စိုးဝင်း၊ ဗိုလ်ချုပ်ကြီး
စိုးဝင်း | |
---|---|
တစ်ဆယ်ဦးမြောက် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁၉ အောက်တိုဘာ ၂၀၀၄ – ၁၂ အောက်တိုဘာ ၂၀၀၇ | |
ယခင်လူ | ဦးခင်ညွန့် |
ဆက်ခံသူ | ဦးသိန်းစိန် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၁] တောင်ကြီးမြို့၊ မြန်မာနိုင်ငံ | ၁၀ မေ၊ ၁၉၄၇
ကွယ်လွန် | ၁၂ အောက်တိုဘာ၊ ၂၀၀၇ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၆၀)
နိုင်ငံရေးပါတီ | နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ခန့်အပ် |
ကြင်ဖော်(များ) | ဒေါ်သန်းသန်းနွဲ့ |
သားသမီး | နေစိုး၊ သိမ့်သိမ့်စိုး |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၁-၂၀၀၇ |
ရာထူး | ဗိုလ်ချုပ်ကြီး |
ဗိုလ်ချုပ်ကြီးစိုးဝင်း (၁၀ မေ ၁၉၄၇ ’ ၁၂ အောက်တိုဘာ ၂၀၀၇) သည် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည်။ သူ့အား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ နှင့် နီးစပ်သူတစ်ဦး ဖြစ်သူဟု ဆိုကြသည်။ သူသည် သူ၏ ရှေ့မှ ဝန်ကြီးချုပ်ရာထူးယူခဲ့သူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက်စာလျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တင်းခံထားမည်ဟု ယူဆထားကြသည်။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလက မိန့်ခွန်းတစ်ခု၏ အဆိုအရ ‘နအဖသည် အင်အယ်လ်ဒီနှင့် စကားမပြောရုံမကပဲ မည်သည့်အခါမှလည်း အာဏာကို လွှဲပြောင်းပေးမည်မဟုတ်’ ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်လ်ဒီအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည့် ဒီပဲယင်း သတ်ဖြတ်မှု အတွက် သူ့အား တာဝန်ရှိသူဟု စွပ်စွဲထား ကြသည်။
၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ဝန်ကြီးချုပ်ရာထူးကို မခန့်မီ စိုးဝင်းအား လူသိများသည်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူများအား နှိပ်ကွပ်မှုတွင် ရန်ကုန်တက္ကသိုလ်တစ်ဝိုက်၌ တပ်များနေရာချထားခြင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ပစ်ခတ်ခြင်းတို့တွင် ကြီးကြပ်ပါဝင်ခဲ့သူဟု လူသိများသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နည်းဗျူဟာ အမှတ် ၃ တွင် နည်းဗျူဟာမှူး ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တိုင်းမှူးဖြစ်ခဲ့ပြီး စစ်အစိုးရ၏ အဖွဲ့ဝင်ဖြစ်လာသည်။ ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်စစ်ရုံးချုပ်၌ လေကြောင်းရန် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်လာသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီတွင် စစ်အစိုးရ၏ အတွင်းရေးမှူး ၂ ဖြစ်လာသည်။ ယင်းမတိုင်မီ နှစ်နှစ်က ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျ သေဆုံးခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ခေါင်းဆောင်ပိုင်းတာဝန်ယူထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း နီးစပ်သူ ဖြစ်သည်။ သူတို့နှစ်ဦးသည် ‘တိုင်းပြုပြည်ပြု စီမံကိန်း’ များဖြစ်သော ဆည်မြောင်းတာတမံ၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် အမြင်တူညီကြသည်။ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှုတွင် နောက်မှ ကြိုးကိုင်သူဟု ကျယ်ပြန့်စွာ ယူဆထားခြင်းခံရသည်။ ၎င်းနှစ်မှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ ခရီးစဉ်များတွင် လိုက်ပါခဲ့သည်။ စက်တင်ဘာတွင် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် နှင့် ဒုတိယဝန်ကြီးတို့အား ထုတ်ပစ်ခြင်းကို လက်မှတ်ရေးထိုးခဲ့သည်။ ဗုဒ္ဓဘာသာကိုသာ ယုံကြည်ကိုးကွယ်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်က ချင်းပြည်နယ်တွင် အများစုဖြစ်သော ချင်းခရစ်ယာန်များအား ဘာသာရေးဖိနှိပ်မှုများကို ကျူးလွန်ခဲ့သည်။
ယခင်လုပ်သက် ကာလမှတ်တိုင်များ
[ပြင်ဆင်ရန်]- စစ်ဦးစီးမှူး(ပထမတန်း)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
- နည်းဗျူဟာမှူး၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်
- ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- တပ်မမှူး၊ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
- တိုင်းမှူး၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇)
- လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် (၂ဝဝ၁)
- အတွင်းရေးမှူး ၂၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ဖေဖော်ဝါရီ ၂ဝဝ၃)
- အတွင်းရေးမှူး ၁၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ဩဂုတ် ၂ဝဝ၃)
- နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ (နယကအဖွဲ့ဝင်) (အောက်တိုဘာ ၂၀၀၄)
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၂-၁ဝ-၂ဝဝ၇ တွင် လူကီးမီးယားသွေးကင်ဆာနှင့် ကွယ်လွန်သည်။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန်နဝါရီလထဲ၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာကြည့်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]