စော၊ ကြီးကြီး (စာရေးဆရာမ)

ဝီကီပီးဒီးယား မှ
စာရေးဆရာမကြီး ကြီးကြီးစော

စာရေးဆရာမကြီး ကြီးကြီးစော (ခ) ဒေါ်စောရင် (၁၉၀၆-၂၀၁၁)[ပြင်ဆင်ရန်]

အဖ ဦးဆန်း၊ အမိ ဒေါ်နှင်းဇင်တို့က မြိတ်မြို့၊ ထားဝယ်စုတွင် ၁၃ ရက် မတ်လ ၁၉၀၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ညီမနှစ်ဦး အနက် အငယ်ဖြစ်သည်။


၁၉၀၆ မှ ၁၉၁၃ ခုနှစ် အတွင်း မြိတ်မြို့ မူလတန်း ကျောင်းတွင် တက်ရောက် ပညာ သင်ကြားခဲ့သည်။


၁၉၁၄ မှ ၁၉၁၇ အတွင်းတွင် မော်လမြိုင် မော်တလိန်းကျောင်း၌ ကျောင်းအိပ် ကျောင်းစားအဖြစ် နေကာ ပညာ သင်ယူခဲ့သည်။


၁၉၁၇ မှ ၁၉၂၃ အတွင်းတွင် မော်တလိန်းမှ မော်လမြိုင် ဗုဒ္ဓဘာသာ မိန်းကလေးကျောင်းသို့ ပြောင်းရွှေ့၍ အထက်တန်း အောင်သည် အထိ ပညာ ဆက်လက် သင်ယူခဲ့သည်။


၁၉၂၃ မှ ၁၉၂၅ အထိ မြိတ် အမျိုးသားကျောင်းတွင် ကျောင်းဆရာမ လုပ်ခဲ့သည်။


၁၉၂၅ မှ ၁၉၂၆ အတွင်းတွင် တက္ကသိုလ် တက်နိုင်ရန် အစိုးရ အသိအမှတ်ပြု ရန်ကုန် မြို့မ အမျိုးသမီး အထက်တန်းကျောင်းသို့ ပြန်လည် ရောက်ရှိကာ ထိုခေတ်က တက္ကသိုလ်ဝင် ဖြစ်သော ၁၁ တန်းကို ဖြေဆို အောင်မြင်ခဲ့သည်။


၁၉၂၉ တွင် ရန်ကုန် တက္ကသိုလ်မှ B.A. ဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးပြီးချင်း မန္တလေးမြို့ ဗုဒ္ဓဘာသာ အလယ်တန်းကျောင်းတွင် ကျောင်းအုပ် ဆရာမကြီး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထိုနောက် ၆ လ အကြာတွင် ရန်ကုန်မြို့မ အမျိုးသမီးကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။


၁၉၃၂ မှ ၁၉၃၄ ခုနှစ်တွင် ထိုကျောင်း၌ပင် ဘော်ဒါဆောင်အုပ် အဖြစ်နှင့် အထက်တန်းပြ ဆရာမ အဖြစ် အမှုထမ်းခဲ့သည်။


၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် ဦးသိန်းဟန် (ဆရာ ဇော်ဂျီ) နှင့် လက်ထပ်ခဲ့ပြီး၊ ဒေါက်တာ ခင်မျိုးဟန်၊ ဒေါက်တာ ခင်လှဟန်နှင့် ဒေါက်တာ ခင်အုန်းဟန်၊ သမီး ၃ ယောက် ထွန်းကားခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပထဝီဝင် ပါမောက္ခဟောင်း ကွယ်လွန်သူ ဒေါက်တာတင်ထူး (ဘွန်ကီး)နှင့် ရူပဗေဒ ပါမောက္ခဟောင်း ဦးတင်ဦးလှိုင်တို့၏ အဒေါ်လည်းဖြစ်သည်။


၁၉၅၀ မှ ၁၉၅၁ ခုနှစ်တွင် ရန်ကုန် ဆရာအတတ်သင် သိပ္ပံကျောင်း ပထဝီဝင်ဌာန၌ လက်ထောက် ကထိက အဖြစ် အမှုထမ်းခဲ့သည်။


၁၉၅၁ မှ ၁၉၆၂ ခုနှစ်ထိ စာပေဗိမာန်၌ လက်ထောက် စာတည်းအဖြစ် အမှုထမ်းခဲ့သည်။ ၎င်း ကာလအတွင်း ကျောင်းသုံး စာအုပ်များ ဖြစ်သော 'ရှေးခေတ် ကမ္ဘာ့ ခရီးစဉ်'၊ 'မြန်မာတခွင် ခရီးစဉ်'၊ 'မြန်မာနိုင်ငံ သဘာဝအပိုင်းကြီးများ'၊ 'မြန်မာနိုင်ငံ ပထဝီ'၊ 'ကမ္ဘာ့ သမိုင်းပုံပြင်များ'၊ 'သူရဲကောင်း ပုံပြင်များ'၊ 'ဇာနည်မယ် ပုံပြင်များ'၊ 'အိမ်သူရှုဖွယ်'၊ 'အိမ်တွင်းမှူ သိပ္ပံ' စာအုပ်တို့ကို ရေးသား ပြုစုခဲ့သည်။ မန္တလေးတွင် ကျောင်းအုပ်လုပ်စဉ်က ဥပစာကောလိပ် မြန်မာစာနည်းပြ ဦးသိန်းဟန် (ဇော်ဂျီ)နှင့်အတူ ကြီးပွားရေးဦးလှ-မအမာ (မြမဥ္ဇူ)တို့၏ အချစ်ရေးတွင် စာပေးစာယူ လုပ်ပေးခဲ့ကြသည်။

၁၉၉၁ မှ စ၍ ကလေးဂျာနယ်၊ လုံမလေး မဂ္ဂဇင်း၊ မင်္ဂလာမောင်မယ် စာစောင် စသည်တို့၌ ကလေးပုံပြင်များကို 'ကြီးကြီးစော' ကလောင်အမည်နှင့် ရေးသားခဲ့သည်။


၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က ရန်ကုန်၊ ချင်းချောင်းအဗင်းညူး (ကမ္ဗောဇလမ်း) အိမ်၌ အသက် (၁၀၅) နှစ် အရွယ်တွင် စာရေးဆရာမကြီး ကြီးကြီးစော (ခ) မြို့မအမျိုးသား ကျောင်းဆရာမဟောင်း ဒေါ်စောရင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇွန်ပွင့် စာအုပ်တိုက်မှ ၂၀၀၅ ခု၊ ဇန်နဝါရီလမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'စာပေမောင်နှံတို့ရဲ့ ရွှေလက်ရာများ' စာအုပ်မှ