မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်

Wikipedia မှ
(မြို့မ အထက်တန်းကျောင်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြို့မကျောင်း သည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ် တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေး ရခဲ့ကြ၏။ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။

အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀ပြည့်နှစ်အထိ ယင်းတို့အတွက် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစား မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်)ကောလိပ်သာရှိ၍ ယင်း တို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ တက်လူငယ်များနှင့် အံမဝင် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။

ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော် ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား (Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်၏။

ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။ ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟူ ၍၎င်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည် ဟူ၍၎င်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟု၎င်း စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက် သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း စားများသာ ဖြစ်စေရမည်ဟု၎င်း စသော မလိုလားအပ်သည့် ကန့်သတ် ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။

သို့ဖြစ်လေရာ ယင်းယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့ ၏ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ ၆၀၀ ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ ၅၀ ကျပ်ကျော် မတတ် နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည် မဟုတ်ပေ။ ထိုခေတ် ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိသောကြောင့် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ ၆၀၀ ကျပ်ဟူ သည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် ၅၀ ကျပ် မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခ သည် ၃၀ ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရ ဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ ၁၂ ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင် ၂၀ ကျပ်ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန် မဝင်ကြသော အချိန် ဖြစ်သည်။

ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်းပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသားမိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။

ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာ စီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြု လိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထု အစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။ ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဘာစီတီ အက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီ ဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေ သည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီတီအက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။

မီးပုံးပျံ ဦးကျော်ရင်သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

[ပြင်​ဆင်​ရန်​] မြို့မ ကျောင်းအုပ် ဆရာကြီးများ

  1. ဦးဘလွင် BA (Honours) MA (၁၉၂၉-၁၉၅၃)
  2. ဦးအေးသွယ်(BA)(၁၉၅၃-၁၉၅၇)
  3. ဦးဘတင် BA (၁၉၅၇-၁၉၆၈)
  4. ဦးဘစော (BA. BEd) (၁၉၆၈-၁၉၇၀)
  5. ဦးလှသိန်း (BA. BEd.)(၁၉၇၀-၁၉၇၂)
  6. ဦးငြိမ်းမောင်(BA. BEd)(၁၉၇၂ - ၁၉၈၂)
  7. ဦးဝင်းစိုး(BA. BEd)(၁၉၈၂ - ၁၉၈၄)
  8. ဦးတင်ဝင်း(BA. BEd)(၁၉၈၄ - ၁၉၈၈)
  9. ဦးခင်မောင်ညွန့်(BA. Ed. BEd)(၁၉၈၈ - ၁၉၉၀)
  10. ဦးဟန်သိန်း (BA. BEd)(၁၉၉၀ - ၁၉၉၇)
  11. ဦးသာဝင်း (BEd)(၁၉၉၈- ၁၉၉၉)
  12. ဦးတင်လှိုင်း (BEd)(၁၉၉၉- ၂၀၀၂)
  13. ဦးတင်မောင်ထွန်း (BSc. Dip .Ed.)(၂၀၀၂-ယခု)

[ပြင်​ဆင်​ရန်​] မြို့မ အမျိုးသား အထက်တန်းကျောင်း

မြို့မ အထက်တန်းကျောင်း
၁၉၂ဝ ပြည့်နှစ် တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။
မြို့မကျောင်း သည် မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားသည်။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ သမာဓိ မြို့ဝန် ပန်းကန်စက် ဦးသော်၊နှင့် မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင်တို့မှာမြန်မာ သမိုင်းတွင် ထင်ရှားသည်။

မြို့မ ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင် ဖြစ်သည်။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ပန်းကန်စက် ဦးသော်၊ ရန်ကုန်မြို့ မြို့မ မိန်းကလေးကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင်တို့မှာမြန်မာပြည် သမိုင်းတွင်ထင်ရှားသည်။ မြို့မကျောင်းသားဟောင်းများအသင်း ဥက္ကဌ ဝန်ကြီးချုပ် ဦးနု ၊ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ၊ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) ၊ ဗိုလ်ချုပ် သောင်းတင် နှင့် ဗိုလ်ချုပ် ချစ်လှိုင်အစရှိ သောမြို့မကျောင်းသားဟောင်းများသည် မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားခဲ့သည်။ လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ ဗိုလ်ချုပ်စိန်ထွား၊ ဗိုလ်မှူးကြီး လှဘူး အစရှိ သောမြို့မကျောင်းသားဟောင်းများသည်လည်းပါဝင်ခဲ့သည်။မြို့မဟောင်းစာပေပညာရှင် စာရေးဆရာ စာရေးဆရာမများမှာ ဆရာ ဇော်ဂျီကြီးကြီးစောမောင်ထင်မြို့မဆရာဟိန်၊ ကထိက ဒေါ်မြင့်သန်း၊ မြို့မ အုန်းလင်းယုန် မောင်မောင်မစန္ဒာယုဝတီခင်ဦးမောင်ဆုရှင်တိုက်စိုးခင်မောင်အေး (မန္တလေး)ဂျာနယ်ကျော်မမလေးတင့်ဆွေ၊ ဂျာနယ်ကျော်မြို့မ-မြင့်ကြွယ် အစရှိသူ တို့ ဖြစ်ကြသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာညွှန်​ကြားရေးမှုးချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ရုပ်ရှင်၊ ဂီတ၊ အားကစားသမားများ၊ ထူးချွန်ထင်ရှားသူများ အမြောက်အမြား ထွက်ပေါ်ခဲ့သည်။ ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။

ယခုအခါ ဒဂုံမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း အဖြစ် တည်ရှိသည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားသည်။

[ပြင်​ဆင်​ရန်​] မြို့မကျောင်းထွက်များ နှင့် ကျောင်းအကျိုးတော်ဆောင်များ

[ပြင်​ဆင်​ရန်​] အခြားကြည့်ရန်

[ပြင်​ဆင်​ရန်​] ပြင်ပလင့်ခ်များ

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်