အာသောက
မာတိကာ |
အာသောကမင်းကြီး [ပြင်ဆင်ရန်]
အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အာသောကမင်းကြီး သည် ခရစ်တော် မပေါ်မှီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အာသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အာသောကမင်းကြီး ၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
အာသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရိစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ရေကန်များလည်း တူးဖေါ်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အာသောကမင်းကြီးကွန်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်-ဂျီဝဲလ်က သူရေးသားသော (Outline of History) ဆိုသော စာအုပ်ထဲတွင် အာသောက မင်းကြီးအား ဤကဲ့သို့ ချီူးကျူးပြောဆိုထားပါသည်။
“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အာသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယ သည်ပင် သူ့အဆုံးအမ ဩဝါဒများကို စွှန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မူ့ အစဉ်အလာကိုမူ ထိန်းထားလေသည် ။ ကွန်စတင်တိုင်း ၊ ချားလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေကယနေ့ ပို၍ပင်များပြားနေသည်။”
စစ်ဘုရင်ဘဝ [ပြင်ဆင်ရန်]
အာသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀ဝ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။အာသောက သည် အိန္ဒိယနိုင်ငံ ၏သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယ နိုင်ငံ အေ့ရှပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အာသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံ ငယ်လေးများအား တိုက်ခိုက်အောင်ပွဲ ခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအေ့ရှဘက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာသေကြေပျက်စီးကြရလေသည်။သို့သော်ကလိင်္ဂ တိုင်းသည်လည်း နောက်ဆုံးတွင် အာသောကလက်သို့ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အာသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သတ်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွှန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာအာသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အာသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက လွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အာသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။
သာသနာပြုမင်းဘဝ [ပြင်ဆင်ရန်]
ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အာသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင်စိတ်ကိုမြုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အာသောက မင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာ ကိုကမ္ဘာ့ဘာသာ ကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ဥရောပ နှင့် အာဖရိကဒေသ များသို့ စေလွှတ်ခဲ့သည်။ အာသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယာဉ်များ၊လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများပညာသင်ကြား နိုင်ရေးအတွက်လည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ် များတည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန်ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။
အာသောကမင်းကြီးလက်ထပ်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သင်္ဂါယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွား လာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အာသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။[၁] [၂]
အာသောက ကျောက်စာ မြန်မာ ဘာသာပြန် [ပြင်ဆင်ရန်]
အရှင် အာဒိစ္စဝံသ ဆရာတော် (၁၈၈၃-၁၉၅၁) သည် အာသောကမင်းကြီး ၏ သြဝါဒ အနုသာသနိ ကျောက်စာတော်များ ကို မူလ ပါဠိဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုတော် မူသည်။ ယင်း ကျောက်စာများ ကို အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာ အသီးသီး သို့ ပြန်ဆိုပြီး ဖြစ်သော် လည်း မြန်မာဘာသာ သို့ ပြန်ဆိုခြင်း မပြုရသေး သဖြင့် ပြန်ဆိုရခြင်း ဖြစ်ပေသည်။ ဆရာတော် သည် ပါဠိဘာသာ ကို သာမက သက္ကတ၊ အူရဒူ၊ ဗင်္ဂလိ၊ ဟိန္ဒီ၊ ဂုရု၊ မုခိ၊ အင်္ဂလိပ် နှင့် ဂျာမန် ဘာသာ တို့ကိုလည်း လေ့လာ ဆည်းပူးထား သဖြင့် အာသောက ကျောက်စာများကို ပါဠိဘာသာမှ ပြန်ဆို ရာတွင် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာပြန်မူများ နှင့်လည်း ညှိနှိုင်း တိုက်ဆိုင်ခဲ့သည်။ ယင်း ဘာသာပြန် သည် ၁၉၃၁-၃၂ အတွက် ဝေလမင်းသားဆု ရရှိခဲ့သည်။ [၃]