တောင်ကြီးမြို့
| တောင်ကြီးမြို့ Taunggyi |
|
| တောင်ကြီးမြို့၏ တည်နေရာပြ မြေပုံ | |
| တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ | |
| Coordinates: | |
| နိုင်ငံ | မြန်မာနိုင်ငံ |
|---|---|
| ပြည်နယ်၊ ခရိုင် | ရှမ်းပြည်နယ် |
| ထည်ထောင်ခြင်း | ၁၈၉၄ |
| Elevation ပင်လယ်ရေအမြင့်ပေ | ၄၅၉၀ ft (၁၄၀၀ m) |
| လူဦးရေ | |
| - စုစုပေါင်း | ၂၀၀၀၀၀ |
| - လူမျိုးများ | ဗမာ၊ တရုတ်ဗမာ၊ ရှမ်း၊ အိန္ဒိဗမာ၊ ဂေါ်ရခါး |
| - ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ, ခရစ်ယာန်, အစ္စလာမ် |
| Area code(s) | ၀၈၁[၁] |
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့တွင် လူဦးရေ ၂ သိန်းခန့်ရှိပြီး မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ပြီးလျှင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ ရှမ်းတိုင်းရင်းသားများ မဟုတ်ကြပါ။ အင်းသားနှင့် ပအိုဝ့်လူမျိုးများ အများအပြားလည်း နေထိုင်ကြသည်။ လတ်တလောတွင်မူ တရုတ်လူမျိုး အလုံးအရင်းလိုက် ဝင်ရောက်လာကြပြီဖြစ်သည်။
သက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ “ဒုံတောင်ကျည်း” ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ -တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဖက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျှက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ဗမာ၊ပအိုဝ်း၊ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုး အစရှိသည့် တိုင်းရင်းသား များစွာ စုစည်းနေထိုင်ကြသည်။
မာတိကာ |
သမိုင်း [ပြင်ဆင်ရန်]
ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ့်လူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။ တောင်ကြီးမြို့မှာ ကျယ်ပြန့်သော တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိရာ မြို့၏အရှေ့ဘက်စွန်းမှ အထက်ဆီသို့ အုပ်မိုးနေအောင် မတ်စောက်နေသော တောင်ကြီးကိုအစွဲပြု၍ တောင်ကြီးမြို့ဟု ခေါ်လေသည်။ တောင်ထိပ်တွင် စေတီတော်တစ်ဆူနှင့် ထူးခြားစွာ စွန်းထွက်နေသော ကျောက်ဆောင် ကျောက်တုံးကြီး များရှိသောကြောင့် မြို့သူမြို့သားများသည် ထိုတောင်ထိပ်သို့ မကြာမကြာ သွားရောက်လည်ပတ်ကြသည်။ မြို့ကို တပ်မြေ ဌာနကဲ့သို့ စံနစ်တကျ တည်ဆောက်၍ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသည်။ မြို့အတွက် ရေကို မြို့တောင်ဘက်စွန်းမှ စီးဆင်းလာသော ချောင်းငယ်မှယူသဖြင့် သန့်ရှင်းသောရေကိုရသည်။ အနောက်စွန်းရှိ တောင်ကုန်းငယ် တွင် ဘုရားတန်ဆောင်းများရှိသည်။ သာစည် ရွှေညောင်သွား မီးရထားလမ်းဆုံမြို့ဖြစ်သော ရွှေညောင်မြို့နှင့် တောင်ကြီးမြို့ သည် ကားလမ်းအားဖြင့် ၁၂ မိုင်ဝေး၍၊ ခြေလျင်လမ်းအားဖြင့် ၅ မိုင်မျှသာဝေးသည်။ သာစည်မြို့မှာမူ တောင်ကြီးမြို့မှ ၁၀၃ မိုင်ဝေးသည်။
၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး [ပြင်ဆင်ရန်]
တောင်ကြီးမြို့သို့ အဓိကအားဖြင့် ကားလမ်းသာပေါက်သည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမယ့် လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် စီးနင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။
ယဉ်ကျေးမှု [ပြင်ဆင်ရန်]
တောင်ကြီးမြို့တွင် မူလဒေသခံ အင်းသားနှင့် ပအိုဝ့်လူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။
ခရစ်ယာန်ဘာသာဝင် အတော်များများလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိသည်။
တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အလျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။
တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းဒယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမျှော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်၊ တောင်ကြီးတက္ကသိုလ်၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။[၂]
တောင်ကြီးမြို့တွင် အစိုးရရုံးများ၊ အဂင်္လိပ် မြန်မာ အထက် တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ဆေးရုံ၊ ဟော်နန်းနှင့် ခမ်းနားသော တိုက်တာအဆောက်အအုံများရှိသည်။ မြို့မြောက် ပိုင်းရှိဈေးကြီးမှာ အထူးပင်သန့်ရှင်းသည့်ပြင် မုန်လာ၊ မုန် ညင်း၊ အာလူး၊ ကြက်သွန်စသော ဟင်းသီးဟင်းရွက်၊ လတ် ဆတ်သော ကြက်ဥနှင့် ညောင်ရွှေ အင်းလေးဘက်မှ ငါးများကို ထိုဈေးကြီးတွင် ဝယ်ယူ၇ရှိနိုင်ပေသည်။ ၅ ရက် တစ်ဈေး ကျရောက်သောနေ့တွင် နယ်မှလာရောက်ရောင်းဝယ်ကြသဖြင့် အထူးပင် စည်ကားလေသည်။ တောင်ကြီးမြို့မှ မြန်မာနိုင်ငံ အခြားမြို့များသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ် ဘက်များကို မီးရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းဖြင့် တင်ပို့သည်။
အရှေ့ဘက်ရှိ တောင်ကျစမ်းချောင်းမှရေကို ရေလှောင် ကန်ကြီး ၂ ခုမှတစ်ဆင့် ပြွန်လုံးများဖြင့် တစ်မြို့လုံး အတွက် သောက်ရေပို့ပေးသည်။ တောင်ကြီးမြို့၏ လူဦးရေမှာ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ ၉ ဝ၀၀ ကျော်ဖြစ်သည်။ ယခုအခါမှာမူ လူဦးရေ ၁၅ ဝ၀၀ ကျော်မျှရှိမည်ဟု ခန့်မှန်းကြ သည်။
ပြင်ပလင့်ခ်များ [ပြင်ဆင်ရန်]
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။
- မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
|
||||||||