ဂုတ်ထိပ်တံတား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂုတ်ထိပ်တံတား
Goteik viaduct
Gokteik Viaduct2.jpg
အမည် ဂုတ်ထိပ်တံတား
အခြားအမည်များ Gohteik viaduct
သယ်ဆောင်မှု ရထားလမ်း ၁ လမ်း
ဖြတ်သန်းမှု ဂုတ်ထိပ်စမ်းချောင်း
တည်နေရာ နောင်ချိုမြို့နယ်
ပြုပြင်ထိန်းသိမ်းသူ ဆောက်လုပ်ရေး ဝန်ကြီးဌာန
တံတားဒီဇိုင်း မြင်း​ခုံ​တံတား[၁]
စုစုပေါင်းအရှည် ၆၈၉ မီတာ (၂၂၆၀ ပေ)
အကျယ် ရထားလမ်း ၁ လမ်းစာ
စတင်ဆောက်လုပ်ချိန် ၂၈ ဧပြီ ၁၈၉၉
လုပ်ငန်းပြီးဆုံးချိန် ၁ ဇန်နဝါရီ ၁၉၉၀
ကုန်ကျငွေ ၁​၆​၉​၈​၂​ဝ​ဝ ကျပ်
ဖွင့်လှစ်သည့်နေ့ ၁ ဇန်နဝါရီ ၁၉၉၀
မြေပုံညွှန်း 22°20′35″N 96°51′35″E / 22.34306°N 96.85972°E / 22.34306; 96.85972
ဂုတ်​ထိပ်​တံတား(Photo by-Shiro Shimamura, Keizo Okuma)

မန္တလေး-လားရှိုး​လမ်း၊ နောင်​ချို​ဘူ​တာ​အလွန် (၇)မိုင်​အကွာ​တွင် တည်​ရှိ​သည်။ ၁​၈​၉​၉ ခု​နှစ်​၌ တည်ဆောက်​ပြီး ၁​၉​၀​၀ ခု​နှစ်​တွင် ပြီးစီး​ခဲ့​သည်။ ၁​၉​၀​၃ ခု​နှစ်​ရောက်​မှ စတင်​အသုံးပြု သည်။ ဗြိတိသျှ ကို​လို​နီ​တို့ အခြား မီးရထားလမ်း တံတား​ကြီး​များ​ကဲ့သို့ မြစ်​ချောင်း​များ​ကို ဖြတ်ကျော် တည်ဆောက်​ထား​ခြင်း မဟုတ်​ပေ။ ဂုတ်​တွင်းခေါ် ဒေသ​ကြီး​ရှိ ပေ (၃​၀⁠၀)ကျော် မတ်စောက်​သည့် လျှို​ကြီး​နှစ်​ဘက်​ကို ဖြတ်ကျော် တည်ဆောက်​ထား​ခြင်း ဖြစ်​သည်။ ဂုတ်​တွင်း​ကြီး​ထိပ်​၌ တည်ဆောက်​ထား​၍ ဂုတ်​ထိပ်​တံတား​ဟု ခေါ်​ခြင်း​ဖြစ်​သည်။ ရှမ်း​ဘာသာ​ဖြင့် ငုပ်​ထိပ် ဟု ခေါ်​ရာ​မှ ဂုတ်​ထိပ် ဖြစ်လာ​သည်​ဟု​လည်း​ဆို​သည်။ [၂]

တံတားအချက်အလက်များ[ပြင်​ဆင်​ရန်​]

ဂုတ်​ထိပ်​တံတား​ကြီး​၏ အရှည်​မှာ (၂⁠၂​၆​၀)ပေ ရှိ​သည်။ တံတား​ကြီး အောက်​ခြေ​ရှိ ရေ​မြောင်း​ကလေး​၏ ရေ​မျက်နှာပြင်​မှ တိုင်းတာ​လျှင် ပေ​ပေါင်း (၁⁠၁​၀​၀)မြင့်​သည်။ ထို​တံတား​ကို ဆောက်​လုပ်​ရာ​၌ သံ​နှင့် သံမဏိ​တန်​ချိန် ၄​၃​၁​၁ တန်​နှင့် သံမှို​ပေါင်း တစ်​သန်း(၁​ဝ⁠ဝ​ဝ⁠ဝ​ဝ​ဝ)ကို သုံးစွဲ​ရ​သည်။ ပေ (၁​၂​၀)ရှည်​သော အလျား​ကူး သံ​ဘောင်​ကြီး ၁​၀-ခု၊ ပေ ၆​၀-ရှည်​သော အလျားကူး သံ​ဘောင်​ကြီး ၁​၆-ခု​တို့​ဖြင့် သံမဏိ​တိုင်​ကြီး ၁​၆-တိုင်ပေါ်​၌ ခဲ​ရာ​ခဲ​ဆစ် တည်ဆောက်​ထား​သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရှမ်းပြည်နယ် မြောက်​ပိုင်း သီ​ပေါ​နယ်​တွင် ရှမ်း​ဘာသာ​ဖြင့် ဟို​ကွတ်​ဟုခေါ်​သော​ရွာ​ရှိ​သည်။ ဗြိတိသျှ​တို့​က ရှမ်းပြည်နယ်​၏ အုပ်ချုပ်​ရေး​ကို စီမံ​ခန့်​ခွဲ​သော ခရစ် ၁​၈​၉​၈ ခု​နှစ်​လောက်​က ထို​ရွာ​မှ ရွာ​ပေါင်း ၄​၈ ရွာ​ကို ကြီး​မှူး​ရ​သည့် တိုက်​နယ်​ဗဟို​ဌာန ဖြစ်​သည်။ ထို​ရွာ​ကို မြန်မာ​တို့​က ငုတ်​ထိပ်​ဟု ခေါ်​ကြ​သည်။ ဟို​ကွတ်​နှင့် ငုတ်​ထိပ်​ဟူ​သော အခေါ်​မှာ ထို​နေရာ​ဒေသ​တွင် မြစ်​ချောင်း​များ ငုပ်​လျှိုး​ကွယ်ပျောက်​၍ သွား​သည်​ကို အစွဲပြု​၍ ခေါ်​ခြင်း​ဖြစ်​သည်။ ထို​ရွာ​နား​တွင် နမ်း​ပ​ဆေး​မြစ်​သည် မြေကြီး​ထဲ​သို့ ထိုး​ဝင်​စီး​ဆင်း​ပြီး​နောက် အခြား​တစ်​နေရာ​တွင် မြစ်​ကြောင်းပေါ်​သည်။ ကာလ​ရွေ့​လျော​လာ သော​အခါ ငုပ်​ထိပ်​ကို ဂုတ်​ထိပ်​ဟု အများ​က ခေါ်ဝေါ်​လာ​ကြ​သည်။

ဂုတ်​ထိပ်​သည် ထို​နမ်း​ပ​ဆေး​မြစ်​ကြောင့်​သာ ထင်ရှား​ခဲ့​သည်မ​ဟုတ်။ ကမ္ဘာပေါ်​တွင် အမြင့်​အား​ဖြင့် ဒုတိယ​ဖြစ်​သော တံတား​ဟူ၍ ကျော်​ကြား​သော ဂုတ်​ထိပ်​တံတား​ကြောင့်​လည်း ပို​၍​ထင်ရှား​သည်။ ခရစ် ၁​၈​၉​၇ ခု​နှစ်​တွင် ဗြိတိသျှ​အစိုးရ​သည် မန္တလေး​မှ ဗန်းမော်​သို့ မီးရထားလမ်း ဖောက်​လုပ်​ရာ မန္တလေး​မှ ကွမ်း​လုံ​သို့ မီးရထားလမ်း ဖောက်​လုပ်​ရန်​လည်း လို​အပ်​သည်​ကို တွေ့​ရှိ​လာ​ကြ​သည်။ ထို့​ကြောင့် ဂုတ်​ထိပ်​တံတား​ကို စတင်​ဆောက်​လုပ်​ရန် မြန်မာ​ပြည်​အစိုးရ​က စီမံ လေ​သည်။

ဂုတ်​ထိပ်​တံတား​မှာ မန္တလေး​မှ ကွမ်း​လုံ မီးရထားလမ်း​ရှိ နောင်​ချို​ဘူ​တာ အလွန်​တွင် မီးရထား​မိုင်​တိုင်​အမှတ် ၄​၆​၃/ဝ-၉ ရှိ​သော ကျောက်​ဂူ​ကြီး​အပေါ်​သို့​ဖြတ်​၍ တောင်ထိပ် ၂ ခု​ကို ဆက်​သွယ်​ထား​သည်။ ဂုတ်​ထိပ်​တံတား​ကို မြန်မာ​ပြည်​အစိုးရ​သည် အမေရိကန်နိုင်ငံ ပင်​ဆီ​လ​ဗေး​နီး​ယား​နှင့် မေ​ရီ​လန် တံတား ဆောက်​လုပ်​ရေး​ကုမ္ပဏီ​အား ငှါး​ရမ်း​ကာ ဆောက်​လုပ်​စေ​သည်။ ဆောက်​လုပ်​၍ ကုန်ကျ​ငွေ​မှာ ၁​၆​၉​၈​၂​ဝ​ဝ ကျပ် ဖြစ်​သည်။

ထို​တံတား​သည် နမ္မ​တူ​သတ္တု​တွင်း တူးဖော်​ရေး​လုပ်​ငန်း​၏ သယ်ယူ​ပို့ဆောင်​ရေး​တွင် အရေး​ပါ​လေ​သည်။ မြန်မာ​နိုင်ငံ စီးပွား​ရေး​ကို​လည်း များ​စွာ အထောက်​အပံ့​ပြု​သည်။ ထို​အကြောင်း​တို့​ကြောင့် ဒုတိယ​ကမ္ဘာ​စစ်​ကြီးတွင် မဟာမိတ်​တို့​၏ မြေလှန်​စနစ်​အရ ဂုတ်​ထိပ်​တံတား​သည် ဖျက်ဆီး​ခြင်း​ခံ​ရ​သည်။ သို့သော် သံတိုင်​အမှတ် ၂ နှင့် ၅ သာ ပျက်စီး​ခဲ့​သည်။ ထို့နောက်​တစ်​ဖန် မြန်မာ​နိုင်ငံ​မှ ဆုတ်ခွာ​ပေး​ရ​သော ဂျပန်​တို့​သည် တံတား​၏ အမြင့်​ဆုံး​တိုင်​များ သံတိုင်​အမှတ် ၉၊ ၁​ဝ၊ ၁​၁ နှင့် ၁​၂ တို့​ကို အောက်​ခြေ​မှ​စ​၍ ဗုံး​ဖောက်ခွဲ​ကာ ဖျက်ဆီး​ခဲ့​ပြန်​သည်။ ထို့​ကြောင့် သံတိုင်​အမှတ် ၉ မှာ အနည်းငယ် ပျက်စီး​သည်။ အမှတ် ၁​ဝ နှင့် ၁​၂ တို့​မှာ ပြို​၍​လဲ​လေ​သည်။ အမှတ် ၁​၁ မှာ​မူ အောက်​ခြေ​ပြတ်သော်​လည်း မ​လဲ​ချေ။ ထို​တိုင်​များပေါ်​ရှိ ပေ​ပေါင်း ၁​၂​ဝ စီ​ရှည်​သော ပေါင်းကူး​သံ​ဘောင် ၄ ခု​မှာ​မူ မြေ​သို့ လျှော​ကျ​ရ​လေ​သည်။

မြန်မာ​နိုင်ငံ လွတ်လပ်​ရေး​ရ​ပြီး​ခေတ်​၌ ထို​တံတား​ကို နိုင်ငံ​ခြား​ကုမ္ပဏီ​များ ငှားရမ်း​၍​ပြင်​ရန် စီစဉ်​ခဲ့သော်​လည်း ထို​ကုမ္ပဏီ​များ​က တင်​ဒါ​တင်​သွင်း​သော အဖိုး​နှုန်း​မှာ ကြီး​လေး​လှ​သ​ဖြင့် မြန်မာ​နိုင်ငံ မီးရထား​ဌာန​က​ပင် ဦးစီး​၍ ပြင်ဆင်​ခဲ့​လေ​သည်။ ယင်းသို့ ပြင်ဆင်​သော​လုပ်​ငန်း ၁​၉​၄​၈ ခု၊ မေ​လ​က စတင်​ခဲ့သော်​လည်း ပစ္စည်း​ရှားပါး​၍ လမ်းပန်း​ဆက်​သွယ်​ရေး ခက်ခဲ​သော​ကြောင့် ၁၉၅​၁ ခု၊ ဩဂုတ်​လ​အတွင်း​၌​သာ ပြီးစီး​ခဲ့​လေ​သည်။ ပြန်လည် ပြုပြင်​တည်ဆောက်​ရ​သည့် စရိတ်​မှာ ၃​၂ သိန်း​ခန့် ဖြစ်​သည်။[၃]

ယင်း​တံတား​ကို တည်ဆောက်​သည့် နည်း​ပညာ အဆင့်​မြင့်​မှု​နှင့် သ​ဘာ​ဝ​ပတ်ဝန်းကျင်​လှပ​မှု​တို့​ကြောင့် ခေတ်​အဆက်ဆက် ထင်​ရှားကျော်​ကြား​လာ​သော တံတား​ဖြစ်​ပြီး ကမ္ဘာ့​အံ့ဖွယ်​စာရင်း​များ​တွင် ပါဝင်​ခဲ့​သည်။ ယနေ့​တိုင်​ထိ မြန်မာ​ပြည်​၏ အမြင့်​ဆုံး တံတား၊ ကမ္ဘာ့​အကြီး​ဆုံး မီးရထား​သံ​လမ်း တံတား (မြင်း​ခုံ​တံတား) ဟု မှတ်​ကျောက်​တင်​ဆဲ ဖြစ်​သည်။

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. Gokteik Viaduct. Highestbridges.com. Retrieved on 2011-03-11
  2. မောင်​ကြည်​သန့် ရေး မြန်မာ​မြို့​ရွာ​ဒေသ ဝေါဟာရ(၂​၀​၀) စာအုပ်​မှ
  3. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၃)
Commons-logo.svg
Wikimedia Commons has media related to: