မြန်မာ့ မီးရထား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာ့ မီးရထား

Myanma Railway.svg
Myanmar Railways' network map.jpgမြန်မာ့မီးရထားလမ်း ကွန်ရက်ပုံ
နေရာ Flag of Myanmar.png မြန်မာနိုင်ငံ
စတင်သည့်နေ့ ၁၈၉၆ခုနှစ်-ယနေ့တိုင်
ယခင်အခြေအနေ ဧရာဝတီတောင်ကြားဒေသမီးရထားလမ်း၊ စစ်တောင်းတောင်ကြားဒေသမီးရထားလမ်း၊မူး တောင်ကြားဒေသမီးရထားလမ်း
သံလမ်းအကျယ် ၁၀၀၀ mm (၃ ft ၃ ၃⁄၈ in),မီတာဂေ့ချ် Metre gauge
အရှည် ၅၄၀၃ ကီလိုမီတာ(၃၃၅၇ မိုင်)(၂၀၁၀)
ဗဟိုဌာနချုပ် ရန်ကုန်မြို့
ဝက်ဆိုဒ် http://www.myanmarailways1877.com

မြန်မာ့ မီးရထားပို့ဆောင်ရေးသည် ယခုအခါနိုင်ငံတစ်ကာနှင့် ယှဉ်ပါက အလွန်မှ နွမ်းပါးလှသော မီးရထား ပို့ဆောင်ရေးတစ်ခုဖြစ်သည်။အိမ်နီးချင်း ထိုင်းနိုင်ငံကိုပင် ယှဉ်ပြိုင်၍ မရနိုင်အောင် နိုမ့်ပါးလွန်းသည်။ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှ၌ အိန္ဒိယပြီးလျှင် အစောဆုံးဟု ဆိုရပေမည်။ မြန်မာ့မီးရထားသည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ခုနှစ်တွင်(၁၃၇)နှစ် ရှိခဲ့ပြီးဖြစ်သည်။[၁] အရှေ့တောင်အာရှနိုင်ငံ ရထားလုပ်ငန်းများတွင် သက်တမ်းရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိပါသည်။

မာတိကာ

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရထားလမ်းဖောက်လုပ်ရန် စေ့ဆော်ပေးသည့် အခြေအနေများ[ပြင်​ဆင်​ရန်​]

၁၈၅၂ ခုနှစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အကျိုးအမြတ် ရရှိနိုင်ရန် ဆန်စပါး၊ ကျွန်းသစ်၊ ရာဘာနှင့် သယံဇာတ သတ္တုပစ္စည်းများကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ သွင်းကုန်များကို တင်သွင်း၍ ရောင်းချခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄.၂ သိန်းထိ တင်ပို့ခဲ့ရာတွင် အရပ်ရပ်မှ ဆန်စပါးများ စုစည်းရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားနေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် စဉ်းစားခဲ့ပါသည်။ တောင်ငူ၌ စပါးတင်း (၁၀၀) လျှင် ရူပီးငွေ (၃၅)ကျပ် ဈေးသာ ရှိနေချိန်တွင် ရန်ကုန်၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၉၅)ကျပ်ရှိနေခဲ့ရာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ စေရေးအတွက် လမ်းများကိုစတင်ဖောက်လုပ်ခဲ့ပါသည်။ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မြေလမ်း (၈၁၅)မိုင် ကို ဖောက်လုပ်ခဲ့ပြီး ယင်းအနက် ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်း (၂၉၂)မိုင် ပါဝင်ကြောင်း သိရသည်။ အကယ်၍ မီးရထားလမ်းဖောက်လုပ် သယ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပြီး၊ သင်္ဘောတင်ရန် လုံလောက်သည့် ဆန်များကိုလည်း အချိန်တိုအတွင်း စုစည်းနိုင်မည်ဖြစ်ရာ ရထား လမ်းဖောက်လုပ်ရန် စဉ်းစားလာတော့သည်။

အခြားရှုထောင့်များ[ပြင်​ဆင်​ရန်​]

စီးပွားရေးရှုထောင့်အမြင်သာမက ရထားလမ်း ဖောက်လုပ်ပြေးဆွဲခြင်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားများ အထင်ကြီး အားကျလာစေရေး၊ သူ့ကျွန်မခံလိုသော တော်လှန်ရေး အင်အားစုများကို ပြည်သူတို့ထောက်ခံမှု ကျဆင်းစေရေး စသည့် နိုင်ငံရေးအမြင်ရှုထောင့်နှင့် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်နိုင်ပါက ပြည်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်ရာ ယင်းတို့သော အခြေအနေကြုံတွေ့ရပါက ဗြိတိသျှတပ်များနှင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းများကို ဖြည့်တင်းနိုင်ရေး ဟူသော စစ်ရေးအမြင် ရှိသည့်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် စဉ်းစားတော့သည်။ ရထားလမ်း ဖောက်လုပ်ရန်အတွက် ၁၈၆၈ ခုနှစ်တွင် လမ်းအူကြောင်း ပုံစံနှင့် တကွ ကုန်ကျစရိတ်များကိုပါ တွက်ချက်၍ အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး Sir Ashley Eden က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့ရာ ၁၈၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရမှ လက်ခံသဖြင့် အထူးလုပ်ငန်းတစ်ရပ်အဖြစ် ချက်ချင်း စတင်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကိုလည်း အထူးရန်ပုံငွေမှ ကျခံသုံးစွဲရန် ခွင့်ပြုခဲ့သည်။

ရထားလမ်းစတင်ဖောက်လုပ်ခြင်း[ပြင်​ဆင်​ရန်​]

ရန်ကုန်-ပြည် ရထားလမ်း စတင်ဖောက်လုပ်ရာတွင် မီတာဂေ့ချ် (သံလမ်းနှစ်ခုကြား တစ်မီတာအကျယ်ရှိ) ရထားလမ်းကို ဖောက်လုပ်ခဲ့ပါသည်။ ရထားလမ်း ဖောက်လုပ်ရာတွင် အခကြေးငွေပေါပေါနှင့် လုပ်ကိုင်နိုင်ကြသော ကုလားလူမျိုးလုပ်သား အများအပြား အသုံးပြုခဲ့ပြီး သုံးနှစ်ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ၁၈၇၇ ခုနှစ်တွင် ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ပိုင်ဆိုင်ပြေးဆွဲခဲ့ပါသည်။ ကမ္ဘာ့ပထမဆုံး မီးရထားလမ်းဖြစ်သည့် ဗြိတိန်ရှိ ဒါလင်တန် (Darlington) နှင့် စတော့တန် (Stockton) ရထားလမ်း ဖွင့်လှစ်ပြီးနောက် (၅၂)နှစ် အကြာတွင် လည်းကောင်း အိန္ဒိယနိုင်ငံတွင် ရထား စတင်ပြေးဆွဲပြီးနောက် (၂၄)နှစ် အကြာတွင် လည်းကောင်း မြန်မာနိုင်ငံ၌ ရထားကို စတင်ပြေးဆွဲနိုင်ခြင်း ဖြစ်ပါသည်။

ရထားလုပ်ငန်းမှ အမြတ်ကောင်းစွာ ရရှိနိုင်သည်ကို တွေ့မြင်ပြီးနောက် ရန်ကုန်မှ တောင်ငူသို့ ရထားလမ်းဖောက်လုပ်ရန် ၁၈၈၁ ခုနှစ်တွင် ဆုံးဖြတ်ပြီး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဗြိတိသျှတို့ ဒုတိယ ဆက်လက် ဖောက်လုပ်ခဲ့သော လမ်းမကြီးမှာ ရန်ကုန်မှ တောင်ငူသို့ဖြစ်ပြီး၊ ရထားလမ်း အရှည်မှာ ၁၆၆ မိုင်ဖြစ်ပါသည်။ (၉၃)မိုင်အရှည်ရှိ ရန်ကုန် - ညောင်လေးပင်လမ်းပိုင်းကို ၁၈၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊ (၇၃)မိုင်အရှည်ရှိ ညောင်လေးပင် - တောင်ငူလမ်းပိုင်းကို ၁၈၈၅ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။

ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရထားလမ်းများ ဆက်လက် ဖောက်လုပ်ခဲ့ရာ (၅၉)မိုင် အရှည်ရှိ တောင်ငူ - ပျဉ်းမနားလမ်းပိုင်းကို ၁၈၈၈ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် လည်းကောင်း၊ (၄၉.၅၁) မိုင်အရှည်ရှိ ပျဉ်းမနား - ရမည်းသင်းလမ်းပိုင်းကို ၁၈၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ (၁၁၁)မိုင် အရှည်ရှိ ရမည်းသင်း - မန္တလေးလမ်းပိုင်းကို ၁၈၈၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။ ရထားလမ်းများ ဆက်လက်ဖောက်လုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံမှ ဗြိတသျှတို့ မဆုတ်ခွာမီ ၁၉၄၀-၄၁ ခုနှစ်အထိ ရထားလမ်း သံလမ်းမိုင် (၂၈၅၂)မိုင် ဖောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။

ဗြိတိသျှခေတ် အုပ်ချုပ်ရေးအဖွဲ့များ[ပြင်​ဆင်​ရန်​]

စစ်ကြီးမဖြစ်ပွားမီ နောက်ဆုံးအချိန် ၁၉၄၀-၄၁ ခုနှစ်၌ ရထားဝန်ထမ်း စုစုပေါင်း (၂၁၉၀၁) ယောက် ရှိသည့် အနက် ဝန်ထမ်းခန့်ထားမှုကိုကြည်လျှင် အရာထမ်း ရာထူးများတွင် (၆၂) ရာခိုင်နှုန်းမှာ ဥရောပတိုက်သား၊ (၁၅) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြား၊ (၁၆) ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများနှင့် ကျန် (၇)ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများ ဖြစ်ကြကြောင်း၊ အမှုထမ်း ရာထူးများတွင် (၀.၁)ရာခိုင်နှုန်းမှာ ဥရောပတိုက်သားများ၊ (၂.၆) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများ၊ (၂၁.၁)ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများ၊ (၇၄.၈) ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများနှင့် (၁.၄)ရာခိုင်နှုန်းမှာ အခြားလူမျိုးများ ဖြစ်ကြကြောင်း သိရပါသည်။

စစ်အတွင်း မီးရထား[ပြင်​ဆင်​ရန်​]

၁၉၄၂ ခုနှစ်၊ ဗြိတိသျှတို့ ဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်များ ဝင်ရောက် လာသည့် ချိန်မှစ၍ မီးရထားဌာနကို ဂျပန်တို့က ဦးစီးအုပ်ချုပ်ခဲ့ပါသည်။ စစ်ဖြစ်နေသည့်အလျောက် စနစ်တကျ မလုပ်နိုင်ဘဲ ရထားများ ပြေးဆွဲနိုင်ရုံသာ အဓိကထား၍ လုပ်ဆောင်ခဲ့ကြပါသည်။ ဥရောပ တိုက်သားများနှင့် အင်္ဂလိပ်-မြန်မာ ကပြားဝန်ထမ်း ရာခိုင်နှုန်း တော်တော်များများသည် အင်္ဂလိပ်တို့နှင့်အတူ အိန္ဒိယသို့ ထွက်ခွာသွားကြသဖြင့် ၎င်းတို့နေရာများတွင် ဂျပန်နှင့်မြန်မာလူမျိုးများက ဝင်ရောက် တာဝန်ယူ လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် ရုံပိုင်၊ ဂါတ်ဗိုလ်၊ စက်ခေါင်းမောင်း စသည့် အရာထမ်းမဟုတ်သည့် ရာထူးများတွင်မူ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများက ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။

စစ်အတွင်းတွင်မူ မီးရထားဌာန၏ အလုပ်ရုံများ၊ စက်ခေါင်းရုံများ၊ တံတားများ၊ ယာဒ်ဝင်းများ၊ ဘူတာရုံများ နှင့် နေအိမ်များ၊ အချက်ပြအမှတ်အသားများ၊ စက်ခေါင်းများ၊ လူစီးတွဲများနှင့် ကုန်တွဲများမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ကြသည်။ ဖျက်ဆီးခြင်းခံရသည့် တံတားကြီးများတွင် အင်းဝတံတားဂုတ်ထိပ်တံတားစစ်တောင်းတံတားငဝန်တံတား၊ မြစ်ငယ်တံတား၊ သင်္ဃန်းကျွန်းတံတားတို့ ပါဝင်ကြပြီး၊ စက်ခေါင်း ပေါင်း (၃၆၂)လုံး အနက် အလုံး (၃၀၀)၊ လူစီးတွဲပေါင်း (၁၅၃၆)တွဲအနက် (၉၅၇)တွဲ၊ ကုန်တွဲပေါင်း (၉၀၂၁)တွဲ အနက် (၇၁၉၇)တွဲမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။

မြန်မာ-ယိုးဒယား မီးရထားလမ်း[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ဂျပန်တို့သည် မြန်မာနိုင်ငံ၊ သံဖြူဇရပ်မှ ယိုးဒယားနယ်စပ်ရှိ ဘုရားသုံးဆူ တောင်ကြားလမ်းကိုဖြတ်၍ ယိုးဒယားနိုင်ငံ၊ ဘန်ပေါင်း (Ban Pong) ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်းသို့ ဆက်သွယ်နိုင်မည် မီးရထားလမ်း တစ်လမ်းကို ဖောက်လုပ်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မော်လမြိုင်မြို့မှ ယိုးဒယားကိုဖြတ်၍ တောင်ပိုင်း အင်ဒိုချိုင်းနားသို့ ရထားများ ခုတ်မောင်းရန်၊ ယိုးဒယားနှင့် မလေးရှားမှ ပစ္စည်းများကို မြန်မာနိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံမှ ပစ္စည်းများကို ထိုတိုင်းပြည်များသို့ လည်းကောင်း ရထားဖြင့် တွင်ကျယ်စွာ သယ်ယူ ပို့ဆောင်ပေးနိုင်ရေးပင်ဖြစ်ပါသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း(၂၈၅၂)မိုင်ရှိသည့်အနက် ဂျပန်တို့က သံလမ်းမိုင်(၃၀၀) ခန့်ကိုဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်းမိုင် (၁၅၀)မိုင်ခန့်ကို ရန်ကုန်နှင့် တောင်ငူအကြား ဒွေးလမ်းမှလည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး-မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်းပိုင်းများမှလည်းကောင်း ဖြုတ်ယူအသုံးပြုခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ မီးရထားသမိုင်းတွင် ချွေးတပ်သား အများဆုံးသုံးခဲ့ပြီး၊ လူ့အသက်ပေါင်းများစွာကို စတေး၍ ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သဖြင့် သေမင်းတမန် ရထားလမ်းမကြီးဟု အမည်တွင်ခဲ့ပါသည်။

စစ်ပြီးခေတ် မြန်မာ့မီးရထား[ပြင်​ဆင်​ရန်​]

ဂျပန်များကို မြန်မာနိုင်ငံအတွင်းမှ မတိုက်ထုတ်နိုင်မီကာလကပင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ချိန်တွင် ရထားပြေးဆွဲရေးဆောင်ရွက်နိုင်မည့် (၅)နှစ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ပါသည်။ စစ်ပြီးလျင်ပြီးချင်း ၁၉၄၅ ခုနှစ်တွင် မပျက်မစီးကျန်ရှိခဲ့သော သံလမ်း (၆၇၄)မိုင်နှင့် ဗြိတိသှျအမှတ်(၁၂) တပ်မတော်မှ ပြန်လည်ပြုပြင် ခင်းကျင်းခဲ့သော ခရီးမိုင် (၂၇)မိုင် စုစုပေါင်း (၇၀၁)မိုင်တွင် ရထားများ စတင် ပြေးဆွဲခဲ့ပါသည်။

လွတ်လပ်ရေးရပြီးခေတ်[ပြင်​ဆင်​ရန်​]

စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နေစဉ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပါသည်။ လွတ်လပ်ရေးရရှိချိန်တွင် ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီက ရှိသည့် သံလမ်းမိုင်အားလုံးနီးပါးမှာ ပြန်လည်ပြင်ဆင်မွမ်းမံ၍ တံတားကြီးပေါင်း (၄၀)ကိုလည်း အခိုင်အခန့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးဖြစ်ပါသည်။ ဘူတာရုံအများအပြားကိုလည်း ပြန်လည် တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စက်ခေါင်း (၈၄)ခေါင်းသာ ကျန်ရှိရာမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန် ၁၉၄၈ ခုနှစ်ဦးတွင် စက်ခေါင်း (၂၅၅)ခေါင်းအထိ တိုးတက်လာခဲ့ပါသည်။ လူစီးတွဲ၊ ကုန်တွဲများ ပြန်လည်ပြုပြင်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ဘူတာရုံ၊ ဆက်သွယ်ရေး အချက်ပြ စနစ်များလည်း စစ်ကြို ခေတ်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

သောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်း[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး များမကြာမီအချိန်တွင် ပြည်တွင်းဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ပါသည်။ သောင်းကျန်းသူတို့၏ အဓိကလုပ်ငန်းမှာ အဖျက်လုပ်ငန်းဖြစ်ရာ လမ်းပမ်း ဆက်သွယ်ရေးလုပ်ငန်းတွင် အဓိကတာဝန်ယူ လုပ်ဆောင်ပေးနေရသော မီးရထားလုပ်ငန်းမှာ သောင်းကျန်းသူတို့၏ အဓိကပစ်မှတ်ကြီး ဖြစ်ခဲ့ရပါသည်။ တံတားများ၊ ရထားများကို မိုင်းဗုံးထောင်ခြင်း၊ သံလမ်းများကို ဖျက်ဆီးဖြုတ်ပစ်ခြင်း၊ ဘူတာရုံများကို ဖျက်ဆီးမီးရှို့ခြင်း၊ ဝင်ရောက်လုယက်ခြင်း၊ အချက်ပြနှင့် ကြေးနန်းလုပ်ငန်းများကို ဖျက်ဆီးပစ်ခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လုပ်သားများကို သတ်ပစ်ခြင်း စသော အဖျက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ရာ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်လျက်ရှိသော မီးရထားလုပ်ငန်းကြီးအတွက် များစွာ ထိခိုက်နစ်နာခဲ့ရပါသည်။ ပြည်တွင်းဆူပူ သောင်းကျန်းမှုများကြောင့် ၁၉၄၈ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် ရထားများ ပြေးဆွဲမှုကို ရပ်နားထားခဲ့ရပါသည်။ ထိုအချိန်က သောင်းကျန်းသူများ အင်အားနည်းပါးသည့် ရန်ကုန်နှင့် ဝါးနက်ချောင်းကြား၊ ပဲခူးနှင့် ဒိုက်ဦးကြား၊ သာစည်နှင့် မိတ္ထီလာကြား၊ သာစည်နှင့် ရမည်းသင်းကြား၊ မန္တလေးနှင့် ကျောက်ဆည်ကြား၊ မန္တလေးနှင့် အမရပူရ ဆိပ်ကမ်းကြား၊ မန္တလေးနှင့် နောင်ချိုကြား၊ သထုံနှင့် မုတ္တမကြား၊ မြစ်ကြီးနားနှင့် ကောလင်းကြား၊ နဘားနှင့် ကသာကြား၊ ရွှေဘိုနှင့် မဒေါင်းလှကြားတို့တွင်သာလျှင် အပိုင်းလိုက် ခရီးတိုရထားများ ပြေးဆွဲပေးနိုင်ခဲ့ပါသည်။ သောင်းကျန်းမှု အရှိန်အဟုန်မြင့်မားပြီး၊ ရန်ကုန်အစိုးရဟု ခေါ်တွင်နေချိန်တွင်မူ ရန်ကုန်-ကြည့်မြင်တိုင်နှင့် ရန်ကုန်-ဒါးပိန်ကြားတွင်သာ ရထားများ ပြေးဆွဲပေးနိုင်ခဲ့ပါသည်။

နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ သောင်းကျန်းသူများကို တစ်စတစ်စ ဖြိုခွင်း တိုက်ခိုက်နိုင်ခဲ့သည်နှင့် အမျှရထားများ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ပါသည်။ ၁၉၅၂-၅၃ ခုနှစ်ကုန်တွင် အလုံလမ်းခွဲနှင့် တောင်တွင်းကြီး လမ်းခွဲမှအပ အခြားလမ်းများတွင် ရထားများကို မူလ အခြေအနေအတိုင်း ပြန်လည် ပြေးဆွဲပေးနိုင်ခဲ့ပါသည်။ သို့သော် ပြေးဆွဲပေးသော ရထားများတွင် သံချပ်ကာတွဲများဖြင့်အစောင့်များ ထည့်ပေးရခြင်း၊ ရှေ့ပြေးသံချပ်ကာ ရထားများဖြင့် စောင့်ရှောက်ပေးရခြင်းများကြောင့် ရထားများ သွားလာခုတ်မောင်းရာတွင် ခရီးတွင်ကျယ်မှု မရှိသည့်အပြင် စရိတ်လည်း ပိုမိုကုန်ကျခဲ့ရပါသည်။

ဒီဇယ်စက်ခေါင်းများ အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် စစ်ကြိုခေတ်နှင့် စစ်အတွင်းက ကျန်ရှိခဲ့သည့် ရေနွေးငွေ့ စက်ခေါင်းများကို ဆက်လက်သုံးစွဲခဲ့ရပါသည်။ ယင်းစက်ခေါင်းဟောင်းကြီးများမှာ ဆွဲအားကျလျက် မကြာခဏ ပျက်စီး ချို့ယွင်းလာသည့်အလျောက် ရထားများ တွင်ကျယ်စွာ ခုတ်မောင်းရေးကို ထိခိုက်လာသဖြင့် စက်ခေါင်းသစ်များ မှာယူရေးကို စဉ်းစားခဲ့ပါသည်။ ပထမဆုံးအနေဖြင့် ပြင်သစ်နိုင်ငံ၊ အယ်စသွန် (Alsthom) ကုမ္ပဏီမှ ဒီဇယ် လျှပ်စစ်စက်ခေါင်း (၆)ခေါင်းကို ဝယ်ယူခဲ့ပြီး၊ ရန်ကုန်-လက်ပံတန်း-ပြည်၊ ရန်ကုန်-မုတ္တမနှင့် ရန်ကုန်-မန္တလေးအကြား ပြေးဆွဲနေသော အမြန်လူစီးရထားများတွင် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှ စတင် အသုံးပြုခဲ့ပါသည်။ နောက်ပိုင်းတွင် လုပ်ငန်းလိုအပ်ချက်နှင့် ဘဏ္ဍာငွေအကူအညီရရှိမှု အခြေအနေအရ ပြင်သစ်၊ ဂျာမဏီ (ယခင်အနောက်ဂျာမဏီ)၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ဒီဇယ်စက်ခေါင်းများ ဝယ်ယူခဲ့ပါ သည်။ ၂၀၀၈ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ့မီးရထားတွင် ဒီဇယ်စက်ခေါင်း (၃၄၅) လုံးရှိနေပြီဖြစ်ပါသည်။

သမိုင်းကြောင်း အချက်အလက်များ[၁][ပြင်​ဆင်​ရန်​]

  • ၁.၅.၁၈၇၇ ရက်နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရထားလမ်းကို စတင် ဖွင့်လှစ်ခဲ့သည်။
  • ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railway သည် Burma Railway Co.Ltd; သို့ ရထားသွားလာမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်းခဲ့သည်။ ငှားရမ်းခကာလ ကုန်ဆုံးသည့် ၃၁.၁၂.၁၉၂၈ ရက်နေ့မှစ၍ Indian Railway Board လက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။
  • ၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့်အညီ မြန်မာနိုင်ငံအစိုးရသည် Burma Railway Board ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
  • ၁၉၄၂ ခုနှစ်တွင် British Governor သည် Burma Railway Board ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား Chief Railway Commissioner သို့ လွှဲပြောင်းပေးခဲ့သည်။
  • ၄.၁.၁၉၄၈ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် ငွေစာရင်းမင်းကြီးအား (Financial Commissioner, Lands and Rural Development) Railway Board ၏ ဥက္ကဋ္ဌ (Chairman)အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။
  • ၁.၁၂.၁၉၅၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေ ပြဌာန်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အား ဖွဲ့စည်း၍ အချိန်ပြည့် ဥက္ကဋ္ဌကို ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌသည် Chief Executive Officer တာဝန်ကိုပါ ထမ်းဆောင်ရသည်။
  • ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ်စေခဲ့သည်။
  • ၁၈.၈.၁၉၈၈ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁.၄.၁၉၈၉ ရက်နေ့တွင် မြန်မာ့မီးရထားဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း[ပြင်​ဆင်​ရန်​]

ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူအများ ဆက်သွယ်သွားလာရာ၌ လွယ်ကူသက်သာစေရန်၊ ရန်ကုန်မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီကပင် ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသဖြင့် ထိုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါ။ အိမ်စောင့်အစိုးရ လက်ထက်မှသာ မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်း စတင်၍ ၁၉၅၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ပြီးစီးခဲ့သည်။

ယနေ့ခေတ်မြန်မာ့မီးရထား[ပြင်​ဆင်​ရန်​]

၄င်းနောက် အစိုးရအဆက်ဆက် မှ ရထားလမ်းများကို ဆက်လက်ဖောက်လုပ်ခဲ့ရာ ၁၉၈၈ခုနှစ် မတိုင်မီ ရထားသံလမ်းမိုင် (၂၇၉၃)မိုင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလအထိ ရထားသံလမ်းမိုင် (၄၂၈၈)မိုင် အထိ ဖောက်လုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ရထားလမ်းသစ်များကိုလည်း National Railway Network အဖြစ် စီမံကိန်းချမှတ်၍ တိုးချဲ့ ဖောက်လုပ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် မြန်မာ့မီးရထားကို အရာထမ်း (၄၃၁) ဦးနှင့် အမှုထမ်း (၃၁၄၆၉)ဦး၊ စုစုပေါင်း (၃၁၉၀၀) ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်၍ စီမံခန့်ခွဲရေးအဖွဲ့ဝင် အထွေထွေ မန်နေဂျာ (၁၃) ဦးဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။[၂] [၃]
အောက်ပါဇယားမှာ ယနေ့ ပြေးဆွဲနေသော မြန်မာမီးရထား ခရီးစဉ်များ ဖြစ်သည်။

အောက် မြန်မာပြည်[ပြင်​ဆင်​ရန်​]

ရန်ကုန်မီးရထား ဗဟိုဌာန
လမ်းပိုင်း ခရီးစဉ် မှတ်ချက်
ရန်ကုန်-မန္တလေး ရန်ကုန်-ပဲခူး-နေပြည်တော်-သာစည်-မန္တလေး အထူးမြန် ရထားသည် ပဲခူးမြို့တွင် မဆိုက်ကပ်ချေ။
ရန်ကုန်-မော်လမြိုင် ရန်ကုန်-ပဲခူး-သိမ်ဇရပ်-ကျိုက်ထို-သထုံ-မုတ္တမ-မော်လမြိုင်
ရန်ကုန်-ပုဂံ ရန်ကုန်-တောင်ငူ-လယ်ဝေး-တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ပုဂံ
ရန်ကုန်-အောင်လံ-ပုဂံ ရန်ကုန်-လက်ပံတန်း-ပေါင်းတည်-အောင်လံ-ကျောက်ပန်းတောင်း-ပုဂံ
ရန်ကုန်-ပြည် ရန်ကုန်-ပြည်
မော်လမြိုင်-ထားဝယ် မော်လမြိုင်-ရေး-ထားဝယ်

အထက်မြန်မာပြည်[ပြင်​ဆင်​ရန်​]

မန္တလေး မီးရထား ဗဟိုဌာန
လမ်းပိုင်း ခရီးစဉ် မှတ်ချက်
မန္တလေး-မြစ်ကြီးနား မန္တလေး-စစ်ကိုင်း-ရွှေဘို-မန္တလေး
မန္တလေး-လားရှိုး မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ-ရွှေဘို-လားရှိုး
မန္တလေး-သာစည် မန္တလေး-သီပေါ-Dahuttaw-ဟန်ဇာ-Ywapale-သာစည်
မုံရွာ-ပခုက္ကူ မုံရွာ-ခင်နု-မန္တလေး-ပခုက္ကူ

ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

မြန်မာ့မီးရထား၏ လက်အောက်ရှိ ဌာနခွဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ မြန်မာ့မီးရထားအကြောင်း. Myanma Railways. Retrieved on ၂၀၁၄-၁၀-၂၂
  2. http://www.ministryofrailtransportation.com/myanma_railways.html
  3. http://de.wikipedia.org/w/index.php?title=Myanma_Railways&stable=0&shownotice=1
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။