ဝင်းတင်၊ ဦး (ဟံသာဝတီ)

Wikipedia မှ
(ဝင်းတင်၊ ဦး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးဝင်းတင်
Win Tin
၁၂ မတ်လ ၁၉၃ဝ - ၂၁ ဧပြီ ၂ဝ၁၄
ဝင်းတင်
စစ်အစိုးရက ၁၉ နှစ်ကြာ ဖမ်းဆီးထားခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် စက်တင်ဘာလ ၂၃ရက်နေႛ ၂၀၀၈ ခုနှစ် ထောင်မှလွတ်လာခဲ့ပြီးနောက် ထောင်ဝတ်စုံဖြင့်ပင် တွေ့ရစဉ်။
ကိုယ်ရေး အချက်အလက်
မွေး​ရက် ၁၂ မတ်လ ၁၉၃ဝ
မွေးရပ်ဇာတိ ကြို့ပင်ကောက် ပဲခူးတိုင်း
ဘာသာ ဗုဒ္ဓဘာသာ
ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကလောင် အမည် မောင်ဝန်ဇင်းပေါ်သစ်ပြည်စိုးဝင်းထင်သုတေသီပုညဝင်းဆွေ
ကွယ်လွန်​ရက် ၂၁ ဧပြီ ၂ဝ၁၄
ကွယ်လွန်​ရာဒေသ ရန်ကုန်
သင်္ဂြိုလ်ရာဒေသ ရန်ကုန်

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့မှ ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်း၊ ကြို့ ပင်ကောက်မြို့ ၌ မွေးဖွားခဲ့သည်။ သားသမီး သံုးဦးအနက် ဦးဝင်းတင်သည် အကြီးဆုံးဖြစ်သည်။ ဦးဝင်းတင်သည် အိမ်ထောင် မပြုပဲ လူပျိုကြီးအဖြစ် နေထိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ [၁] ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃-ခုနှစ်၌ ဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ဝင်းတင် အမည်နှင့် ကဗျာနှင့် ဝတ္ထုတိုများကို စတင်ရေးသားရင်း ကလောင်သွေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ အရင်းနှီးဆုံး ကလောင် သွေးဖက်သည်မင်းယုဝေ(ခေါ်) ဦးဝင်းမောင် ဖြစ်သည်။ တက္ကသိုလ်မှာဦးထွန်းတင် (ရှေ့နေ)စာရေးဆရာ ကျော်အောင်ကြည်လင်မြသန်းတင့် စသည့် သူများနှင့်လည်း ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

သတင်းစာသမား[ပြင်​ဆင်​ရန်​]

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၃ မှာ ဒဂုန်တာရာ ဦးစီး ထုတ်တဲ့ ဂန္ထဝင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်ရန် ရည်ရွယ်ထားသော်လည်း ဂျာနယ်ရပ်သွားသဖြင့် စာပေဗိမာန်တွင် မြဲနေခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။ တဖက်တွင် စာသင် နေရင်း မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် 'ဒို့ပြည် သတင်း' သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာ နိုင်ငံ ပြန်လာသည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

ဥရောပမှာ ရှိစဉ် မင်းယုဝေ၊ ငွေတာရီ ဇနီး မောင်နှံ နှင့်အတူ ပန်းချီ ပြန်တိုက်တွေကို လှည့်လည် လေ့လာ ခဲ့သည်။ ထိုကြောင့် နောက်အခါ ပန်းချီ ဝေဖန်စာ များကို ရေးရာမှာ သူ့ အတွေ့အကြုံများကို တည့်သွင်း ရေးသား နိုင်ခြင်း ဖြစ်သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ စတင် ထူထောင် သူများတွင် ပါဝင် ခဲ့ပြီး ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင် ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ် ခံရသည့် အချိန်တွင် ပြည်သူ့ အိုးဝေသို့ ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက် ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ ခုထိ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် အဲဒီ အချိန်က မြန်မာ နိုင်ငံရဲ့ နံပါတ်ဝမ်းကြီး ဖြစ်သည့် ဗိုလ်နေဝင်းက ခန့်အပ် ခဲ့သည်။ ဗိုလ်နေဝင်း ဘုန်းမီးနေလ တောက်ပစဉ် အချိန်က သူဟာ ဘယ်သူ့ကိုမှ ဂရု စိုက်ခဲ့တဲ့သူ မဟုတ်ပါ။ သို့သော်လည်း ဗိုလ်နေဝင်း မန္တလေး မြို့ကို လာတိုင်း တခြား သူများကို မတွေ့ရင်သာ နေမည် ဦးဝင်းတင် ကိုတော့ နန်းတော်ထဲ ခေါ်ပြီး တလေးတစား တွေ့ဆုံ တတ်ပါသည်။

ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုကာလအတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

ဦးဝင်းတင်သည် သတင်းစာ ဆရာ ဘဝ ကိုသာ မြတ်နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမယ်လို့ ကမ်းလှမ်း ခဲ့ဖူး သော်လည်း၊ ဦးဝင်းတင်သည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။ ၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်းကာ သတင်းစာ သတင်းများ တွင်လည်း ပို့ချပေး ခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်း တို့နှင့် အတူ အထူး အားထုတ် ခဲ့သူ ဖြစ်သည်။

၁၉၇၇ - ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို 'ပေါ်သစ်' အမည်ဖြင့် ရေးသား ခဲ့ပြီး၊ 'ကွိ'၊ 'ဥတ္တရ အလင်း' စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ 'အလှ ရှာပုံတော်' ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ရှစ်လေးလုံး အရေးတော်ပုံ အတွင်း အနုပညာရှင် ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည့် ကြေညာချက် ထွက်ပေါ် လာရေး အတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။ စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်း လှုပ်ရှား ကြသည့် အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက် ခဲ့သည်။ ဥက္ကဋ္ဌသည် ဆရာ မောင်သော်က (စစ်အစိုးရရဲ့ မတရား ဖမ်းဆီး နှိပ်စက်မှု များကြောင့် အကျဉ်းထောင် တွင်းတွင် ကွယ်လွန် ခဲ့ရသူ) ဖြစ်သည်။ ကျောင်းသား သမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေ ခဲ့သည့် 'သမဂ္ဂ' သတင်းစာတွင် အင်တိုက် အားတိုက် ပါဝင် ရေးသား ခဲ့သည်။ ဆန္ဒဖော်သံ သတင်းစာကို ၃ဝ၊ ၈၊ ၈၈ တွင် ကိုယ်တိုင် ဦးစီး ထုတ်ဝေ ခဲ့သည်။

စစ်တပ်က အာဏာ သိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့် အခါ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ၌လည်း ဒေါ်မြင့်မြင့်ခင်နှင့် အတူ နာယက အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက် ခဲ့ပြီးနောက် ပြန်လည် ဖွဲ့စည်း ခဲ့သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ ခဲ့သည်။

နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင် ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနမှ ၆၊ ၆၊ ၈၉ နေ့တွင် ကြေညာချက် အမှတ် (၃၈) ကို ထုတ်ပြန် ခဲ့သည်။

ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေး ပါတီများမှ ထိုအမိန့်ကို ဆန့်ကျင်ရာ၌ သုံးစွဲ ခဲ့သည့် 'အများ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ' ဟူသော ဆောင်ပုဒ်ကို ရေးသား ခဲ့သည်။

ထောင်သွင်းအကျဉ်းချခံရခြင်း[ပြင်​ဆင်​ရန်​]

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်း နေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ် လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ် စကားပြောဆို၍ ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီး ခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရသည်။

လွတ်ရက် စေ့ကာနီးတွင် ဆရာ ဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက "စစ်လွှမ်းမိုးရေး ဒဿန" ကို သူ အသက်ရှင် နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန် ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ် ခံရသည်။

ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်း အတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက် ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူး တိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်တွင်း အာဏာပိုင် များ၏ မတရား ပြုမှုများကို ဆန့်ကျင် တိုက်ပွဲများတွင် အကြံဉာဏ်များ ပေးခဲ့သည်။ ၁၉၉ဝ ၌ အင်းစိန် ထောင်တွင်း အစာငတ်ခံ တိုက်ပွဲကို ဦးဆောင် ဆင်နွဲခဲ့သည်။ ထောင်တွင်း လွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာ တခုကို တိုက်အတွင်း ထုတ်ဝေ နိုင်ခဲ့သည်။ ၁၉၉၂ ခု၊ ဖွန်လမှာ ထောင်ဒဏ် ၁၁ နှစ် တိုးခဲ့သည်။

၁၉၉၂ ခုနှစ် တွင် Su-SLORC Dialogue Policy ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ် ပေးရန်၊ အမျိုးသား ညီလာခံကို ဖျက်သိမ်း ပေးရန်၊ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန် သဘောထား စာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နဝတ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှ သာလျှင် မြန်မာ နိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံရေး ပေါ်လစီ တရပ် ချမှတ် ထုတ်ပြန် ကြေညာ ခဲ့သည်။ ၁၉၉၄ တွင် အမေရိကန် ကွန်ဂရက် အမတ် ရစ်ချဒ်ဆန်က ထောင်ထဲသို့ ဝင်ပြီး ဦးဝင်းတင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရ သဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။

ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှု မရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင် တို့အား ပိတ်ဆို့ အရေးယူ ပေးပါရန် တောင်းဆို ခဲ့သည်။ ရက်ပိုင်း အတွင်း Appeal to the Public ကမ္ဘာ ပြည်သူများသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ထို ပန်ကြားချက်တွင် စစ်အာဏာရှင် တို့သည် ကမ္ဘာ ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြား နေသည့် အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ် ကြပါရန် တိုက်တွန်းထားသည်။

ထိုကြောင့် ၁၉၉၅ တွင် ထောင်ဒဏ် ၅ နှစ် တိုးကာ စစ်ခွေးတိုက်သို့ အပို့ခံရသည်။ အာဏာပိုင် များ၏ ရိုက်နှက် ညှဉ်းပန်းခြင်း ကိုလည်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမျိုးသား ညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံ ပြုချက်ကို ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ အင်အားစု များက လက်မှတ် ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည်။ လောလောဆယ် အရေး အကြီးဆုံး အလုပ် ၂ ခုကို လုပ်ရန် လိုအပ်ကြောင်း တိုက်တွန်း ခဲ့သည်။ တခုမှာ ပါတီ ပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင် ပြောင်းလဲရေး (NC Reform) တို့ ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီး ပါသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်း ဖိနှိပ် ညှဉ်းပန်းမှုများ၊ ရဲဘက် စခန်း များ၏ ငရဲခန်းများ၊ လက်ရှိ မြန်မာ နိုင်ငံ အခြေအနေတို့ ပါဝင်သော ၈၃ မျက်နှာပါ 'ထောင်တွင်း လူ့အခွင်းအရေး ချိုးဖောက်မှုများ ဆိုင်ရာ အစီရင်ခံစာ' ကို ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ယိုဇိုယိုကိုတာ ထံသို့ လျှို့ဝှက် စာရေးသား ပေးပို့ ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅ (ည) ဖြင့် ထပ်တိုး ထောင်ဒဏ် ၇ နှစ် ချမှတ် ခံရ ပြန်သည်။

ဦးဝင်းတင်သည် ထောင်တွင်းတွင် 'ထ' လေးလုံး ပေါ်လစီ ကိုလည်း ချမှတ် လမ်းညွှန်မှု ပေးခဲ့ ပေသည်။ 'ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်' ဆိုသည့် ပေါ်လစီပင် ဖြစ်သည်။

ဦးဝင်းတင် အကျဉ်းထောင် ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ် တွင်ပင် ကမ္ဘာ့ သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိ ခဲ့သည်။ ၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား "ဝင်းတင် လမ်း" ဟု အမည် ပေးထားသည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက် အတွင်း ချုပ်နှောင် ခံနေရစဉ် ဘဝတူ နိုင်ငံရေး အကျဉ်းသား များကို ဦးဝင်းတင်က သူ့ ခံယူချက်နှင့် ပတ်သက်ပြီး "မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆ ထားရမယ်။ အာဏာရှင်ကို ပလ္လပေါ်က ဆွဲချတဲ့ အခါ အဆင် မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန် မကျေရင် နောက်လာမယ့် မျိုးဆက် တွေက ကျနော်တို့ကို အပြစ် တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက် လာမယ့် လူငယ် မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရား မျှတမှု အတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာ လောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျနော်တို့ ကိုယ်တိုင် အလံ မလှဲစတမ်း စွန့်လွှတ် စွန့်စား ပြနိုင်မှ နောက် လူငယ် မျိုးဆက် ကလည်း ဒီအလံကို ဆက်လက် စွဲကိုင် ချီတက် ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲ ဆုပ်ကိုင် ထားကြဖို့ လိုပါတယ်" ဟု ပြောကြား ခဲ့သည်။

ဦးဝင်းတင်နှင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက အကျဉ်းထောင် အတွင်း တွေ့ဆုံခွင့် ရခဲ့သူ မြန်မာ နိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူး လေ့လာ စောင့်ကြည့်သူ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင် ကဲ့သို့ တိုင်းပြည်၏ နား မျက်စိ ဖြစ်သော သတင်းစာ ဆရာကြီး တဦးကို ဆယ်စုနှစ် တခုခွဲ ကြာသည် အထိ စစ်အာဏာပိုင် တို့့က အငြိုး တကြီး ထောင်သွင်း ချုပ်နှောင် ထားသည်ကို သူ့ အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင် တဦးတည်း တိုက်ပိတ် ခံထားရ သဖြင့် သူ့ မှတ်ဉာဏ်များ ချွတ်ယွင်း မသွား စေရန် သမံ တလင်းနှင့် နံရံ များပေါ်တွင် စာများ ရေးလိုက် ဖတ်လိုက် လုပ်နေရ ပုံကို တွေ့ရှိ ခဲ့ရ၍ သူ လွန်စွာ စိတ် ထိခိုက် ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်း ဖမ်းဆီး ထားသော အကျဉ်းသား များကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည် လွတ်မြောက် လာနိုးဖြင့် သူ့ကို လေးစား ချစ်ခင် သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး စာပေ အသိုင်းအဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာ ဆရာမကြီး လည်းဖြစ်၊ စာရေး ဆရာမကြီး လည်းဖြစ်တဲ့ လူထု ဒေါ်အမာ ပြောပြ ခဲ့သည်မှာ၊ "အမေ ကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင် ကတည်းက တွက်ထား ပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက် တာပါပဲ။ နောက်တာ့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့ စာရင်း ထဲမှာ ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေ မိတာ ပေါ့ကွယ်။ ဟုတ်တယ် မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျတော့လည်း လွတ် မလာဘူး။ အမေ့ စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလိုလဲ မကောင်း အိပ်လိုလဲ မကောင်းနဲ့ အတော် နေမကောင်း ဖြစ်သွား ရတယ်။"

၂ဝဝ၇ မတ်လ ၁၂ ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေး ခံယူချက်များ မပြောင်းလဲ သေးကြောင်း သူ့အား ထောင်ဝင် သွားတွေ့သူ ဦးမောင်မောင်ခင် ကတဆင့် "သူဟာ ၁၂ ရက်နေ့ ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့ အချိန်မှာ ငါ့ သဘောထားကို ပြောပြ ချင်တယ် ကွာတဲ့၊ လူတွေ ကလည်း သိချင်မှာ ပေါ့တဲ့၊ အဲဒါ ဘာလဲ ဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည် ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့ မသွား ပါဘူး၊ ဒီအတိုင်း ပါပဲတဲ့။ အဲဒါကတော့ သုံးခု ပေါ့ဗျာ၊ တခု ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော် ခေါ်ပေးရေး၊ သုံးက တွေ့ဆုံ ဆွေးနွေးရေး၊ ဒီဟာက လွဲလို့ ငါဘာမှ ကိုင်စွဲ ထားတာ မရှိပါ ဘူးတဲ့၊ ဒီဟာတွေ ကိုင်စွဲ ထားတဲ့ အတွက် ငါ့ကို မလွှတ်လည်း အရေး မကြီးပါ ဘူးတဲ့။" ဟု ပြောကြား ခဲ့သည်။ ၂၀၀၈ စက်တင်ဘာ ၂၃ တွင် စစ်အာဏာပိုင်များက အကျဉ်းထောင်က လွှတ်ပေးလိုက်သည်။ ဦး၀င်းတင်အဆိုအရ သူ့ကို နေအိမ်သို့ ထောင်အာဏာပိုင်များက အတင်းအကြပ် ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

ကွယ်လွန်ခြင်း[ပြင်​ဆင်​ရန်​]

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သည် အသက် ၈၅ နှစ်အရွယ်တွင် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။

ဦးဝင်းတင်သည် ကျန်းမာရေး ချွတ်ယွင်းလာမှုကြောင့် မတ်လ ၁၂ ရက်တွင် ရန်ကုန်မြို့ လမ်းမတော် မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံတွင် ၁၅ ရက်ကြာ တက်ရောက်ပြီးနောက် ဝိတိုရိယ ဆေးရုံသို့ ပြောင်းရွေ့ခဲ့ရသည်။ ထို့နောက် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံ ပြောင်းရွှေ့ကုသရသည်။ ဆေးရုံတက်ချိန် ၁ လကျော် ကြာခဲ့သည်။

ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က “စိုးရိမ်ရပါတယ်၊ တော်တော်စိုးရိမ်ရတဲ့ အနေအထားပါပဲ၊ ဆီးမသွားနိုင်ဘူး။ ကျောက်ကပ်က အလုပ်မလုပ်တော့ စိုးရိမ်ရပါတယ်။ လတ်တလော အခြေအနေကတော့ အချိန်မရွေး ဖောက်နိုင်တာပေါ့။ ကျောက်ကပ်က ဆီးမသွားနိုင်တော့၊ ကျောက်ကပ်ကို ဆေးမလား၊ မဆေးဘူးလားဆိုတာကို ဆရာဝန်ကြီးတွေ တိုင်ပင်နေတာ” ဟု ပြောဆိုခဲ့သည်။[၂]

ရေးသားပြုစုခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  • ကွိ (ဘာသာပြန်)၊ ၁၉၇၅ မတ်လ။
  • ဥတ္တရ အလင်း (ဘာသာပြန်)
  • ကမ္ဘာနီတွင် တဒဂ (ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း)
  • အလှ ရှာပုံတော် (ပန်းချီ အကြောင်း)
  • ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]

http://www.burma-center.org/8888/detail.php?language=english&id=46&page=2&order=&search=

http://books.google.com.mm/books?id=ztJgkXwCNDsC&pg=PA408&lpg=PA408&dq=Hanthawaddy+U+Win+Tin&source=bl&ots=siWxEORAjO&sig=ghCuGTRd4qzkJVXlvZglFGwCL-Y&hl=en&sa=X&ei=z7VUU8msCcnJrAeQjYCICA&ved=0CGgQ6AEwDQ#v=onepage&q=Hanthawaddy%20U%20Win%20Tin&f=false

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.youtube.com/watch?v=_mfVIjHBBrA
  2. http://burma.irrawaddy.org/news/2014/04/18/57627.html

ရည်ညွှန်း[ပြင်​ဆင်​ရန်​]

  1. မိုးမခမီဒီယာ။
  2. ဦးဝင်းတင်၏ အတ္ထုပ္ပတ္တိ - မောင်စွမ်းရည်၊ အာဟာရ စာစောင် အမှတ်စဉ် - ၇၃၊ မတ်လ ၁၁ ရက်၊ ၂ဝဝရ ခု။
  3. ဦးဝင်းတင်၏ (၇၅) နှစ်မြောက် မွေးနေ့ စိန်ရတု အခမ်းအနား ဖိတ်ကြားလွှာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ။
  4. မြန်မာပြည်က လာတဲ့စာ အမှတ် ၂ဝ - ဒေါ်အောင်ဆန်းစုကြည်။
  5. စစ်အာဏာရှင်များအား ခြောက်ချားစေသူ - ဇင်လင်း၊ မတ် ၇ ၂ဝဝ၆၊ ဧရာဝတီ အင်တာနက် မဂ္ဂဇင်း။
  6. လွတ်လပ်တဲ့ အာရှ အသံ (RFA) ၂ဝဝရ၊ ၃၊ ၁၂ ရက်နေ့ အသံလွှင့် သတင်း။
  7. ရွေးကောက်ပွဲ (၁၇) နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် ဒီဗွီဘီ အသံလွှင် အစီအစဉ်၊ ၂ ၊ မေ ၊ ၂ဝဝရ။
  8. ဟံသာဝတီ ဦးဝင်းတင် ထောင်သက် (၁၆) နှစ်၊ မောင်စွမ်းရည်၊ ၄၊ ဇူလိုင်၊ ၂ဝဝ၅၊ မိုးမခ ကွန်ရက် စာမျက်နှာ။
  9. မြန်မာ အိုင်အက်စ်ပီ ဝက်ဘ်ဆိုက်