ကုလသမဂ္ဂ တက္ကသိုလ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုကျိုမြို့ ရှိ ကုလသမဂ္ဂ တက္ကသိုလ်

ကုလသမဂ္ဂ တက္ကသိုလ်[ပြင်​ဆင်​ရန်​]

ကုလသမဂ္ဂ တက္ကသိုလ်သည် ကုသလမဂ္ဂ အဖွဲ့အစည်းများအနက် တစ်မူထူးသည့် ဝိသေသရှိသောအဖွဲ့ ဖြစ်သည်။

၁၉၆၉ ခုနှစ်အတွက် အတွင်းရေးမှူးချုပ် အစီရင်ခံစာ၏ နိဒါန်းတွင် ကုလသမဂ္ဂ တက္ကသိုလ် တည်ထောင်ရန် အကြံကို ထိုစဉ်က အတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသန့်က ဦးစွာပထမ တင်ပြခဲ့လေသည်။ ထိုပြင် ယင်းတက္ကသိုလ်၏ ပဓာနလုပ်ငန်း မှာ နိုင်ငံရေးအရရော၊ ယဉ်ကျေးမှုအရပါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပိုမိုနားလည်အောင် ဆောင်ရွက်ရန်ပင် ဖြစ်သင့်သည့်ဟုလည်း တစ်ပါတည်း တင်ပြခဲ့လေ၏။

ရည်မှန်းချက်နှင့် အခြေခံမူများ[ပြင်​ဆင်​ရန်​]

ဤကိစ္စကို လေ့လာသုံးသပ်ရန် ၁၉၇ဝ ပြည့်နှစ်တွင် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ကို အထွေထွေ လွှတ်တော်က ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ကလည်း ယင်း၏ သုံးသပ်ချက်များကို တင်ပြသည်။ ကုလသမဂ္ဂ သင်တန်းနှင့် သုတေသန ဗိမာန်ကလည်း အလားတူပင် လေ့လာ တင်ပြသည်။ အဆိုပါ အဖွဲ့အသီးသီး၏ လေ့လာတွေ့ရှိချက်တို့ကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီက ဆွေးနွေး စဉ်းစားသည်။ ယင်းသို့ စဉ်းစားပြီးနောက် တင်ပြသော စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ထောက်ခံချက်များကို အထွေထွေ လွှတ်တော်က ထပ်မံဆွေးနွေးသည်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အထွေထွေ လွှတ်တော်၏ ၂၇ ကြိမ်မြောက် ညီလာခံက ကုလသမဂ္ဂ တက္ကသိုလ်ကို တည်ထောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် တည်ထောင်ရာ၌ လိုက်နာရမည့် မူများနှင့် ရည်မှန်းချက်များကိုလည်း ချမှတ်ပေးလိုက်သည်။ ရည်မှန်းချက်များ ချမှတ်ပေးပြီးနောက် အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့၏ ညွန်ကြားရေးဝန်ချုပ်နှင့် ညှိနှိုင်းလျက် ကုလသမဂ္ဂ တက္ကသိုလ် တည်ထောင်ရေး ကော်မတီကို ဖွဲ့စည်း ရန်ဖြစ်သည်။ ကုလသမဂ္ဂ တက္ကသိုလ် တည်ထောင်ရေး ကော်မတီသည် ကုလသမဂ္ဂ တက္ကသိုလ်၏ ရည်မှန်းချက်နှင့် မူများကို ပီပီပြင်ပြင် ထပ်မံ၍ ရေးသားပြုစုရန်နှင့် ကုလသမဂ္ဂ တက္ကသိုလ်၏ အခြေခံဖွဲ့စည်းပုံ စာချုပ်မူကြမ်းကို ရေးဆွဲတင်ပြရန်လည်း တာဝန်ယူရသည်။ တည်ထောင်ရေး ကော်မတီတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂ဝ မှ ထင်ရှားသော နိုင်ငံရေးနှင့် ပညာရေးလောကမှ ခေါင်းဆောင်များပါဝင်သည်။

အခြေခံဖွဲ့စည်းပုံ စာချုပ်[ပြင်​ဆင်​ရန်​]

အခြေခံဖွဲ့စည်းပုံ စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီက တင်သွင်းသော စာချုပ်မူကြမ်းကို ၁၉၇၃ ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် အထွေထွေလွှတ်တော်က အတည်ပြုသည်။ကုလသမဂ္ဂ တက္ကသိုလ်သည် ကမ္ဘာအရပ်ရပ်ရှိ လူပုဂ္ဂိုလ် အသီးသီးတို့နှင့်၄င်း၊ ပညာရေး သိပ္ပံရေးတို့နှင့် ၄င်းဆက်သွယ်ပြီးနောက် တစ်ကမ္ဘာလုံးတွင် လက်တွေ့ လိုအပ်သော သုတေသန လုပ်ငန်းတို့ကို ဆက်စပ် ညှိနှိုင်းလုပ်ကိုင်ရန် ဖြစ်သည်။ ကုလသမဂ္ဂ တက္ကသိုလ် ကောင်စီသည် သုတေသနနှင့် လေ့ကျင့်ရေး ဗိမာန်များကို အသစ်တည်ထောင်လိုက တည်ထောင်နိုင်သည်။ ကမ္ဘာအရပ်ရပ်၌ တည်ထောင်ထားပြီးဖြစ်သော သုတေသနနှင့် လေ့ကျင့်ရေး ဗိမာန်တို့ကို ကုသလမဂ္ဂ တက္ကသိုလ်၏ ဘောင်အတွင်းသို့ သွတ်သွင်းလိုက သွတ်သွင်းနိုင်သည်။ ထိုကဲ့သို့ ကုလသမဂ္ဂ တက္ကသိုလ်ကောင်စီ ကိုယ်တိုင်က အသစ် တည်ထောင်သော သုတေသနနှင့် လေ့ကျင့်ရေး ဗိမာန်တို့နှင့်တကွ အခြားနည်းအားဖြင့် ဆက်သွယ်ထားသော သုတေသနနှင့် လေ့ကျင့်ရေးဗိမာန် အားလုံးတို့ကို စုပေါင်း၍ ကုလသမဂ္ဂ တက္ကသိုလ်ဟု ခေါ်တွင်သည်။

ကမ္ဘာအရပ်ရပ်၊ နိုင်ငံအသီးသီး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ထက်မြက်သော ပညာရှင်များ အစဉ်တစိုက် ထွက်ပေါ်လာစေရန်မှာ ကုသလမဂ္ဂ တက္ကသိုလ်၏ ပဓာနလုပ်ငန်း ဖြစ်လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့ရှိ ပညာရှင်တို့ သည် မိမိတို့နိုင်ငံ၏ လက်တွေ့ဘဝနှင့် ကင်းကွာကာ နောက်ဆုံး၌ ဇာတိရပ်မြေကို စွန့်၍ ဖွံ့ဖြိုးပြီး နိုင်ငံတို့သို့ ရှောင်ခွာသွားခြင်းမျိုး မဖြစ်စေရန်လည်း ရည်စူးချက်ရှိသည်။ ကုလသမဂ္ဂ တက္ကသိုလ်သည် ယဉ်ကျေးမှု ဘာသာစကားနှင့် လူမှုရေးစနစ်တို့ ကွဲပြားခြားနားသော လူမျိုးများအချင်းချင်း ယှဉ်တွဲ နေထိုင်ရေးကိုလည်းကောင်း၊ ကမ္ဘာ့ငြိမ်ချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းမှုနှင့် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ ဆက်ဆံရေးကိုလည်းကောင်း၊ လူ့အခွင့်အရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲ ဖြစ်ပေါ်မှုများ၊ ပတ်ဝန်းကျင် အခြေအနေကို ပြုပြင်ရေးနှင့် သယံဇာတ ပစ္စည်းများ အသုံးချရေးတို့ကိုလည်းကောင်း၊ သိပ္ပံနှင့် အခြားဘာသာရပ်များ သုတေသနပြုမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ လက်တွေ့ အသုံးချနည်းများကို၄င်း၊ လူ့အရည်အသွေး အဆင့်အတန်း တိုးတက်ရေးကို၄င်း ဘာသာရပ်များ အနေဖြင့် သုတေသန ပြုသွားရန် ဖြစ်သည်။ ကုလမဂ္ဂ တက္ကသိုလ်သည် လောလောဆယ်အားဖြင့် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပြဿနာ၊ လူမှုရေး တိုးတက်မှု လုပ်ငန်းများနှင့် သယံဇာတ ပစ္စည်းတို့ကို စီမံခန့်ခွဲ အသုံးချနည်း ဘာသာရပ် သုံးခုကို ဦးစားပေး ဆောင်ရွက်လျက် ရှိလေသည်။ ထို့ပြင် ဘက်မလိုက် နိုင်ငံများကို လိုလားလျက်ရှိသော ဘက်မလိုက်ဝါဒကို သုတေသန ဘာသာရပ် တစ်ခုအဖြစ် သတ်မှတ်ရန်လည်း စဉ်းစားလျက်ရှိသည်။

ဖွဲ့စည်းပုံနှင့် ရန်ပုံငွေ[ပြင်​ဆင်​ရန်​]

ကုလသမဂ္ဂတက္ကသိုလ်တွင် အဖွဲ့ဝင် ၂၄ ဦးပါဝင်သော ကုလသမဂ္ဂတက္ကသိုလ် ကောင်စီဟူ၍ ရှိသည်။ ယင်းကောင်စီသည် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ပင် ဖြစ်သည်။ ကောင်စီကို ဒေသအလိုက် ကိုယ်စားလှယ်များ ကျယ်ပြန့်စွာ ပါဝင်အောင် ဖွဲ့စည်းထားသည်။ လက်ရှိ ကောင်စီအဖွဲ့ဝင် များမှာ နိုင်ဂျီးရီးယား၊ ပြင်သစ်၊ ဗြိတိန် ဘရာဇီး၊ ကနေဒါ၊ အီဂျစ်၊ ပိုလန်၊ အီသီယိုးပီးယား၊ ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဆွီဒင်၊ ဂျပန်၊အီတလီ၊ အိန္ဒိယ၊ အီရန်၊ ဗင်နီဇွဲလား၊ အာဂျင်တီးနား၊ ရူမေးနီးယား၊ ဆင်နီဂေါ၊ မက်ဆီကို၊ အမေရိက၊ ထရင်နီ ဒက်နှင့် တိုဗားဂိုး၊ ပါကစ္စတန်၊ ကင်ညာနှင့် ဆီးရီးယားနိုင်ငံများမှ ဖြစ်ကြသည်။ ကုလသမဂ္ဂတက္ကသိုလ်၏ ပညာရေးနှင့် အုပ်ချုပ်ရေး ကိစ္စများကို စီမံကွပ်ကဲရသော အမြင့်ဆုံးတာဝန်ရှိသူ ပါမောက္ခချုပ်တစ်ဦး ရှိသည်။ ပါမောက္ခချုပ်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်၍ လက်ရှိ ပါမောက္ခချုပ်မှာ နယူးယော့ တက္ကသိုလ်၏ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဂျိမ်းဟက်စတာ ဖြစ်သည်။ ၁၉၇၅ ခု မတ်လ ၁ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ တက္ကသိုလ်၏ ပထမဆုံးသော ပါမောက္ခချုပ်လည်း ဖြစ်သည်။ ပါမောက္ခချုပ်၏ လုပ်ငန်းများကို ဆောင်ရွက်ရသော ရုံးအဖွဲ့၊ သို့မဟုတ် ကုလသမဂ္ဂတက္ကသိုလ် ဌာနချုပ်ရုံးကို ၁၉၇၄ ခု ဒီဇင်ဘာလ ၂ ရက်နေ့က တိုကျိုမြို့၌ စတင် ဖွင့်လှစ်ထားလေသည်။

ကုလသမဂ္ဂ တက္ကသိုလ်ကောင်စီဝင်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ညွန်ကြားရေး ဝန်ချုပ်တို့က ပူးတွဲ၍ ရွေးချယ် ခန့်ထားပါသည်။ ယင်းသို့ ခန့်ထားရာ၌ သက်ဆိုင်ရာ သက်ဆိုင်ကြောင်းဖြစ်သော အဖွဲ့အစည်းများ၏ အကြံဉာဏ်ကို ရယူသည့်အပြင် ကုလသမဂ္ဂ လေ့ကျင့်ရေးနှင့် သုတေသန ဗိမာန်နှင့်လည်း တိုင်ပင်သည်။

ကုလသမဂ္ဂ တက္ကသိုလ် ကောင်စီတစ်ဦး၏ သက်တမ်းသည် ခြောက်နှစ်ဖြစ်သည်။ ကောင်စီဝင် ဦးရေ၏ ထက်ဝက်ကို သုံးနှစ်တစ်ကြိမ် ရွေးချယ် ခန့်ထားရသည်။ ကောင်စီဝင် တစ်ဦးသည် ခြောက်နှစ်ထက်ပို၍ ပါဝင်ခွင့် မရချေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ ညွန်ကြားရေးဝန်ချုပ် ကုလသမဂ္ဂ လေ့ကျင့် ရေးနှင့် သုတေသနဗိမာန်၏ အမှုဆောင် ညွန်ကားရေးမှူးနှင့်ပါမောက္ခချုပ် တို့သည် ကုလသမဂ္ဂ တက္ကသိုလ်ကောင်စီတွင်ရာထူးအလျောက် အဖွဲ့ဝင် များအဖြစ် ပါဝင်ကြသည်။ သို့ဖြစ်၍ ကောင်စီဝင်စုစုပေါင်း ၂၈ ယောက် ဖြစ်သည်။ ကောင်စီအစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန် ပြုလုပ် သည်။ ပထမ အစည်းအဝေးကို ဇန်နဝါရီလ စတတ္ထုပတ်တွင်တိုကျိုမြို့ရှိ ရုံချုပ်တည်ရာတွင် ကျင်းပလေ့ရှိ၍ ဒုတိယအစည်းအဝေးကို ဇွန်လ စတုတ္ထပတ်တွင် ဖိတ်ကြားသော နိုင်ငံတစ်ခုခု၌ ကျင်းပလေ့ရှိသည်။ ကောင်စီ၏ပထမဆုံး အစည်းအဝေးကို ၁၉၇၄ ခုနှစ် မေလ ၁၂ ရက်နေ့ တွင် ကျင်းပခဲ့သည်။

ကုလသမဂ္ဂ တက္ကသိုလ် ရန်ပုံငွေသို့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁ဝဝ မတည် ထည့်ဝင်ခဲ့ပါသည်။ တိုကျိုမြို့တွင်တက္ကသိုလ်ဗဟိုဌာနချုပ် ထားရှိရေးအတွက် မယတည်ရသော ငွေလုံးငွေရင်း အသုံးစရိတ်ကိုလည်း ဂျပန်နိုင်ငံကပင် လှူသည်။ ဂျပန်နိုင်ငံမှအပ ကုလသမဂ္ဂ တက္ကသိုလ် ရန်ပုံငွေသို့ ဦးစွာပထမ ထည့်ဝင်လှူဒါန်းသော အခြားနိုင်ငံမှာ အာဖရိကမှ ဆင်နီဂေါနိုင်ငံ ဖြစ်လေသည်။

ကုလသမဂ္ဂ တက္ကသိုလ် ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းကြပါရန် အထွေထွေ လွှတ်တော်က ၁၉၇၄ ခုနှစ်မှစ၍ တိုက်တွန်းခဲ့သည်။ ပစ္စည်းဖြစ်စေ၊ ငွေဖြစ်စေ လှူဒါန်းနိုင်သည်။ နိုင်ငံအစိုးရများ အနေနှင့်ရော၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေနှင့်ပါ ရန်ပုံငွေ ထည့်ဝင် လှူဒါန်း နိုင်သည်။ထို့ပြင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အထူးအဖွဲ့ခွဲများ၊ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အဖွဲ့နှင့်တစ်ကွ အခြား အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပေးသည့် သုတေသန နှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ ပညာတော်သင် ဆုတို့ကိုလည်း ကုလသမဂ္ဂ တက္ကသိုလ်က လက်ခံသည်။


ကုလသမဂ္ဂ တက္ကသိုလ်၏အနာဂတ်[ပြင်​ဆင်​ရန်​]

ကုလသမဂ္ဂ တက္ကသိုလ်သည် သမားရိုးကျ တက္ကသိုလ်တို့ ကဲ့သို့ ကျောင်းပရဝုဏ် သီးခြားမရှိ။ ရှိပြီးဖြစ်သော လေ့ကျင့်ရေးနှင့် သုတေသန ဗိမာန်တို့၏ အစုအပေါင်းသာ ဖြစ်သည်။ ယင်းတို့ကို ဆက်စပ်ညှိနှိုင်း၍ လိုအပ်သော ဦးတည် ရည်မှန်းချက်ဆီသို့ ရှေ့ဆောင် လမ်းခင်းပေးခြင်းသာ ဖြစ်သည်။ ကျောင်းစာသင်ခန်း၌ စာပေပို့ချခြင်းလည်း မရှိ၊ အတတ်ပညာ ကို အတတ်ပညာ သက်သက်အတွက် သုတေသန မပြု။ ကမ္ဘာ့ လက်တွေ့ ပြဿနာတို့၏ လက်ငင်းအဖြေကို ရှာဖွေရရှိရန်နှင့် လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့် လုပ်ငန်းနည်းစနစ်နှင့် စီမံချက်များကို သုတေသနပြု၍ ဖော်ထုတ်ရန် ကြိုးပမ်းသည်။ ဘာသာရပ် တစ်ခုချင်းကို ကွက်၍ လေ့လာခြင်းထက် ဘာသာရပ်တစ်ခုကို ဘက်စုံ ရှုထောင့်မျိုးစုံမှာ ချဉ်းကပ် လေ့လာ စူးစမ်းနည်းကို သုံးသည်။ ရှေ့သို့ အရှည်ကြီး တွေးမြှော်ခြင်းထက်၊ ယနေ့ကမ္ဘာတွင် လက်တွေ့ ရင်ဆိုင်နေကြရသော အရေးအကြီးဆုံး ပြဿနာတို့ကိုသာ အာရုံစိုက်သည်။ ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာ၊ လူမှုရေး ပြဿနာများနှင့် သဘာဝ သယံဇာတ ပစ္စည်းတို့ကို လူသားတို့အတွက် အသုံးချရေးမှာ ယင်းကဲ့သို့သော ဘာသာရပ်များ ဖြစ်ကြပေ၏။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)