ဗဆွေ၊ ဦး၊ ဝန်ကြီးချုပ်ဟောင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

နိုင်ငံတော် ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ နှင့် မိုင်ငါးဆယ် ကွာဝေးသော အုံးပင်ကွင်းရွာတွင် အဖဦးထွန်းလှိုင်၊ အမိ ဒေါ်ပဲလေးတို့မှ ၁၉၁၅ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ ငယ်စဉ်ကပင် အုံးပင်ကွင်းရွာ တဝိုက်တွင် သတ္ထုတွင်း လုပ်ငန်း ၌ နယ်ချဲ့ အင်္ဂလိပ်နှင့် တရုတ်၊ ကုလား နိုင်ငံခြားသား တွေသာ သူဌေးဖြစ်ပြီး မြန်မာတိုင်းရင်း သားတို့မှာ ဆင်းရဲမွဲတေနေသည် ကို တွေ့ကြုံခံစားရသဖြင့် မျိုးချစ်စိတ်၊ နိုင်ငံခြားသား မုန်းတီးစိတ်များ ကိန်းအောင်း ခဲ့သည်။

ပညာသင်ဘဝ[ပြင်​ဆင်​ရန်​]

မောင်ဗဆွေ သည် မြန်မာ တို့၏ ဓလေ့ ထုံးစံအတိုင်း ရွာဘုန်းကြီးကျောင်း ၌ ပညာသင်ကြား ခဲ့သည်။ ထိုမှတစ်ဆင့် ရှင်သာမဏေ ပြုပြီးနောက် လူထွက်ခဲ့သည်။ ရှင်လူထွက် မောင်ဗဆွေသည် ထားဝယ် အမျိုးသမီး အထက်တန်းကျောင်း သို့သွား၍ (၂)နှစ်ပညာဆည်းပူးခဲ့သည်။ စိတ်ဓာတ် ပြင်းထန်ပြီး အရွယ် ထွားကြိုင်းသူ ဖြစ်သည့် အလျှောက် မိန်းကလေးများ ကြားတွင် မသင့်လျော်၍ အမျိုးသား အလယ်တန်း ကျောင်းသို့ ပြောင်း၍ ပညာသင်ပေးခဲ့ရသည်။ ၁၉၃၆ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်း မှ ဆယ်တန်း စာမေးပွဲ ဖြေဆို အောင်မြင်ခဲ့သည်။ မောင်ဗဆွေသည် ငယ်ငယ်ကပင် ရဲစွမ်း သတ္တိရှိခဲ့သည်။ အခြား ကျောင်းသား များက သူ့ကိုကြောက်ကြသည်။ ဦးဗဆွေသည် မဟုတ် မခံသော စိတ်ရှိသူ ဖြစ်သော်လည်း အဖွဲ့အစည်းများ၌ အလုပ် လုပ်သောအခါ သည်းခံစိတ် မွေးသူဖြစ်သည်။ ကျောင်းတွင်း ဗုဒ္ဓဘာသာ အသင်း တည်ထောင်ရာတွင် ဦးဗဆွေ သည် ခေါင်းဆောင်၍ ပါဝင်ခဲ့သည်။ ကျောင်းသား သမဂ္ဂ အဖွဲ့ ကို ဖွဲ့စည်းရာတွင်လည်း ဦးဗဆွေ ပင် ခေါင်းဆောင်ဖြစ်ခဲ့သည်။ ဦးဗဆွေ သည် မျိုးချစ်စိတ် ပြင်းထန်လွန်းပြီး လူမျိုးခြား ကိုလည်း အလွန်မုန်းတီး၏။

ကုလားထိုးအသင်း[ပြင်​ဆင်​ရန်​]

ထို့ကြောင့် ကုလားထိုးအသင်း[၁] ဟူ၍ စုပြီးနောက် ကုလားများ ကို အမှောင်တွင် ဝိုင်း၍ ထိုးကြသည်။ ထားဝယ်မှ ကုလားများ အတော်ပင် ဒုက္ခများ ခဲ့ရသည်။ ထိုသို့ ဆူဆူပူပူ လုပ်ခဲ့သော်လည်း ဦးဗဆွေသည် စာဖတ်ခြင်း၊ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ ဆောင်းပါး ရေးခြင်းများကို အချိန်ရလျှင် ရသလို လေ့လာခဲ့သည်။ အချိန်တန် အရွယ်ရောက်၍ ပညာသင်ပြီး အသိ တရားများ ရရှိလာသောအချိန်တွင် တို့ဗမာများ ကျွန် သက်ရှည် ၍ ဆင်းရဲ နစ်မွန်းခြင်း ကင်းမှ ကောင်းမည်ဟု အတွေးရကာ ကုလားထိုးအသင်း ကိုဖျက်ပြီး စိတ် သဘောထားခြင်း တူမျှသော ရဲဘော် ကလေးများ နှင့်တွဲဖက်၍ လက်ဖက်ရည်ဆိုင် ဖွင့်ခြင်း ဆံပင်ညှပ်ဆိုင် ဖွင့်ခြင်း ကွမ်းယာဆိုင် ဖွင့်ခြင်း စသော စီးပွားရေး ကိစ္စများကို ဆောင်ရွက် လာခဲ့သည်။

ရန်ကုန်တက္ကသိုလ် သို့[ပြင်​ဆင်​ရန်​]

ဦးဗဆွေ ဆယ်တန်း အောင်မြင်ခဲ့သော ၁၉၃၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မှ ပေါက်ဖွား လာခဲ့သော ဒုတိယ အကြိမ် ကျောင်းသားသပိတ်ကြီးသည် နယ်အသီးသီးသို့ ပြန့်နှံ့လာခဲ့ကြရာ ဗဆွေ တို့နေသော ထားဝယ် သို့ ကူးစက် ရောက်ရှိလာခဲ့သည်။ ကိုနုကိုအောင်ဆန်း စသော တက္ကသိုလ် မှ သပိတ် ခေါင်းဆောင် များသည် ကိုဗဆွေအား စည်းရုံးနိုင်ခဲ့သည်။ သမဂ္ဂ ခေါင်းဆောင် ကိုဗဆွေသည် ကိုနု၊ ကိုအောင်ဆန်းတို့နှင့် အဆက်အသွယ်ပြုကာ ရန်ကုန်တက္ကသိုလ် သို့ ရောက် သည်အထိ တက်ရောက်ခဲ့သည်။

စာပေရေးရာ[ပြင်​ဆင်​ရန်​]

တက္ကသိုလ် တွင် သူ့၏ ကလောင်ကို ဆက်သွေးခဲ့ပြီး ဟိုက်စကူးသန်းသန်းမြင့်ဆွေ စသော ကလောင် နာမည်ဖြင့် ဒဂုံမဂ္ဂဇင်းယုဝတီကဝိမျက်မှန်ကြီးပွားရေးဒီးဒုတ်ဂျာနယ်ဗန္ဓုလဂျာနယ် စသော ဂျာနယ် မဂ္ဂဇင်းကြီး များနှင့် တက္ကသိုလ် သမဂ္ဂ ၏ အိုးဝေမဂ္ဂဇင်း တွင် ရေးသားခဲ့သည်။ ကက်သရင်ဂွက်ထော် အကြောင်း ဆောင်းပါးမှာ သူ့ ကလောင် လက်ရာ အပြောင်မြောက်ဆုံး ဖြစ်ခဲ့သည်။ အိုင်စီအက် ရာထူးရှင်များ ကို ထိုးနှက် ထားသည့် ဆောင်းပါး ဖြစ်၍ ရာထူး ဂုဏ်သိမ် မက်သော မနူးမနပ် အင်းယားကျောင်းဆောင် ဗိုလ်ဆန်သူ မကက်သရင်ဂွက်ထော် ကိုလည်း လက်သံပြောင်ပြောင် နှင့် မညှာမတာ သရော်၍ ရေးသား ထားခဲ့သည်။

နိုင်ငံရေးဘဝ[ပြင်​ဆင်​ရန်​]

ဦးဗဆွေသည် ကမ္ဘာ့သမိုင်း ရာဇဝင်၊ စနဗေဒ စသည့် ဘာသာရပ်များကို ယူပြီး ကျောင်းမတက်ခဲ့ပေ။ နာမည်ခံသာ ကျောင်းစာရင်း တွင် သွင်းထားသည်။ ကျောင်းမတက်၊ စာမေးပွဲ မဖြေပဲ တက္ကသိုလ် နယ်မြေတွင် စုစုပေါင်း(၅)နှစ်ခန့် နေထိုင်ခဲ့သည်။ ကျောင်းသား သမဂ္ဂများ ကို ခေါင်းဆောင်၍ နိုင်ငံရေး ကို လုပ်ခဲ့သည်။ ဥပစာ အထက်တန်း(အိုင်-အေ အထက်တန်း)အထိသာ တက်ရောက်ခဲ့သည်။ ကိုအောင်ဆန်း နှင့် ကိုနု တို့၏ ဆွဲဆောင်မှုကြောင့် ကိုဗဆွေ နိုင်ငံရေး နယ်ထဲသို့ ဝင်ရောက်ခဲ့ရာ ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ထို့နောက် တတိယ အကြိမ် ကျောင်းသားသပိတ် နှင့် မန္တလေးအာဇာနည် (၁၇)ဦး ကျဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရေနံမြေ သပိတ်ကြီး ၌ ကိုဗဆွေ သည် သမဂ္ဂ အတွင်းရေးမှူး အဖြစ် ခေါင်းဆောင် ခဲ့သည်။

ကွန်မြူနစ် မာ့က်စ်ဝါဒများ ကိုလည်း လေ့လာပြီးနောက် ဆရာကြီးများ ဖြစ်ကြသော သခင်စိုးသခင်သန်းထွန်း တို့ကိုလည်း ဆရာတင် ဆည်းကပ် ခဲ့ရလေသည်။ ရေနံမြေ သပိတ်သည် ရန်ကုန်သို့ ဦးလှည့်၍ စုပေါင်း တပ်ကြီး ဖွဲ့ကာချီတက်လာရာ လမ်းတလျှောက် ကိုဗဆွေ နှင့် ကိုဗဟိန်း တို့သည် တပ်ဦးမှ ခေါင်းဆောင်၍ လိုက်ပါ လာခဲ့ကြသည်။ ရေနံမြေ သပိတ်ကား နယ်ချဲ့ အင်္ဂလိပ်များ ထံမှ မြန်မာ အလုပ်သမားများ ၏ လိုအပ်သောတောင်းဆိုချက်များကို တောင်းကာ အရေးဆို သပိတ်မှောက်၍ ချီတက်လာခဲ့ကြခြင်းဖြစ်သည်။ သပိတ်အင်အားမှာလည်း ကြီးသထက်ကြီးလာပြီး ကိုဗဆွေ၏ သတင်းမှာလည်း ပြန့်နှံ့၍ မြန်မာပြည် တစ်ဝှမ်းလုံး သိလာကြလေသည်။ ဗဆွေကွ- ဗဆွေကွ ဟုလည်း ကြွေးကြော်လာသည်။ ကျားကြီး-ဗဆွေ ဟုလည်း အားပေးကြသည်။ အလုပ်သမား သပိတ်တပ်ကြီး အား အားပေးကူညီ၍ တရားဟောခဲ့သောကြောင့် မကွေးထောင်မှ ချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ထောင်ခြောက်လ ပြစ်ဒဏ်ကျပြီး မကွေးထောင်မှ အင်းစိန်ထောင် သို့ ပြောင်းရွှေ့ခြင်း ခံရသည်။ ကျောင်းသားများ ဆန္ဒပြ ကြသောကြောင့် ထောင်မှ ကိုဗဆွေ လွတ်မြောက်ခဲ့သည်။ ကိုဗဆွေ ထောင်မှ ပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံရေး ကိုပင် ပြန်လုပ်ရန် ဆုံးဖြတ်ချခဲ့သည်။ နိုင်ငံရေးကို အားသွန် ခွန်စိုက် ကြိုးပမ်း လုပ်လိုသော ဆန္ဒကြောင့် ၁၉၃၉ ခုနှစ်တွင် ကျောင်းမှ ထွက်ကာ ထားဝယ်သို့ ပြန်လာခဲ့ပြီး အလုပ် လုပ်နေခဲ့သည်။ တက္ကသိုလ် တွင် မရှိဆင်းရဲသော သူငယ်ချင်းများ နှင့် နွမ်းပါးနေသော ကိုဗဟိန်း နှင့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့အား ထောက်ပံ့ ကူညီခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ကျောင်းသား သမဂ္ဂ ကို ခေါင်းဆောင်ရန် အထူး ခေါ်ယူခြင်း ခံရ၍ ပြန်လာခဲ့ရသည်။ ကိုဗဆွေ သည် စည်းရုံးရေး ကိုလည်း ပြုလုပ်ရ၊ အင်္ဂလိပ် ကိုလည်း တော်လှန် ပုန်ကန်ရန် ဖွဲ့စည်းထားသော ဗမာ့တော်လှန်ရေးတပ်ဦး ခေါ် သူပုန်ပါတီ အတွက် ထိရောက်သော လျှို့ဝှက်လုပ်ငန်း များကို လုပ်ဆောင်ခဲ့ရသည်။ နဂါးနီ စာစောင် တွင်လည်း နိုင်ငံရေး ဆောင်းပါးများ မနေမနား ရေးသားခဲ့သည်။ စာစောင် ထွက်ခါစက ဆိုလျှင် ကိုဗဆွေ နှင့် နဂါးနီ ကိုထွန်းရွှေ တို့ နှစ်ဦးသည် စာစောင် တစ်ခုလုံး ကို ပင်ပမ်းကြီးစွာ ရေးသားခဲ့ရသည်။၎င်းတို့၏ စာပေ လက်သံ ကြောင့် နဂါးနီ စာစောင်သည် လူကြိုက် များလာခဲ့သည်။

ဘီ-အာရ်-ပီ(Burma Revolutionary Party) ဗမာ့တော်လှန်ရေးတပ်ဦး နှင့် ပီ-အာရ်-ပီ(People's Revolutionary Party)ခေါ် ပြည်သူ့အရေးတော်ပုံ ပါတီ တွင် သခင်မြ ခေါင်းဆောင်၍ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊ သခင်ချစ် တို့သည် ဦးစီးအဖွဲ့ဝင် ဖြစ်ပြီး ကိုဗဆွေ သည် စည်းရုံးရေးအဓိက တာဝန်ခံ ဖြစ်ပြီး ကိုအောင်ကြီး (ဗိုလ်မျူးချုပ်အောင်ကြီး)၊ ကိုမောင်မောင်(ဗိုလ်မှူးကြီး မောင်မောင်) တို့နှင့် တွဲဘက် လုပ်ဆောင်ခဲ့သည်။ [၂] ကိုဗဆွေသည် ဂျပန်ပြည် သို့ ပို့ဆောင်စေလွှတ်မည့် လူငယ် လက်ရွေးစင် တစ်စုကို ယိုးဒယားမှ ဖြတ်၍ ပေးပို့ရန် တာဝန်ကျလာသဖြင့် အဖွဲ့မှ ပေးသော ငွေလေးဆယ်ကျပ် တိတိကို ဆောင်ကာ ရသည့် နည်းဖြင့် ကြံဖန်ပြီး ယိုးဒယား နယ်စပ်သို့ အရောက်သွားခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် အစောင့်အကြပ်တို့ တင်းကြပ်မှုကြောင့် မအောင်မြင်ပဲ ပြန်လာခဲ့ရသည်။

ဂျပန်ခေတ် တာဝန်ထမ်းဆောင်မှု (၁၉၄၂-၁၉၄၅)[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်အောင်ဆန်း နှင့် အဖွဲ့သည် ဂျပန်နှင့် ပူးပေါင်း၍ ဗမာ့လွတ်လပ်ရေး တပ်မတော် ကြီး ကို ယိုးဒယားဘက်မှ ချီတက်လာခဲ့ကြပြီး တနင်္သာရီဘက်ကိုကျော်ကာ ရန်ကုန်သို့ အရောက် ချီတက်လာသော်လည်း ဦးဗဆွေ သည် တနင်္သာရီတိုင်း လုံခြုံရေးအတွက် ထားဝယ်တွင် ကျန်ခဲ့ရသည်။ ဂျပန်တပ်များကို မြန်မာပြည် အတွင်းပိုင်း ဝင်ရောက်ခွင့်မပြုပဲ အခြေအနေ ကြည့်ပြီး ပြည်ပမှာပင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကိုသာ အားပေး၍ စေလွတ်ရန် ဖြစ်သည်။ သို့သော် မော်လမြိုင်ကို သိမ်းပြီးသောအခါ အုပ်ချုပ်ရေး ပေးရန် တောင်းဆိုသော်လည်း ဂျပန်အမှတ်(၅၅) တပ်မတော် မှ ယတိပြတ် ငြင်းဆိုခဲ့သည်။ [၃] စစ်အုပ်ချုပ်ရေး ဖြင့် အုပ်ချုပ်ရန် ပြင်ဆင်ခဲ့ပြီး သခင် ခေါင်းဆောင်များ နှင့်လည်း ခပ်ရှောင်ရှောင် နေခဲ့သည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တပ်မတော် ဦးစီးကြီးများ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ နယ်ချဲ့ကို အပြီးအပိုင် အနိုင် မရသေးမီ ကပင် ဂျပန်ကို တော်လှန်ရန် စိတ်ကူး ထားခဲ့ကြပြီး ဖြစ်သည်။

ဂျပန်တပ်မတော် နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် တို့ နယ်ချဲ့တို့အား တိုက်ခိုက် နေစဉ်အတွင်း တနင်္သာရီတိုင်း တစ်ခုလုံး နီးပါး ငြိမ်ဝပ်ပိပြားရေး အတွက် ဦးဗဆွေ တာဝန် ယူခဲ့ရသည်။ ဂျပန် လူမျိုး အကြောင်း သိသော ဦးဗဆွေ သည် ဂျပန်ကို တော်လှန်နိုင်ရန် ပြင်ဆင်ရပြန်သည်။ ဦးဗဆွေ၏ အကြံအစီကို ဂျပန်များ သိသွားသဖြင့် ရန်သူတစ်ဦး အနေဖြင့် မှတ်ထားခဲ့သည်။ ဦးဗဆွေ သည် အင်္ဂလိပ်များ ပြေးကြစဉ် အချိန်၌လည်း တွေ့ရာနေရာ သတ်စေဟု အမိန့် ထုတ်ပြန်ခြင်း ခံခဲ့ရသူဖြစ်သည်။ ဂျပန် ဝင်လာသော အချိန်၌လည်း ချက်ချင်းပင် ရန်သူ့ စာရင်းဝင် ခဲ့ရပြန်သည်။ နယ်ချဲ့အင်္ဂလိပ် နှင့် ဂျပန်ငပု များက သူ့အပေါ် ကြံစည်မှုများကို ဦးဗဆွေ က မဖြုံ။ မြန်မာပြည် သည် ဂျပန်များ အုပ်ချုပ်မှု အောက်တွင်ရှိနေစဉ် ဦးဗဆွေသည် မြိတ်ခရိုင် ပြည်သူ့တော်လှန်ရေး ပါတီ ၏ အမှုဆောင် အဖြစ် ဆောင်ရွက်လုပ်ကိုင် ခဲ့ပြန်သည်။

ဂျပန် လက်အောက်တွင် မြန်မာများရောက်နေသော ၁၉၄၂ ခုနှစ် အချိန်တွင် ဦးဗဆွေ အား ရန်ကုန် သို့ လာရန် အကြောင်းကြား ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဖြစ်သော သခင်မြက နေရာ ချထားပေးသဖြင့် 'ကေဘိုတိုင်' ခေါ် မြို့ပြ ကာကွယ်ရေးတပ် ကို ဦးဆောင်ခဲ့ရသည်။၎င်းတပ်ဖွဲ့ သည် မြန်မာအစိုးရ ၏ လက်အောက်ခံလည်း မဟုတ်၊ ဂျပန်နှင့်လည်း တိုက်ရိုက် မပတ်သက် သူ့နည်းသူ့ဟန်ဖြင့် မြန်မာ တစ်ပြည်လုံး ၏ လွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ရသည့် အဖွဲ့ ဖြစ်သည်။ ရန်ကုန် ကန်တော်ကြီးရှိ အေးကျွန်းတွင် တဲများထိုးကာ ဦးဗဆွေနေခဲ့ရသည်။ ကေဘိုတိုင် ဗိုလ်ချုပ် ဗဆွေ ဟုလည်းခေါ်ကြသည်။ ကေဘိုတိုင် တပ်သားများ ကား လေကြောင်း ကာကွယ်ရေးမြို့ရွာ လုံခြုံရေးမီးသတ်ဖွဲ့စည်း လုပ်ဆောင်ရေးစသော လုပ်ငန်းများ အပြင် အုပ်ချုပ်ရေး ပိုင်းများကိုလည်း ပူးတွဲဆောင်ရွက်ခဲ့ရသည်။သင်တန်း ဆင်းပြီးလျှင် ရပ်ကွက်များ သို့ဖြန့်ကာ စည်းရုံးကြခြင်း၊ ဦးလှမောင် ကြီးမှူးသော မြို့ပြကာကွယ်ရေးအဖွဲ့ စသည့်တို့နှင့် ဆက်သွယ် လုပ်ကိုင်ခဲ့သည်။ ရဲအဖွဲ့မှ ရဲမှူးကြီးတစ်ယောက်၊ အင်စပတ်တော်နှစ်ယောက်၊ လက်ထောက် အင်စပတ်တော် (၁၀)ယောက် တို့ကို ကေဘိုတိုင်နှင့်ပူးတွဲ၍ ကေဘိုတိုင် ဗိုလ်ချုပ် ဗဆွေ ထံသို့ပေးပို့ထားသည်။ လျှို့ဝှက်စွာ ဖွဲ့စည်းထားသော ဖက်ဆစ် တော်လှန်ရေး အဖွဲ့တွင် ပါဝင်အားပေး ကူညီခဲ့သည်။

ထိုသို့သော အချိန်တွင် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ထဲ၌ ဗိုလ်မှူး ဗထူးမှ အထက် မြန်မာပြည် မန္တလေး ၌ရှိသော ဂျပန်များကို တော်လှန် တိုက်ခိုက်နေခဲ့သည်။ [၄] မတ်လ ထဲတွင်လည်း ပဲခူး၌ ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း) တပ်နှင့် တော်လှန်ရန် အတွက် ပြင်ဆင်ရာ ဌာနကြီးဖြစ်သောစံပြကျောင်းကို ဂျပန်များ မှ မသိမသာ ဝိုင်းညှပ်ထားကြသည်။ စောစောထွက်မှ အခြေအနေကောင်းမည်၊ ဖိညှပ်၍ တိုက်ခိုက် ခံရလျှင် ပျက်စီးမည့် အခြေအနေ ရှိကြောင်း ဗိုလ်ကျော်ဇော ထံမှ အရေးကြီး သတင်းပေးပို့သဖြင့် ဗိုလ်ချုပ်အောင်ဆန်းမှ ၂၇ ရက်နေ့ကိုပင် ဖောက်ထွက်တော့ဟု အမိန့်ပေးချက်အရ မတ်လ ၂၇ ရက်နေ့ မှာပင် ရောက်ရာနေရာက တော်လှန်ရေး စကြတော့ ဟုလည်း အမိန့်ကို တဆက်တည်း ပေးလိုက်ရသည်။ ဗိုလ်မောင်မောင်ဗိုလ်ချစ်မြိုင်ဗိုလ်သိမ်းမောင် တို့၏ တပ်များသည် မင်းလှပဲခူးရိုးမ စသည့် နေရာများ၌ တပ်ဖျောက်၍ တော်လှန်ရေးကို စခဲ့ ကြတော့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ဦးဗဆွေကို ဂျပန်တို့က ဖမ်းလိုက်ကြ သည်။ ရန်ကုန်၌ ဦးလှမောင် (သံအမတ်ကြီးဟောင်း)နှင့် နေခဲ့ပြီး၊ ဂျပန်များက ကိုယ်ရေး ရာဇဝင် ရေးခိုင်းသဖြင့် အင်္ဂလိပ် ဘာသာဖြင့် ရေးပေး ခဲ့ရသည်။ ဦးဗဆွေ အကျဉ်းထောင်၌ ၂၄ ရက်တိတိ ထောင်ကျ ခံခဲ့ရပြီးနောက် ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ ဦးကျော်ငြိမ်း သည် နယ် သို့ မဆင်းဖြစ်ပဲ ဦးဗဆွေ လွတ်ရန် ဆောင်ရွက် ပေးခဲ့ရသည်။

ရန်ကုန်တွင် တပ်များ ကစဉ့်ကလျား ဖြစ်နေသည့် အပြင် တော်လှန်ရေး အဖွဲ့များ သည်လည်း အကွဲကွဲ အပြားပြား ဖြစ်နေခဲ့သည်။ ခေါင်းဆောင်ရှာနေသည့် အချိန်တွင် ဦးဗဆွေ ရောက်လာပြီး အကွဲကွဲ အပြားပြား ဖြစ်နေသော တပ်များကို စုစည်း၍ လူပေါင်း ၂၀၀၀ ကျော် ရှိလာသော အခါ မေလ (၁) ရက်နေ့တွင် ရန်ကုန်မြို့ကို ဦးဗဆွေ ဦးစီးသောတပ်များမှ သိမ်းပိုက်ခဲ့ကြသည်။

လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်(၁၉၄၅-၁၉၄၈)[ပြင်​ဆင်​ရန်​]

ဦးဗဆွေ တို့ ရန်ကုန် ကို သိမ်းပိုက်ပြီးနောက် ပြဿနာ မျိုးစုံကို ဖြေရှင်း နေခဲ့ရသည်။ အိန္ဒိယ အမျိုးသား တပ်မှ လူပေါင်း ၂၀၀၀ ကျော်ကို ဘောက်ထော် သင်္ဃန်းကျွန်း ၌ နေရာ ချထား ပေးခဲ့ရသည်။ ထောင်မှ လွတ်လာသော အင်္ဂလိပ် စစ်သုံ့ပန်းများ ကိုလည်း ကျွေးမွေးရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၏ သဘောတူညီချက် ဖြင့် သခင်မြ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ခေါင်းဆောင်သော ဆိုရှယ်လစ်ပါတီကို တည်ထောင်ခဲ့သည်။ [၅] ဆိုရှယ်လစ်ပါတီ သည် ကွန်မြူနစ်ပါတီ ထက် (၇)လ ကျော်ကျော် နောက်ကျခဲ့သည်။ထို့နောက် ဦးဗဆွေ အား ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌ ရာထူးကို လက်ခံ စေခဲ့သည်။ ဤသို့ဖြင့် ဦးကျော်ငြိမ်း သည် ဆိုရှယ်လစ် ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ် ပါတီ ဥက္ကဌ ဖြစ်လာခဲ့ပြီးနောက် ဦးဗဆွေ သည် ပါတီ အတွင်းရေးမှူးချုပ် အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြန်ရာ ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားခေါင်းဆောင်များ အင်္ဂလန် သို့ သွားရောက် အရေးဆို နေစဉ်အတွင်း ဦးဗဆွေသည် ဖဆပလ အဖွဲချုပ် ၏ အတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက် ခဲ့ရပေသည်။

လွတ်လပ်ရေး ရပြီးခေတ် (၁၉၄၈-၁၉၆၂)[ပြင်​ဆင်​ရန်​]

ဦးဗဆွေသည် ဆိုရှယ်လစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက် ၁၉၅၂ ခုနှစ်တွင် ဖဆပလ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲ တွင် တိုက်ကြီး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်သဖြင့် ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက် တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား အဖွဲ့ ငါးဖွဲ့မှ ကျောင်းသား ၁၀၀ အား ဦးဗဆွေနှင့် ဦးကျော်ငြိမ်း အစရှိသော ဆိုရှယ်လစ် ခေါင်းဆောင်များ က နိုင်ငံရေး သင်တန်းပေးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အာရှ ဆိုရှယ်လစ် ကွန်ဖရင့် အစည်းအဝေးကြီး တွင် ဦးဗဆွေ သည် သဘာပတိ အဖြစ် ရွေးချယ်ခံခဲ့ရ သည်။ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌ ကျင်းပသော အာရှ ဆိုရှယ်လစ် နှစ်ပတ်လည် ညီလာခံ ၌ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ [၆] ၁၉၅၆ ခုနှစ် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဖဆပလ အဖွဲ့အား လူထု ထောက်ခံမှု အားနည်း လာခဲ့သည်။ ဦးကျော်ငြိမ်းသည် ကွန်မြူနစ် ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်သူ ဖြစ်သည်။ ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ တို့သည် ပမညတ အင်အား ကြီးလာခြင်းသည် ငွေကို ရေလိုသုံးကာ ကွန်မြူနစ် များက လက်နက်ဖြင့် ခြိမ်းခြောက်၍ မဲပေး ခိုင်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဦးနုသည် ၁၉၅၄ ခုနှစ် မှ ပင် အစိုးရ အဖွဲ့ ဝန်ကြီးများ ကိုယ်ကျင့်တရား ပျက်မှုတားဆီးရန် ဆောင်ရွက်ခဲ့သည်။ ဦးနု ပါတီ သန့်ရှင်းရေး လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် အတွက် ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ခဲ့သည်။ ၁၉၅၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဗဆွေအား ရန်ကုန်မြို့၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးချယ်တင် မြှောက်ခြင်း ခံရ ပြီးနောက် ဝန်ကြီးချုပ် ဦးနု နေရာ တွင် ဝန်ကြီးချုပ် အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဝန်ကြီးချုပ် တာဝန်အပြင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးဌာနများ ကိုလည်း ဦးစီး ဆောင်ရွက်ခဲ့ရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ယူနန် ဖန်ရှီ တွင် တရုတ်-ဗမာနယ်စပ် လူထု အစည်းအဝေး ကို ကျင်းပရာ တရုတ် - ဗမာ လူထု ၂၀၀၀ ခန့် တက်ရောက်၍ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း နှင့် မြန်မာ ဝန်ကြီးချုပ် ဦးဗဆွေ တို့ တက်ရောက်ခဲ့ကြသည်။ ဖဆပလ ဥက္ကဋ္ဌ ဦးနု အစိုးရထဲသို့ ပြန်ဝင်ရေး၊ မဝင်ရေး အတွက် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ပြုလုပ်သော ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး တွင် သခင်ကျော်ထွန်း မှ အဆိုတင်သွင်း ၍ ဖဆပလ အလုပ် အမှုဆောင် အဖွဲ့ က ဆုံးဖြတ် အတည် ပြုခဲ့သည်။ ဦးဗဆွေ သည် ၁၉၅၇ ခုနှစ်၊ ဖေဖော်ရီလ ၂၅ ရက်နေ့တွင် ဝန်ကြီးချုပ် ရာထူးမှ အနားယူခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် ဦးနုအား ဝန်ကြီးချုပ် အဖြစ် တင်မြှောက် ခဲ့ပြန်သည်။ ဦးဗဆွေ သည် ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့ပြီးနောက် ဝန်ကြီး ၃၀ ဦးပါဝင်သော ဦးနု အစိုးရအဖွဲ့ သည် မတ်လ ၁ ရက်နေ့တွင် ကျမ်းကျိန်ဆိုခဲ့သည်။

၁၉၅၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ တွင် အတိုက်အခံ အမတ်များမှ ဖဆပလ အစိုးရအား အယုံအကြည် မရှိကြောင်း အဆိုတင် သွင်းခဲ့သည်။ လွှတ်တော်အမတ် ဦးအေးမောင်(ပြည်)က အဆိုတင်သွင်း၍ သခင်ချစ်မောင် အပါအဝင် အမတ် ၁၀ ဦးက ထောက်ခံခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ အတူတကွ လက်တွဲ၍ မြန်မာပြည် ကောင်းစားရေး အတွက် ကြိုးပမ်းခဲ့ကြသော ပုဂ္ဂိုလ်များ ၏ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ များကြောင့် လွတ်လပ်ရေး ရပြီး ၁၀ နှစ်အတွင်း စည်းလုံးမှု ပြိုကွဲသွားရသည်။ နု-တင် အုပ်စု နှင့် ဆွေ-ငြိမ်း အုပ်စု ဟူ၍ ကွဲပြားသွားခဲ့သည်။ ဦးဗဆွေက ပါတီတည်မြဲရေး ကို အဓိက ရည်ရွယ်ခဲ့သူ ဖြစ်၍ ၎င်းတို့ပါတီအား တည်မြဲဖဆပလ ဟု ခေါ်ဆိုကာ ဦးနု က ၎င်း၏ပါတီ သန့်ရှင်းရေး အတွက် သန့်ရှင်းဖဆပလ ဟူသော အမည်ကို ခံယူခဲ့ကြသည်။ ဦးနု နှင့် ဦးကျော်ငြိမ်းတို့ ၏ ပဋိပက္ခ ပြင်းထန် လာချိန်တွင် ဦးကျော်ငြိမ်း နှင့် သခင်တင် အုပ်စု တို့၏ ပဋိပက္ခမှာလည်း ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန် ခရိုင် ဆိုရှယ်လစ် ပါတီ အစည်းအဝေး တွင်လည်း ဖဆပလတွင် ဂိုဏ်းဂဏ နှင့် အုပ်စုများ ရှိနေကြောင်း၊ ကိုယ့်လူ သူ့ဂိုဏ်း များကို တိုက်ဖျက်ပစ်ရမည်ဟု ဒုတိယ ဥက္ကဌ ဦးဗဆွေ မှ ထုတ်ဖော် ပြောကြားခဲ့သည်။ [၇] ၁၉၅၈ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဦးဗဆွေ နှင့် ဦးကျော်ငြိမ်း တို့သည် ဦးနု ထံ စာတစ်စောင် ပေးပို့ခဲ့သည်။ ၎င်းစာတွင် လွှတ်တော် အစည်းအဝေး မတိုင်မီ မေလ ၃၁ ရက်နေ့ သို့မဟုတ် ဇွန်လ ၁ ရက်နေ့ထက် နောက်မကျစေဘဲ လေးဦး ကော်မတီ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် အချိန် ကန့်သတ် ပေးရန် တောင်းခံ ခဲ့လေသည်။ ဝန်ကြီးချုပ် ဦးနုသည် မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် အကြောင်း ပြန်ခဲ့သည်။ ပြန်ကြားစာတွင် ၁၉၅၈ ခုနှစ် မေလ ၃ ရက်နေ့ ဖဆပလ အလုပ် အမှုဆောင် အစည်းအဝေးတွင် ဖဆပလ ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ရန် သတ်မှတ်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းအပြင် ဖဆပလအား တစ်ဖက်အုပ်စုသို့ ပေးရန် သဘော မတူကြောင်း ကို ၁၉၅၈ ခုနှစ်၊ မေလ ၅ ရက်နေ့ တွင် ဦးအုန်းမောင် မှ တစ်ဆင့် ဦးကျော်ငြိမ်း သို့ ပြန်ကြားပြီး ဖြစ်ကြောင်း၊ နု-တင်-ဆွေ-ငြိမ်း လေးဦး ကော်မတီ တွေ့ဆုံရေး နှင့် ပတ်သက်၍ ကတိပေးထားသည့် အတိုင်း ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် မေလ ၃၁ ရက်နေ့ ညနေတွင် ဝန်ကြီးချုပ် အိမ်၌ တွေ့ဆုံမည် ဖြစ်ကြောင်းပါရှိသည်။ နု-တင်နှင့် ဆွေ-ငြိမ်း အုပ်စု နှစ်ခုလုံးသည် တစ်ဖက်အုပ်စု ကို အနိုင်ရရေး အတွက် နိုင်ငံရေး ပရိယာယ် ကြယ်ဝစွာ ကြိုးပမ်းသကဲ့သို့ လွှတ်တော်အမတ်များ ကိုလည်း နည်း အမျိုးမျိုးဖြင့် မဲဆွယ် စည်းရုံး ခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဦးဗဆွေသည် ဦးနု ဦးဆောင်သော အစိုးရအဖွဲ့ အား အယုံအကြည် မရှိကြောင်း အဆို တင်သွင်းရာ ၈ မဲအကွာဖြင့် ရှုံးနှိမ့်ခဲ့သည်။ ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များသည် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးဗဆွေ နှင့် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြသည်။ ဦးဗဆွေ မှ ဖက်ဒရယ်မူ ကို မိမိတစ်ဦးတည်း ပုဂ္ဂိုလ်တစ်ဦး တည်းအနေဖြင့် နှစ်ခြိုက် ထောက်ခံကြောင်း၊ သို့သော် ဖက်ဒရယ်မူ ဖြစ်ပေါ်လာစေရန် ဖန်တီး ပေးပုံကိုမူ မကြိုက်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်မူ အကြောင်း အပါအဝင် လူမျိုးရေး အဓိကရုဏ်း မဖြစ်ရေး နှင့် စိတ်ဝမ်း မကွဲပြားရေး များကို ဆွေးနွေး ခဲ့ကြသည်။ [၈]

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဖယ်ဒရယ်မူနှင့်ပက်သက်၍ ဦးဗဆွေမှ တိုင်းရင်းသားများသည် တစ်ဆွေ တစ်မျိုးတည်း ဖြစ်ခဲ့ကြပုံ၊ ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်နယ်များ နှင့် အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်များ မတူညီမှု အခြေအနေများ ကို နှိုင်းယှဉ်ဖော်ပြသွားပါသည်။ ပြည်နယ် အများစု သည် မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်တန်း ကျနေ သကဲ့သို့ ဗမာပြည်မ အချို့ နေရာများတွင်လည်း ဖွံ့ဖြိုးတိုးတက်မှု အလွန် နောက်ကျလျက် ရှိကြောင်းနှင့် အခြေအနေ အရပ်ရပ်ကြောင့် ဒေသအားလုံး အဆင်းရဲခံပြီး ကြိုးစားကြဖို့ လိုသေးကြောင်း၊ တိုင်းရင်းသား အားလုံး လက်တွဲပြီးကြိုးစားကြရင် မအောင်မြင်နိုင်စရာ မရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ [၉] ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် တိုင်းပြည် မငြိမ်မသက်မှုများ ဖြစ်ခဲ့သည်။ ဝန်ကြီးချုပ် ဦးနု၏ ပြည်ထောင်စု အစိုးရ လက်ထက်တွင် ရှမ်းစော်ဘွား များသည် ဖယ်ဒရယ်မူ ကိုတင်ပြ တောင်းဆိုကာ ဖက်ဒရယ်မူ မရလျှင် ပြည်ထောင်စု မြန်မာနိုင်ငံ မှ ခွဲထွက်မည်ဟု ခြိမ်းခြောက် ခဲ့ကြသဖြင့် ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ် ဖြစ်ပေါ် လာခဲ့သည်။ ထိုသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ အထူးယိုယွင်း လာသော အခြေအနေဆိုးကို ထိန်းသိမ်း စိမ့်သောငှါ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ဗမာ့တပ်မတော်မှ နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီမှ နိုင်ငံအာဏာ ထိန်းသိမ်းခဲ့သည်။ လက်ရှိ အစိုးရ အဖွဲ့ကို ထိန်းသိမ်းရာတွင် ဦးဗဆွေလည်း အဖမ်းခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေဝင်း မှ နိုင်ငံရေး ခေါင်းဆောင် ပုဂ္ဂိုလ်ကြီး ၃၃ ဦးအား တွေ့ဆုံရာတွင်လည်း ဦးဗဆွေပါဝင်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တော်လှန်ရေး ကောင်စီ ကျေညာချက်အမှတ် ၇၂ ကို ထုတ်ပြန်ခဲ့ပြီး၊ ယင်း အကြံပေး အဖွဲ့ တွင် အထက်ပါ ခေါင်းဆောင် ၃၃ ဦးပါဝင်ခဲ့သည်။ [၁၀]

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်စေတီ မှာ ဦးဗဆွေ ဦးစီး တည်ထား ကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်။ ထားဝယ် သမဂ္ဂ နာယကကြီး တစ်ဦးလည်းဖြစ်သည်။

ဂုဏ်ပြုချီးကျူးခံရခြင်းများ[ပြင်​ဆင်​ရန်​]

၁၉၅၅ ခုနှစ်တွင် ယူဂိုစလပ် နိုင်ငံ သမ္မတကြီး မာရှယ်တီးတိုး ၏ ဂုဏ်ထူးဆောင် ပထမဆင့် ဆုတံဆိပ်၊ ၁၉၅၉ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ အမြင့်ဆုံး ဆင်ဖြူ တံဆိပ် တို့ကို ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ် တော်လှန်ရေး ကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး နေဝင်းမှ ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် ၃၃ ဦးတွင် ဦးဗဆွေလည်း တစ်ဦး ပါဝင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ကောင်စီက ဦးဗဆွေအားနိုင်ငံ့ဂုဏ်ရည် ပထမဆင့် ကို ချီးမြှင့် အပ်နှင်းခဲ့သည်။

ပြည်ပခရီးများ[ပြင်​ဆင်​ရန်​]

  • ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ တွင် အိန္ဒိယ နိုင်ငံ သို့ သွားရောက်ခဲ့သည်။
  • တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သို့ ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလ တွင် လည်းကောင်း၊ ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလ တွင် လည်းကောင်း သွားရောက် ခဲ့သည်။
  • ၁၉၅၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ တွင် အမေရိကန် နိုင်ငံသို့ လည်းကောင်း၊ ဇွန်လ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံ သို့ လည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ သို့ လည်းကောင်း သွားရောက် ခဲ့သည်။ * အင်္ဂလန်၊ ပြင်သစ်ကမ္ဘောဒီးယား၊ ဂျပန်၊ ဂျာမဏီနိုင်ငံ၊ ယူဂိုဆလပ်နိုင်ငံ များသို့လည်း လေ့လာရေးခရီး သွားရောက်ခဲ့သည်။

မိသားစု[ပြင်​ဆင်​ရန်​]

ဂျပန်ကို မတော်လှန်မီ ကာလ အတွင်း၌ ပင် ကွန်ဗင့်ကျောင်းသူ နုနုနှင့် ချစ်ရေးဆိုခဲ့ ပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ တွင် လက်ထပ်ခဲ့သည်။ နုနု သည် ဒေါ်နုနုဆွေ ဟု အမည် တွင် ခဲ့ပါသည်။ သားသမီး(၁၀)ယောက် ထွန်းကားခဲ့သည်။

သားသမီးများမှာ -

  1. ဒေါ်နေနွယ်ဗဆွေ+ ဦးကျော်လွန်လှ၊
  2. ဦးနေမျိုးဗဆွေ+ ဒေါ်ထိပ်တင်မူ၊
  3. ဦးနေဖူးဗဆွေ+ ဒေါ်စန္ဒါအေး၊
  4. ဦးနေထွန်းဗဆွေ
  5. ဦးနေညွှန့်ဗဆွေ+ဒေါ်အေးအေးမြင့်၊
  6. ဦးနေမင်းဗဆွေ
  7. ဒေါ်နေကြည်ဗဆွေ
  8. ဒေါ်နေစည်ဗဆွေ
  9. ဒေါ်နေရည်ဗဆွေ တို့ဖြစ်သည်။

အမှတ်(၈၄)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ် တွင် နေသည်။ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ အသက် ၇၃ နှစ် အရွယ်တွင် ရန်ကုန်မြို့ ဟုမ်းလမ်း နေအိမ် ၌ ကွယ်လွန် အနိစ္စရောက်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  • မင်းမင်းစိုး၊ ဝိဇ္ဇာဘွဲ့ (ဉပဒေ) (၂၀၀၆). ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ နှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနုစ် မှ ၁၉၈၈ခုနှစ် အထိ). ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန. 

ရည်ညွန်း[ပြင်​ဆင်​ရန်​]

  1. မောင်မောင် သက်ရှိရာဇဝင်။ (ရန်ကုန်၊ သမာမတ္တိ၊ ၁၉၅၆) စာ- ၆၃
  2. မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ်(၁၉၈၈)။ (ရန်ကန်၊ စာပေဗိမာန် ၁၉၈၈) စာ -၂၂၆
  3. အိဇုမိယ တတ်စုရော၊ ကျတော် ပါဝင်ခဲ့သော မီနာမီကီကန်း၊ ဘာသာပြန်သူ ဒေါ်ခင်ရီ(ရန်ကုန်။ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန။ ၁၉၈၁) စာ- ၁၄၁
  4. ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ (ရန်ကုန်၊ အင်းဝ စာပေတိုက် ၁၉၉၈) စာ ၁၃
  5. ဦးဗဆွေ ပါတီတွင်းအဖြစ်မှန် (ရန်ကုန်၊ ဖဆပလ ပုံနှိပ်တိုက်၊ ၁၉ -) စာ ၇၊
  6. စာပေဗိမာန် မဂ္ဂဇင်း။ အတွဲ ၃။ အမှတ် ၈၊ (ရန်ကုန် စာပေဗိမာန် ၁၉၅၄) စာ ၈၈၊
  7. ထွန်းနေ့စဉ်သတင်းစာ၊ (၂၀ ဇန်နဝါရီလ ၁၉၅၈ ) စာ ၁၅၊
  8. ကြေးမုံသတင်းစာ၊ ( ၉ ဇူလိုင် ၁၉၆၁) စာ ၁၊ ၁၅။
  9. ဦးမြဟန် မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂ (စတုတ္ထတွဲ)၊ တွဲဘက်ရေးသူ− ဦးသိန်းလှိုင်၊ ဒု−ကြိမ်၊ (ရန်ကုန်၊ မြန်မာနိုင်ငံ။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၉၉၁) စာ ၁၉၀-၂၀၁၊
  10. ချစ်ကြည်ရေး ကြည်ညွန့်၊ ဦးနု− ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း၊ (ရန်ကုန်၊ချစ်ကြည်ရေး စာပေတိုက်။ ၁၉၇၀) စာ ၃၈