ဇော်ဂျီ၊ စာရေးဆရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆရာ ဇော်ဂျီ
ဆရာ ဇော်ဂျီ
မွေးသက္ကရာဇ် ၁၉ဝရ ခု၊ ဧပြီလ ၁၂ ရက်
အမည်ရင်း သိန်းဟန်
မိဘအမည် ဦးယော + ဒေါ်စိန်ညွန့်
မွေးရာဇာတိ ဧရာဝတီတိုင်း၊ ဖျာပုံမြို့
နို်င်ငံ Flag of Myanmar.svg မြန်မာ
ကလောင်ခွဲ မဟာဝိဇ္ဇာ ဘွဲ့ရမောင်သိန်းဟန်
အလုပ်အကိုင် စာရေးဆရာ
ထင်ရှားကျော်ကြားမှု မြန်မာစာပေ ကဗျာ

ဆရာ ဇော်ဂျီသည် ဧရာဝတီတိုင်းဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ကိုးယောက် အနက် အကြီးဆုံး ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။

မာတိကာ

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ ရှိ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆရာဇော်ဂျီသည် ငယ်စဉ် ကလေးဘဝကတည်းက မြန်မာမှု၊ မြန်မာစာပေတို့နှင့် အကျွမ်းတဝင် ရင်းနှီးခဲ့သည်။ အကြောင်းမှာ ဆရာဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်းပေအကြောင်း ပြောကြသောကြောင့် ဖြစ်သည်။

သတ္တမတန်းအရောက်တွင် ၁၉၂ဝ ပြည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ မြန်မာပြည် အနှံ့ပေါ်ပေါက် လာသောအခါ ဆရာဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသား ကျောင်းသို့ ပြောင်းရွှေ့ ပညာဆည်းပူး ခဲ့သည်။ ထိုမှ တဖန် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည်အထိ ပညာဆည်းပူး ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလွင် ဖြစ်ပါသည်။

၁၉၂၄ တွင်ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်း( မြို့မအမျိုးသား အထက်တန်းကျောင်း)တို့တွင် ပညာ သင်ကြား ခဲ့သည်။ မြို့မ ကျောင်းသား ဘဝတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာဝါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာဘာသာသို့ ပြန်ဆိုရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာဆရာ ဟင်နရီဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။ ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။ ၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့စာပေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လိုက်စားနိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။

ဆရာဇော်ဂျီသည် တက္ကသိုလ်ကျောင်းသားဘဝတွင် သူ့လို ဝါသနာတူ သူငယ်ချင်း ဆရာမင်းသုဝဏ်နှင့် တွဲမိသွားသည်။ သူတို့နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းများကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းများတွင် ရေးသား ကြသည်။

၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် တက္ကသိုလ် ပုရဝဏ်အတွင်း ရေးသားနေကြသော ကဗျာများကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်းကဗျာ’ ဟု အမည်တွင်လာသည်။ ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ် ပုရဝဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခလုစ်၊ ပါမောက္ခဂုဒ်တို့ထံမှ အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကို လေ့လာဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပစာပေ လောကမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန်ဦးဖိုးကျားဒီးဒုတ်ဦးဘချို တို့ထံမှ ပြင်ပစာပေဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံမောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ်နှင့်လည်း ကဗျာရေးဖော်ရေးဖက် ဖြစ်လာသည်။

ဆရာ ဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင် နှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇဘွဲ့ ရခဲ့သည်။ ဆရာ ဇော်ဂျီသည် မိမိ ပညာ ဆည်းပူး ခဲ့ရာရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းဆရာ လုပ်နေစဉ် မှာပင် ဖျာပုံမြို့ ကနေ ၁၉၃၁ ဇန်နဝါရီလက စပြီး ထုတ်ဝေ ခဲ့တဲ့ 'မြန်မာ့ အာဇာနည်' ဂျာနယ်မှာ ဆရာ ဇော်ဂျီသည် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲဲ့သည်။ သို့သော်လည်း ဂျာနယ်သည် အမှတ် ၇ မျှသာ ရေးသား ထုတ်ဝေ ခဲ့နိုင်ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်း ခဲ့ရသည်။၁ မြို့မကျောင်း ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဆရာ ဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူး ကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ် ဘာသာဖြင့် စာပေ ဝေဖန်ရေး စာတမ်း တစ်စောင် ဖတ်ကြား တင်သွင်း ခဲ့ပါသည်။ စာဆို ဝန်ကြီး ပဒေသရာဇာနှင့် စိန္ထကျော်သူ ဦးဩ တို့အကြောင်း ဖြစ်ပါသည်။ စာတမ်း အမည်မှာ 'Eighteenth Century Poets in Burma' ဖြစ်ပါသည်။ စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု ဩဂုတ်လ ၂၈ ရက် ဖြစ်ပါသည်။ သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်ပါသည်။ ထို စာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ် ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။ ထို စာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ရုခ်က အလွန် နှစ်သက် သဘော ကျ၍ ဆရာ ဇော်ဂျီကို ခေါ်ယူကာ မဟာ ဝိဇ္ဇာတန်း တက်ရန် တိုက်တွန်း ခဲ့လေသည်။ သို့ဖြင့် ဆရာ ဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မ ကျောင်းမှ ထွက်၍ မဟာ ဝိဇ္ဇာတန်းတွင် အင်္ဂလိပ် စာပေနှင့် မြန်မာ စာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာ ဝိဇ္ဇဘွဲ့ ရခဲ့သည်။

၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာ ကောလိပ်တွင် မြန်မာစာ နည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန် နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ် များတွင် စာကြည့်တိုက် ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် မြို့မကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) ကြီးကြီးစော(စာရေးဆရာမ)နှင့် လက်ထပ်ခဲ့သည်။

၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော် ရုံးနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး အထူး အရာရှိနှင့် အခြေခံ ဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင် တာဝန် ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏ ကျော်ထင်ဘွဲ့ ရရှိသည်။

၁၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံး စာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာ နိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။

၁၉၆၅ - ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌနှင့် အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး အဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ တာဝန် များကို ထမ်းရွက် ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံ သမိုင်း သုတေသန ဦးစီး ဌာန အကြံပေး ပုဂ္ဂိုလ် အဖြစ်ပါ တာဝန် ယူခဲ့သည်။

ဆရာ ဇော်ဂျီသည် 'သခင်ကိုယ်တော်မှိုင်းဋီကာ' စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေ ဗိမာန် စာပဒေသာ ဆု၊ 'နင် လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ' စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ 'ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ' စာအုပ်ဖြင့် ၁၉၈၇ ခုနှစ် အတွက် အမျိုးသား စာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။

ဆရာ တက်တိုးက ဆရာ ဇော်ဂျီကို ဒဿန စာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာ မင်းသုဝဏ် ကို သုတေသီ စာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။

ဆရာ ဇော်ဂျီ၏ မျိုးရိုးဗီဇ[ပြင်​ဆင်​ရန်​]

ဆရာဇော်ဂျီသည် မြစ်ဝကျွန်းပေါ် ဖျာပုံ ဇာတိ ဖြစ်ပါသည်။ သို့ရာတွင် ဆရာ၏ မိဘ မျိုးရိုးမှာ အညာ ဇာတိများ ဖြစ်ကြောင်း ယခု ကဲ့သို့ အမိန့်ရှိ ခဲ့ပါသည်။

"ဆရာ့ အဘိုး၊ ဆရာ့ အဖေ၊ ဆရာ့ အမေ တို့က အညာ ဇာတိပါ။ ပခုက္ကူ၊ ရေစကြို၊ ဆင်ဖြူကျွန်း ဘက်ကနေ မြစ်ဝ ကျွန်းပေါ် ဘက်ကို ရေကြည်ရာ မြက်နုရာ ရွှေ့လာ သူတွေပါ။ အဲဒီ တုန်းက အညာက ဆင်းလာ သူတွေ တပုံကြီးပဲ။ ဒါကြောင့် ဖျာပုံ၊ ကျိုက်လတ် မြို့တွေမှာ ဆင်ဖြူကျွန်း လမ်းတို့၊ ပခုက္ကူ လမ်းတို့ ဆိုပြီး ရှိကြတယ်။ အညာက တစ်မြို့တည်းသားတွေ စုနေတဲ့ နေရာကို အစွဲပြုပြီး လမ်း နာမည်တွေ မှည့်ကြတယ်။"

ထို့ကြောင့် ဆရာ ဇော်ဂျီတို့ အဘိုး အဘွား တို့မှာ အညာ ဇာတိ ဖြစ်၍ ဆရာ ဇော်ဂျီလည်း အညာသွေး ပါသည်ဟု ဆိုနိုင် ပါသည်။

ဆရာ ဇော်ဂျီ ငယ်စဉ် အခါက ပညာရှာ ခဲ့ရပုံ[ပြင်​ဆင်​ရန်​]

ငယ်စဉ် ကာလ ဖျာပုံ မြို့တွင် ပညာ ရှာခဲ့ပုံ၊ ရန်ကုန်၊ မြို့မ ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူး ပုံနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီ အမိန့် ရှိခဲ့ပုံ -

"၁၉၂၃-၂၄ လောက်ကပဲ တက္ကသိုလ် မရောက်ခင် အဆင့်တက်ဖို့ ဆရာ ကြိုးစား ခဲ့ရ ပုံလေးကို ပြောပြ ရဦးမယ်။ ဖျာပုံ မြို့မှာ (၇) ဆင့်ထိ စာသင် ရတယ်။ ကျောင်းသား သပိတ် ဖြစ်တော့ ဖျာပုံ မြို့မ ကျောင်းကပါ သပိတ် မှောက်တယ်။ ရန်ကုန်ကို (၇) တန်း အောင်တော့ စာသင်ဖို့ လာရတယ်။ အဲဒီ တုန်းက သရက်တော ကျောင်းတိုက်မှာ နေပြီး စာသင် ရတယ်။ နိုင်ငံရေး အခြေအနေ ကလည်း မကောင်းဘူး။ မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတော့ ဦးမောင်ကြီးက ပညာရေး ဝန်ကြီး၊ နိုင်ငံရေး မှာလည်း အကွဲအပြဲ တွေနဲ့။ ဦးဘဖေ တို့က ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံ လိုက်တယ်။ နေရှင်နယ် အမျိုးသား ကျောင်းတွေ ပျက်တော့ ဆရာ (၁ဝ) ဆင့် အောင်ပြီ။ ကျောင်းတွေ ပိတ်လိုက်လို့ ဖျာပုံ ကျောင်းမှာ ပြန်ပြီး လုပ်အားပေး နေရတယ်။ ဆရာက ကျောင်းပြန် တက်ချင်တယ်၊ အဖေက ခွင့်မပြုဘူး။ ဒါနဲ့ အမေ့ကို ကပ်ပြီး ပူဆာ ရတယ်။ အမေက ငွေ (၄ဝိ/-) ပေးပြီး ရန်ကုန်ကို လွှတ်လိုက်တယ်။

ရန်ကုန်၊ မြို့မ ကျောင်းမှာ ကျောင်းအုပ်ကြီးက ဆရာ ဦးဘလွင်၊ ကျောင်းအုပ်ကြီး ဆီသွား (၁၁) ဆင့်မှာ နေရဖို့ ပြောတယ်။ နေရှင်နယ် အမျိုးသား ကျောင်းက (၁ဝ) တန်းဆင့်ကို အသိအမှတ် မပြုဘူး။ (၁ဝ) ဆင့်မှာပဲ နေရမယ်တဲ့။ ဆရာ ကလည်း (၁ဝ) ဆင့်ကို အရည်အချင်း အပြည့်နဲ့ အောင်ခဲ့ တာပါ။ ဆရာကြီး မယုံရင် ကြိုက်ရာ ဘာသာကို စစ်ကြည့်ပါ။ အဖြေကို မကြိုက်ရင် (၁ဝ) ဆင့်မှာပဲ နေပါ့မယ်။ ဆရာကြီးက ကျွန်တော့် အဖြေတွေကို ကြိုက်ရင် (၁၁) ဆင့် ထားပါလို့ ပြောလိုက်တယ်။

ဒီတော့ 'ဆရာကြီးက အာဂ၊ လာတဲ့ ချာတိတ်' ပါလားကွယ်၊ ကပ် ဈေးဆစ် တယ်လို့ ပြောပြီး နောက်နေ့ (၁၁) နာရီ လာခဲ့လို့ မှာတယ်။

'ဆရာ့ သူငယ်ချင်းတွေ ကိုနု (သခင်နု)၊ ကိုချစ် တို့က ဆရာ ရုံးခန်း ထဲက ထွက်လာတော့ အခြေ အနေ ကိုလည်းမေး။ ရ ရမှာ ပေါ့ကွာ လို့လည်း အားပေး နဲ့ပေါ့။ သူတို့နဲ့က ဘာသာ ချင်းလည်း မတူ၊ ကျောင်းချင်းလည်း ကွဲနေ ပေမယ့် ခင်ကြတယ်။

ဒီလိုနဲ့ နောက်နေ့ ဆရာကြီးဆီ သွားတော့ အင်္ဂလိပ်စာနဲ့ အတွက် (သင်္ချာ) ကို ဖြေရတယ်။ တဘာသာ တနာရီစီ ဖြေရတယ်။ အင်္ဂလိပ်စာ ဖြေပြီး (၁ဝ) မိနစ်နား၊ နောက် အတွက် ဖြေပေါ့။ ဖြေလို့ ပြီးသွားတော့ ဆရာကြီးထံ အဖြေစာအုပ် အပ်ရင်း 'ဘယ်တော့ သိရ မလဲ ဆရာကြီး' လို့ မေးလိုက်တယ်။

'ဟ မြန်လှ ချေလား၊ သိရမှာ ပေါ့ကွာ' လို့ ဆိုပြီး နောက်နေ့ (၃) နာရီကို ချိန်းလိုက်တယ်။ အဲဒီ တုန်းက ဆရာမြ (သခင်မြ)၊ ဆရာ ဦးသာခင်၊ ဆရာ ဘသန်း (ဝတ်လုံ ဦးဘသန်း) တို့က ဆရာ ဟောင်းတွေ ဖြစ်နေတော့ ကျောင်းမှာ ပဲနေ၊ ကျောင်းက ဘော်ဒါဆောင် မှာပဲ ထမင်း ဝင်စားနဲ့ နောက်နေ့ ကျတော့ ရုံးခန်းထဲ ဝင်သွား သွားချင်း ဆရာကြီးက 'ချာတိတ်၊ ရတယ် ရတယ်၊ နက်ဖြန် ကျောင်းတက်၊ ပိုက်ဆံ ပေးခဲ့၊ ဘော်ဒါ နေမလား၊ ဆွေမျိုးတွေ ရှိလား' လို့ မေးလိုက်တယ်။

ဒီတော့ ဆရာ ကလည်း ဆရာ့ အစီ အစဉ်ကို ပြောပြ ရတယ်။ ဆွေမျိုးတွေ ရှိပေမယ့် ဘော်ဒါ နေမှ အဆင် ပြေတာမို့ ဘော်ဒါမှာ နေမယ်လို့ ဆိုပြီး ဘော်ဒါခ တွက်တော့ (၅ဝ) ကျပ် ကျော်ကျော် ကျတယ်။ ဆရာ့မှာ အမေ ပေးလိုက်တဲ့ ငွေ (၄ဝိ) က ခရီးစရိတ်နဲ့ ငွေ (၃ဝိ) ပဲ ကျန်တော့တယ်။ ဒီတော့ တခါ ဆရာကြီးကို ပိုက်ဆံ (၃ဝိ) ပဲ ကျန်တဲ့ အကြောင်း ပြောပြ ရတယ်။ ဆရာကြီးက 'ဘယ်ရ မလဲကွ' တဲ့။ ဆရာလည်း ကျောင်း တက်ချင် လွန်းလို့ အဖေ့ကို ဆန့်ကျင်ပြီး အမေ့ ဆီက ပိုက်ဆံ တောင်းပြီး လာခဲ့ ရတဲ့ အကြောင်းကို ပြောပြတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆရာကြီးက စိုက်ပေး ပါလို့ ပြောရ တာပေါ့။

ဆရာကြီးက 'မင်း ယုံရ မလားကွ' တဲ့။ ဆရာ ကလည်း 'ဒါတော့ ဆရာက ဆရာကြီးပဲ၊ ကွ္ဆန်တော် လိမ်ရင် ညာရင် ကျွန်တော့်ကို ကျောင်းထုတ် နိုင်ပါတယ်' လို့ ပြောတော့ ဆရာကြီးက 'အေး ငါ လိုတဲ့ ငွေ (၂ဝိ) ကို စိုက် ပေးမယ်' လို့ ပြောတယ်။

အခက် ကြုံပုံက ဆရာ့မှာ ပစ္စည်းတွေ သယ်ဖို့ ရွှေ့ဖို့က စရိတ် ချန်ရဦးမှာ မဟုတ်လား။ စရိတ် ချန်ပြီး ငွေ (၂ဝိ) ကိုပဲ ပေးနိုင် တော့မှာကို ပြောပြတော့ 'ဈေးထပ် ဆစ်ပြန်ပြီ' လို့ ဆရာကြီးက ဆိုတယ်။ ဆရာလည်း မတတ်နိုင်တော့ဘူးလေ ဆရာကြီးက ငွေ (၂ဝိ) ကိုပဲ ယူထား လိုက်ပါတယ်။

ကျောင်းနေခွင့် ရတော့ အမေ့ဆီ စာရေးပြီး အကျိုး အကြောင်းရေး၊ ငွေထပ် တောင်းရတယ်။ 'အဖေက ဘာပြော သေးလဲ အမေ' လို့ မေးတော့ 'ဘာမှ မပြောတော့ပါဘူး သားရယ်' လို့ စာပြန်တယ်။"

ဤကား ဆရာ ဇော်ဂျီ မြို့မ ကျောင်းတွင် ပညာ သင်ယူ နိုင်ရန် ကြိုးစား ခဲ့ရပုံ အကြောင်း ဖြစ်ပါသည်။"

ဆရာဇော်ဂျီနှင့် ဟံသာ့ကြေးမုံ[ပြင်​ဆင်​ရန်​]

"၁၉၂၄-၂၅ စာသင် နှစ်မှာ ဆရာ ရန်ကုန် ကောလိပ်ကို ရောက်လာတယ်။ ပဲခူး ကျောင်းဆောင်မှာ နေရ စဉ်က၊ ကဗျာ ဉာဏ်က မြူးချိန် ဆိုတော့ ကဗျာတွေ သိပ်ရေး ဖြစ်တယ်။ 'ဟံသာ့ ကြေးမုံ' ဆိုတဲ့ စာစောင်ကို ရေးတယ်။ ကိုယ်ပဲ စာရေး ဆရာ၊ ကိုယ်ပဲ အယ်ဒီတာ လုပ်တယ်။ ည (၁ဝ) နာရီ ကျော်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး လက်ရေး စာစောင်ကို ရေးတယ်။ ကိိုယ်ရေး တာလို့ မသိ စေချင် ပေမယ့် ကိုယ့်နာမည် လေးလည်း ဖော်ထုတ် ချင်တာကိုး။ ဟံသာ့ ကြေးမုံမှာ 'သ' ဆိုတဲ့ ကလောင်နာမည်တပ်တယ်။ 'ကျောင်းချစ်'၊ 'မောင်ပန်းမြိုင်' စတဲ့ ကလောင်ခွဲ တွေလည်း အများကြီး ရှိတယ်။

'ပုရစ်ဖူး အသင်း' ဆိုပြီး ဆရာ့လို စာပေ ဝါသနာ ပါပြီး စိတ်ကူး သစ်နဲ့ ရေးချင်တဲ့ သူတွေ တွေ့ဆုံပြီး စကား ပြောကြ၊ ဆွေးနွေး ကြတယ်။ အဲဒီ အချိန် တုန်းက ကောလိပ် မဂ္ဂဇင်း ဆိုတာ အင်္ဂလိပ်စာ များတယ်။ မြန်မာစာ နှစ်ရွက် သုံးရွက်ပဲ ပါတယ်။ ပါတဲ့ နှစ်ရွက် သုံးရွက် ကလည်း အသင်းရဲ့ ရှင်းတမ်းကို ရေးထားတာ။ ဆရာ တက္ကသိုလ် ရောက်တဲ့ နှစ်မှာ မြန်မာစာ ထူလာတာ။ ထူလာ အောင်လည်း ကလောင်ခွဲ အမျိုးမျိုးနဲ့ တယောက်တည်း ရေးခဲ့ တာပဲ။"

ဆရာ ဇော်ဂျီနှင့် ကလောင်အမည်[ပြင်​ဆင်​ရန်​]

"'ဇော်ဂျီ' ဆိုတဲ့ ကလောင် နာမည်ကို ဘာဘာ ညာညာကြောင့် မဟုတ်ပါဘူး။ ဇော်ဂျီ ရုပ်ကလေးကို သဘော ကျလို့ ဇော်ဂျီလို့ ယူလိုက် တာပါပဲ။ ဘယ်စာ ဘယ် ကဗျာမှာ စသုံးလည်း ဆိုတာတော့ မမှတ်မိ ပါဘူး။ ထင်တာတော့ ပိတောက်ပန်း ကဗျာ ဖြစ်မယ် ထင်တယ်။ ပိတောက်ပန်း ရေးဖြစ်တဲ့ (၁၉၂၈) ပတ်ဝန်းကျင် လောက်မှာ ဒီကလောင် အမည် ယူဖြစ် ပါလိမ့်မယ်။"

ဆရာ ဇော်ဂျီ၏ တက္ကသိုလ် ကျောင်းသား ဘဝ[ပြင်​ဆင်​ရန်​]

"ကောလိပ် ရောက်ခါ စက တကောင်း ဆောင်မှာ နေရတယ်။ ကျောင်းသား ကလည်း ဒီလောက် မများ သေးဘူး။ ကိုစိန်တင် (သိပ္ပံ မောင်ဝ) နဲ့ တဆောင်တည်း။ Row တခု တည်းမှာ နေရတယ်။ သိပ်ရင်းနှီး ကြပါတယ်။ သူက အတန်း ပိုကြီးတယ်။ အဲဒီ တုန်းက အခု တိုးချဲ့ ဆေးရုံ နေရာမှာ ကျောင်း ရှိတယ်။ ကျောင်း သွားရင် ကြံတော သင်္ချိုင်းကို ဖြတ်ပြီး ဟံသာဝတီ ဘူတာကို သွားရတယ်။ ဘတ်စ် ကားလိုင်းတွေ မရှိ သေးဘူး။ အင်းစိန် လော်ကယ်နဲ့ လိုက်သွား။ ဘုရားလမ်း ဘူတာ ဆင်းပြီး ခြေလျင် ထပ်လျှောက် ရတယ်။ တခါ တလေ လော်ရီ ကားကြီးတွေ တားစီးပြီး ကျောင်းတက် ရတယ်။

စာမေးပွဲ မနီးခင် ရုပ်ရှင်ကြည့်၊ ကိုယ်ရေး ချင်တာ တွေရေး၊ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်ပေါ့၊ ကျောင်းတော့ မပြေးပါဘူး။ အတန်း မှန်မှန်တက်၊ စာမေးပွဲ ဖြေဖို့ တလ အလို ဆိုရင် စာကျက်၊ ဖိဖိစီးစီး ကျက်တယ်။ စာမေးပွဲ နီးပေမယ့် ညဥ့်နက်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး စာကြည့် ကြတယ်။ စာကြည့် စားပွဲ ကနေ အိပ်ရာလေး မြင်ပြီး အိပ်လိုက် ရရင် သိပ်ကောင်း မှာပဲလို့ တွေးမိတယ်။ တကယ်တမ်းကျ မအိပ် ရဲဘူး။ စာမေးပွဲ ပြီးမှ အိပ်မယ်လို့ အားခဲ ထားပေမယ့် စာမေးပွဲ ပြီးတော့ အိပ်လို့ မရတော့ဘူး။ ပျော်ကြ၊ ရွှင်ကြ၊ ဆူကြ၊ ညံကြ နဲ့ကိုး။ အခုလို တက္ကသိုလ် ကျောင်းသား ဘဝကို ပြန်တွေးတော့ ကျောင်းသား ဖြစ်ချင်တယ်။ ဒါပေမဲ့ စာမေးပွဲတော့ မဖြေချင်ဘူး။ စာမေးပွဲ မဖြေဘဲ အောင်တဲ့ ကျောင်းသားပေါ့။"

ဆရာ ဇော်ဂျီနှင့် ကျောင်းဆရာ ဘဝ[ပြင်​ဆင်​ရန်​]

"ဘီ အေ အောင်တော့ ဆရာ့ ရည်ရွယ်ချက်က ကျောင်းဆရာ ဖြစ်ဖို့ ပါပဲ။ ဒါကြောင့် ဘီ-အေ ဂုဏ်ထူးတန်းကို မတက်ဘူး။ ကိုယ်နေ ခဲ့တဲ့ မြို့မ ကျောင်းမှာ ကျောင်းဆရာ ဝင်လုပ်တယ်။ မြို့မကျောင်း ကျောင်းဆရာ ဘဝနဲ့ 'စိန္ဒကျော်သူနဲ့ ဝန်ကြီး ပဒေသ ရာဇာ' အကြောင်းကို အင်္ဂလိပ်လို စာတမ်း ရေးပြီး ဝိုင်-အမ်-စီ-အေ (Y.M.C.A) မှာ ဖတ်တယ်။ ဒီတုန်းက ထုတ်တဲ့ Evening Paper သတင်းစာမှာ စာတမ်းကို ထည့်ပြီး ဖော်ပြ ခံခဲ့ရတယ်။

စာတမ်း ဖော်ပြ ခံရပြီး တပတ်ကျော် ကျော်ကြာတော့ တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခသစ် ဆရာကြီး ရုဒ် (W.W.Rhodes) က ဆရာ့ စာတမ်းကို သဘော ကျကြောင်း၊ ပုဂံ လမ်းက သူ့ နေအိမ်ကို စနေ နေ့မှာ လ္ဘက်ရည် သောက်လာ ပါလို့ စာရေးပြီး မှာတယ်။ ဆရာလည်း စနေ နေ့မှာ အရောက် သွားတယ်။ဆရာ့ကို ရုဒ်က လက်ဖက်ရည် တိုက်ပြီး၊ စာတမ်းနဲ့ ပတ်သက်ပြီး မေးတယ်။ ဆရာက မတတ်ဘဲနဲ့ ဖြီးဖြန်း ရေးတယ်လို့ ထင်ဟန် တူပါရဲ့။ ကဗျာ ဆရာ ရှယ်လေး၊ ကိ၊ ဘိုင်ရွန်တို့ အကြောင်း မေးတယ်။ ဆရာ နှစ်သက် ခဲ့တဲ့ ၊ဆရာ လေးစား ခဲ့တဲ့ ကဗျာ ဆရာ တွေပဲ မို့လား။ ကောင်းကောင်း ပြန်ပြော ပြလိုက်တယ်။ စကား ပြောလို့ ကျေနပ် တော့မှ ဆရာက ပြန်မယ် နှုတ်ဆက်တော့ ရုဒ်က 'အင်္ဂလိပ်စာ ဌာနမှာ ကျူတာ ပေးမယ်။ M.A တက်ပါလို့' တိုက်တွန်းတယ်။ ဆရာ့ ဆန္ဒ ကတော့ မတက် ချင်ဘူး။ ဒါနဲ့ ကျွန်တော် ဆရာကြီးကို တိုင်ပင် ပါဦးမယ်။ ဆရာကြီးက ခွင့်ပြုရင် လုပ်မယ်လို့ ပြောပြီး ပြန်ခဲ့ ရတယ်။

တနင်္လာနေ့ ရောက်တော့ မြို့မကျောင်း ကျောင်းအုပ် ဆရာကြီးကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီးက M.A တက်ဖို့ အားပေးတယ်။ အကူအညီ လိုရင်လည်း ပေးမယ်လို့ အားပေးရင်း ကျောင်း တက်ဖို့ တိုက်တွန်းတယ်။ ဟိုခေတ် တုန်းက ဘီအေ အောင်အောင်ချင်း ဆက်တက် ခဲ့တဲ့ မဟာ ဝိဇ္ဇာတန်း ဆိုတာ မရှိ သေးဘူး။ အမြဲတမ်း ပရော်ဖက်ဆာ နှစ်ယောက်က ကျေနပ် မှသာ M.A တက်ခွင် ့ရှိတယ်။

ဆရာက ရုဒ်ဆီ ပြန်ပြီး အကြောင်း ကြားတယ်။ ဆရာကြီး ရုဒ်က ဆရာကြီး ဦးဖေမောင်တင်ကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီး ဦးဖေမောင်တင် ကလဲ ဆရာ့ကို M.A ဆက်တက် စေချင် နေတာ။ ဒီဆရာကြီး နှစ်ယောက် ထောက်ခံ မှုနှင့် တက္ကသိုလ် ပြန်ဖွင့်တော့ မြန်မာ စာဌာနမှာ ဆရာ ဝင်လုပ်ရင်း မဟာ ဝိဇ္ဇာတန်းဆက်တက် ရတယ်။ ခေါ်တုန်း ကတော့ ရုဒ်ပဲ။ သူတို့ နှစ်ယောက် ဆရာ့ကို အပြိုင် ခေါ်ကြတာ။ နောက်ဆုံးတော့ ဆရာ ဦးဖေမောင်တင်ပဲ နိုင်သွား ပါတယ်။ ရုဒ် ကပဲ ဆရာ့ မြန်မာစာကို သဘော ကျကြောင်း Modern Style နဲ့ ရေးဖို့ အားပေးတယ်။ မဟာ ဝိဇ္ဇာ တက်တော့ ၁၉၃၅ -၃၆ ခုနှစ် မှာပေါ့။

မဟာ ဝိဇ္ဇာ အောင်ပြီးတော့ ဆရာကြီး ဦးဖေမောင်တင်က မန္တလေး ဥပစာ ကောလိပ်ကို ပြောင်းပြီး ဆရာ လုပ်ခိုင်းတယ်။ ၂ နှစ် ကျော်ကျော် လုပ်ရတယ်။ ၁၉၃၇ ခု ကနေ ၁၉၃၈ ခုနှစ် အထိပဲ။ 'မန္တလေးမှာ ရှိစဉ်က ရုဒ် ဆီကနေ ဆရာ့ ဆီကို စာ လာတယ်။ စကောလားရှစ်နဲ့ ပိဋကတ်တိုက် ပညာ ဒီပလိုမာ ဘွဲ့ကို ဘိလပ်မှာ သွားတက်ဖို့ စာမေးပွဲ ဖြေရမယ် ဆိုတဲ့ စာပဲ။ ဆရာ့မှာ အခက်အခဲ မရှိ လှပါဘူး။ အင်္ဂလိပ် စာရယ်၊ မြန်မာ စာရယ်၊ အထွေထွေ ရယ်လို့ ဖြေပြီး အင်တာဗျူး ထိုင်ရတယ်။ အင်္ဂလိပ်စာကို ရုဒ်က စစ်တယ်။ မြန်မာစာကို ဆရာကြီး ဦးဖေမောင်တင်က စစ်တယ်။ တပည့် အကြောင်း သိပြီး သားမို့ တယ်အခက် မတွေ့ လို်က်ရဘူး။"

ဆရာ ဇော်ဂျီနှင့် ရွှေပြည်စိုး[ပြင်​ဆင်​ရန်​]

"၁၉၃၈ မှာ ပိဋကတ် ဒီပလိုမာ အတွက် နိုင်ငံခြား ပညာသင် သွားရမယ် ဆိုတော့ အမေက 'ရွှေပြည်စိုး' ဝတ္ထု စာအုပ်ကို ထည့်ပေးတယ်။ 'အမေရာ ကွ္ဆန်တော် ဖတ်ပြီး သားပါဗျာ' ဆိုတော့ 'ဖတ်ပြီး သားလည်း ဖတ်ရမယ်၊ အဲဒီ စာအုပ် ထဲက ဘိလပ်ပြန် မောင်သန်းဖေ အကြောင်း နာနာဖတ်' လို့ ဘိလပ် သွားမယ့် သားကို မှာတယ်။ ရွှေပြည်စိုးကို ဆရာ ခုထိ နှစ်ခြိုက် ပါတယ်။ စာအုပ် စင်မှာ အမြဲ ထားတယ်။ ဆောင်းပါးမှာ ရေးခဲ့ သလို ပျောက်ရင်လည်း အစား ဝယ်ထည့် ထားတာပဲ။

လန်ဒန်မှာ ပထမနှစ် သင်ရတယ်။ ဒီအချိန်မှာ စစ်ဖြစ် နေပြီ။ နောက်ဆုံးနှစ် ကိုတော့ အိုင်ယာလန်က ဒဗ်ဖလင် တက္ကသိုလ်မှာ တက်ခဲ့တယ်။"

ဆရာ ဇော်ဂျီနှင့် လက်ရွေးစင် ကဗျာ စကားပြေ[ပြင်​ဆင်​ရန်​]

အလယ်တန်း မြန်မာ ကဗျာ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'တို့တိုင်းပြည်' ၊ 'လှိုင်းကလေး သင်' ၊'အင်းလေး လူရည်ခွ္ဆန် စခန်းမှာ' ကဗျာများ ပါဝင်သည်။ အထက်တန်း ပင်ရင်း ကဗျာ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'ရှေးခေတ် ပုဂံပြည်'၊ '၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး'၊ 'ကမ္ဗောဇသို့'၊ 'ပဲ့နင်း'၊ 'တခုသော သင်္ကြန်ခါ'၊ 'အို တက်လူတို့'၊ 'ပိတောက်ပန်း'၊ 'ဗေဒါလမ်း' ၊ 'မြက်ရိတ် သမား'၊ 'တပေါင်းမိုး'၊ အလယ်တန်း စကားပြေ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'မွန်ဝန်ကြီးနှင့် မြန်မာ စကားပြေ'၊ 'ကဗျာဝိုင်း စာဝိုင်းနှင့် ကွ္ဆန်တော်'၊ 'နွေဦး ကျက်သရေ' စသော စကားပြေများ ပါဝင် ပါသည်။ ပင်ရင်း စကားပြေ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'ကေတု မတီ'၊ 'ပုဂံဈေး' စကားပြေ နှစ်ပုဒ် ပါဝင် ပါသည်။ စိတ်ကြိုက် စကားပြေ လက်ရွေးစင် ပြဌာန်း ချက်တွင် ဆရာ ဇော်ဂျီ၏ 'ဇာတိမာန် စာဆို ဦးလွန်း' စကားပြေ ပါဝင် ပါသည်။

ပြဌာန်းချက်ပါ ကဗျာ စကားပြေများ အကြောင်း၊ အချက်အလက် ရည်ရွယ်ချက် များနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီက တပုဒ်ချင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ဆရာ ဇော်ဂျီ၏ ပြောကြားချက် များကို တပုဒ်ချင်း တင်ပြ လိုက်ပါသည်။

ဆရာ ဇော်ဂျီနှင့် အလယ်တန်း ကဗျာများ ဝေဖန်ချက်[ပြင်​ဆင်​ရန်​]

တို့တိုင်းပြည်[ပြင်​ဆင်​ရန်​]

"ဒီကဗျာ ကလည်း 'အိုတက်လူတို့' ကဗျာလိုု ပါပဲ။ ၁၉၃၅ ဩဂုတ် လထုတ် ကြီးပွားရေး မဂ္ဂဇင်း၊ တွဲ (၃) အမှတ် (၁ဝ) မှာ ဖော်ပြ ထားတယ်။ မြန်မာ တွေကို နိုးကြား စေချင်လို့၊ ထကြွ စေချင်လို့ တပ်လှန့် ထားတဲ့ ကဗျာပါ။"

လှိုင်းကလေး သင်[ပြင်​ဆင်​ရန်​]

"ဒီကဗျာက ကူညီ တတ်တဲ့ သဘော ကူညီ တတ်တဲ့ စိတ်ဓာတ်ကို ချီးကျူး ထားတယ်။ ခေတ် စကားနဲ့ ကြီးကြီး ကျယ်ကျယ် ပြောရရင် ပရဟိတ စိတ်ကို ချီးကျူး တာပေါ့ကွာ။ ဘယ်က လာလို့ ဘယ်နေရာ သွားမယ်မှန်း မသိရတဲ့ လှိုင်း ကလေးက ပန်းခဲ့တဲ့ စင်ရော် ငှက်လေးကို ကမ်း အရောက် သယ်ပိုး ပေးခဲ့ တာကို ချီးကျူး ဝမ်းမြောက် မိတယ်လို့ ရေးထားတယ်။ ဒီ ကဗျာကို ၁၉၃ဝ၊ ဒီဇင်ဘာ လထုတ် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်။"

အင်းလေး လူရည်ချွန် စခန်းမှာ[ပြင်​ဆင်​ရန်​]

"လူရည်ချွန်တွေ စပြီး ရွေးတဲ့ နှစ်ကပေါ့။အင်းလေးရဲ့ သဘာဝ အလှ၊ လူရည်ချွန် တွေရဲ့ စိတ်ဓာတ်၊ လူရည်ချွန် တွေရဲ့ လှုပ်ရှား ပုံလေး တွေကို မြင်တဲ့ အတိုင်း ရေးဖွဲ့ ထားတာ။ ဒီ ကဗျာထဲက ရေခြံဝင်း ဆိုတာ၊ ကျွန်းမျော တွေကို ဆိုချင်တာ။ အင်းသား တွေက ဒီကျွန်းမျော ပေါ်မှာ ခြံစိုက် ကြတာကိုး။ ကြာဖက်နင်း ဆိုတာ ငှက် အမည်ပဲ။ လက်သီးဆုပ် တဆုပ် စာလောက် ရှိတယ်။ ခြေတံ ရှည်ရှည်နဲ့ ခြေထောက် အစိမ်းရောင်၊ နှုတ်သီးက နီနီလေး၊ ကြာဖက်ပေါ် လျှောက်သွားလို့ ရအောင် ပေါ့ပေါ့ ပါးပါးလေး။ ဒါကြောင့် ကြာဖက်နင်း ငှက်လို့ ခေါ်တာ။" This poem is shown in 9th standard poem book in myanmar education.

ရှေးခေတ် ပုဂံပြည်[ပြင်​ဆင်​ရန်​]

"ဒီကဗျာကို ရေးဖွဲ့ ဖြစ်တဲ့ အကြောင်းရင်း ခံကို ပြောပြ ရဦးမယ်။ ၁၉၂၄ ခုနှစ်မှာ အမျိုးသား သပိတ်တွေ မှောက်တယ်။ ကျောင်းသူ ကျောင်းသား တိုင်းရဲ့ ပါးစပ် ဖျားမှာ ဝံသာနု စိတ် ရှိရမယ်။ မျိုးချစ်စိတ် ရှိရမယ် ဆိုတာ ခေတ်စား နေတယ်ပေါ့။ ဆရာ ကိုယ်တိုင်လည်း ဝံသာနု စိတ်အကြောင်း ၊ တိုုင်းချစ် ပြည်ချစ် စိတ်ရှိရမယ့် အကြောင်း ပြောနေ တာပဲ။ ဒီတော့ ဆရာ့ အမေက 'တိုင်းချစ် ပြည်ချစ်စိတ်' ရှိရမယ် ဆိုတာက ဟုတ်ပါပြီ။ ပုဂံကို ရောက်ဖူး ရဲ့လား၊ ပုဂံကို ရောက်ဖူးမှ တိုင်းပြည် ချစ်ရမယ် ဆိုတာ ပိုပြီး သိလာမယ်။ နားလည် လာမယ်' လို့ ပြောဖူးတယ်။ ဒီ အသိလေးက ဆရာ့ ရင်ထဲမှာ စွဲနေတယ်။

တက္ကသိုလ် ရောက်လို့ ကျောက်စာ ကူးဖို့ လေ့လာဖို့ ပုဂံကို ခဏခဏ ရောက်လာ ရတယ်။ ပုဂံကို ရောက်တော့ အမေ့ စကားကို အမှတ် ရတယ်။ ဒီကဗျာကို ရေးဖွဲ့ ဖြစ်ပုံက ဒီလို ---

ရန်ကုန် မြို့မ ကျောင်းမှာ ဆရာ ဘဝနဲ့ (၂) နှစ်၊ (၃) နှစ် လုပ်တယ်။ နောက် မန္ဈလေး ကောလိပ်မှာ ဆရာ အဖြစ်နဲ့ နေရတယ်။ မြို့မ ကျောင်း မှာက ရန်ပုံငွေ ရှာတဲ့ ကပွဲ ခုန်ပွဲက အမြဲ လုပ်နေ ကျကိုး။ မြို့မ ကျောင်း ကျောင်းအုပ် ဆရာကြီးက ဆရာ့ ဆီကို လှမ်း စာရေးတယ်။ ရန်ပုံငွေ ရှာပွဲ အတွက် တခုခု လုပ်ပေး ဖို့ပေါ့။ ဒါနဲ့ ဒီ ရှေးခေတ် ပုဂံပြည် ကဗျာကို ရေးပေးတယ်။ ရန်ပုံငွေပွဲမှာ ရွတ်ဖို့ပေါ့။ ဆရာ ကိုယ်တိုင် သွားနိုင်ဖို့ ကြိုးစား ပေမယ့် အထ မမြောက်ဘူး။ ဒါနဲ့ မန္ဈလေးသား ဆရာ့ တပည့် မောင်စံရင်က ရန်ကုန် ယူနီဗာစီတီမှာ ပထမနှစ် ဂုဏ်ထူးတန်း တက်နေ တာကိုး။ သူက အသံ လည်းကောင်း၊ အဆို အရွတ် လည်းကောင်းတော့ သူ့ဆီလည်း ဆရာ့ ကဗျာကို ရွတ်ပေးဖို့ စာရေး၊ မြို့မကျောင်း ကျောင်းအုပ်ကြီး ဆီလည်း မောင်စံရင်ကို ခေါ်ပြီး ကဗျာ ရွတ်ခိုင်းဖို့ စာရေး ရတယ်။ မောင်စံရင်ပဲ ဆရာ့ ကဗျာကို ရွတ်ဖတ် ပြဖြစ်ပါတယ်။ (၁၉၃၆) ခု၊ မေလထုတ် ဂန္ထလောက အတွဲ (၂၂)၊ အမှတ် (၁၃၆) မှာ ပုံနှိပ် ဖော်ပြ ထားပါတယ်။"

၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး[ပြင်​ဆင်​ရန်​]

"ဒီကဗျာက ကဗျာ လက်ရွေးစင်မှာ ပေးထားတဲ့ ကဗျာနာ မည်၊ ကဗျာ ပေါင်းချုပ်သစ် ထဲမှာတော့ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင်' တဲ့။ ဆရာ စရေး တုန်းက '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး' လို့ ရေးတယ်။ ဟံသာဝတီ အထူး စာစောင် ထဲမှာ စပြီး ဖော်ပြ ခဲ့တာ။ လွတ်လပ်ရေး မပေးမီ ၁၉၄၈ ဇန်နဝါရီ (၃) ရက် ညက ဆရာတို့ ဝန်ကြီးများ ရုံးမှာ အလုပ် ရှုပ်နေတယ်။ လွတ်လပ်ရေး ကြေညာဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပဲပေါ့။ ဒီအချိ်န်မှာ ဟံသာဝတီ သတင်းစာက ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေး နေ့မှာ သတင်းစာ စထုတ် တာကိုး။ ဆရာ့ကို လွတ်လပ်ရေး နေ့နဲ့ ပတ်သက်ပြီး တခုခု ရေးပေးပါ ဆိုလို့ အဲဒီ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး' ဆိုတဲ့ ကဗျာကို ရေးပေး လိုက်တာ။ ဇန်နဝါရီ (၃) ရက်နေ့ ည (၁၂) နာရီ ခွဲလောက် ရေးတာ ဆိုတော့ (၄) ရက်နေ့ထဲ ရောက်နေ ပြီပေါ။ ကဗျာ အဓိပ္ပာယ်က ရှင်းပါတယ်။ လွတ်လပ်ရေး ရခဲ့ ပေမယ့် အတိတ်က နိုင်ငံရဲ့ အရေးကို တွေးပြီး ရှေ့ဆက် လုပ်ရမယ့် တာဝန် တွေကို တွေးမိတယ်။ ဒါနဲ့ ဒီကဗျာကို ရေးလိုက်တယ်။"

ကမ္ဗောဇသို့[ပြင်​ဆင်​ရန်​]

"၁၉၃၇ ခုနှစ်၊ မန္တလေး ဥပစာ ကောလိပ်မှာ ဆရာ လုပ်နေတုန်း။ တပေါင်းလ ကျောင်းပိတ်တော့ ဘော်ကြို ဘုရားပွဲ သွားကြတော့ ဒီကဗျာ ရေးဖြစ်တယ်။"

ပဲ့နင်း[ပြင်​ဆင်​ရန်​]

"ပဲ့နင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ယူဆ ကြတာ။ သင်ပြ ကြတာ သိရတယ်။ ဆရာ ဒီကဗျာ မစပ်ခင်က မန္တလေး ဂေါဝိန် ဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ဂေါဝိန် ဆိပ်ကမ်း ဘက်ကနေ ကြည့်နေတုန်း ဧရာဝတီ မြစ်ထဲမှာ လှေကလေး တစင်း လှိုင်း လေကြောင့် ဟိုလှည့် သည်လှည့် ဖြစ်နေ တာကို မြင်ရတယ်။ အမှန်က လှိုင်းလေ ကြောင့်ပါ။ စစ်ကိုင်း ဘက်မှာ နံကိုင်း၊ ဒီဘက် မှာက ရွှေကြက်ယက် ရွှေကြက်ကျ ရှိနေ တာကို ဆရာက သိနေတော့ လှေကလေးရဲ့ လှုပ်ရှားမှုကို ကြည့်ရင်း လှည့်စား တတ်တဲ့ လူတွေရဲ့ သဘောကို တွေးမိ လာတယ်။ ဒါနဲ့ 'ပဲ့နင်း' ကို ရေးဖြစ်တယ်။ ပဲ့နင်းကို ၁၉၃၆၊ ဒီဇင်ဘာလ ဂန္ထလောက၊ တွဲ (၂၂)၊ မှတ် (၁၄၃) မှာ ရေးခဲ့တယ်။"

တခုသော သင်္ကြန်ခါ[ပြင်​ဆင်​ရန်​]

"၁၉၃၃၊ မတ်လထုတ် ဂန္ထလောက အတွဲ (၁၇) မှာ ဖော်ပြ ခဲ့တယ်။ နွားလွှတ်ပွဲကို မြင်တော့ မြန်မာ့ စရိုက်၊ မြန်မာ့ ဓလေ့ ကိုလည်း မြင်တယ်။ နွားကြီးရဲ့ လွတ်လပ်မှု ကိုလည်း အားကျတယ်။ ဒီတုန်းက လွတ်လပ်ရေး မရ သေးတော့ လွတ်လပ် သွားတဲ့ ဘဝကို အားကျ မိတာပေါ့။ ဒါနဲ့ ဒီကဗျာကို ရေးလိုက် တာပါပဲ။"

အို တက်လူတို့[ပြင်​ဆင်​ရန်​]

"၁၉၃၅၊ ဒီဇင်ဘာလ အိုးဝေ မဂ္ဂဇင်းမှာ ဖော်ပြ ခဲ့တဲ့ ကဗျာ ပါပဲ။ ရှင်းပါတယ်။ လူငယ် လေးတွေကို အားမာန်တွေ ဝင်စေ ချင်တယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်ကြီးတွေ ရယ်လို့ သိစေ ချင်တယ်။ လူငယ်တွေ အတွက် ရေးတဲ့ ကဗျာပါ။ 'ဘော' ဆိုတာ ပါဠိစကား 'အို --- အချင်းတို့' လို့ အဓိပ္ပာယ် ရတယ်။ ဒီ 'တက်လူ တေးသံ'၊ 'အို တက်လူတို့'၊ 'သင် သေသွားသော်'၊ 'ယခုအခါ' ဆိုတဲ့ ကဗျာ လေးပုဒ်ကို ၁၉၃၅၊ ဒီဇင်ဘာ လထုတ် အိုးဝေ မဂ္ဂဇင်းမှာ စုပြီး ဖော်ပြ ခဲ့တယ်။ 'တက် လူတေးသံ' က လူငယ်တွေ တက်တက်ကြွကြွ ရှိဖို့၊ 'ယခုအခါ'နဲ့ 'သင် သေသွားသော်' တို့ ကတော့ ဆရာ့ရဲ့ အမျိုးသား စိတ်ဓာတ် ဝံသာနု စိတ်ဓာတ်ကို ဖော်ထုတ် ရေးထားတယ်။ ရှေးခေတ်က အကြောင်း တွေကို ကြွားနေ စရာ မလိုဘူး။ ယခု လက်ရှိ အခြေ အနေက အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ ရွှေထီး ဆောင်းခဲ့တာ လွမ်းနေရင် စားစရာ မဲ့လိမ့်မယ် ဆိုတဲ့ သဘောမျိုး ရေးထားတယ်။ 'အို တက်လူတို့' မှာလည်း ဆွေးနေ စရာ၊ တမ်းတ နေစရာ မလိုဘူး။ အဟောင်း ပျက်သွားရင် အသစ် ပြင်ရမယ် ဆိုပြီး၊ အပြု သဘောနဲ့ တည်ဆောက်ရေး ဘက်ကို ဦးတည်ပြီး ရေးခဲ့တယ်။"

ပိတောက်ပန်း[ပြင်​ဆင်​ရန်​]

"'ပိတောက်ပန်း' ကဗျာ ရေးဖြစ်တာ ကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန် လာရတယ်။ အိမ်ခေါင်း ရင်းမှာ ပိတောက် ပင်ကြီး ရှိတယ်။ ဆရာ ကတော့ အမှတ် တမဲ့ပဲ။ မနက် အစောကြီး အိမ် ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်။ သင်္ကြန် ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်း တွေကို ခူးကြ၊ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက် ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေက ကျိုး၊ အရွက်တွေ ကြွေနဲ့ အရုပ် ဆိုးပြီး ကျန်ခဲ့ တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါ ပွင့်တဲ့ ပိတောက်ကို မခူး စေချင်ဘူး။ သူလည်း သူ့ အပင်မှာ အလှဂုဏ် ဝင့်ချင် မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်း ပြုပြီး ပြောခဲ့ ပေမယ့် အနှိပ်စက်ခံ၊ အညှင်းပန်း ခံရ သူတွေ ဘက်ကို လိုက်ပြီး ရေးတာပဲ။ ကျောင်းဖွင့်တော့ (၁၉၂၈) မတ်လ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ 'ပိတောက်ပန်း' ကဗျာကို ပုံနှိပ် ဖော်ပြ ခဲ့တယ်။

ဆရာ စပြီး ရေးခဲ့တဲ့ ကဗျာ တွေက ရှေးရေး ကဗျာ တွေပဲ။ လေးဆစ် ဆိုလည်း လေးဆစ် ပုံစံ အတိုင်း။ သဖြန် ဆိုလည်း သဖြန် ဖွဲ့နည်း အတိုင်း ရေးလိုက်ရင် ပြီးသွား တာပဲ။ ခံစား စရာ မလိုဘူး။ တွေးစရာ မလိုဘူး။ ကြာတော့ စိတ်ထဲမှာ မရှိဘဲ ရေးရတဲ့ ရေးနည်း ကားတွေကို ငြီးငွေ့ လာတယ်။ အင်္ဂလိပ် ကဗျာတွေ ဖတ်၊ ရှေးရေး နည်းတွေ အတိုင်း မရေး ချင်တော့ဘူး။ ဒီလိုနဲ့ 'ပိတောက်ပန်း' သံချိုကဗျာကို ရေးဖြစ်တယ်။ ရေးဖြစ်အောင် အိုင်းချင်း ပေးတဲ့ အဖြစ် ကလေး ကိုလည်း ပြောပြ ပြီးပြီ မို့လား။"

ဗေဒါလမ်း[ပြင်​ဆင်​ရန်​]

"ပြဌာန်း စာအုပ်မှာ 'ဗေဒါလမ်း' လို့ ခေါင်းစဉ် တပ်တယ်။ ကဗျာ ပေါင်းချုပ် ထဲမှာတော့ 'သူ့ လမ်းစဉ်' လို့ နာမည် ပေးထားတယ်။ ဒီကဗျာ တွေကို စရေး တုန်းက ဗေဒါလမ်း (၁) (၂) (၃) ဆိုပြီး ခေါင်းစဉ် တပ်တယ်။ တပုဒ်နဲ့ တပုဒ် ကွဲပြား စေချင်လို့ ။ ကဗျာ ပေါင်းချုပ်သစ် စာအုပ်မှာ စပြီး နာမည်တွေ ပေးလိုက်တယ်။ သိပြီး ကြတဲ့ အတိုင်း ဖျာပုံကို သဘောင်္နဲ့ အပြန် တွေ့ရတဲ့ ချောင်းထဲ မြောင်းထဲ ကနေ မြစ်ထဲကို စုန်လာ ဆန်လာတဲ့ ဗေဒါ တွေရဲ့ သတ္တိကို သတိ မူမိပြီး လူ့ ဘဝနဲ့ ယှည်တဲ့ အတွေးနဲ့ ဗေဒါလမ်း ကဗျာစုကို ရေးဖွဲ့ ဖြစ်တာပဲ။ (၁၉၅၉-၆ဝ) တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းမှာ စပြီး ဖော်ပြ ထားတယ်။"

မြက်ရိတ်သမား[ပြင်​ဆင်​ရန်​]

"၁၉၃၅၊ ဂန္ထလောက မဂ္ဂဇင်းမှာ ပါတာ ဆိုတော့ မဟာ ဝိဇ္ဇာ တက်တုန်း ကလို့ ထင်ပါရဲ့။ အောက်တိုဘာလ အားရက်မှာ အိမ် မပြန် ကြဘူး။ မဟာ ဝိဇ္ဇာ သမားတွေ စုပြီး စာကျက်ကြ၊ ရုပ်ရှင် ကြည့်ကြ တာပေါ့။ တကောင်းဆောင် အရှေ့ဘက် အောက်ထပ် အစွန်ဆုံး အခန်း အနောက်ဘက် ခြမ်းမှာ နေတုန်း တနေ့ မနက် မြက်ရိတ် သမား ကုလားကြီးကို တွေ့ရတယ်။ ကဗျာ့ အဓိပ္ပာယ် ကတော့ လူသာလျှင် ပဓာနပေါ့။ မြေပြင်က လှတယ်။ ကောင်းကင် ကလည်း လှပါတယ်။ ချိုးသံ ကလေးတွေ ကလည်း သာယာ ပါတယ်။ ဒါပေမယ့် လူသားက ပိုလှ တယ်လို့ ရှင်းရှင်းလေး ရေးဖွဲ့ ထားတာပါ။"

တပေါင်းမိုး[ပြင်​ဆင်​ရန်​]

"ဒီကဗျာက (၁၉၃၆)ခုနှစ်၊ မဟာ ဝိဇ္ဇာတန်း ဆက်တက်တဲ့ အချိန်က ရေးခဲ့တာ။ အဲဒီတုန်းက ဆရာတို့ တကောင်းဆောင်မှာ နေရတယ်။ တကောင်းနဲ့ ပြည်ဆောင် ကြားမှာ ဥယျာဉ်လေး ရှိတယ်။ အချိန်က တပေါင်းလ ဆိုတော့ ငုဝါ တွေက တပင်လုံး ထိန်နေအောင် ပွင့်လို့ တပေါင်းလ ရွာတဲ့ မိုး ဆိုတာ ကလည်း မရွာချင့် ရွာချင် ခပ်ဖွဲဖွဲလေး၊ မိုးစက်ကြောင့် ငုလေးတွေကြွေတယ်။ မြေပြင် မြက်ခင်းပြင်မှာ ထိန်ထိန်ဝါလို့ပေါ့။ ဒီအလှအပလေးတွေ မြင်တော့ ကဗျာမှာပါတဲ့အတိုင်း ဘယ်ဆီလွမ်းရမှန်းမသိအောင် ခံစားရတယ်။ ထူးခြားတဲ့ အလှအပလေးကို ရေးဖွဲ့ထားတာပါ။"

မွန် ဝန်ကြီးနှင့် မြန်မာ စကားပြေ[ပြင်​ဆင်​ရန်​]

"အဲဒါက ဆောင်းပါးပါ။ စာပေ ဆောင်းပါးပါ။ (၁၉၃၇) ခုနှစ် လောက်က ဟံသာဝတီ သတင်းစာမှာ ကိုဝန် (မင်းသုဝဏ်)နဲ့ တလှည့်စီ ရေးခဲ့တဲ့ ဆောင်းပါး တွေပေါ့။ စာပေ လောက ဆိုတဲ့ စာအုပ် ထဲမှာ ထပ်ပြီး ရိုက်နှိပ် သေးတယ် မဟုတ်လား။ မွန် ဝန်ကြီး ဒညား ဗလနဲ့ သူရေးတဲ့ စကားပြေ ဟန်ကို သိစေ ချင်လို့ သုံးသပ် ပြထား တာပါ။ "

ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်[ပြင်​ဆင်​ရန်​]

"(၁၉၄၈-၄၉) လောက်က ရေးတယ်လို့ ထင်တယ်။ ဘယ် မဂ္ဂဇင်းမှာ ဦးဆုံး ဖော်ပြ ခဲ့လဲ ဆိုတာတော့ မေ့နေတယ်။ 'ကံ့ကော်မြိုင် စာတမ်း' ထဲမှာ ထပ် ဖော်ပြ ထားသေးတယ်။ ကဗျားဝို်င်း စာဝိုင်း ထဲမှာ ဝါသနာ တူသူတွေ စုပြီး ကဗျာ အကြောင်း စာ အကြောင်းကို ပြောတယ်။ တယောက် မှားရင် တယောက် ကပြင်၊ တယောက်နဲ့ တယောက် အယူအဆ မတူရင် ငြင်း၊ ဒါ ကဗျာဝိုင်းရဲ့ သရုပ် ပဲပေါ့။ ပြဌာန်း စာအုပ် ထဲမှာ အဆုံးထိ မပါဘူး။ ဆရာက နောက်ဆုံး အဆုံးသတ်မှာ လောကမှာ အရူး အမျိုးမျိုး ရှိတယ်။ ငွေရူး၊ စာရူး စသဖြင့် ပေါ့လေ။ ဒီထဲမှာ စာရူး ရူးနေ ရတာ အကောင်းဆုံးပဲ။ စာရူးပဲ လုပ်ချင် တယ်လို့ ရေးထားတယ်။ ဒီအကြောင်း အထိ ပါမှ ဆောင်းပါးက ပိုပြီး ပြည့်စုံ တာပေါ့။ ပြဌာန်း ချက်ထဲ ထည့်တော့ ဘာလို့ ချန်ထား ခဲ့လဲ မသိဘူး။ 'ကဗျာဝိုင်း စာဝိုင်း' ဆောင်းပါး တခု လုံးမှာ ပြောချင် တာက လူတွေဟာ အပေး အယူနဲ့ စကားပြော ကြတယ်။ သူတမျိုး ငါတမျိုး ပြောတတ် ကြတယ်။ ဘာပဲ ဖြစ်ဖြစ် စာနဲ့ ပေနဲ့ စကား ပြောရတာ အပြစ် ကင်းတယ်။ ဆရာ လိုချင်တဲ့ ရည်ရွယ်ချက်ကို ဒီအချက် နှစ်ချက်နဲ့ တွန်းအား ပေးထားတယ်။ အိုင်ချင်း ဖွဲ့ထားတယ်။"

နွေဦး ကျက်သရေ[ပြင်​ဆင်​ရန်​]

"'နွေဦး ကျက်သရေ' ကို (၁၉၅ဝ) ပြည့်နှစ် ရှုမဝ မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃၅) ဧပြီလမှာ ဖော်ပြ ခဲ့တယ်။ ဆရာတို့ ကျောင်းသား ဘဝနဲ့ ပြည်မြို့ကို ခရီး ထွက်တုန်းက ရေ ကုသိုလ်သည် ကလေး များနဲ့ တွေ့ရတော့ ဒီအတွေးကို ရတယ်။ မြန်မာ တို့ရဲ့ စရိုက်၊ မြန်မာ တို့ရဲ့ ယဉ်ကျေးမှုကို ဖော်ထုတ် ရေးထား တာပါ။ ရေ ကုသိုလ်သည် ကလေး တွေနဲ့ တူတဲ့ ရေချမ်းစင်၊ နွားလွှတ် ပွဲတွေ ကလည်း ဒီသဘောပဲ။ တွေ့တယ် မို့လား ဆရာ ရေးတဲ့ 'တခုသော သင်္ကြန်ခါ' မှာ နွားကြီးကို အမွှေး နံ့သာ နဲ့ပက်၊ သပြေပန်း၊ ပိတောက် ပန်းတွေ ချိုမှာ ချည်၊ ကော်ဇောကြီး လွှမ်းပေးပြီး နွားကို ဘေးမဲ့ လွှတ်တော့ ဒီနွားကြီး သိပ်ပျော် မှာပဲလို့ နွားကြီး စိတ်ထဲ အခဲသား ဝင်ချင်စိတ် ပေါ်လာတယ်။ အဲဒီ တုန်းက မလွတ်လပ် သေးတော့ နွားကြီး လွတ်လပ် တာကို အားကျ မိတယ်။ ဒါတွေဟာ လူ့ ယဉ်ကျေးမှုကို ဖော်ဆောင် တာပဲ။ မြန်မာ့ စိတ်ထားနဲ့ မြန်မာ့ စိတ်ဓာတ်ကို ပြတာပဲ။ ပြဌာန်း စာအုပ် မှာတော့ 'ရေချမ်းစင်' ထိပဲ ပါတယ်။ နွားလွှတ်ပွဲ အကြောင်း ထည့်ထားတာ မတွေ့ ရဘူး။"

ကေတုမတီ[ပြင်​ဆင်​ရန်​]

"'ကေတု မတီ' က ခရီးသွား ဆောင်းပါးပါ။ ရန်ကုန် တက္ကသိုလ် တောင်ငူ ခရိုင် အသင်းက (၁၉၅၈-၅၉) ထွက်တဲ့ နတ်သျှင်နောင် မဂ္ဂဇင်း ထုတ်တော့ ရေးပေး ခဲ့တဲ့ ဆောင်းပါး ပေါ့။ ဒီ ဆောင်းပါးကို မြဝတီ မဂ္ဂဇင်း ထည့်ချင်လို့ ဆရာ့ဆီ ခွင့်ပန်လို့ (၁၉၅၈) နိုဝင်ဘာလ အတွဲ (၇) အမှတ် (၂) မြဝတီ မဂ္ဂဇင်းမှာ ထပ်ပြီး ဖော်ပြ ခဲ့တယ်။ ရှင်းပါတယ်။ ဆောင်းပါးက တောင်ငူရဲ့ အတိတ် သမိုင်းကို အသက် ပြန်သွင်း ထားတာ။ ဆရာက တောင်ငူမှာ အခုတွေ့၊ အခု မြင်နေ ရတာ တွေထက် အတိတ် ကတော့ ဒီ နေရာမှာ ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒီမှာတော့ ဒီလိုများ ဖြစ်နေ မလား ဆိုတဲ့ မှန်းဆ စိတ်နဲ့ ကြည်နူး ချင်တယ်။ သတိရ ချင်တယ်။ ဒါကြောင့် ဒွါရဝတီ ရောက်လို့ လောကုတ္တရာ ဘုရားကို ဖူးမြှော် အဓိဌာန် ပြုလေ မလားလို့ တွေးချင်ချင် ဖြစ်လာတယ်။ လေးကွ္ဆန်း ကန်ကို မြင်တော့ တပင်ရွှေထီး၊ အမတော် သခင်မကြီး၊ ဘုရင့်နောင် မင်းတို့ ငယ်စဉ်က ဒီရေကန်မှာ ကစားကြ ပျော်ရွှင် ကြမှာ ပဲလို့ တွေးချင်ချင် ဖြစ်လာတယ်။ အဲဒီ အတွေး တွေကို 'ကေတုမတီ' မှာ ထည့်ရေး ထားတယ်။ အတိတ်ကို လှမ်းပြီး လွမ်းကြည့် တာပေါ့။ ဖတ်ရတဲ့ သူတွေ အဖို့ အတွေးသစ်ကို ရစေ တာပေါ့။"

ပုဂံ ဈေး[ပြင်​ဆင်​ရန်​]

"'ပုဂံဈေး' က ဝတ္ထုပါ။ (၁၉၃၃) ခု၊ ဂန္ထလောက မဂ္ဂဇင်း၊ အတွဲ (၈) အမှတ် (၁ဝ၈) ဇန်နဝါရီ လတွင် ဦးဆုံး ဖော်ပြ ခဲ့တယ်။ စစ် မဖြစ်မီ ကပေါ့။ (၁၉၄၈) မေလမှာ တာရာ မဂ္ဂဇင်း အတွဲ (၂) အမှတ် (၂) မှာ တခါ ထပ်ပြီး ဖော်ပြ ဖူးတယ်။ 'ရှိ၍ မရှိသူ၊ မရှိ၍ ရှိသူ' ဆိုတဲ့ ပြဿနာ လေးကို အကြောင်း ပြုပြီး ရေးခဲ့ တာပါ။ 'ဇော်ဂျီ၏ စာ' ဆိုတဲ့ စာအုပ်မှာ စာတပိုဒ် ကျန်ခဲ့တယ်။ ကျောင်းသုံး စာအုပ် ကော်မတီက ပြဌာန်းတဲ့ ပင်ရင်း စကားပြေ စာအုပ် မှာတော့ အပြည့်အစုံ ပါတယ်။ ကျန်ခဲ့တဲ့ စာပိုဒ်က ဘာသာပြန်တဲ့ သူက ကျန်ခဲ့တာ ထင်ပါရဲ့ ။ အဲဒီ နောက်ဆုံး ပိုဒ်ကလေး ပါမှ၊ 'ပုဂံဈေး' က ပိုပြီး ပြည့်စုံ၊ ပိုပြီး ထိရောက်၊ ပိုပြီး အဓိပ္ပာယ် ရှိတာပေါ့။

ကျန်ခဲ့သော စာပိုဒ်မှာ 'ဈေးသို့ ရောက်သဖြင့် ပုဂံဈေး လုလင်သည် မိမိ လှည်း ရှိရာ ဘက်သို့ မျှော်ကြည့် လိုက်၏၊ လှည်းပေါ်တွင် တယောက်ထဲ တိတ်ဆိတ်စွာ ငိုယို လျှက်နေသော မိမိ၏ ဇနီး သည်ကို မြင်လေရာ စိုးရိမ် ကြီးစွာဖြင့် ဇနီးသည် ထံသို့ ပြေးဝင်လေ သတည်း။'

ဒီ 'ပုဂံဈေး ဝတ္ထု' ကို ရေးရတဲ့ ရည်ရွယ်ချက် ကတော့ ပညာ ဆိုတာ စာအုပ်ထဲ မှာသာ ရှိတာ မဟုတ်ဘူး။ လောက ပတ်ဝန်းကျင် ထဲမှာလည်း ရှိတယ် ဆိုတာ သိစေ ချင်တယ်။ ဘဝ အတွေ့အကြုံ နဲ့သာ လောက ပုစ္စာ တွေကို အဖြေ ရှာလို့ ရတယ်။ စာအုပ်ကြီး ထဲက အတိုင်း လုပ်လို့ မရဘူး ဆိုတဲ့ သဘောကို နားလည် စေချင်လို့ ရေးတယ်။ တွေ့မိ သတိထား မိလား။ လူ့ ဘဝကို ဘာနဲ့ ပြထား သလဲ၊။ ပုဂံဈေး မို့လား၊ ဟုတ်တာပေါ့။ ပုဂံ ဈေးဟာ လူ့ ဘဝပဲ။ ဒါကို လေးနက် စေချင်လို့ 'ပုဂံဈေးသည် လူ အမျိုးမျိုး၊ လူ အစားစားတို့ ကျက်စားရာ နေရာ ပေတည်း။ ရယ်သံ၊ ငိုသံ၊ ရန်ဖြစ်သံ ညည်းညူ သံတို့ အုတ်အုတ် ကျက်ကျက် မြည်ဟည်းသော နေရာ ပေတည်း။ အသွား အလာ အပြေး အလွား တို့ဖြင့် လှုပ်ရှား နေသော နေရာ ပေတည်း' ဆိုတာကို (၂) နေရာမှာ ထည့်ထားတာ သတိ ထားမိကြ မှာပေါ့။"

ဇာတိမာန် စာဆို ဦးလွန်း[ပြင်​ဆင်​ရန်​]

"ဒီ ဆောင်းပါး ကလည်း ဟံသာဝတီ သတင်းစာ ထဲမှာ ရေးခဲ့တဲ့ ဆောင်းပါး ပါပဲ။ စာဆိုကြီး ဦးလွန်းရဲ့ စာတွေ ထဲက ဇာတိမာန်ကို ဖြစ်ပေါ် စေတဲ့ စာတွေ ကဗျာတွေ လေးချိုး တွေကို သုံးသပ် ပြထားတာ။ စာပေ လောက ဆိုတဲ့ စာအုပ် ထဲမှာလည်း ထည့်သေးတယ် မှုတ်လား။"

ခရီးသည်[ပြင်​ဆင်​ရန်​]

"ဘိလပ်က ပြန်လာတော့ သူရိယ သတင်းစာ (၁၉၄၁) ခုမှာ 'လန်ဒန် ဆောင်းပါး' ဆိုပြီး ဗုဒ္ဓဟူးနဲ့ စနေ နေ့တိုင်း ရေးတယ်။ ဆောင်းပါး တွေတော့ အများကြီးပဲ။ စစ်အတွင်း တုန်းက ပျောက်ပျက် ကုန်တာ တွေလည်း ရှိတယ်၊ အခု ကိုဝန် (မင်းသုဝဏ်) နဲ့ တွဲထုတ်တဲ့ 'ခရီးသည်' မှာ ဆောင်းပါး (၁၅) ပုဒ်ပဲ ပါတယ်။ (၆) ပုဒ် ကျန်ခဲ့ သေးတယ်။ တိုက်က လာတောင်း တုန်းက လက်လှမ်း မှီသလောက် ရှာပေး လိုက်တာ။ ဆရာ အနေနဲ့ ခရီးသွား ဆောင်းပါး ရေးတဲ့ အခါ တချို့ သူတွေလို တနေရာမှာ တွေ့တာကို မှတ်ပြီး ရေးတာမျိုး မဟုတ်ဘူး။ အကြိမ်ကြိမ် သွား အကြိမ်ကြိမ် ကြည့်တယ်။ လေ့လာတယ်။ အဲဒီ အတွက် ခေါင်စဉ် တခု ရွေးတယ်။ ခေါင်းစဉ်နဲ့ ညီညွတ်အောင် စီကာ စဉ်ကာ ရေးတယ်။ အကောင်းအဆိုး ကိုလည်း ကိုယ့် တိုင်းပြည်နဲ့ နှိုင်းယှဉ်ပြီး အမှန်အတိုင်း တင်ပြတယ်။ ဆရာ့ ခရီးသွား ဆောင်းပါး တိုင်းမှာ ကောက်ချက် တခုခုကို ချပေးပြီး စာဖတ် သူတွေ အကျိုး ရှိအောင် ရေးတယ်။"

မဟာ ဆန်ချင်သူ ပြဇာတ်[ပြင်​ဆင်​ရန်​]

"'မဟာ ဆန်ချင်သူ ပြဇာတ်' ကို ပုံနှိပ်တာ (၁၉၃၄) ရေးပြီးတဲ့ နှစ်ကတော့ (၁၉၃ဝ) ပြည့်နှစ်ပါ။ ဒီပြဇာတ် ရေးဖြစ် တာကလည်း ဆရာ့ရဲ့ အဘိုးကြောင့် ရေးဖြစ်တာ။ ဘီအေ အောင်တော့ ဆရာက ဘွဲ့လက်မှတ် ကလေး ကိုင်ပြီး ဆရာ့ အဘိုးကို သွားကြွား တာကိုး။ အဘိုးက အောင်လက်မှတ်လေး ကြည့်ပြီး 'အင်္ဂလိပ် မင်းက ပေးတဲ့ ဘွဲ့ဆို တော့လည်း ကောင်းတော့ ကောင်းမှာပေါ့။ ငါ့မြေး ဘီအေ ဘွဲ့ရတာ ကတော့ ဟုတ်ပါရဲ့ ။ အဲဒီ ရတဲ့ ဘွဲ့က အင်္ဂလိပ် ပညာ ဘာ ကောင်းလည်းလို့ အဘိုး သိလာအောင် လုပ် မပေး နိုင်ဘူးလား' လို့ ပြောတော့ တာပါပဲ။ အဘိုးက မြန်မာစာ နိုင်ပေမယ့် အင်္ဂလိပ်စာ မတတ်ဘူး။ အထင်လည်း မကြီးဘူး။

အဲဒီလို အဘိုးက ပြောလိုက်မှ ဆရာလည်း 'ဟုတ်ပါရဲ့၊ ငါတတ်တဲ့ ပညာနဲ့ အဘိုးကို သိအောင် ငါ ဘာလုပ် ပေးနိုင်မလဲ' လို့ နေ့နေ့ညည စဉ်းစား မိလာတယ်။ ဒီအချိန်မှာ ဆရာက ပြင်သစ် ဆရာကြီး မိုးလျဲရဲ့ 'The Woud Be Gentleman' (မဟာ ဆန်ချင်သူ) ကို ဖတ်နေ တာကိုး။ ဖတ်ရင်း ကနေ သိပ်သဘောကျလာတယ်။ ဇာတ်လိုက်ကြီး Jourdain (ဦးရွှေနှောင်း) ကဖြင့် ဆရာတို့ အရပ် ထဲက ဘယ်သူနဲ့ တူလိုက်တာ၊ အရပ်ထဲက ဘယ်သူကြီး ကဖြင့် ဒီ ဇာတ်လမ်း ထဲက ဇာတ်လိုက်ကြီးနဲ့ တူလိုက် တာရယ်လို့ နှုင်းယှဉ် ကြည့်ရင်း သဘော ကျလာတယ်။ ဒီတင်ပဲ 'ဒီ စာအုပ်ကို ငါ့အဘိုး အတွက် ဘာသာ ပြန်မယ်' ဆိုပြီး ဘာသာ ပြန်တယ်။ (၇)ရက်ပဲ ကြာတယ်။ 'မဟာ ဆန်ချင်သူ' ကို ရေးပြီး အဘိုး နေတဲ့ လယ်ထဲကို သွားပို့တယ်။ အဘိုး မရှိလို့ အဘွားဆီ ပြဇာတ် စာအုပ်ကို ထားခဲ့တယ်။

နောက် (၇) ရက်လောက် ကြာတော့ တခါ သွားမေး ပြန်တယ်။ အဘိုး မရှိ ပြန်ဘူး။ ဒါနဲ့ အဘွားကို 'အဘွား ကွ္ဆန်တော် ပေးတဲ့ စာအုပ် အဘိုး ဖတ်တာ တွေ့ရဲ့ လားဗျ' လို့ မေးတယ်။ အဘွားက ဖတ် မဖတ်တော့ မသိဘူး နင့်အဘိုး အိပ်ခန်း ထဲမှာ နင့် စာဖတ်ပြီး တခွိခွိနဲ့ ပါပဲ။ ပြီးတော့ ပြောသေးတယ် နင့်မြေး ရေးထားတာ ရယ်စရာ တော်တော် ပါတယ်လို့ အဘွားက ပြန်ပြော ပြတယ်။ ဟာ ဒါလည်း စာမေးပွဲ တခု အောင်တာပဲ ဆိုပြီး ဆရာလည်း ဝမ်းအသာကြီး သာသွားတယ်။

အဘိုးနဲ့ နောက်ကျမှ တွေ့လို့ မေးကြည့်တော့ 'အေး မင်းတို့ အနောက် နိုင်ငံသား စာတွေက ရေးရေးတော့ အရှိသား' လို့ ပြောဖော် ရတယ်။ ဆရာ့ အဘိုးက တော်တော် ရှေးဆန်တယ်၊ ကမ္ဘာကြီး လုံးတယ် ဆိုတာကို သေသည် အထိ လက် မခံဘူး။ 'ကမ္ဘာကြီး လုံးနေရင် ငါတို့ လိမ့်ကျ ကုန်မှာပေါ့' ဆိုပြီး အဲဒီ အယူ အဆကို လက်မခံဘူး။

ဆရာ့ရဲ့ မဟာ ဆန်ချင်သူ ပြဇာတ်ကို (၁၉၃၃-၃၄) မှာ ပြန်စီ စစ်ပြီး ညီဖြစ်တဲ့ သူ့ရဲ့ ပုံနှိပ် စက်မှာ အပ်တယ်။ ဒါကြောင့် (၁၉၃၄) မှာ စာအုပ် ဖြစ်လာ တာပေါ့။"

'ခရီးသည်' နှင့် 'မဟာ ဆန်ချင်သူ' ပြဇာတ်မှာ ပြဋ္ဌာန်းချက် စာအုပ်တွင် မပါ ဝင်ပါ။ ဆရာ ပြောပြ၍ မှတ်သား တင်ပြခြင်း ဖြစ်ပါသည်။

ဆရာ ဇော်ဂျီနှင့် စာဖတ်ဝို်င်း[ပြင်​ဆင်​ရန်​]

"ဆရာ့ အဘိုးတို့ အမေတို့ ခေတ်က ဖျော်ဖြေ စရာ ဆိုလို့ စာအုပ်နဲ့ ရုပ်သေးပဲ ရှိတယ်။ အဘိုးက တပတ်ကို တခါ စာဖတ် ဝိုင်းလေး စီစဉ်တယ်။ ကလေးတွေ စုပြီး စားကောင်း သောက်ကောင်း ကွေ္ဆး 'မင်းက ဒါဖတ်၊ မင်းက ဒါရွတ်' ဆိုပြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးတွေ ဖတ်ခိုင်း တာပဲ။ ဖတ်ပြ နေတုန်းကို ကောင်းကောင်း နားထောင် ရတယ်။ ဆရာတို့ အမေဆို 'ကိုးခန်းပျို့' ကို အလွတ် ရတယ်။ စုံနံ့သာမြိုင် ဦးကြော့ရဲ့ စာတွေ၊ ပြဇာတ် တွေကို များများ ဖတ်ရတယ်။ ဒီအလေ့ အကျင့်က ဆရာတို့ အိမ် တအိမ် ထဲတင် မဟုတ်ဘူး။ တခြား အိမ်တွေ မှာလဲ ဒီလို စာဖတ် ဝိုင်းတွေ ရှိတာပဲ။ ပေါ်လာတဲ့ ပြဇာတ် စာအုပ် မှန်သမျှ အကုန် ဖတ်ကြ တာပဲ။ ပြဇာတ် ထဲမှာ ပါတဲ့ ဇာတ်ဆောင် ဦးရေ အလိုက် တယောက် တမျိုး တာဝန် ယူပြီး၊ ပြဇာတ် ခင်းကြ တာပဲ။ နားထောင်တဲ့ သူတွေ ကလဲ နားထောင် လို့ပေါ့။ ဆရာနဲ့ စာ၊ ကဗျာဟာ အမြဲလိုလို လက်ပွန်း တတီး ရှိခဲ့တယ်။"

ဆရာ ဇော်ဂျီနှင့် ဆရာကြီး ဦးဖေမောင်တင်[ပြင်​ဆင်​ရန်​]

"ခေတ်စမ်း မတိုင်ခင်က ဆရာတို့ ရေးတဲ့ စာတွေ၊ ကဗျာ တွေကို ဘယ်မဂ္ဂဇင်း တိုက်ကမှ လက်မခံ ပါဘူး။ အဲဒီ ခေတ်တုန်းက ရှေးရိုး ကဗျာ တွေပဲ တွင်ကျယ် နေတာ ဆိုတော့ ဆရာ့ ကဗျာကို စာနယ်ဇင်း တွေက နားမလည် ကြဘူး။ ဒါနဲ့ ဂန္ထလောက မဂ္ဂဇင်း ထူထောင် ဖြစ်တယ်။ ငွေ ၁ဝဝဝိ- လောက်နဲ့ စထူ ထောင်တယ်။ ဆရာတို့ ရေးကြ သားကြ ပေမယ့် ပိုက်ဆံ မရပါဘူး။ ငွေကြေးကို ဂရု မစိုက်ဘူး။ နောက် ဆရာကြီး ဦးဖေမောင်တင်ရဲ့ လုံ့လကြောင့် ခေတ်စမ်း ကဗျာ၊ ခေတ်စမ်း ဝတ္ထုတွေ ပေါ်လာတယ်။ ခေတ်စမ်း စာပေဟာ ဆရာကြီး ကျေးဇူးကြောင့် ပေါ်ပေါက် လာတာပါ။ ခုထိ ခေတ်စမ်းရဲ့ အရှိန် အဝါဟာ မကုန် သေးပါဘူး။ ခေတ်စမ်းရဲ့ အငွေ့အသက် တွေက ကနေ့ထိ လွှမ်းမိုး နေတုန်းပါ။ တွေ့နေ ရတုန်းပါ။ ခေတ်စမ်း စာပေကို ဆရာ တို့က ထွင်မယ် ဆိုပြီး စာရေးတာ မဟုတ်ဘူး။ ဆရာ တို့ရဲ့ စာတွေကို 'ခေတ်စမ်း' လို့ အမည် ပေးလိုက်မှ ခေတ်စမ်း စာပေ ဖြစ်လာ တာပါ။ ခေတ်စမ်း စာပေနဲ့ ပတ်သက်လို့ ဝေဖန်ကြ၊ တိုက်ခိုက်ကြ၊ ကလော်ကြ၊ ဆဲကြတော့ ဆရာတို့ သိပ်ဝမ်းသာ တာပေါ့။

ဆရာ တို့က မဟုတ် တာတွေ လုပ်နေ တာမှ မဟုတ်ဘဲ။ သူတို့ တတွေက အသစ် ထွင်တာကို အပြစ် တင်တာ၊ ရှုတ်ချ တာတွေကြောင့် စာဖတ် သူတွေ ပိုပြီးတော့ စိတ်ဝင်စား လာတာကိုး။ ဆရာဖြင့် အဲဒီ တုန်းက သိပ်ဝမ်းသာ တာပဲ။ သိပ္ပံ မောင်ဝရယ်၊ ဆရာရယ်၊ ကိုဝန်ရယ်၊ စာနယ်ဇင်း တွေကနေ 'မောင်ကကြီး'၊ 'မောင်ဏကြီး'၊ 'မောင်တဝမ်းပူ' ဆိုတဲ့ ကလောင် နာမည် တွေနဲ့ တပျော် တပါးကြီး၊ ပြန်ရေး ခဲ့တယ်။ ရှေးရိုး နှစ်ခြိုက် သူတွေကို 'ခင်ဗျားတို့ ဥဩလေး သာတယ် သာတယ်လို့ ပြောမနေ ကြနဲ့ ကြက်ဖ ကြီးလည်း သာတာပဲ' စသဖြင့် ပေါ့ကွာ တဖက်က ထိုးနှက် သမျှကို အမျိုးမျိုး ချေပ ခဲ့ကြတယ်။"

ချက်နိုင်ငံမှ အမျိုးသမီး စာပေသုတေသနပညာရှင် ဒဂ္ဂမာဘက်ကိုဗာ(မြန်မာအမည်-မြသီတာ)[ပြင်​ဆင်​ရန်​]

“ဆရာဇော်ဂျီ၏ စာပေ အမြင်နှင့် ဆရာ ဇော်ဂျီ၏ စာပေ အမြင်များတွင် မြန်မာ့ ရှေးဟောင်း စာပေ ကျမ်းဂန် များကို အလေးအနက် သုံးသပ်မှုကို တွေ့ရသည်။ အင်္ဂလိပ် စာပေနှင့် ကမ္ဘာ့ စာပေကို ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ချက် တို့လည်း တွေ့ရသည်။ တက္ကသိုလ် ဝန်းကျင်၏ အငွေ့ အသက်ကိုလည်း တွေ့ရသည်။ ဆရာ ဇော်ဂျီ၏ ပိတောက်ပန်း ကဗျာသည် ဆရာ ဇော်ဂျီ၏ စာပေကို လည်းကောင်း၊ ၂၀ ရာစု မြန်မာ ကဗျာ လောက တခုလုံးကို လည်းကောင်း အပြောင်းလဲကြီး ပြောင်းလဲ စေသည့် ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီ၏ ကဗျာများ၊ ဝတ္ထု တိုများ၊ ပြဇာတ် များသည် လူ့ သဘော သဘာဝကို လေးနက်စွာ ထင်ဟပ် ဖော်ပြလျှက် ရှိသည်။ လေးနက်စွာ ဆင်ခြင်မှု များနှင့် ဒဿနိက ဗေဒဆိုင်ရာ ပြဿနာ များကို သူ့ စာများတွင် ထည့်သွင်း ဖော်ပြ ခဲ့သည်”။

ဆရာဇော်ဂျီ၏ ကဗျာများ၊ စာပေ လက်ရာများ၊ သုတေသန စာတမ်းများကို စာပေ ပညာရှင်များ၊ သုတေသီ များ၊ ဝေဖန်ရေး ဆရာများ၊ ကဗျာ ဆရာများက တလေးတစား ချီးကျူး ဂုဏ်ပြု ခဲ့ရသည်။ စာပေပေါ်တွင် ထားရှိသော ဆရာ ဇော်ဂျီ၏ စေတနာ၊ မေတ္တာ တရားတို့သည် နှောင်းခေတ် လူငယ် စာပေသမားများ အဖို့ အတုယူဖွယ်ရာပင်။

ဆရာဇော်ဂျီနှင့် စာပေအမြင်[ပြင်​ဆင်​ရန်​]

"ဆရာ စာစ ရေးတာ ကတော့ (၁၄-၁၅) နှစ် တည်းကပါပဲ။ ရေးတယ် ဆိုတာ ကလည်း မဂ္ဂဇင်းတွေ ပို့မယ် ဆိုပြီး ရည်ရွယ် ရေးတာ မဟုတ်ဘူး။ ဆရာတို့ ငယ်ငယ်က နေရတဲ့ အမျိုးသားကျောင်း ဆိုတာ ကလည်း ကဗျာတွေ၊ လင်္ကာတွေ သင်ပေး နေတော့ စာပေ ဆိုတာ ဝါသနာ မပါလို့ မရတော့ ဘူးပေါ့။ ဆရာ တို့ကို ကဗျာ သင်တဲ့ ပင်စင် ဆရာဟောင်းက သံပေါက် တခုကို (၃)လလောက် သင်တယ်။ သံပေါက် အမျိုးမျိုး အကြောင်းကို သင်ပေးတယ်။ ဆရာတို့ ကလည်း သံပေါက်တွေ အမျိုးမျိုး ရေးရတယ်။ တနင်္ဂနွေ တပတ်ကို သံပေါက် တပုဒ် ရေးပြီး ပြရတယ်။ အတန်း ထဲမှာလည်း ထဖတ်ပြ ရတယ်။ မှားနေရင် ပြင်ပေးတယ်။ ဒါကြောင့် ကဗျာရေးရင် လက်က ယောင်လို့တောင် မမှားဘူး။ ဆရာတို့ စာရေး တာက နားနဲ့ စာရေးတာ၊ နားက သေချာ သိနေတော့ မမှား တော့ဘူးပေါ့။ ဖျာပုံမှာ နေရင်း ရေးတဲ့ လေးဆစ်တွေ၊ သဖြန်တွေ၊ ဘောလယ်တွေ ဆိုတာက ကာရန် အထူး စဉ်းစားဖို့ မလိုဘူး။ အလိုလို ထွက်လာ တာပဲ။ ရန်ကုန် ရောက်မှ မဂ္ဂဇင်း တွေမှာ ရေးတယ်။ ရေးနည်းကား အတိုင်း ရေးတဲ့ ကဗျာတွေ ဆိုတော့ စိတ်ထဲမှာ မရှိဘဲနဲ့ (မခံ စားရဘဲ) လည်း ရေးလို့ ရတယ်။ ဒီလို ကဗျာတွေ စုစုပေါင်း (၃ဝဝ) ကျော် ရှိတယ်။ ပျောက်ပျက် ကုန်ပါပြီ။ ဒါပေမဲ့ ဝမ်းမနည်း ပါဘူး။ ဒီလို ကဗျာမျိုး တွေကတော့ ခုရေး ခုရ တယ်လေ။ ကဗျာ ပေါင်းချုပ်သစ်မှာ 'ရှေ့ပြေး ကဗျာစု' ဆိုပြီး အပုဒ် (၂ဝ) လောက် ပါသွားတယ်။

စရေးစဉ်က မဂ္ဂဇင်း တိုက်တွေ ပို့ရင် လက်မခံ ခဲ့ဘူး။ မကောင်းလို့ နေမှာပဲ ဆိုပြီး ဆက်ရေးမြဲ ရေးတယ်။ ပိုကြိုးစား ရေးတယ်။ ကဗျာ တွေကို ဆရာ တို့က ဝါသနာ ပါလို့ ရေးခဲ့တာ။ ထင်ပေါ် ကျော်ကြား ချင်တဲ့ စိတ်မရှိဘူး။ ဝါသနာ အရင်းခံပြီး ရေးတဲ့ သူသာ တည်တံ့ ခိုုင်မြဲတယ်။ ကျော်ကြား ချင်လို့ ရေးတယ် ဆိုရင် မလွယ်ဘူး။

ခုခေတ်တော့ ကဗျာတွေ စာတွေ ရေးကြတယ်။ မဂ္ဂဇင်းတိုက် ပိုု့လို အပယ် ခံရရင် မကျေနပ် ကြဘူး။ ဆရာ့ ဆီလည်း စာတွေ အများကြီး လာပါတယ်။ ကိုယ့်မှာမှ ဘာမှ မရှိသေးဘူး၊ သူများ ပေးချင် တာက အရင်ပဲကိုး။ ကိုယ့်မှာ အရင် ရှိအောင် လုပ်ကြ စေချင်တယ်။ ကိုယ့်မှာ ရှိပြီးမှ သူများ ပေးရတာ ကောင်းတယ်။ စာ များများ ဖတ်ကြ စေချင်တယ်။"

ဆရာဇော်ဂျီ လေးစားသော စာဆိုနှင့် စာပေ[ပြင်​ဆင်​ရန်​]

"ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ စာတွေက မျိုးချစ်စိတ် ရစေပါတယ်။ (၁၉) ရာစု နောက်ပိုင်းမှာ ကျော်ကြားတဲ့ ရှယ်လေး၊ ကိ၊ ဘိုင်ရွန်တို့ရဲ့ ကဗျာတွေ၊ တဂိုးရဲ့စာ၊ ကဗျာ တွေဟာ ဆရာ့ အပေါ် စာပေ ဩဇာ သက်ရောက် တယ်လို့ ဆိုရ ပါမယ်။ အလေးစားဆုံး စာဆိုနဲ့ စာပေ ကတော့ အရွယ် အလိုက် ပြောင်းလဲ ခဲ့တာပေါ့။ ခု ဒီအရွယ် မှာတော့ နိုင်ငံခြား စာဆိုတွေ ထဲက 'ပလေတို' ကို လေးစားတယ်။ အခု ရွယ်ထိ ဖတ်လို့ ရသေးတဲ့ လက်ခံ သေးတဲ့ စာတွေ ကတော့ ကိုးခန်းပျို့၊ နတ်သျှင်နောင် ရတုတွေ၊ ဝန်ကြီး ပဒေသရာဇာနဲ့ ဦးပုညရဲ့ စာတွေ ပါပဲ။ အသက်ကြီးလို့ ဘာသာရေးကို စိတ်ဝင် စားတယ်။ ပဋိစ္စ သမုပ္ပါဒ်နဲ့ ဓမ္မ စကြာတွေ ကတော့ အယူ အဆကော ကျင့်စဉ်ပါ ပါလို့ လေးစား ပါတယ်။"

ဆရာဇော်ဂျီနှင့် စာပေအယူအဆ[ပြင်​ဆင်​ရန်​]

"ဆရာ ကတော့ ကျောင်းဆရာ ဘဝကို နှစ်သက်တယ်။ စာရေး နေပေမယ့် 'စာရေး ဆရာကြီး' လို့ ခေါ်လိုက်ရင် ကျော စိမ့်စိမ့် သွားတယ်။ စာရေး ဆရာ မဖြစ်သေး ပါဘူး။ ကိုယ်ရေးတာ တွေပဲ အကုန်လုံး နှစ်သက်တာပေါ့။ သဘော ကျတာပေါ့။ ကိုယ့်စာ ကိုယ် သဘော မကျ ဘယ်ရှိ မလဲ။ အနှစ် သက်ဆုံး အကျေနပ်ဆုံး ကတော့ 'ဗေဒါလမ်း ကဗျာစု' ပဲပေါ့။ အသက်ကြီးမှ ရေးတော့ ကိုယ့်အမြင်လို့ သတ်သတ်မှတ်မှတ် ရှိလာပြီ။ ဒီအပြင်က ရေးတဲ့ ကဗျာတွေ မှာလည်း အမြင် ရှိပေမယ့် ဝိုးတဝါးပဲ။ 'ပဲ့နင်း' လို ဟိုလိုလို သည်လိုလို ဖြစ်နေ သေးတာ ပေါ့လေ။ ကြီးမှ ရေးတာက နှလုံး ကျနေပြီ၊ တည်ငြိမ်မှု ရှိလာ ပြီပေါ့။

ကာရန်မဲ့ ကဗျာနဲ့ ပတ်သက် လို့တော့ ရေးတတ်ရင် ကောင်းပါတယ်။ ကြိုက်ပါတယ်။ မရေးတတ်ဘဲ ရေးနေတော့ ကာရန်မဲ့ ကဗျာ မဖြစ်တော့ ဘူးပေါ့။ ဆရာ ကတော့ ကာရန်မဲ့ ကဗျာ ဆိုတဲ့ အခေါ်ကို မကြိုက်ဘူး။ ကာရန် မဲ့တဲ့နောက် ကဗျာ ဘယ်ဖြစ်တော့ မလဲ။ 'နှောင်ကြိုးမဲ့ ကဗျာ' ဆိုရင် ပိုပြီး ထိမိမယ်။ ကာရန်မဲ့ ကဗျာကို ရေးတဲ့ အခါ နိမိတ်ပုံလေး တခုကို အထူးပြုပြီး တိုတိုလေးရေး၊ တိုတိုလေးနဲ့ ထိမ ိအောင်ရေး၊ ရေးတတ်ရင် လက်ခံမယ်။ ကဗျာ တပုဒ် ကောင်းရင် ချက်ချင်း အလွတ် ရတယ်။ ဒီတော့ ထိမိအောင် ရေးပါ။ လက်ခံ ပါတယ်။

ဆရာ ့စာပေ အယူအဆ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ တွေကို ဖော်ထုတ် ချင်တယ်။ ဆင်းရဲသားတွေ ဘက်က ရပ်တည် ချင်တယ်။ ဘဝ ဆန်သူကို ချီးကျူး ချင်တယ်။ ဘယ်သူ ကမှ စံမတင် တာကို စံတင် ချင်တယ်။ ဒါကြောင့်လည်း ဗေဒါလမ်း ကဗျာတွေကို တအုံ တမကြီး ရေးဖြစ် တာပေါ့။ အသက်ကြီး လာတော့ ဘာသာရေး ဆန်လာတယ်။ တည်ငြိမ်မှု ရှိလာ တာပေါ့။"

ရေးသား ထုတ်ဝေ ခဲ့သည် စာအုပ်များ[ပြင်​ဆင်​ရန်​]

  1. ကဗျာဥယျာဉ်
  2. ကဗျာ ပေါင်းချုပ်သစ် - ၁၉၇၄
  3. ကာလီဒါသနှင့် သကုဏ္ဍလ - ၁၉၅၈
  4. ကံ့ကော်မြိုင် စာတမ်း
  5. ခရီးသည် ( + မင်းသုဝဏ်)- ၁၉၆၅
  6. ဂန္ထလောက သင်္ဂဟသုတိ အထိမ်းအမှတ် စာတမ်းများ - ၂ဝဝဝ
  7. ဂျရတ်နှင့် မာဂရက်ဝတ္ထု (ဘာသာပြန်) (မဟာ ဝိဇ္ဇာ ဘွဲ့ရ မောင်သိန်းဟန် ကလောင် အမည်ဖြင့်) - ၁၉၄၁
  8. စာပေ လောက ( + မင်းသုဝဏ်)- ၁၉၄၉
  9. ဇော်ဂျီ ကဗျာပေါင်းချုပ် - ၁၉၆၇
  10. ဇော်ဂျီစာပေါင်းချုပ် (၅-တွဲ)
  11. ဇော်ဂျီ၏စာ - ၁၉၆ဝ
  12. တရုတ်-ဗမာ မိတ်ဆွေဖြစ်အသင်း
  13. နင် လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ (နိုဗဲဆုရ-ဝတ္ထုတိုများ) (ဘာသာပြန်) - ၁၉၇၉
  14. နွေဦးကျက်သရေနှင့်အခြားရသစာတမ်းများ
  15. ပလေထရိုနှင့်ကျွန်တော်(ဘာသာပြန်)
  16. ပလေးတိုးနိဒါန်း (ဘာသာပြန်) (၁၉၆၇-၁၉၉၆)
  17. ပိတောက်ရွှေဝါ ကဗျာများ - ၁၉၅၁
  18. ပုခန်းမင်းကျော်စွာ နတ်သံနှင့် ပျော်ချင်း - ၁၉၃၈
  19. ပျို့နှင့် ပျို့စာဆို
  20. ပြည်ထောင်စုသမိုင်းပုံပြင်များ
  21. ဗေဒါလမ်း ကဗျာများ - ၁၉၆၃
  22. မဟာဆန်ချင်သူနှင့် အခြား တခန်းရပ် ပြဇာတ်များ - ၁၉၇၂
  23. မဟာဆန်ချင်သူ ပြဇာတ် - ၁၉၆၅ (၁၉၃၄၊ ၁၉၇၀) ဘာသာပြန်
  24. မိုးကြယ့်မို့လား (ဘာသာပြန်) - ၁၉၆၆
  25. မိုးကြယ်မို့လားနှင့် နိုဗယ်ဆုရ ဝတ္ထုတိုများ - ၁၉၆၆
  26. မိုးကြယ်မို့လားနှင့် လမ်းသစ်ဝတ္ထုတိုများ - ၁၉၇၇
  27. ရသစာပေနိဒါန်း - ၁၉၆၅
  28. ရသစာပေအဖွင့် - ၁၉၆၆
  29. ရသစာပေ အဖွင့်နှင့် နိဒါန်း - ၁၉၇၆
  30. ရွေဒေါင်းညို (သို့) စနစ်တခု၏ အစ - ၁၉၉၉
  31. ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများ - ၁၉၈၇
  32. လက်ရွေးစင် မြန်မာဝတ္ထုတိုများ - ၁၉၈၁
  33. လမ်းသစ်နှင့် အခြားဝတ္ထုတိုများ (ဘာသာပြန်) - ၁၉၆၆ (နိုဗဲဆုရဝတ္ထုတို)
  34. သကုဏ္ဍလ (ဘာသာပြန်) - ၁၉၅၅
  35. သခင်ကိုယ်တော်မှိုင်း ဋီကာ - ၁၉၅၅
  36. သိန်းနှင့် ကျားဋီကာ - ၁၉၈၄
  37. သုံးပွင့်ဆိုင်ခေတ် ဆန်းစာပေ (သိပ္ပံမောင်ဝ၊ မင်းသုဝဏ် တို့နှင့်တွဲ) - ၁၉၅၅
  38. မဟာဝိဇ္ဇဘွဲ့ရ မောင်သိန်းဟန် ကလောင်အမည်ဖြင့် ဂျရတ်နှင့် မာဂရက် ဝတ္ထု (ဘာသာပြန်) - ၁၉၄၆


ရည်ညွှန်း[ပြင်​ဆင်​ရန်​]

  1. မဟေသီ မဂ္ဂဇင်း၊ အမှတ် ၂၆၈ ဧပြီ ၂ဝဝရ။ 'ဆရာ ဇော်ဂျီနဲ့ ပတ်သက်တဲ့ ငုပ်ကွယ် နေတဲ့ အချက် တစ်ချက်' - ဖိုးအောင်လေး (စာပေဗိမာန် စာမူဆုရ)။


References[ပြင်​ဆင်​ရန်​]

ပြင်ပစာမျက်နှာများ[ပြင်​ဆင်​ရန်​]