သုဒ္ဓေါဒနမင်းကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သုဒ္ဓေါဒနမင်းကြီး[ပြင်​ဆင်​ရန်​]

သုဒ္ဓေါဒနမင်းကြီး(Śuddhodana) သည် ဂေါတမမြတ်စွာဘုရား၏ ဘခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း(Shakya) ကပိလဝတ်ပြည်ကြီး(Kapilvastu) ကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင်လူဝတ်ကြောင်ဘဝနှင့်ပင်ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သောပုဂ္ဂိုလ်ထူးလည်းဖြစ်ပေသည်။ သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည်ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာ ကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကားဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။

ရှစ်သောင်းနှစ်ထောင်သောသာကီဝင်မင်းတို့၏ နောက်ဆုံးမင်းဖြစ်သော ဇယသေနမင်းမှ သားတော် သီဟဟနု၊ သမီးတော်ယသောဓရာ ဟူသော သားတော် သမီးတော်နှစ်ပါးကိုဖွားမြင်ခဲ့လေသည်။ ဇယသေန မင်း၏သားတော် သီဟဟနု( Sihahanu) နှင့်ဒေဝဒဟပြည် ဒေဝဒဟမင်း၏ သမီးတော် ကစ္စာနာတို့စုံဖက်ကြရာတွင် သားတော်သုဒ္ဓေါဒန၊ သက္ကောဒန၊ သုက္ကောဒန၊ ဓေါတောဒန၊ အမိတောဒန၊ သမီးတော် အမိတာ၊ ပါလိတာဟူသော သားတော်သမီးတော်ခုနစ်ပါးကိုဖွားမြင်ခဲ့လေသည်။ သီဟဟနုမင်းကြီး၏သားတော်သုဒ္ဓေါဒနနှင့် ဒေဝဒဟပြည် အဉ္ဇနမင်းကြီး၏သမီးတော် သိရီမဟာ မာယာတို့စုံဖက်ကြရာတွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကိုဖွားမြင်ခဲ့လေသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးအား ဘခမည်းတော်ဟူသောဂုဏ်ထူးဖြင့် ချီးကျူးခေါ်ဆိုရခြင်းဖြစ်လေသည်။

မယ်တော်မာယာ

သိဒ္ဓတ္ထမင်းသား

ထိုသုဒ္ဓေါဒနမင်းကြီး၏အဋ္ဌုပ္ပတ္တိကိုဗုဒ္ဓဝင် မဟာဝင်စသောကျမ်းဂန်တို့မှထုတ်နုတ်၍ အကျဉ်း အားဖြင့်ပြဆိုပေအံ့။ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်းငယ်စဉ်အခါ ကာဠဒေဝီလရသေ့၏ ဦးထက်၌တက်၍ ခြေတော်အစုံတင်သည်ကိုမြင်၍ ဘုရားအလောင်းအား ဦးစွာပထမရှိခိုး၏။ ဇမ္ဗူ့သပြေပင်ရိပ်၌သိပ်ထား လေသော် သပြေပင်ရိပ်သည်မပြောင်းမရွှေ့ ပြကတေ့အတိုင်းတည်သည်ကို မြင်၍ဒုတိယအကြိမ်ရှိခိုး၏။ ဘုရားဖြစ်ပြီးနောက် ဆွေတော်မျိုးတော်တို့အားပြတော်မူသော ရေမီးအစုံးတန်ခိုးပြာဋိဟာကိုုမြင်၍ တတိယအကြိမ်ရှိိခိုး၏။ သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကပိလဝတ်ပြည် နီဂြောဓာရုံကျောင်းတော်၌သီတင်းသုံးနေ တော်မူသောအခါ ရဟန္တာအပေါင်းနှစ်သောင်းနှင့်တကွ ကပိလဝတ်ပြည်တွင်းသို့ ဆွမ်းခံဝင်သည်ကိုမြင်၍ လျင်မြန်စွာ နန်းထက်က ဆင်းလာပြီးလျှင် မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားအဘယ်ကြောင့် ကျွန်ုပ်တို့ကိုအရှက်ခွဲဘိသနည်း။ အကျွန်ုပ်တို့ အသမ္ဘိန္နခတ္တိယမင်းမျိုးသည်တောင်းစားရိုးမရှိ၊ ကြီးထ ဂုဏ်အင် ဆင်များ၊မြင်းများ ရွှေရထားဖြင့်သွားနေကျ ဖြစ်လျက် မရွံ့မရှက် အိုးခွက်လက်စွဲ မျက်နှာမွဲနှင့် အဘယ်ကြောင့် ဤကဲ့သို့ပြုပါသနည်း။

ဤမျှသောရဟန်းသံဃာတော်တို့အား ဆွမ်းကိုအကျွန်ုပ်မ တတ်နိုင်ဟု အမှတ်ထားတော်မူပါသလောဟုလျှောက်ထား၏။ မြတ်စွာဘုရားလည်း ခရီးလမ်းမ၏အလယ်၌ ရပ်တော်မူလျက်ပင် အိမ်စဉ်မပြတ်ဆွမ်းခံဝတ်ကားမချွတ်စေရ။ သမ္ဘုဒ္ဓတို့ဝံသနွယ်စစ်ကျင့်ရိုး ဖြစ်သည်ဟုမိန့်တော်မူပြီးလျှင် ဥတ္တိဋ္ဌေန နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ၊အသ္မိံ လောကေ ပရမှိ စ။ ဟူသောဂါထာကိုဟောတော်မူ၏။

ထကြွလုံ့လရှိခြင်း၌မမေ့မလျော့ရာ၊ ကောင်းသောအကျင့်တရားကိုကျင့်ရာ၏။ တရားကိုကျင့်သော သူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ ချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပာယ် တည်း။) ဤဂါထာ၏အဆုံး၌မင်းကြီးသည် သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထိုမှတဖန် နန်းတော်သို့ရောက်သောအခါ · ဓမ္မံ့ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ ၊ အသသ္မိံလောကေ ပရမှိစ။ ဟူသောဂါထာကို ဟောတော်မူ၏။ ကောင်းသောအကျင့်တရားကိုကျင့်ရာ၏။ မကောင်းသောအကျင့်တရားကိုမကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်းချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပါယ်တည်း)။ ဤဂါထာ၏အဆုံး၌ သကဒါဂါမ်အဖြစ်သို့ရောက်လေ၏။

သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားအား အရှင်ဘုရား၊ အရှင်ဘုရားတို့၏ ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ နတ်သားတဦးလာလတ်၍ အရှင်မင်း ကြီး၏သားသေလေပြီဟုပြောသော်လည်း မယုံကြည်ကြောင်း လျှောက်ထားသည်ကိုအကြောင်းပြု၍ မဟာဓမ္မပါလဇာတ်ကိုဟော်တော်မူ၏။ ဒေသနာ တော်အဆုံး၌ မင်းကြီးသည်အနာဂါမ်အဖြစ်သို့ရောက်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည်မြေးတော်ရာဟုလာအား

ရှင်သာမဏေပြုသောအကြောင်းနှင့်စပ်၍ မြတ်စွာ ဘုရားအား အရှင်ဘုရား၊ သားမြေးတို့၌ချစ်ခြင်းသည်အပေါ်ရေ၊အတွင်းရေ၊ အသား၊အကြော၊အရိုးတို့ကို ဖြတ်၍ ရိုးတွင်းချင်ဆီသို့ထိရောက်ကာ တည်ရှိပါသည်။ အကျွန်ုပ်တောင်းပန်ပါသည်။ အမိအဘတို့ခွင့်မပြုသော သားကိုရှင်ရဟန်းမပြုပါလင့်ဟု လျှောက်ထားသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည်· န ဘိက္ခဝေ အနနုညာတော မာတာပိတုယိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော ၊ ယော ပဗ္ဗာဇေယျ၊အာပတ္တိဒုက္ကဋဿ (အမိအဖတို့ခွင့်မပြုသောသားကို ရှင်ရဟန်းမပြုရ၊ ပြုလျှင်ဒုက္ကဋ်အာပတ်သင့်စေ) ဟု ပညတ်တော်မူ၏။ မြတ်စွာဘုရား ဝေသာလီပြည်သို့ရောက်၍ တစ်လကျော်ရှိသောအခါ ဘခမည်းတော်သုဒ္ဓေါဒန မင်းကြီးသည် ကြီးမားသည်းထန်စွာရောဂါကပ်လာကြောင်း လျှောက်ထားရန် အမတ်တစ်ယောက်စေလွှတ် လိုက်သဖြင့် မြတ်စွာဘုရားသည်ကပိလဝတ်ပြည်နိဂြောဓာရုံကျောင်းသို့ရောက် ၍ သုံးရက်မြောက်သော အခါ မင်းကြီးသည်ထီးဖြူအောက်၌ အသရေရှိသောအိပ်ယာဝယ် လျောင်းလျက်ဘုရားတရားတော်ကို နာယူစဉ်ပင် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်စံဝင်လေ၏။

မြတ်စွာဘုရားသည်ဘခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းတော်ကို ကောင်းမွန်တင့်တယ်စွာတန်းဆာစီရင်လျက် နန်းဥကင်အချက်ဝယ်စကြဝတေးမင်း၏ အလောင်းကို သင်္ဂြိုဟ်သောနည်းဖြင့်သင်္ဂြိုဟ် တော်မူပေသတည်း။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)