ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မွန်တို့တွင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဟူပြီး သီးသန့်မရှိပေ။ သို့သော် အမည်မသိရှေးမွန်ပညာရှိများရေးသားခဲ့သည့် မွန်ပေမူဖြင့် သထုံမင်းဆက်မှ စသည့် ဥပ္ပန္နသုဝဏ္ဏဘုမ္မိအာရမ္ဘကထာကျမ်းနှင့် သုဓမ္မဝတီသီဟရာဇာဓိရာဇဝံသကျမ်း ဟူ၍ နှစ်ကျမ်းသာရှိသည်။ ဘုရင့်နောင်လက်ထက်အရောက်တွင် မှုးမတ်ကြီးတစ်ဦးဖြစ်သည့် မွန်ဝန်ကြီးဗညားဒလက ပထမကျမ်း၏ နောက်ဆုံးပိုင်းဖြစ်သည့် မဂဒူးမင်းဆက်အစမှ ရာဇာဓိရာဇ်အထိကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းအဖြစ် မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ထိုကျမ်းမှာ မြန်မာဘာသာဖြင့် ပထမဆုံး ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်ကာ သမိုင်းပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ ရေးသားသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မြောက်များလှစွာသော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းများအနက်မှ နောက်အကျဆုံးနှင့် အပြည့်စုံဆုံးသော ကျမ်းဖြစ်ပေသည်။ ထိုကျမ်းမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးရှိ ပတ်လတ်ရွာမှတွေ့ရှိသည့် မွန်ပေမူကို ပြန်လည်ပုံနှိပ်ထားသည့်ကျမ်းအား အခြေပြု၍ အခြားမြန်မာ-မွန်ပေမူများ၊ ပုံနှိပ်မူများ၊ ဦးကုလား၊ မှန်နန်းအစရှိသည့် ရာဇဝင်ကျမ်းများကို ညီညွတ်နိုင်သမျှ ညီညွတ်စေရန် တိုက်ဆိုင်စစ်ဆေးကာ ရေးသားထားခြင်းဖြစ်ပေသည်။

မာတိကာ

နောက်ခံသမိုင်းအကျဉ်း[ပြင်​ဆင်​ရန်​]

အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်သည် မြန်မာရာဇဝင်တွင် အထူးပင် အရေးပါသော ကာလ ဖြစ်ပါသည်။ မွန်နှင့် ဗမာ တိုင်းရင်းသားတို့ နှစ်ဖက်မှ ပြည်ထောင်စု၏ ဦးဆောင်သူ နေရာကို ရနိုင်ရန် အပြိုင် ကြိုးပမ်းသည့် ကာလအဖြစ် သမိုင်းတွင် ထင်ရှားလှသည်။ အင်းဝမှ မင်းကြီးစွာစော်ကဲ ၊ သားတော် ဘုရင်မင်းခေါင်တို့နှင့် ဟံသာဝတီမှ မွန်မင်း ရာဇာဓိရာဇ်တို့ အကြိမ်ကြိမ် စစ်မပြတ်ခင်းခဲ့ပြီး သမိုင်းတွင်သည့် သူရဲကောင်း အကျော်အမော်များ၊ စံပြုလောက်သည့် စစ်ရေးနည်းဗျူဟာများကို အပြန်အလှန် အသုံးချကာ စစ်ခင်းခဲ့ခြင်း ဖြစ်သည်။

ရာဇာဓိရာဇ် (မြန်မာသက္ကရာဇ် ၇၄၅-၇၂၈) မှာ မဂဒူးမင်းဆက်၏ (၉) ဆက်မြောက် မင်းဖြစ်သည်။ အစဉ်အဆက် မုတ္တမတွင် ထီးနန်း စိုးစံခဲ့ရာမှ (၈) ဆက်မြောက် ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝုန်းမြို့သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။

အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော်မင်းလင်္ကာ ပုန်ကန်ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၄င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော်မူလှသည် မရှိဟုသိရသည်။လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။နောင်အခါ ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ အခြား မိဖုရားဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။ဗညားနွဲ့ အသက် ၁၅ နှစ်တွင် အဖတူအမိကွဲ နှမတော်တလမေဒေါနှင့်ရည်ငံကာ ထွက်ပြေးကြသဖြင့် ဗညားဦး လွန်စွာအမျက်ရှကာ ထောင်သွင်း အကျဉ်းချစေသည်။ နောင် မဟာဒေဝီ တောင်းပန်သဖြင့် ပြန်လွတ်စေသည်။

ဟံသာဝတီတွင် သုရှင် ဗညားဦး(ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား အရီးတော် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ထိုမှနေပြီး ပုန်ကန်ပါတော့သည်။ ထိုသို့ ဒဂုံတွင် ရှိစဉ် လင်ရှိမယား ဆီသည်မ (မြန်မာမူတွင် ပန်းသည်မ) မွေမနိတ်ကို မိဖုရားအဖြစ် သိမ်းပိုက်သည်။ (သမိန်မရူး နှင့် မဟာဒေဝီ တို့မှာ မရိုးသားကြပေ။) နောင်တွင် မဟာဒေဝီနှင့် သမိန်မရူးတို့ ကလောက်ဖြား၊ ဗြထဗတို့ကို စည်းရုံးပြီး စစ်တပ်ကြီး စီရင်ကာ ဒဂုံကို ဝိုင်းရံလာစဉ် ဥပါယ်ဖြင့် မြောင်းမြ နှင့် မုတ္တမ တို့မှ စစ်တပ်များကို ပြန်လှည့် စေရန် ပြုသည်။ အမိတူ အဖကွဲ နောင်တော် ဒလစား မညီ ကံကောင်း လာရောက်ပူးပေါင်းသဖြင့် အင်အား ပိုတောင့်တင်းလာပြီး သမိန်မရူး တပ်ကို ညအချိန်တွင် အပြင်းတိုက်သဖြင့် မရူးပြေးရာ လူသူသုံ့ပန်း အများအပြားရပြီး အောင်ပွဲခံနိုင်လေသည်။

နောက်တွင် ပဲခူးထိ ချီတက် တိုက်ခိုက်ရာ ပဲခူး မရောက်မီ ခမည်းတော် ဗညားဦး နတ်ရွာ လားလေသောကြောင့် တစ်ကြောင်း၊ သမိန်မရူး ပြေးသောကြောင့် တစ်ကြောင်း၊ မြို့တွင်းမှ မူးမတ် ဒေါဗညားများက ထောက်ခံသောကြောင့်တစ်ကြောင်း နန်းပလ္လင်ပေါ်သို့ လွယ်ကူစွာ တက်နိုင်ကာ ရာဇာဓိရာဇ် ဟူသော ဘွဲ့ဖြင့် အသက် ၁၆ နှစ်တွင် ဟံသာဝတီပြည်ကို အုပ်စိုးလေသည်။ နန်းရလျှင် မွေမနိတ်အား ပီယရာဇာဒေဝီ ဘွဲ့ဖြင့် မိဖုရားကြီးအရာ ပေးသည်။ သမိန်မရူးနှင့် ၄င်း၏မယား တလမေသီရိ တို့အား သတ်စေပြီး အရီးတော် မဟာဒေဝီကိုမူ ကျေးဇူး ရှိဖူးသည်ကို ထောက်ကာ မသတ်ဘဲ ထားလေသည်။ မိမိအား နန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီး ကြိုဆိုသည့်အတွက် အမတ်ဒိန်ကို သတ်ရန်အမိန့်ချသော်လည်း အမတ်ဒိန်အလျှောက်ကောင်းသဖြင့် လွတ်သည်။

နယ်ပယ်များကို သိမ်းသွင်းခြင်း[ပြင်​ဆင်​ရန်​]

နန်းတက်ပြီးနောက် မကြာမီ အင်းဝမှ မင်းကြီးစွာ သည် မြောင်းမြစား လောက်ဖြား၏ မနာလို ကုန်းတိုက်စကားတွင် ယုံမှတ်ကာ ဟံသာဝတီကို အရယူရန် အကြံဖြင့် ချီလာသည်ကို တွန်းလှန် ခဲ့ရသေးသည်။ အမှန်တွင် ဟံသာဝတီ မင်းနေပြည်၏ အာဏာစက်မှာ ရာမည မွန်သုံးရပ်တွင် အရှေ့မုတ္တမ ၃၂ မြို့ နှင့် အနောက် ပုသိမ်၃၂မြို့ များသို့ပင် သက်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်မှာ ဆင်ဖြူရှင် ဗညားဦး လက်ထက်ကပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗညားနွဲ့ အနေဖြင့် အဆိုပါ သူပုန်သူကန်၊ မြို့စား၊ ရွာစားများကို နှိမ်နှင်းရန် အကြောင်းဖန်လာ လေတော့သည်။

အရှေ့ဖက်တစ်လွှားကို သိမ်းသွင်းခြင်း[ပြင်​ဆင်​ရန်​]

ထို့ကြောင့်ပင် လူသူလက်နက်များ စုစည်းပြီး ခမည်းတော် ဗညားဦး လက်ထက်က လက်လွှတ်ခဲ့ရသည့် အရှေ့ဖက် မုတ္တမ ၃၂ မြို့ကို သိမ်းသွင်းရန် စစ်တပ်ကြီး ချီစေသည်။ ဘောလဂွန်းလက်မှ လဂွန်းဗျဉ်းကို လည်းကောင်း၊ သံလှစ်လက်မှ ဒုန်ဝန်းကို လည်းကောင်း၊ မဂြိုင်းလက်မှ သံမောင်မြို့ကို လည်းကောင်း၊ အဲဗြပုန်နှင့် ဗြထဗတို့၏ မုတ္တမနှင့် ဥလို၏ မော်လမြိုင် မြို့များကို လည်းကောင်း ဆက်တိုက် သိမ်းယူပြီး အရှေ့တစ်လွားရှိ မြို့ရွာများတွင် ယုံကြည်ရသည့် မူးမတ်များကို မြို့စားအရာ ပေးကာ ဟံသာဝတီသို့ ပြန်လေသည်။ အဲဗြပုန်၊ ဗြထဗနှင့် ဥလိုတို့လည်း ကုလားပြည်သို့ လှေဖြင့် ပြေးလေသည်။ ထိုသို့ အရှေ့ဖက်သို့ တိုက်ခိုက်ခဲ့ရာတွင် နာမည်ရသည့် သူရဲကောင်းများမှာ အမတ်ဒိန်၊ သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊ လဂွန်းအိန်၊ သမိန်ရဲသင်ရံ တို့ဖြစ်သည်။

အနောက်ဖက်တစ်လွှားကို သိမ်းသွင်းခြင်း[ပြင်​ဆင်​ရန်​]

မြန်မာသက္ကရာဇ် ၇၅၀ တွင် နောင်တော် မညီကံကောင်း သည် မြောင်းမြစား လောက်ဖြားနှင့် ညီညွတ်ပြီး ဒလမှ ပုန်ကန်သည်ကို သွားရောက် နှိမ်နှင်းရပြီး မညီကံကောင်းအား ကွပ်ကာ ၄င်း၏သား၊ တူတော် ဘောဝ်ကျော် အား သစ္စာပေးကာ အဖအရာကို ဆက်ခံစေသည်။ နောက် လောက်ဖြားအား နှိမ်နှင်းရန် တစ်ပါတည်း အနောက်ဖက်သို့ ချီလေသည်။ ရှေးဦးစွာ ပုသိမ်ကို စားသော လောက်ဖြား၏ သားနှစ်ပါးဖြစ်သည့် လောက်ရုန် နှင့် လောက်သိန်တို့အား တိုက်ရာ အနိုင် မရနိုင်ဘဲ အမတ် ရာဇမနု(မင်းကန်စီ)ပါ ဆင်ထက်တွင် ကျဆုံးလေသည်။ ထိုသို့ ပုသိမ်တွင် ရှိနေစဉ် ပဲခူးတွင် အကျဉ်းချထားသည့် ညီတော် ဘောငံမုန် အား အဲကောင်ဗိန်ကို လွှတ်ပြီး ကွပ်စေပြန်သည်။ နောက် စစ်ဦးကို မြောင်းမြသို့ လှည့်ဟန်ပြုကာ လဂွန်းအိန်အား ပရိယာယ်ဖြင့် နောက်မှ လိုက်သည့် လောက်ရုန်နှင့် လောက်သိန်တို့အား အနိုင်ယူစေကာ ပုသိမ်ကို အရ သိမ်းလေသည်။ အမတ်ဒိန်ကလည်း ဒေးပသွယ်ကို ရပြီး ရာဇာဓိရာဇ်အား ဆက်ပြန်သည်။ နောက် မြောင်းမြသို့ချီရာ မြောင်းမြစားလည်း မခံဝံ့သဖြင့် လှေဖြင့် ပြေးမည်ကြံသော် သားတော် မပစ်နွဲ့(ဗျည်းနွဲ့)က တားကာ ရာဇာဓိရာဇ်အား တစ်ဦးချင်း ဆင်စီးချင်းထိုးပြီး အနိုင်အရှုံး ဆုံးဖြတ်ရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း လက်ခံကာ ဆင်တော် ငရက်နွဲ့ကိုစီးပြီး ဆင်စီးချင်းထိုး၏။ အမှတ်မဲ့ဖြင့် ချိန်းဆိုရာ မြို့ရိုးတွင်းသို့ဝင်ရာ မပစ်နွဲ့က တံခါးအကွယ်မှ ရုတ်တရက်ထွက်တိုက်ကာ ဆင်ချင်းပူးလျှင်ခုတ်ရန်ဓါးချွတ်မရသောကြောင့် ချွန်းသီးနှင့်ရိုက်သော် ဗညားနွဲ့ နဖူးကွဲကာ မူးဝေလေသည်။ထို့ကြောင့် မြို့ပြင်သို့ဆုတ်ပြေးပြီး အမူးပြေမှ တဖန်ပြန်လှည့်တိုက်သည်။ဒီတစ်ကြိမ်တွင်အနိုင်ယူကာ မြောင်းမြကို သိမ်းလေသည်။ နောက် လောက်ဖြားအား ဂတိအတိုင်း ဒဂုံဆံတော်ရှင်(ရွှေတိဂုံ)အနီးတွင် သီတင်းဆောက်တည်ခွင့်ပြုသည်။ မပစ်နွဲ့မှာမူ မနေလိုကြောင်း လျှောက်သဖြင့် ကွပ်စေသည်။

အင်းဝနှင့်စစ်ပြုခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ ရာဇာဓိရာဇ်သည် ရာမညတိုင်းမွန်သုံးရပ်လုံးကို အောင်မြင်ပြီးနောက်တွင် နန်းတက်စက အင်းဝမှ လာရောက် စစ်ပြုဖူးသည်ကို အမှတ်ထားရှိခဲ့ဖူးသည့်အလျောက် အင်းဝနှင့် စစ်ပြုရန် လုံလထုတ်လေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ် စစ်ကြီး အစပြုလေတော့သည်။

ကူထွက်ကိုသိမ်းခြင်း၊မင်းကြီးစွာနှင့်ပြေငြိမ်းခြင်း[ပြင်​ဆင်​ရန်​]

မြန်မာသက္ကရာဇ် ၇၅၂ ၊ ရာဇာဓိရာဇ် သက်တော် ၂၃ နှစ်တွင် အင်းဝပိုင် ကူထွတ်(ယခု မြန်အောင်မြို့)ကို အင်အားအပြည့်အစုံဖြင့်ချီတက် တိုက်ခိုက်ကာ သိမ်းပိုက်လေသည်။ နောက် သမိန်ချစ်ဗေတ နှင့် သမိန်သံကြယ် တို့ ၂ယောက်အားစောင့်စေပြီး ဟံသာဝတီသို့ပြန်လေသည်။ အရောက်တွင် သားတော် ဘောလောအဲကျန်းတော (ဘောလောကျန်းဒေါ/ဗညားနွဲ့ငယ်မယား၊ အဖတူအမိကွဲနှမလည်း တော်စပ်သော လမေဒေါနှင့်မွေးသူ၊မိခင်မှာ ဗညားနွဲ့ နန်းတက်စဉ်က မွေမနိတ်အား ပီယရာဇာဒေဝီဘွဲ့ဖြင့် မိဖုရားကြီးအရာပေးသောကြောင့် အဆိပ်သောက်ပြီးသေ) မှ ဆင်မြင်း လေ့ကျင့်သည်၊စစ်ရေးအတတ်ကိုလေ့လာသည် ဟုကြား၍ အဲကောင်ဗိန် အား သွားဖမ်းစေကာ သတ်စေသည်။ ဘောလောကျန်းဒေါလည်း စိတ်နာလှသောကြောင့် မိမိ ၏ ရွှေအဆင်တန်ဆာတို့ကို ချွတ်ပြီးရွှေမောဓောစေတီ ကိုလှု၍ အင်းဝမင်း၊မိဖုရားတို့ဝမ်းတွင် ဝင်စား၍ ရာဇာဓိရာဇ်နှင့် စစ်မပြတ်ပြုပြီး မွန်သုံးရပ်ကို နှိပ်စက်လိုကြောင်း ဆုတောင်းကာ အဆိပ်သောက် သေလေသည်။ (နောင်တွင် ဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာအဖြစ် မွေးဖွားလာသည်ဟုဆိုရိုးရှိပါသည်။) ဤသတင်းကိုကြားသော် ရာဇာဓိရာဇ်လည်း မိမိကိုယ်အလေးချိန်နှင့်ညီသည့် ရွှေသားတို့ဖြင့် ရွှေမော်ဓောစေတီအား ရွှေအပြည့်ချကာ သံသရာတစ်လျှောက်တွင် တိုက်သည့် ရန်စစ်ဟူသမျှကို အောင်မြင်စေကြောင်း ဆုတောင်းပြုပြန်သည်။ မြန်မာသက္ကရာဇ် ၇၅၄ တွင် အင်းဝမင်းကြီးစွာ သည်ကူထွတ် ကိုပြန်သိမ်းယူရန် တိုက်ဆင် ၈၀ဝ၊မြင်းသည် နှစ်သောင်း ၊အင်အားတစ်သိန်းနှစ်သောင်း နှင့်ချီလာလေသည်။ ရာဇာဓိရာဇ် လည်း ကြည်းရေ တပ်များဖွဲ့ ပြီး ကူထွက်ကိုချီလေသည်။ ရေတပ်တွင် ဟံသာဝတီမှ အနည်းငယ်အသာရပြီး၊ ကြည်းတွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရနိုင်ဘဲရှိလေရာ ရေတပ်မှ အမတ်ကြီးများဖြစ်ကြသော အမတ်မဟာသမွန်၊ အမတ်ပွန်စီ၊ အဲကောင်ဗိန် နှင့်ဗြထဗိုက် တို့ကကူထွပ်နှင့်အလွဲ တို့ကို အင်းဝအားပြန်ပေးပြီး သုရှင်အား စစ်ပြေငြိမ်းကြောင်း ရာဇသံ ဆက်ရန်နှင့်သံတမန်များစေလွတ်ရန် အကြံပြုလျှောက်ထားသဖြင့် သုရှင်က သဘောတူလေသည်။ ထို့နောက် ရာဇာဓိရာဇ် နှင့် မင်းကြီးစွာစော်ကဲတို့လဲ အသီးသီး စစ်ပြေငြိမ်းလျက် ပြန်လေသည်။ ထိုနှစ်တွင် မိဖုရားကြီး မွေမနိတ် (ပီယရာဇာဒေဝီ)လွန်သည်။

အထက်အင်းဝနှင့်တကောင်းတိုင်အောင်ချီတက်ခြင်း[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်လေ၏။ တစ်နှစ်အကြာတွင် တကောင်းစား ငနောက်စံ လုပ်ကြံ၍ လွန်သော် ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ထိုသို့ရှိရာ ပုဂံနှင့်အင်းဝသားများ ညီညွတ်မှုမရှိဘဲ မင်းခေါင်၏ညီတော် မင်းသိဒ္ဒတ် သည် ရာဇာဓိရာဇ် ထံသို့ ခိုဝင်ခစားလာသည်။ ဤအချိန်တွင် ရာဇာဓိရာဇ်က အချက်ပိုင်ပိုင်ဖြင့် အင်းဝထိချီတက် သိမ်းပိုက်ရန် စစ်ပြင်လေတော့သည်။ကြည်းတပ်ရှေ့ဆုံး စစ်ဖျားချီတပ်တွင် လဂွန်းအိန် ကိုထားသည်။ ပြည်မြို့ကိုရောက်သော် ပြည်စားလက်ယာပျံချီ (မြောင်းမြစားလောက်ဖျား၏သား တရဖျား၊ အင်းဝတွင်ခစားသဖြင့် ပြည်တွင် မြို့စားခန့်ထားသူ) မှထွက်မတိုက်သောကြောင့် အရံသာထား၍ ဆက်လက်ချီတက်လေသည်။ စစ်ကိုင်းရောက်သော် အင်းဝမှ လည်း ပြည်နည်းတူ မြို့တွင်းမှ တွက်ပြီးမတိုက်သဖြင့် တကောင်းအထိ ချီတက်သိမ်းယူလေသည်။ ပြည်တွင် အရံထားခဲ့သော သားမက်တော် စောမဟာရာဇ်၏ ညံ့ဖျင်းမှုကြောင့် တပ်ပျက်ပြီး သမီးတော် တလမေကျော်(တလမည်ကျော်)ကို လက်ယာပျံချီ ရ၍ အင်းဝသို့ ပို့လေရာ မင်းခေါင်က သားတော် သိင်္ဂသူ(သီဟသူ)နှင့် စုံဖက်စေသည်။ အင်းဝသည် ရာဇာဓိရာဇ်၏ စစ်ကို ထွက်မတိုက်ပဲ ပညာရှိအပေါင်းတို့ကို ခေါ်ယူဆွေးနွေးရာ ပင်းယစကြိုသူမြတ် (ပန်းယသကြိုသူမြတ်)အမည်ရ သံဃာတော် တစ်ပါးမှ တာဝန်ယူကာ စစ်ငြိမ်းရန် ကြံဆောင်ပါမယ်ဟု ဂတိပြုလေသည်။ ထို့နောက်တွင် ဘုရင်မင်းခေါင်၏ရာဇသဝံလွှာ၊ လက်ဆောင်ပဏ္ဏာများနှင့် သူမြတ်သည် ရာဇာဓိရာဇ်ထံဝင်၍ လျှောက်ထားလေသည်။ ထို့ကြောင့် ရာဇာဓိရာဇ် လည်း ထို ပင်းယသူကြိုသူမြတ် နှင့် စကားပြိုင်ဆိုင် ပြီးအခြေတင် အရေးဆိုကာ နောက်ဆုံးတွင် အင်းဝအနီး တစ်ဝိုက်၌ သာဿနာရေး အဆောက်အဦးများ တည်ထားပြီး ပြန်လေသည်။ပြန်လှည့်ရာတွင် အင်းဝသားများက သုရှင်ကောင်းမှုတို့အား မီးတင်တိုက်လေသောကြောင့် ဒေါသဖြင့်ပြန်လှည့်ရန်မိန့်သော်လည်း ပင်းယသူကြိုသူမြတ်၊ အမတ်ဒိန်၊ သမိန်ဗြာဇ္ဇတို့က တောင်းပန်လေသဖြင့် ဆက်စုန်လေသည်။ သမီးတော် အင်းဝသို့ပါကြောင်းကိုမူ ဒလ(ယခု တွံတေးမြို့နေရာ) ရောက်မှ သိသဖြင့် သားမက်တော် စောမဟာရာဇ်အား ခြေလက်တို့ကို ဖြတ်စေရာ သွေးပျက်ပြီး ရေသို့ခုန်ချသေလေသည်။

ပြည်သို့ချီခြင်း၊မင်းခေါင်နှင့် နယ်နိမိတ်သတ်မှတ်ခြင်း[ပြင်​ဆင်​ရန်​]

နောက်နှစ်တွင် ရာဇာဓိရာဇ်သည် ဘုရင်မင်းခေါင်အား အမျက်မပြေနိုင်သောကြောင့် စစ်ချီပြန်သည်။ မင်းခေါင်လည်း စစ်ကူသုံးသောင်းကို ပြည်မြို့သို့အမြန်ချီစေသည်။ရေတပ်တွင် သုရှင်ချီ၍ ကြည်းတွင် သမိန်ဗြာဇ္ဇ က တပ် (၇) တပ်ကို ဦးဆောင်ချီသည်။ တပ်ဖျားတွင် လဂွန်းအိန် ကိုချီစေသည်။ သာဝတ္ထိသို့ ရောက်သော် လဂွန်းအိန်သည် တပ်မှုးချုပ် ၏အမိန့်ကို ဖီဆန်ပြီး လွင်ပြင်သို့ အင်းဝတပ်အရောက်တွင် တစ်ရှိန်ထိုး ထွက်၍တိုက်လေသည်။ လဂွန်းအိန် ထွက်သည်ကို မြင်လျှင် ဥပါကောင်း၊ဘောကျော်နှင့် ဗြထဗိုက်တို့ ၃တပ်လည်း ထွက်တိုက်၏။ အင်းဝတပ် များအပြင်းပြန်တိုက်လေသောကြောင့် ရှေးဦးစွာ လဂွန်းအိန် တပ်တွင် စစ်သည်အများအပြားကျ ၍ဆုတ်ရ၏။ နောက် မှလိုက်လာကျသော တပ်၃တပ်လည်း အခြေအနေ မကောင်းသောကြောင့် တောတွင်းသို့ရှောင်ရလေ၏။ နောက် သမိန်ဗြာဇ္ဇ နှင့် သမိန်အဝနံနိုင် တို့က ခုခံတိုက်ခိုက်လေသဖြင့် အင်းဝတပ်ပျက်လေသည်။ နောက် တလည်စီး တွင် တပ်ချကာ နဝင်းတွင် တပ် ၃တပ်ကိုသာ ချန်လေ၏ ။ဘုရင်မင်းခေါင်လည်း ပြည်မြို့ကျမည်စိုးရိမ်သဖြင့် ကိုယ်တိုင် ချီတက်လာသည်။ သာဝတ္ထိတွင် ပျက်ကာပြေးသော တပ် ၅တပ်မှာ မြေထဲအရောက်တွင် ဘုရင်မင်းခေါင်နှင့် ဆုံ၏။ ထိုအခါ ပြန်ပြီး အနိုင်ယူရန် အာမခံပြီး တစ်ဖန် မင်းခေါင်တပ်များနှင့် ချီလာပြန်သည်။နောက် နဝင်းရှိ တပ်၃တပ်ကို မနက်စောစော တွင် ရွပ်ရွပ် ချွံချွံ တိုက်ရာ နဝင်းရှိမွန်တပ်များပျက်ပြီး ကြုံးဝါးထားသည့်အတိုင်း အသေခံတိုက်သဖြင့် ဘောကျော် နှင့် ဗြထဗိုက်တို့ကျကာ သမိန်ဇိပ်ဗြဲကို ဖမ်းမိလေသည်။ များမကြာမှီ ဘုရင်မင်းခေါင်လည်း တပ်တွင်ရိက္ခာမရသောကြောင့် ငတ်မွတ်လေသဖြင့် တမန်တော်စေကာ ရာဇာဓိရာဇ်အား စစ်ပြေငြိမ်းမည့်အရေး ဆိုလာလေသည်။မင်းနှစ်ပါးတို့ မြသီတင်းဘုရားတွင်အတူတစ်ကွ သစ္စာဆိုကြလေသည်။ လက်ဆောင်များအပြန်အလှန် ဆက်ကာချစ်ကြည်ရင်းနှီးကြလေသည်။ ထို့အပြင် ဗဒင်ရမ္မတောင် နှင့် ကြုံလှာ ကို နယ်ခြားထားကာ အထက်ကို အင်းဝပိုင် ၊အောက်ကို ပဲခူးပိုင် အဖြစ်သဘောတူလေ၏။

ရခိုင်သို့စစ်ချီစေခြင်း[ပြင်​ဆင်​ရန်​]

မကြာမှီတွင် ဘုရင်မင်းခေါင်သည် ဇင်းမယ်(ချင်းမိုင်)မင်းထံ မဟာမိတ်ဖွဲ့မည့်အကြောင်း၊မိမိဦးစွာ ရခိုင်နှင့် ဗန်းမော်ရှမ်းတို့အား ချီတက် တိုက်ခိုက်မည့်အကြောင်း၊ ပြီးလျှင်မိမိတို့ မင်းနှစ်ပါး ဟံသာဝတီကို စစ်နှစ်ဖက်ညှပ် တိုက်ခိုက်ကာ အရယူမည့်အကြောင်း ရာဇသံတွင် ရေးပြီး ပို့လေသည်။ ထိုတမန်တော်တို့ကို မွန်ကင်းတပ်သားများက မသင်္ကာရှိပြီး ဖမ်း၍စစ်ရာ အကြောင်းစုံကို သိပြီး သုရှင်ထံသို့ပို့လေ၏။ ရာဇာဓိရာဇ်လည်း မင်းခေါင်သည် သစ္စာမရှိဟု အမျက်ထွက်ကာ တမန်တော်များကို ကွပ်စေသည်။နောက် ဘုရင်မင်းခေါင် ရခိုင်သို့ချီ မချီ စုံစမ်းစေပြီး ချီကြောင်းကိုသိလျှင် ပုသိမ်သို့ချီတက်တပ်စွဲကာ အပြန်တွင်လမ်းမှ ဖြတ်တိုက်မည်ဟု ကြံလေသည်။ ဘုရင်မင်းခေါင် လည်း ရခိုင်ရှိသံတွဲနှင့် မြောက်ဦး ကိုသိမ်းပိုက်ပြီး သမက်တော် ဂါမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာ တို့ကို အစောင့်ထားကာ ဗန်းမော်သို့ ကုန်းကြောင်းမှ အမြန် ချီတက်သွားလေသည်။ ရခိုင်ဘုရင့်သား နရမိတ်လှ လည်းမွန်တို့ထံ ခိုဝင်လာပြီးအကူအညီတောင်းရာ သုရှင်က “သူ့သားငါ့သားနှယ်မဟူ။ အတူတူပင်ဖြစ်တော့သည်။ မင်းအဖ၏ အရိုက်အရာကို ငါပြန်ယူပြီးမင်းကို ချမ်းသာပြန်ရစေမည်။”ဟု အာမခံကာ တပ်နှစ်တပ် တွင် သမိန်ငေါခွင် နှင့် သမိန်ဗိုက်ညက် တို့ကို အကြီးအမှုးခံပြီး စေလွှတ် တိုက်ခိုက်စေ၏။ ရခိုင်သားတို့လည်း မိမိတို့အရှင်သခင်၏သား ပြန်လာလေပြီဟု ကြားကာ အများအပြားပင် လာရောက် ခစားအမှုထမ်းကြလေသောကြောင့် သံတွဲကို အလွယ်တကူရကာ မြောက်ဦးသို့ဆက်လက် ချီတက်လေ၏။ နောက် မြောက်ဦးတွင်လည်း အနိုင်ရပြန်ရာ အင်းဝဘုရင်၏ သားမက်နှင့် သမီးတော်တို့ကို ဖမ်းဆီးရမိကာသုရှင်ထံသို့ အစောင့်များဖြင့်ပို့သည်။ မြောက်ဦးတွင် နရမိတ်လှအား နန်းတင်ပြီးမွန်တို့လည်းပြန်လေ၏။ ဘုရင်မင်းခေါင်၏သားမက်တော် ဂါမဏိ လည်း ပုသိမ်အရောက်တွင် အဆိပ်သောက်၍ သေလေသည်တွင် စောပြည့်ချမ်းသာအား သုရှင်မှ မိဖုရားမြှောက်၏။

ဘုရင်မင်းခေါင်ချီလာခြင်း[ပြင်​ဆင်​ရန်​]

ရခိုင်ပျက်ပြီး သမီး၊သားမက်တို့ကို ရာဇာဓိရာဇ် ရသည့်အကြောင်းကို ဗန်းမော်ရှမ်းတို့အား တိုက်ခိုက်လျှက်ရှိသော ဘုရင်မင်းခေါင်သိလျှင် ရှမ်းတို့ကို အမြန်နှိမ်နှင်းကာအင်အား တစ်သိန်းငါးသောင်း၊ ဆင်၊မြင်းအပြည့်အစုံဖြင့် တောင်ငူကြောင်းမှချီလေသည်။ ရာဇာဓိရာဇ်လည်း မင်းခေါင်စစ်ချီလာသည်ကို ကြားလျှင် စစ်တောင်းသို့ ချီတက်တပ်စွဲလျက် နေလေသည်။ အင်းဝစစ် အလွန်ကြီးမားသည်ကို သိသဖြင့် တပ်ကို စစ်တောင်းသို့ ပြန်ဆုတ်ခဲ့သည်။ နောက်စစ်တောင်းတွင် ရှိသော ရိက္ခာ၊စပါး တို့ကို မီးတိုက်ဖျက်စီးစေပြီး ပန်းကျော် ထိဆုတ်ကာ တပ်တည်လေသည်။ ယခင်အကြိမ်အတိုင်း စစ်ပြု၍ အင်းဝတပ်ရိက္ခာ ပြတ်ပြန်ရာ ဘုရင်မင်းခေါင်က အင်းပဲသူကြီးကို စေလွတ်ကာ နှစ်ဖက်သော အမှုးအမတ်တို့ကို သစ္စာပြုစေပြီး စစ်ပြေငြိမ်းမည့်အကြောင်း ရာဇသံစေလာသည်။ ရာဇာဓိရာဇ် လည်း အကောက်ကြံကာ သစ္စာပြုမည်ကို လက်ခံလေသည်။

သစ္စာပြုပွဲပျက်ခြင်း၊လဂွန်းအိန် ဘုရင်မင်းခေါင်ကိုလုပ်ကြံခြင်း[ပြင်​ဆင်​ရန်​]

ရာဇာဓိရာဇ် ကြံသည်မှာ သစ္စာပြု ပြီးလျှင် အမှုးအမတ်တို့မှာ တစ်ဖက် ဘုရင်များစီသို့သွားကာ အခစား ဝင်ဖူးမျှော်ကြမည်။ ထို့ကြောင့် မွန်တို့ အင်းဝဘုရင်ထံသွားမည့်လမ်းတွင် လက်နက်၊ဓါးလှံများကိုဝှက်ထားပြီး အခစားဝင်ဟန်နှင့် မင်းခေါင်အားလုပ်ကြံစေမည်။ နောက် မွန်တပ်သို့လာကြသောအင်းဝ မြန်မာ အမှုးအမတ်တို့ ကို တပ်တွင်းအရောက်တွင် ဖမ်းကာသတ်မည် ဟူ၍ဖြစ်လေသည်။ နောက် အကြံအတိုင်း အစီအစဉ်ကို အမတ်၊စစ်သူကြီး များအား ပြောကာ သစ္စာပြုမည့် သဲသောင်ပြင်အနီးတွင် လက်နက်တို့ကို ဝှက်ထားစေ၏။ နောက် အချိန်တန်လေသော်အခါ မွန်၊မြန်မာ အမတ်သေနာပတိပေါင်း ၆၀ တို့သည် ၂ယောက်တွဲ တွဲကာ သစ္စာပြုရန်နေရာတွင် နေရာယူလေသည်။ အတွဲပေါင်း၃၀ တိတိဖြစ်သည်။ ရှေ့ဆုံးတွင် မွန်ဖက်မှ သမိန်ဗြာဇ္ဖ နှင့် မြန်မာမှ မြင်စိုင်းစာ မင်းသား သရေစည်သူ ၊နောက်တွင် အမတ်မဟာသမွန် နှင့် မင်းမဟာရာဇာ (မင်းရာဇာ) အစရှိသည်ဖြင့် ကြီးစဉ်ငယ်လိုက်စီရာ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်ကြသော လဂွန်းအိန်နှင့် မိုးညှင်းသတိုး တို့ဖြစ်ကြလေသည်။ အမတ်အပေါင်းတို့လည်း နှစ်ဦးနှစ်ဖက် စကားဆွေးနွေးစဉ် လဂွန်းအိန် ကသတိုးအား ယခုပြုမည့်သစ္စာ မမှန်ကြောင်းပြောသောကြောင့် သစ္စာပြုပွဲပျက်ပြီး ရာဇာဓိရာဇ်လည်း လဂွန်းအိန်အား ပြင်းစွာအမျက်ထွက်သဖြင့် သတ်စေသည်။ သမိန်ဗြာဇ္ဇနှင့် အမတ်ဒိန်တို့ အမတ်ကြီးနှစ်ပါးတို့က လဂွန်းအိန်ကို စစ်ဆေးမေးမြန်းပြီးမှ သတ်သင့်သတ်ရန် တောင်းပန်လျှောက်ထား၍ ရာဇာဓိရာဇ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူသည်။ အမတ်ကြီးနှစ်ပါးကစစ်ဆေးရာ လဂွန်းအိန်က အင်းဝ တပ်မှာ ငတ်မွတ်နေသောကြောင့် မကြာမှီ ဆုတ်ခွာမည့်အကြောင်းထိုသို့ဆုတ်ခွာလျှင် နောက်မှ လိုက်လံတိုက်ခိုက်ခြင်းဖြင့် တရားသောနည်းလမ်းကျ အနိုင်ယူနိုင်ပါလျှက် ယခုကဲ့သို့ အကောက်ကြံဖြင့် အနိုင်ယူခြင်းမှာ မသင့်ဟု ယူဆမိ၍ ရှင်ဘုရင့်အကြံကိုဖျက်ခြင်းဖြစ်ကြောင်း၊အကယ်၍ တရာနည်းလမ်းကျ အနိုင်ယူမည်ဆိုလျှင် အသက်ပေးကာ တာဝန်ထမ်းမည့် အကြောင်း လျှောက်လေသည်။ ထိုအခါအမတ်ကြီးနှစ်ပါးက ဘုရင်မင်းခေါင် ညဦးယံတိုင်း အဖိုးဒရဲနီချောင်း တလျှောက်တွင် နောက်ပါ တပ်အင်အား အနည်းငယ်ဖြင့်သာ ဆင်စီးထွက်လေ့ရှိကြောင်း၊ လဂွန်းအိန်အား သွားရောက်ကာ အလစ်တိုက်ခိုက်ပြီး ဖမ်းရန်လျှောက်ရာ လဂွန်းအိန်ကလည်း အသက်စွန့် ထမ်းဆောက်မည်ဟု အာမခံလေသည်။ ရာဇာဓိရာဇ်လည်း အလွန်အားရလျက် လဂွန်းအိန်စီးရန် ဆင်ဖြူတော် ဗကမက်ကို ပေးလေသည်။ နောက် ဘုရင်မင်းခေါင်ကို လဂွန်းအိန် သိနိုင်ရန် မင်းသိဒ္ဓတ် (ဘုရင်မင်ခေါင်၏ညီ) ကို ဆင်ထက်တွင် အတူတင်ကာ ထွက်စေသည်။ ဘုရင်မင်းခေါင်နှင့်တွေ့သော် လဂွန်းအိန် အပြင်းထွက် တိုက်သော်လည်း မင်းသိဒ္ဓတ် အော်ဟစ်သတိပေး၍ ဘုရင်မင်းခေါင် နောက်ပြန်ဆုတ်သောကြောင့် လဂွန်းအိန် မနိုင်မရပဲ ပြန်ခဲ့ရသည်။ ဤသည်ကို သိသော် ရာဇာဓိရာဇ်လည်း အမျက်ထွက်ကာ မင်းသိဒ္ဓတ်ကို သတ်စေသည်။ နောက်လဂွန်းအိန် ကို ညအချိန်တွင် အင်းဝတပ်အတွင်းဝင်ကာ ဘုရင်မင်းခေါင်ကို လုပ်ကြံစေပြန်သည်။ ဘုရင်မင်းခေါင်၏ တဲနန်းအတွင်းထိရောက်ပြီးမှ မိဖုရာတစ်ပါးက အော်ဟစ်သတိပေးပြန်၍ အကြံမအောင်ပဲ ဘုရင်မင်းခေါင်၏ လက်သုံးပတ္တမြားကျောက်စီဓါး နှင့်ရွှေကွမ်းအစ်ကို သာယူ၍ ပြန်ခဲ့သည်။ နောက်တစ်နေ့ တွင် ဘုရင်မင်းခေါင်ထံ အမတ် သမိန်ဥဒိန် အားသံအဖြစ်စေလွတ်၍ ကျောက်စီဓါးနှင့် ရွှေကွမ်းအစ်ကို ပြန်ဆက်သစေသည်။ နောက်မကြာမှီတွင် အင်းဝတပ် ပြန်ဆုတ်ခွာရာ သမိန်ဗြာဇ္ဇ ကိုတပ်မှုးချုပ်ခန့်ကာ အမြန်တိုက်စေရာ လူသူသုံပန်းအများမပြား ကို ပဲခူးမှ ရလေသည်။ မင်းရဲကျော်စွာ၏မိခင် ဖြစ်သော မိဖုရားကြီး ရှင်မိနောက် ကိုလည်းရသည်။ သက္ကရာဇ် ၇၇၁ တွင်ဘုရင်မင်းခေါင်မှ နောက်တစ်ကြိမ် စစ်ပြုပြန် ရာအနိုင်အရှုံးမပေါ်ပဲ နှစ်ဖက်လုံး စစ်ပြန်သိမ်းရပြန်သည်။

မင်းရဲကျော်စွာ စစ်ပြုလာခြင်း[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၇၇၂ တွင် ဘုရင်မင်းခေါင်၏ သားတော်မင်းရဲကျော်စွာသည် အသက်၁၇နှစ်အရွယ်ရှိလာရာ ဟံသာဝတီကို အရယူရန် စစ်ချီလိုပါကြောင်း လျှောက်ရာ ဘုရင်မင်းခေါင်လည်း ခွင့်ပြုလေသည်။ သို့ဖြင့် မင်းရဲကျော်စွာလည်း ကြည်းရေနှစ်တပ်ဖွဲ့ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ချီလေသည်။ သမိန်ဗြာဇ္ဖစားသော မြောင်းမြ၊ အမတ်ဒိန်စားသောပုသိမ်၊ သမိန်သံကြယ်စားသော ခဲပေါင်တို့ကို ချီတက်လုပ်ကြံလေသည်။ တစ်မြို့ကိုမှ မအောင်မြင်၊မသိမ်းပိုက်နိုင်သော်လည်း ရာဇာဓိရာဇ်အား အကြီးအကျယ် ချောက်ခြားစေလေ၏။ နောက်မှုးမတ်များနှင့် တိုင်ပင်ကာ ရခိုင်ကို အရင်ရအောင် သိမ်းပိုက်မည်ဟုဆိုကာ ရခိုင်သို့ချီလေသည်။ ရခိုင်ဘုရင် နရမိတ်လှ (ရာဇာဓိရာဇ်မှ နန်းတင်ပေးခဲ့သူ)မှ မခုခံနိုင်သောကြောင့် ရခိုင်ကို အလွယ်တကူရသည်။ မြောက်ဦးတွင် လကျာ်ကြီး၊သံတွဲတွင် စုက္ကတေး တို့ကို အစောင့်ထားပြီး ဆင်မြင်း၊သုံပန်းများစွာကို ယူကာအင်းဝသို့ ပြန်လေသည်။ ဘုရင်မင်းခေါင်လည်းသားတော်ကို အားရဝမ်းသာ ချီးမွမ်းတော်မူ၏။ နောက်ရခိုင်ကို အင်းဝမှ သိမ်းယူသည့်အောကာင်း ရာဇာဓိရာဇ် သိလျှင် စစ်တပ်ကြီး စီရင်ကာ ချီတက် တိုက်ခိုက်စေသည်။ မွန်တို့သံတွဲကို ရပြန်ရာ တပ်ချလျက်နေသည်။ ထိုသတင်းကို ဘုရင်မင်းခေါင်ကြားလျှင် မင်းရဲကျော်စွာအား ရခိုင်သို့ ချီစေသည်။ အင်းဝတပ်များရခိုင်ရောက်သော် မွန်တို့ကို ဝန်းရံပြီး နေရာ မြို့တွင်းရှိ မွန်၊ရခိုင်တို့လည်း ငတ်မွတ်လေသည်။ နောက်မွန်တပ်မှုးတို့လည်း ပရိယာယ် သုံးကာ ရာဇာဓိရာဇ်ကိုယ်တိုင် ချီတက်လာတော့မည့်ဟန်ဖြင့် သတင်းလွင့်ရာ အင်းဝတပ်လည်း စစ်နှစ်ဆက်ညှပ်မည်စိုးသောကြောင့် ဆုတ်လေသည်။ ထိုသို့ မင်းရဲကျော်စွာ ဆုတ်ခွာသွားပြီးနောက် မွန် နှင့်ရခိုင်သားတို့လည်း မြောက်ဦးကို သိမ်းကာ နရမိတ်လှ အားထပ်တစ်ခါ နန်းတင်၍ ပြန်လေ၏။ မင်းရဲကျော်စွာလည်း အင်းဝပြန်ရောက်ပြီးနောက် များမကြာမှီပင် သိန္နီစော်ဘွား သည် အင်အားများစွာနှင့် အင်းဝ သို့စစ်ချီလာကြောင်းကို သိလျှင် ကိုယ်တိုင်ဗိုလ်မှုးချုပ် အဖြစ်ဦးဆောင်ကာ တိုက်လေသည်။ သိန္နီစော်ဘွားလည်း ဆင်ထက်တွင်ပင် မင်းရဲကျော်စွာ လက်ချက်ဖြင့် သေပြီး သိန္နီတပ်လည်း ပျက်ကာပြေးရာ ဆင်မြင်း သုံပန်းများစွာကို မင်းရဲကျော်စွာ ရလေသည်။ ထို့နောက် မင်းရဲကျော်စွာလည်း အင်အားစုစည်းပြီး သိန္နီသို့ချီတက်ကာ သိန္နီကို တိုက်လေတော့သည်။ သိန္နီက တရုတ်ထံ မှ စစ်ကူတောင်းသောကြောင့် တရုတ်စစ်ချီလာသည်ကို တောတွင်းမှ တပ်ချကာ အလစ်တွင် တိုက်ကာ အောင်လေသည်။ နောက် သိန္နီကို ဝိုင်းရံမြဲဝိုင်းနေလေ၏။ရာဇာဓိရာဇ် လည်း မင်းရဲကျော်စွာ သိန္နီသို့ချီ သည့်သတင်းကိုကြားလျှင် ပြည်မြို့ကို တိုက်လေ၏။ပြည်စား လင်္ကျာပျံချီ အခုအခံ ကောင်းလှသောကြောင့် မရနိုင်ဘဲ တစ်လကျော်မျှ ဝိုင်းထားရပြန်သည်။ ထိုစဉ် မုတ္တမ ကို ယိုးဒယား တို့က ကျူးကျော်ကြောင်းကို သိ၍ သားတော် ဗညားပုသိမ် ကိုတပ်မှုးချုပ်ခန့်ကာ စစ်သည် ငါးသောင်း နှင့် ပြည်ကို ဆက် ဝိုင်းရံစေခဲ့ပြီး ဟံသာဝတီသို့ပြန်ကာ အင်အားစု၍ မုတ္တမသို့ ဆက်လက် ချီတက်လေသည်။ နောက်တစ်လကျော် ထပ်ကြာသော် ပြည်မြို့လည်းငတ်မွတ်သည်ရှိ၍ ဘုရင်မင်းခေါင်လည်း သားတော် ကို မစောင့်နိုင်တော့ဘဲ ကိုယ်တော်တိုင် စစ်အင်အား ခုနှစ်သောင်းနှင့် ပြည်သို့ စုန်လေသည်။ ထိုသတင်းကို ကြားသော မင်းရဲကျော်စွာလည်း အင်းဝသို့အမြန်ပြန်လာကာ လှေတပ်ကြီးအမြန်ဖွဲ့ပြီး အင်အား တစ်သိန်းကျော်နှင့် ခမည်းတော် ဘုရင်မင်းခေါင်နောက်သို့လိုက်လေ၏။ ပြည်တွင် ရှိသောမွန်တပ်များလည်း ဘုရင်မင်းခေါင် သည် မင်းဧကရာဇ်တပ်ဖြစ်သည်။ ငါတို့ဒီနေရာမှ မခံသင့်ဟုတိုင်ပင်ပြီး တစ်ဖက်ကမ်းရှိ တလည်ဆီးသို့ တပ်ပြောင်းရွေ့သည်။ မင်းရဲကျော်စွာလည်း ပြည်သို့ရောက်လျှင် မွန်တပ်ရှိရာသို့ သွားကာ အကဲခတ်လေ၏။ ကျုံးသိမ်ပြီး လှေတပ်နည်းသည့်ဖက်ကို တွေ့လျှင် မိမိ လှေတပ်ကြည်းတပ်များနှင့် တိုက်ရာ မွန်တပ်လည်း တပ်တိုင်များပြို၏။ ရာဇာဓိရာဇ်၏ သားမက်တော် သမိန်ဥပါကောင်း လည်း ဆင်နှင့်ထွက်ကာ အင်းဝတပ်ကို တိုက်လေသည်တွင် မွန်တို့က ပြိုလေသောတပ်တိုင်များကို အလျင်အမြန်ပင် ပြန်ထူကာ ပြင်ဆင်လေ၏။ သမိန်ဥပါကောင်းလည်း နာမည်ကြီးလေ၏။ထိုကြောင့် မင်းရဲကျော်စွာလည်း ဗညားပုသိမ် ထံစာပို့ပြီး ဥပါကောင်း အားတွေ့လိုကြောင်း တောင်းဆိုသည်။ သမိန်ဥပါကောင်း လည်း လက်ဆောင်ပုဏ္ဏာ များနှင့် မင်းရဲကျော်စွာရှေ့သို့အခစားဝင်လေသည်။ မင်းရဲကျော်စွာလည်း ချီးမွမ်းပြီး အကယ်၍ မိမိတွင်ခစားပါက ပြည်စားလင်္ကျာပျံချီနင့် တန်းတူ မြှောက်စားမည်ဟုပြောရာ ဥပါကောင်းလည်း ငြင်းဆန်ပြီး ပြန်လေသည်။ နောက် အင်းဝတပ် ဝိုင်းရံလေသောကြောင့် ဗညားပုသိမ်တပ်လည်း ငတ်မွတ်လေသည်။ ထို့ကြောင့် မုတ္တမတွင် ယိုးဒယားတို့ကို နှိမ်နှင်းပြီး ဟံသာဝတီသို့ ပြန်ရောက်လာသော ခမည်းတော် ရာဇာဓိရာဇ်ထံသို့ လူလွတ်၍ စစ်ကူချီရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း အင်အားများစွာနှင့် ချီတက်ရန် စီစဉ်လေသည်။

သမိန်ဗြာဇ္ဇ နှင့် လဂွန်းအိန်တို့ ကျဆုံးခြင်း၊ဟံသာဝတီသို့ပြန်ခြင်း[ပြင်​ဆင်​ရန်​]

သုံးရက်ကြာမှ အဝေးအနီးမှ မှုးမတ်များ စုံလင်စွာ ရောက်ရှိလေသည်။ မြောင်းမြမှ သမိန်ဗြာဇ္ဖလည်း ကျန်းမာခြင်းမရှိ ။ ထိုသတင်းကိုကြားသော သုရှင်လည်း အမတ်ကြီးထံသို့ ကိုယ်တိုက်ကြွ၍ အားပေးလေးသည်။ အမတ်ကြီးသည် သုရှင်လာသည်ကို တွေ့လျှင် ဦးခိုက်ပြီးမရှိခိုးနိုင် ။အိပ်ရာထက်၌သာ လက်အုပ်ချီကာ တောင်းပန် နိုင်တော့သည်။ သုံးရက်လွန်လျှင် သေဆုံးလေသည်။ နောက် မင်းရဲကျော်စွာက ပရိယာယ် ဖြင့် နှစ်ဖက်သူရဲကောင်းတို့ကို လှေစီးချင်းထိုးစေမည်ဟု အရေးဆိုလာရာ လဂွန်းအိန် တိုက်မည်ဟု သဘောတူလေသည်။ သို့သော် အမှန်တစ်ကယ်တိုက်ရာတွင် အင်းဝမှ လှေလေးစီး ဖြင့်တိုက်၍ လဂွန်းအိန် ပေါင်တွင်လှံချက်မိကာ ဒဏ်ရာရပြီး ထိုညတွင်ပင်သေလေသည်။ မကြာမှီ ရာဇာဓိရာဇ် လည်း သားတော် ဗညားပုသိမ်တပ်နှင့် ပြန်ပေါင်းမိကာ တပ်ကို ညအချိန်တွင် ရေကြောင်းမှ ဆုတ်လေသည်။ ကြည်းကြောင်းမှ ဆုတ်သော တပ်များအနက် သမိန်ဗရမ်းကို နောက်မှလိုက်လာသော အင်းဝတပ်က မိကာ ၄င်းစီးသော ဆင်ဖြူတော် ဗကမတ်ကိုပါ မိ၏။နောက် ရေမှလိုက်သော တပ်များနှင့်တစ်ကွ ဘုရင်မင်းခေါင်နှင့် မင်းရဲကျော်စွာအပါအဝင် မှူးမတ်အပေါင်းတို့သည် ဒဂုံ အထိချီတက်ကာ ပဲခူးတိုင်လုပ်ကြံရန် ဆွေးနွေးကြသည်။နောက် ဒဂုံအနီးနှင့် အနောက်ဖက် ပုသိမ်မြို့မြောင်းမြမြို့များကို တပ်များစေကာသွားရောက်တိုက်ခိုက်စေပြန်သည်။ မှော်ဘီမြို့သို့ချီတက်ကာတိုက်ခိုက်သည့် ပြည်စား လင်္ကျာပျံချီ မြှားသင့်ကာ ကျဆုံးပြီးနောက်တွင် ဘုရင်မင်းခေါင်သည်စိတ်တွင် မိမိမှူးမတ်များအကျအဆုံးများမည်ကို တွေးလျက် အင်းဝသို့ပြန်လေသည်။မင်းရဲကျော်စွာမှာမူ ဟံသာဝတီအနီးတွင်တပ်ချကာ ဝန်းရံနေခဲ့သည်။

မင်းရဲကျော်စွာကျဆုံးခြင်း[ပြင်​ဆင်​ရန်​]

ရာဇာဓိရာဇ်လည်း ဇာတာမသန့်ဟု ဟူးရား၊ပုဏ္ဏားတို့က ဟောကြားသောကြောင့် သားတော်ကြီး ဗညာကျန်းကို ထီးနန်းယာယီ လွှဲအပ်ကာ မုတ္တမသို့ သွားရောက်နေထိုင်သည်။ မင်းရဲကျော်စွာလည်း ထိုသတင်းကိုကြားရာ ပေါရိသာတ် ဘွဲ့သစ်ခံပြီးဟံသာဝတီကိုချီတက်ဝိုင်းရံထားသည်။ နောက်ရာဇာဓိရာဇ်လည်း ဇာတာသန့်ချိန်ရောက်သော် ဗညားသစ်တသုံ ဘွဲ့သစ်ကိုခံကာ ဟံသာဝတီသို့ကိုယ်တော်တိုင်ချီတက် လာပြီး မင်းရဲကျော်စွာနှင့် ဆင်စီးထိုးရန်ချိန်းဆိုသည်။ မင်းရဲကျော်စွာ၏ပုဏ္ဏားများက ဇာတာမသန့်၍စစ်မထွက်ရန်၊ ၇ရက်လွန်မှထွက်ရန်လျှောက်ကြသော်လည်း မွန်တပ်မှူး သမိန်အဝနံနိုင်မှ ပရိယာရ်ဖြင့် လာရောက်စိန်ခေါ်သည်ကို သီးမခံနိုင်ဖြစ်ကာ သေရည် အလွန်ရစ်မူးနေသည့်ကြားမှ ထွက်ကာစီးခြင်းထိုးလေသည်။စီးချင်းထိုးရာ ဆင်တော်ရဲမြတ်စွာပေါ်မှ မြေသို့ကျကာခါးကျိုးပြီး အနားရှိဥသျှစ်ပင်ခြေရင်းသို့တွားသွားကာ နေလေရာ အင်းဝတပ်ပျက်၍စစ်ပွဲပြီးချိန်တွင် ရာဇာဓိရာဇ်ကရှာဖွေခေါ်ယူလာခဲ့ပြီး သမီးတော်နှင့်လက်ဆက်စေကာအိမ်ရှေ့အရာပေးမည်ဟုဆိုကာကုသစေသော်လည်း လက်မခံပဲငြင်းပယ်သည်။ဤသို့ဖြင့် ညရောက်သော်အနာသည်းလွန်းလှသဖြင့်သေဆုံးလေသည်။ (မြန်မာမူတွင် ဒလ မြို့တိုက်ပွဲတွင် ကျသည်ဟုဆိုသည်။)

ရာဇာဓိရာဇ်နတ်ရွာစံခြင်း[ပြင်​ဆင်​ရန်​]

မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင် ဒေါသအလျှောက် လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်သည်နောက် အင်းဝ နှင့်ဟံသာတီ တို့စစ်အကြီးအကျယ် တိုက်ခိုက်ခြင်းမရှိတော့၍ အခိုက်အတန့်မျှ အေးချမ်းကြသည်။ သက္ကရာဇ် ၇၂၈ တွင် ရာဇာဓိရာဇ် ဆင်ကျော့(ဖမ်း)ထွက်ရာ ဆင်ပေါ်မှ အကျတွင် လွန်ကြိုး နှင့် ပေါင်တွင်ခြစ်မိကာ အနာကြီးစွာရပြီး သွေးလွန်ကာ နတ်ရွာစံလေသည်။

အကျဉ်းချုပ်[ပြင်​ဆင်​ရန်​]

ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။ နောင် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ကို ခင်းသည်။ထင်ရှားသည့်မှူးမတ်များမှာ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်းဝသို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာဝတီသို့ပြန်လာ။)သမိန်အဝနံနိုင်(သမိန်အင်းဝ မင်းကြီး ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။) တို့ ဖြစ်ကြသည်။

နောက်ဆက်တွဲ[ပြင်​ဆင်​ရန်​]

ရာဇာဓိရာဇ် ကွယ်လွန်ပြီးနောက် သားတော်များဖြစ်သည့် ဗညားကျန်း(ဗညားဓမ္မရာဇာ)၊ ဗညားရံ(ပထမဗညားရံ)၊ နောက်မြေးတော်ဗညားဗရူး (ရှင်စောပု၏သားတော်)မင်းပြုသည်။၄င်းအား ဗညားကျန်းထော လုပ်ကြံနန်းချပြီး နန်းတက်သည်။နောက် လိပ်မွတ်ထောက ဗညားကျန်းထောကို သတ်ကာမင်းပြု၏။ လိပ်မွတ်ထောမှာ အလွန်ဆိုးသွမ်းသည့်အတွက် မှုးမတ်တို့က လုပ်ကြံနန်းချကာ ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့် နန်းအပ်ကာ ဧကရီ ဘုရင်မကြီးအဖြစ် နန်းတင်ကြသည်။ နောက် ရှင်စောပု၏ သားမက်တော် ရဟန်းလူထွက် ဓမ္မစေတီမင်း၊နောက် ဓမ္မစေတီ၏ သားတော် ဗညားရံ(ဒုတိယဗညားရံ)၊နောက် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီးမှ ဟံသာဝတီကို သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ခဲ့လေသည်။