ယူနီဆက်(ဖ်)

ဝီကီပီးဒီးယား မှ
ယူနီဆက်(ဖ်)
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့
United Nations Children's Fund(အင်္ဂလိပ်)
صندوق الأمم المتحدة للطفولة(အာရပ်)
Fonds des Nations unies pour l'enfance(ပြင်သစ်)
Детский фонд Организации Объединённых Наций(ရုရှား)
Fondo de Naciones Unidas para la Infancia(စပိန်)
聯合國國際兒童基金會(တရုတ်)
အတိုကောက်UNICEF
ဖွဲ့စည်းခြင်းဒီဇင်ဘာ ၁၉၄၆
အမျိုးအစားရန်ပုံငွေအဖွဲ့
တရားဝင်အနေအထားရှင်သန်ဆဲ
ဌာနချုပ်နယူးယောက်မြို့
အကြီးအကဲ
Anthony Lake
မိခင်အဖွဲ့အစည်း
United Nations Economic and Social Council
ဝက်ဘ်ဆိုဒ်http://www.unicef.org
Flag of UNICEF
ယူနီဆက်(ဖ်)အလံ

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF-United Nations Children's Fund) (သို့မဟုတ် ယူနီဆက်(ဖ်): အသံထွက်/ˈjuːnɨsɛf/) ကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ် ပျက်စီးခဲ့သော နိုင်ငံများရှိ ကလေးများအတွက် အရေးပေါ် အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။ ယူနီဆက်သည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ကြီးကြပ်မှုကို ခံယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ ယူနီဆက်သည် အကူအညီ လိုအပ်လျက်ရှိသော ကလေးသူငယ်များအား လူမျိုးဘာသာမရွေး၊ နိုင်ငံသားမရွေး၊ နိုင်ငံရေးခံယူချက်မရွေး ကူညီထောက်ပံ့လျက်ရှိ၏။ ထိုသို့ ကူညီထောက်ပံ့ရာတွင် သက်ဆိုင်ရာနိုင်ငံအစိုးရ၏ မေတ္တာရပ်ခံချက်အရသာ ထောက်ပံ့ခြင်းဖြစ်၏။ ယူနီဆက်၏ ဘဏ္ဍရေးမှာ အစိုးရနှင့် ပုဂ္ဂလိကများ၏ စေတနာအလျောက် ထည့်ဝင် လှူဒါန်းငွေပေါ်တွင် အမှီပြုထားသည်။ ၁၉၅၃ ခုနှစ်တွင် ယူနီဆက်(ဖ်)သည် ကုလသမဂ္ဂစနစ်၏ အမြဲတမ်းအစိတ်အပိုင်း တစ်ခုအဖြစ်နှင့် ယင်း၏ အမည်သည် မူရင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (United Nations International Children's Emergency Fund)မှ အတိုချုန်း၍ ဖြစ်ပေါ် လာခဲ့သည်။ သို့ရာတွင် ၎င်းသည် ယင်းအမည်ဟောင်းပေါ်တွင် အခြေခံ၍ ထင်ရှားကျော်ကြားသော ပထမစာလုံးများ ဖြင့် ဆက်လက်၍ သိရှိလာခဲ့ကြသည်။ နယူးယောက်မြို့ တွင် ရုံးချုပ်တည်ရှိပြီး၊ ယူနီဆက်(ဖ်) သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးများနှင့် မိခင်များအတွက် လူသားချင်း စာနာထောက်ထားခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကူအညီများကို နှစ်ရှည် ထောက်ပံ့ပေးခဲ့သည်။

ယူနီဆက်(ဖ်)၏ဝင်ငွေ[ပြင်ဆင်ရန်]

ယူနီဆက်(ဖ်)သည် အစိုးရများနှင့် ပုဂ္ဂလိက အလှူရှင်များအပေါ် မှီခိုအားထားပြီး၊ ၂၀၀၆ ခုနှစ်အတွက် ယူနီဆက်(ဖ်)၏ ဝင်ငွေမှာ ဒေါ်လာ ၂,၇၈၁,၀၀၀,၀၀၀ ရှိခဲ့သည်။ အစိုးရများက အဖွဲ့အစည်း၏ သုံးပုံ နှစ်ပုံသော ငွေအရင်းအမြစ်များအတွက် ထည့်ဝင်ခဲ့ပြီး၊ ပုဂ္ဂလိက အုပ်စုများနှင့် ၆ သန်းမျှသော တစ်ဦးချင်း အလှူရှင်များကအမျိုးသားရေးကော်မတီများမှတဆင့်ထည့်ဝင်ကူညီကြသည်။ ယူနီဆက်(ဖ်)၏ အစီအစဉ်များသည် လူများစု၏ တစ်ပြေးညီ ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးအနက် ပြုခြင်းအားဖြင့် ကလေးများ၏ ကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးတို့ကို မြှင့်တင်ပေးရန် ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ၂၀၀၆ ခုနှစ်တွင် ကွန်းကော့ဒ်၏ အောစ်တူရီးယားမင်းသားဆုတို့ကို ယူနီဆက်(ဖ်)အား ချီးမြှင့်ခဲ့သည်။

အဖွဲ့အစည်း တည်ဆောက်ပုံနှင့် ဝန်ထမ်းများ[ပြင်ဆင်ရန်]

ယူနီဆက်(ဖ်)၏ လုပ်ငန်းဗဟိုပြုရာသည် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်၍ နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် နယ်နိမိတ်များတွင် ဝန်ထမ်းများထားရှိသည်။ နိုင်ငံ ၂၀၀ ကျော်ရှိ၎င်း၏ရုံးများသည် အိမ်ရှင်နိုင်ငံ အစိုးရတို့ဖြင့် ပူးပေါင်းကာ ဖော်ဆောင်ထားသည့် အသွင်ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တစ်ခုချင်းစီဖြင့် ယူနီဆက်(ဖ်)၏ အထူးတာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။ ဒေသဆိုင်ရာရုံး ခုနှစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများကို လမ်းညွှန်မှုပြု၍ နိုင်ငံရုံးများသို့ ကျွမ်းကျင်မှု အကူအညီများကို လိုအပ်သလို ထောက်ပံ့ပေးသည်။

အဖွဲ့အစည်း၏ တစ်ပေါင်းတည်းသော စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုကို ၎င်း၏ နယူးယောက်မြို့ရှိ ရုံးချုပ်များတွင် ထားရှိသည်။ ယူနီဆက်(ဖ်)၏ ထောက်ပံ့ရေးဌာနခွဲသည် ဘာလင်မြို့တွင် အခြေပြု၍ လိုအပ်သည့် အခြေခံပစ္စည်းများဖြစ်သော အသက်ကယ်ဆေးများ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေသည့် ကလေးများနှင့် မိခင်များအတွက် အင်တီရက်ထရိုဗိုင်ရယ် ဆေးများ၊ အာဟာရဓာတ် ဖြည့်စွက်မှုများ၊ အရေးပေါ် ခိုလှုံရန်နေရာများ၊ ပညာရေးအထောက်အကူပြု ပစ္စည်းများနှင့် အခြား များပြားစွာသော အထောက်အပံ့များကို မူလအချက်အချာ ဖြန့်ဝေမှုပြုရာ နေရာအဖြစ် ရှိနေပါသည်။ ယူနီဆက်သည် ကျန်းမာရေး၊ အာဟာရဓာတ် ပြည့်ဝရေး ကလေးသူငယ် သက်သာချောင်ချိရေး၊ ပညာရေး၊ အသက်မွေးမှု အတတ်ပညာ သင်ကြားရေးစသည့် လုပ်ငန်းများကို ကူညီ ထောက်ပံ့လျက် ရှိသည်။ ကျန်းမာရေးနှင့် စပ်လျဉ်း၍ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနများနှင့် ဆေးရုံများအတွက် ယာဉ်နှင့် ဆေးဝါးပစ္စည်းများ၊ ဆေးရုံသုံး ကိရိယာများကို ထောက်ပံ့သည်။ ကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်အတွက် လိုအပ်သည့် သင်ကြားရေး ဆိုင်ရာ ကိရိယာများကိုလည်း ထောက်ပံ့သည်။ ထို့ပြင် ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါ၊ အနာကြီးရောဂါ၊ မျက်ခမ်းစပ်ရောဂါနှင့် ကလေးသူငယ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း ကူညီ ဆောင်ရွက်လျက် ရှိသည်။ ရေဘေး၊ လေဘေး၊ မိုခေါင်ရေရှားဘေးနှင့် အခြားသော ကပ်ဘေးအန္တရာယ်များကို ခံစားကြရသော ကလေးသူငယ်များ အတွက်လည်း ဆေးဝါးရိက္ခာ စသည့် ကယ်ဆယ်ရေး ပစ္စည်းများကို ကူညီထောက်ပံ့သည်။ ယူနီဆက်သည် ၁၉၆၅ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ [၁]ယူနီဆက်(ဖ်) လုပ်ငန်း အားလုံးတို့အား လမ်းညွှန်မှုပေးခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့သည် ၃၆ ဦး ပါဝင်သော အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ တာဝန်ဖြစ်ပြီး မူဝါဒများချမှတ်ခြင်း၊ အစီအစဉ်များ အတည်ပြုခြင်းနှင့် စီမံချုပ်ရေးနှင့် ဘဏ္ဍာရေး စီမံချက်များအား ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထုံးတမ်းစဉ်လာအရ သုံးနှစ်သက်တမ်းရှိသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကို ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီမှ ရွေးချယ်ပေးသည့် အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

ယူနီဆက်(ဖ်)၏ အမှုဆောင်ဒါရိုက်တာ ကာရို(လ်)ဘယ်လာမီ သတ်မှတ်ထားသော တာဝန်သက်တမ်း ကုန်ဆုံးပြီးနောက်၊ ယူနိုက်တက်စတိတ်(စ်) စိုက်ပျိုးရေးဝန်ကြီးဟောင်း အဲန်းဗီနီမန်သည် ၂၀၀၅ ခုနှစ်၊ မေလတွင် အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ အဖြစ်သို့ရောက်ရှိခဲ့၍၊ ထောင်စုနှစ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များအပေါ် အဖွဲ့အစည်း၏ အာရုံစူးစိုက်မှု တိုးမြှင့်ရန်ဟူသည့် လုပ်ငန်းစဉ်ကို ထည့်သွင်းလာခဲ့သည်။

NGO များကဲ့သို့ မဟုတ်ဘဲ၊ ယူနီဆက်(ဖ်)သည် အစိုးရအချင်းချင်း နှင့်သက်ဆိုင်သော အဖွဲ့အစည်း တစ်ခုဖြစ်၍၊ ယင်းသည် နိုင်ငံအစိုးရများကို တာဝန်ယူစေသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသို့ တမူထူးခြားစွာ ချဉ်းကပ် ဝင်ရောက်ခြင်းများ ဖြစ်ပေါ်စေသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌ အခွင့်အရေး ချိုးဖောက်မှုများကို ပြည်သူလူထုသို့ ပြောကြားရန် သို့မဟုတ် အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရာ၌ ၎င်း၏ အရည်အချင်းကို နှောင့်နှေးစေသည်။

ယူနီဆက်(ဖ်) အမျိုးသားရေးကော်မတီများ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်း တည်ထောင်သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် အမျိုးသားရေး ကော်မတီများ ထားရှိ၍ လွတ်လပ်ပြီး ပြည်တွင်း၌ရှိသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း အနေဖြင့် တည်ထောင်ထားသည်။ ယင်းအမျိုးသားရေး ကော်မတီများသည် ပြည်သူလူထု၏ မျက်နှာနှင့် ယူနီဆက်(ဖ်)၏ စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည့် အသံလည်း ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍမှ ရန်ပုံငွေများ ရှာဖွေခြင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများ မြှင့်တင်ပေးခြင်းနှင့်၊ ကမ္ဘာနှင့်အဝှမ်း မြင်သာသည့် ကလေးသူငယ်များအပေါ် ခြိမ်းခြောက်နေသော ဆင်းရဲမွဲတေမှု၊ ရုတ်တရက် တွေ့ကြုံရသည့် သဘာဝ ဘေးဒုက္ခများ၊ လက်နက်ကိုင် တိုက်ပွဲများ၊ မတော်မတရား ပြုလုပ်ခြင်းများနှင့် ခေါင်းပုံဖြတ်ခြင်းများတို့မှ လုံခြုံမှုပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

ယူနီဆက်(ဖ်)ကို မိမိတို့ဆန္ဒအလျောက် ထည့်ဝင်ငွေများဖြင့် ငွေကြေးထောက်ပံ့ထားသည်။ အမျိုးသားရေး ကော်မတီများသည်လည်း ယူနီဆက်(ဖ်)၏ နှစ်စဉ်ဝင်ငွေ၏ သုံးပုံတစ်ပုံခန့်ကို စုပေါင်းရှာဖွေပေးပါသည်။ ယင်းသည် ကော်ပိုရေးရှင်းများ၊ ပြည်သူ့အသင်းအဖွဲ့အစည်းများ၊ ကမ္ဘာတစ်ဝန်း တစ်ဦးချင်းလှူဒါန်းသူ ၆ သန်းကျော်တို့မှ လှူဒါန်းကြခြင်းဖြစ်သည်။ ၎င်းတို့သည် ကလေးငယ်များ၏ အခွင့်အရေးများနှင့် စပ်ဆိုင်သည့် အရေးကိစ္စများအတွက် သတင်းမီဒီယာများ၊ နိုင်ငံတော်နှင့် ဒေသဆိုင်ရာ အစိုးရဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆရာဝန်များ၊ ရှေ့နေများ ကဲ့သို့သော အထူးကျွမ်းကျင်သူများ၊ ကော်ပိုရေးရှင်းများ၊ ကျောင်းများ၊ လူငယ်များနှင့် အထွေထွေပြည်သူများ ကဲ့သို့သော ကွဲပြားခြားနားသော လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွပူးပေါင်း စုရုံးကြသည်။ (ယူနီဆက်(ဖ်) အမျိုးသားရေးကော်မတီများစာရင်း - ကြည့်ပါ)

ဝေဖန်ချက်[ပြင်ဆင်ရန်]

ယူနီဆက်(ဖ်)သည် ၎င်းအာရုံစိုက်သော သို့မဟုတ် တိတိကျကျ သတ်မှတ်ထားသော မူဝါဒများအတွက် ကြိမ်ဖန်များစွာ ဝေဖန်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်က လဲန်းဆက်မှ အယ်ဒီတာ့အာဘော်တွင် ငြင်းခုံထား သည်မှာ ကလေးသူငယ်များ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးအတွက် ယူနီဆက်(ဖ်)၏ အခွင့်အရေးများကို အခြေခံသော ချဉ်းကပ် မှုဖြစ်၍၊ ကလေးသူငယ် အခွင့်အရေးများ သဘောတူညီချက် ပေါ်တွင် အခြေခံထားသည်ဟု ဖြစ်သည်။ ယင်း သည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ နှင့်အညီ ဆိုပါမူ ကလေးများရှင်သန်ရေးနှင့် သေဆုံးမှုတို့ အပေါ်တွင် အနည်းငယ်မျှသာ အလေးအနက်ပြုမှုသို့ ရှေ့ရှုနေသည်ဟု ဆိုသည်။

ကက်သလစ် ဘုရားရှိခိုးကျောင်းကလည်း ယူနီဆက်(ဖ်)အား ဝေဖန်ခဲ့ပြီး၊ ဗာတီကန် နှင့်အတူ အခါများစွာ လှူဒါန်းငွေများကို နှုတ်သိမ်းခဲ့သည်။ ယင်းသို့ ဖြစ်ရသည်မှာ အမေရိကန်လိုက်(ဖ်)လိ(ခ်) ခေါ် အမေရိကန်ဘဝ အသင်းနှင့် အခြားတို့က ယူနီဆက်(ဖ်)သည် အချို့သော ရန်ပုံငွေများကို သားကြောဖြတ်ခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ အတွက် အသုံးပြုသည်ဟူသည့် အစီရင်ခံစာများကြောင့်ပင် ဖြစ်သည်။

ဂွါတီမာလာနိုင်ငံမှ စိတ်ခံစားဘွယ် ထုတ်လွှင့်သည့် နိုင်ငံများအကြား ကလေးမွေးစားခြင်းများ သည်လည်း အခြားသော ဥပမာတစ်ခုပင်ဖြစ်သည်။ ယင်းနိုင်ငံသည် ကလေးငယ်များ အကာအကွယ်ပေးရေးနှင့် နိုင်ငံများအကြား ကလေးမွေးစားခြင်းများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်ဟူသော ဟိတ်(ဂ်) သဘောတူညီချက် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင် အကျိုးသက်ရောက်မှုရှိသည့် သဘောတူညီချက်ကို ၁၉၉၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယူနီဆက်(ဖ်)အား စိတ်ဝင်စားမှုရှိသည့် အချို့သော ပါတီများမှ သတ်မှတ်ရက်မတိုင်မှီ ဆောင်ရွက်ဆဲဖြစ်သည့် မွေးစားခြင်းများကို အထောက်အပံ့ဖြစ်ရန် ပျက်ကွက်ခြင်းအတွက် ဝေဖန်ခဲ့သည်။ ယူနီဆက်(ဖ်) ထောက်ခံသူများမှ ယင်းယူဆချက်အမြင်သည် ယူနီဆက်(ဖ်)အား အစိုးရမဟုတ်သော အဖွဲ့အစည်းထက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအဖြစ် အဆင့် အတန်းနှင့် တာဝန်ဝတ္တရားများတို့မှ အသိအမှတ်ပြုရန် ဆုံးရှုံးစေသည်ဟု မှတ်ချက်ချကြသည်။

ယူနီဆက်(ဖ်)အင်နိုစင်တီ သုတေသနစင်တာ[ပြင်ဆင်ရန်]

ဖလောရင့်(စ်) ရှိ ယူနီဆက်(ဖ်) သုတေသနစင်တာ

ယူနီဆက်(ဖ်)၏ အီတလီနိုင်ငံ၊ ဖလော့ရင့်(စ်) မြို့ရှိ အင်နိုစင်တီ သုတေသနစင်တာကို ၁၉၈၈ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေ ယူနီဆက်(ဖ်)၏ သုတေသနပြုမှု စွမ်းဆောင်ရည်အား ခွန်အားဖြည့်ရန်နှင့် ကလေးများအတွက် တစ်ကမ္ဘာလုံးမှ လူသိရှင်ကြား ထောက်ခံပြောဆိုခြင်းများကို အထောက်အပ့ံပြုစေရန် တည်ထောင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကလေးများဖွံ့ဖြိုး တိုးတက်မှုစင်တာ[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ ကလေးများဖွံ့ဖြိုး တိုးတက်မှုစင်တာဟု ယခင်ကသိခဲ့သော ၎င်းစင်တာ၏ မူလပထမ ရည်ရွယ်ချက်များမှာ ကလေးများ၏ အခွင့်အရေးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံတကာနားလည်မှု တိုးတက်လာစေရန်၊ ကလေးများနှင့် ပတ်သက်သော အကြောင်းကိစ္စများ တိုးတက်လုပ်ဆောင်ရန်အတွက် စီးပွားရေးမူဝါဒများကို မြှင့်တင်ပေးရန်၊ ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေးများ သဘောတူညီချက်ကို စက်မှုထွန်းကားသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတို့တွင် အပြည့်အဝ ဖြည့်ဆည်း နိုင်ရေး လွယ်ကူစေရန်အတွက် ကူညီဆောင်ရွက်ရန်တို့ ဖြစ်သည်။

၂၀၀၆-၂၀၀၈ ခုနှစ် အစီအစဉ်ကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ တွင် ယူနီဆက်(ဖ်) အလုပ်အမှုဆောင် ဘုတ် အဖွဲ့မှ အတည်ပြုခဲ့သည်။ ယင်းသည် စင်တာ၏ ပညာနှင့်ဆိုင်သော လွတ်လပ်မှုနှင့် IRC ၏ ဗဟုသုတ ကွာခြားမှုအပေါ် ရှေ့မျှော်မှန်းချက်အမြင် သုတေသနပြုမှု၊ ကလေးများ၏ အခွင့်အရေးများကို နားလည်သဘောပေါက်ခြင်းနှင့်ဆိုင်သည့် မေးခွန်းများ၊ ထိခိုက်လွယ်သော အကြောင်းအရာများ ပေါ်ထွက်လာစေရန် ထပ်မံအခိုင်အမာ ပြောဆိုသည်။ ယင်းသည် IRC ၏ အခန်းကဏ္ဍကို ယူနီဆက်(ဖ်) လက်တွေ့ ကွင်းဆင်း ဆောင်ရွက်မှု၊ နိုင်ငံတကာကျွမ်းကျင်သူများ၊ သုတေသနပြုမှု ကွန်ယက်ဆက်နွယ်ခြင်းနှင့် ပေါ်လစီမူဝါဒ ပြုသူများအကြား တူညီသည့် ဘောင်တစ်ခုအဖြစ် အကျိုးဖြစ်ထွန်းစေသည်။ ဒေသဆိုင်ရာ ပညာရေးနှင့် ပေါ်လစီမူဝါဒများ ချမှတ်ပေးသော အဖွဲ့အစည်းများတို့နှင့် စင်တာ၏ အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အားဖြည့်စေရန် အောက်ပါ ရည်မှန်းချက်လေးခုကို လိုက်နာဆောင်ရွက်ရန် ဖြစ်သည် -

  • ကလေးများနှင့် ၎င်းတို့၏ အခွင့်အရေးများကို သဘောပေါက်နားလည်မှုတို့အပေါ် သက်ရောက်သည့် အကြောင်းအရာများအပေါ် နည်းဗျူဟာ ကျနပြီး လွှမ်းမိုးမှုပြုနိုင်မည့် ဗဟုသုတများကို လည်ပတ်စေခြင်း နှင့် ဝေမျှခြင်း၊
  • ဗဟုသုတ နှီးနှောဖလှယ်မှုနှင့် ကြားခံပြုလုပ်ခြင်း၊
  • ယူနီဆက်(ဖ်)၏ ထောက်ခံမှု၊ ပေါ်လစီမူဝါဒနှင့် အစီအစဉ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထောင်စုနှစ်လုပ်ငန်းစဉ် အတွက် အထောက်အပံ့အဖြစ် ကူညီထောက်ပံ့ခြင်း၊
  • စင်တာ၏ ပညာရေးဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံတို့ကို မြဲမြံသေချာစေရန်နှင့် အားဖြည့်ရန်။

အချင်းချင်း ဆက်စပ်နေသော နည်းဗျူဟာသုံးခုသည် ယင်းရည်မှန်းချက်များကို အောင်မြင်မှုရရှိစေရန် အတွက် လမ်းညွှန်မှု ပြုပါလိမ့်မည် -

  • အရေအတွက် နှင့် အရည်အချင်းရှိသည့် သတင်းအချက်အလက်များကို ရရှိနိုင်မည့် သက်သေ အထောက်အထားများအပေါ် အခြေခံသည့် သုံးသပ်မှုများကို သင့်လျော်မည့် နည်းစနစ်များကို ကျင့်သုံးခြင်း၊ ကောင်းမွန်သည့် ထောက်ခံခြင်းများကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် လူသိရှင်ကြား ထောက်ခံမှုနှင့်ပေါ်လစီ လုပ်ဆောင် ချက်များကို တန်ဖိုးသတ်မှတ်ခြင်းနှင့် သတင်းပေးခြင်း၊ ၊
  • ဖွံ့ဖြိုးဆဲနှင့် စက်မှုနိုင်ငံများတွင် သုတေသန နှင့် ပေါ်လစီမူဝါဒဆိုင်ရာ အဖွဲ့အစည်းများ၊ တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်သူများနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ အဆင့်တို့တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများကို တိုးပွားစေခြင်း၊
  • သုတေသနတွေ့ရှိချက်များနှင့် ထောက်ခံချက်များကို ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် လွှမ်းမိုး ချုပ်ကိုင် ဆောင်ရွက်ခြင်းများအား ပေါ်လစီဖွံ့ဖြိုးတိုးတက်မှုနှင့် လူသိရှင်ကြား ထောက်ခံမှု ရှေ့ဆောင်ခြင်းများကို အထောက်အပံ့ဖြစ်စေရန်၊ လေ့လာဆည်းပူးမှုများအား နည်းဗျူဟာ ကျနသည့် ဖြန့်ဖြူးခြင်းများမှတဆင့် ဆီလျော်သည့် အဖြစ်အပျက်များနှင့် နှီးနှောဖလှယ်ခြင်းများသို့ ပေးဝေကူညီရန်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)