ပလေးတိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပလေးတို (ဘီစီ ၄၂၇-၃၄၇)[ပြင်​ဆင်​ရန်​]

Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ပလေတို နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

ရှေးခေတ်တွင် ပေါ်ပေါက်ခဲ့သမျှသော ယထာဘူတကဝိများအနက်၊ ဂရိလူမျိုး ပလေးတိုသည် အထင်ရှား အကျော်စောဆုံးသော ပညာရှင်ကြီးတဦးဖြစ်၏။ အဖအရစ္စတန် အမိပယ်ရစ်တီအွန်းတို့က ပလေးတိုကို ခရစ်မပေါ်မီ ၄၂၇ ခုနှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တွင် ဖွားမြင်သည်။ အချို့ကလည်း အေဂျီးနားကျွန်းတွင် ဖွားမြင်သည်ဟု ဆိုကြသည်။ သူ၏ အမည်ရင်းမှာ အယ်ရစ္စတိုကလီး ဖြစ်သည်။ ပလေးတိုဟူသော အမည်မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေများက ကျီစယ် ခေါ်ရာမှ တွင်ခြင်းဖြစ်သည်။ ယင်းအမည်ကို ဂရိဘာသာစကားဖြစ်၍ ကျယ်ပြန့်သော ပခုံးဟု အနက်ရသည်။ မိဖမျိုးရိုး သည်သူကောင်းမျိုးဖြစ်သည့်အပြင်၊ ဂရိသမိုင်းတွင် အလွန်ထင်ရှားသော နိုင်ငံပြုသုခမိန်တစ်ဦး ဖြစ်သည့် ဆိုလွန်၏ အဆက်အနွယ်ဖြစ်သည်။

ပလေးတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ တို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။

ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရေးတီး သေဒဏ်အပေးခံရသောအခါ ပလေးတိုသည် အလွန်စိတ်နာကြည်းလှသဖြင့် အေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ စစ္စလီကျွန်းအီတလီနိုင်ငံအီဂျစ်နိုင်ငံ နှင့် အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေသည်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်းအဖြစ် ရောင်းစားခြင်း ခံရရှာသည်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေးတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသည်။ အက်သင်းမြို့တော်သို့ ပြန်ရောက်သောအခါ ပလေးတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်း မြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချ နေထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လေသည်။

ပလေးတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နေကြသည်။ သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြေါဆိုပုံမျိုးဖြစ်သည်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့လေသည်။ စုံတွဲ အပြန်အလှန် စကားပြေါဆိုပုံဖြင့် ရေးသားထားသော သူ၏ လက်ရာများအနက် “ ဆင်ပိုဆီယမ် ” (အချစ်အကြောင်း)၊ “ ဖေဒိုး ” (ပျက်စီးခြင်းမရှိသော ဝိညာဉ်)၊ “ ရီပတ်ဗလစ် ” (စံပြနိုင်ငံ)၊ “ သေးတီးတပ်” (ပညာဗဟုသုတ)၊ “ တီးမေးအပ် ” (ရုပ်လောက သဘာဝ) စသော စာအုပ်များမှာ အထင်ရှားဆုံးဖြစ်သည်။ “ ရီပတ်ဗလစ် ” တွင် ပလေးတိုသည် စံပြ (စိတ်တိုင်းကျ)နိုင်ငံဖြစ်ပေါ်လာစေရန် မည်သို့ ဆောင်ရွက်ရမည်ကို စကားအခြေအတင်ပြေါဟန်ဖြင့် ရေးသားထားသည်။ နိုင်ငံတစ်နိုင်ငံ၏ရည်ရွယ်ချက် ပန်းတိုင်သည် တိုင်းသူပြည်သားတို့အား စိတ်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အကျင့်စာရိတ္တကြံ့ခိုင်၍ တည်ကြည် ဖြောင့်မတ်အောင် လေ့ကျင့်ပေးရန် ဖြစ်ရမည်ဟု ပလေးတိုက ယုံကြည့်လေသည်။ သူရည်မှန်းသော စံပြနိုင်ငံမျိုးသည် ဖောက်ပြန် လျက်ရှိသော ကမ္ဘာလောက ကြီးတွင် တည်ထောင်၍ မဖြစ်နိုင်ဟူသော အချက်ကိုမူ ပလေးတို သိသည်။ သို့သော်လည်း လူတို့က ရရှိအောင်ကြိုးပမ်းသင့်သည့် ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့၏။

စံပြနိုင်ငံတွင် လူတိုင်းသည် မိမိနှင့်အသင့်လျော်သော အလုပ်အကိုင်မျိုးကိုသာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူပြည်သားများ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနှင့် ကုန်စည်ထုတ် လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစားခွဲခြါးထားသင့်ကြောင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစားသည် ဉာဏ်အမြော်အမြင် ရှိသင့်၍၊ စစ်သားများသည် ရဲစွမ်းသတ္တိ ရှိသင့်ကာ၊ အလုပ်သမားများသည် စည်းကမ်းသေဝပ်မှု ရှိသင့်ကြောင်း စသည်ဖြင့် ပလေးတိုက ပြဆိုထားလေသည်။ ပလေးတို၏ ယထာဘူတ ပညာဆိုင်ရာ အယူအဆများသည် ဂရိယထာဘူတပညာရှင်ကြီးများ၏ အတွေး အခေါ်များ အနက် ဂရိအဆန်ဆုံးသော အတွေးအခေါ်များ ဖြစ်၏။ သို့သော် ပလေးတို ထုတ်ဖော်ရေးသားခဲ့သော အယူအဆများသည် ဖြစ်နိုင်သည်ထက် စိတ်ကူးကွန့်မြူးမှုတို့က များလေသည်။

စိတ်၌ ဖြစ်ပေါ်သော အယူအဆသည် မျက်စိဖြင့်တွေ့မြင်ရသော အရာဝတ္ထုထက် ပို၍ မှန်ကန်တည်မြဲသည်ဟု ပလေးတိုက ယုံကြည်သည်။ လူ၊ သစ်ပင်၊ ပန်းမန်ပင်တို့သည် သေကြေပျက်စီး ပြောင်းလဲသွားမည် ဖြစ်သော်လည်း၊ ယင်းသည့် သစ်ပင်၊ ပန်းမန်၊ လူတို့နှင့် စပ်လျဉ်းသည့် ယေဘုယျ သဘောထားသည်။ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိဟု ဆိုလေသည်။

ပလေးတို၏ကြံဆချက် တွေးခေါ်ချက်များကို နှစ်သက်သော အတွေးအခေါ်သမားများနှင့် စာပေပညာရှင်များ အတော်များများ ပေါ်ပေါက်ခဲ့သည်။ တပည့်တပန်းများလည်း အတော်ပေါ်ခဲ့ သည်။ ယင်းတို့အနက် အယ်ရစ္စတိုတယ်သည် ထင်ရှားလေသည်။