရေး အခြေအနေ မငြိမ်သက်ခြင်း ဟူသော ပြဿနာသည် မဖွံ့ဖြိုး သေးသော တိုင်ပြည်များတွင် အရေးမကြီးလှပေ။ စီးပွားရေး ဖွံ့ဖြိုးရန်နှင့် နိုင်ငံ၏ ကုန်ထုတ် လုပ်မှုအားစု လျင်မြန် စွာ တိုးတက်ရေး၊ ထွက်ကုန် တိုးတက် ရေး စသည်တို့သာ ထိုနိုင်ငံများ၏ အဓိကပြဿနာများဖြစ်၏။

သို့ဖြစ်၍ မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက်ကိုမူ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် မည်သည့်အချက်များအပေါ်၌ တည်နေသည်ကို လည်းကောင်း၊ တိုးတက်မှု မြင့်မားစေရန် မည်သို့ဆောင်ရွက်ရန်ကို လည်းကောင်း၊ လေ့လာဖို့လိုအပ် ၏။ ယင်းအကြောင်းအရာများ လေ့လာသော အပိုင်းကို ဖွံ့ဖြိုးမှု ဆိုင်ရာ ဘောဂဗေဒနှင့် တိုးတက်မှုဆိုင်ရာ ဘောဂဗေဒဟု ခေါ်ကြ၏။ ဤပညာရပ်များကို မျက်မှောက်ခေတ် ဘောဂဗေဒ ပညာရှင် အမြောက်အမြား စိတ်ဝင် စားစွာ လေ့လာလျက် ရှိ ကြသည်။ ဆက်စပ်လျက်ရှိသော အခြားပညာရပ်များမှာမူ အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒနှင့် နိုင်ငံတော် ဘဏ္ဍာရေး အကြောင်းများ ဖြစ်ကြ၏။ ထိုပညာရပ်များသည်လည်း ဘောဂဗေဒပညာရပ် ၏ အရေးကြီးသော အပိုင်းများဖြစ်ကြ သည်။

အထက်၌ ဖော်ပြခဲ့သော ဘောဂဗေဒ ပညာအပိုင်း အမျိုးမျိုး၌ သဘောတရား၊ သို့မဟုတ် သီအိုရီများကိုထုတ်ဖော် ရာ၌ သိပ္ပံပညာနည်းများဖြစ်သော သာမညမှ ကြံနည်းနှင့် အချဲ့ ကြံနည်းများကို အသုံးပြု၏။ ပထမနည်းတွင် ဆန်းစစ်လိုသော စီးပွားရေး အချက်အလက်များကို အဆိုများအဖြစ် ယူဆ၍၊ ယင်းဆိုများမှ တက္ကဗေဒဆိုင် ရာ ဆင်ခြင်ခြင်းနည်းဖြင့် သီအိုရီကို ကောက်နုတ်ဆွဲယူကြသည်။ ဒုတိယ နည်းတွင်မူ စီးပွားရေး အချက်အလက် များကို စုဆောင်းရာ၌ စုရင်းစု နည်းလမ်းကို အသုံးပြု၏။ ထို့ကြောင့် စီးပွားရေး စားရင်းစု များသည် ဘောဂဗေဒ၏ အရေးကြီးသော အပိုင်းတစ်ပိုင်း ဖြစ်၏။ ထို့အပြင် လက်ရှိစီးပွားရေး အခြေအနေကို ပိုမို နားလည်ရန် စီးပွားရေး သမိုင်းကို ပြန်လည်သုံးသပ်သည့် နည်းကိုလည်း အသုံးပြု၏။ ထို့ကြောင့် စီးပွားရေး သမိုင်း ကိုလည်း ဘောဂဗေဒပညာရှင်တို့လေ့လာကြ၏။ သိပ္ပံနည်း အမျိုးမျိုးဖြင့် ထုတ်ဖော်၍ရရှိသော သဘောတရားနှင့် သီအိုရီ များကို လက်တွေ့စီးပွားရေး ပြဿနာများ လေ့လာရာ၌ အသုံး ပြု၏။ ဤသို့လေ့လာဆွေးနွေးသည့်အပိုင်းကို အသုံးချ ဘောဂဗေဒဟူ၍ ခေါ်သည်။ [၂]

ယခုလက်ရှိ ဘောဂဗေဒ မော်ဒယ်လ်များသည် ကျယ်ပြန့်သော နိုင်ငံရေးဘောဂဗေဒ နယ်ပယ်မှ ၁၉ ရာစုနှောင်းပိုင်းတွင် ဆွဲယူထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်တွေ့သိပ္ပံနည်းပညာကို မသုံးပဲ သက်သေသက္ကာယနှင့် ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုရှုထောင့်မှ ချဉ်းကပ်ရန်အတွက် ဖြစ်သည်။ [၃] ခေတ်ပေါ်ဘောဂဗေဒပညာရပ်ကို အနီးစပ်ဆုံး အဓိပ္ပါယ်ဖော်နိုင်သော ဖော်ပြချက်မှာ လိုင်နယ်ရော်ဘင် (Lionel Robbins) ၏ ၁၉၃၂ ခုနှစ်တွင် ရေးသားခဲ့သော စာတမ်းမှဖြစ်ပြီး "အခြားအသုံးချရန်ရှိပြီး လက်ရှိဖြစ်သော်လည်း အကန့်အသတ်ရှိသော ဝင်ငွေပေါ်မူတည်၍ လူတို့၏ နေထိုင်ကျင့်ကြံပုံတို့ကို လေ့လာသော ပညာရပ်" (the science which studies human behaviour as a relationship between ends and scarce means which have alternative uses.")[၄] ဟုဖော်ပြထားသည်။ အကန့်အသတ်ရှိခြင်း (Scarcity) ဆိုသည်မှာ ရရှိနိုင်သော ရင်းမြစ်များသည် အားလုံး၏ လိုအပ်ချက်နှင့် လိုလားချက်ကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိခြင်းကို ဆိုသည်။ အကယ်၍ အကန့်အသတ်ရှိမှုနှင့် ရရှိနိုင်သော ရင်းမြစ်များကို နည်းလမ်းတစ်မျိုးဖြင့် အသုံးချနိုင်ပါက စီးပွားရေးပြသနာများ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ရင်းမြစ်များ နှင့် စေ့ဆော်မှုများပေါ် ကြောင့်ဖြစ်လာသည် ရွေးချယ်မှု တို့ကို လေ့လာခြင်းလည်း ဤဘာသာရပ်တွင် ပါဝင်သည်။

အနုစိတ် ဘောဂဗေဒ (Micro economics)[ပြင်​ဆင်​ရန်​]

လူတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်း ဈေးကွက် တစ်ခုချင်း၏ စီးပွါးရေးဆိုင်ရာ အပြုအမူများကို လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

အကြီးစား ဘောဂဗေဒ (Macro economics)[ပြင်​ဆင်​ရန်​]

လူ့အဖွဲ့အစည်း တစ်ရပ်လုံး၊ စီးပွါးရေး အဆောက်အဦ တစ်ခုလုံး၏ စီးပွါးရေးဆိုင်ရာ အပြုအမူများကို လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ (International Economics)[ပြင်​ဆင်​ရန်​]

တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်၊ နိုင်ငံတစ်ခုနှင့် တစ်ခု စီးပွါးရေးဆိုင်ရာ ဆက်သွယ်မှုများအား လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

စီးပွါးရေး စနစ်များ[ပြင်​ဆင်​ရန်​]

စီးပွါးရေး စနစ်များကို ခွဲခြားသတ်မှတ်ရာတွင် ကြည့်ရှုပုံ ရှုထောင့်များမှ အမျိုးမျိုး ခွဲခြားကြသည်။ အကြမ်းဖျင်းအားဖြင့်

  • ဈေးကွက် စီးပွါးရေးစနစ် (Market Economy)
  • ဗဟိုစီမံကိန်းချ စီးပွါးရေးစနစ် (Centrally Planned Economy)
  • ရောပြွမ်း စီးပွါးရေးစနစ် (Mixed Economy)

ဟူ၍ ခွဲခြမ်း လေ့လာနိုင်သည်။

Commons-logo.svg
Wikimedia Commons has media related to:

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Harper, Douglas (November 2001). Online Etymology Dictionary - Economy (HTML). Retrieved on October 27၊ 2007။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  3. Clark, B. (1998). Political-economy: A comparative approach. Westport, CT: Preager.
  4. Robbins, Lionel (1945). An Essay on the Nature and Significance of Economic Science. London: Macmillan and Co., Limited. , p. 16
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။