သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
သန်းရွှေ.jpg
မွေးနေ့ ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်
B.C အမှတ် ကြည်း - ၆၇၁၀
မွေးဖွားရာဒေသ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့
ဇနီး ဒေါ်ကြိုင်ကြိုင်
ရာထူးအလုပ်အကိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေးဝန်ကြီး၊
ပြည်ထောင်စုကြံ့ခိုင်းရေး နှင့် ဖွံဖြိုးရေးအသင်း နာယကချူပ်
လူသိများခြင်းမှာ တိုင်းပြည်အုပ်ချုပ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးအသင်း
ကွန်ယက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် အင်းရွာ၌ အဖ ဦးလေးမြင့်၊ အမိ ဒေါ်စိမ်းရင်တို့မှ ဖွားမြင်ခဲ့သည်။ [note ၁]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငယ်စဉ်က ကျော်ဆည်မြို့၌ စတင်ပညာသင်ကြား၍ ၁၉၅၁ ခုနှစ် အသက် ၁၈ နှစ်၌ အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း စာမေးပွဲ အောင် မအောင် ကို အတိအကျ မသိရသော်လည်း မဆလပါတီ ဗဟိုကော်မတီလောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ၁ဝ တန်းအောင်ဟု ဖော်ပြထားသည်။


ထို့နောက် ၁၉၅၂ ခုနှစ် မိတ္ထီလာမြို့ရှိ စာတိုက်၌ တစ်နှစ်ခန့် စာတိုက်စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉) သို့ တက်ရောက်ကာ ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာကြည်း၆၇၁ဝ ဖြစ်ပြီးအမှတ်(၁) ခြေလျင်တပ်ရင်းတွင် တာဝန်ကျခဲ့သည်။ သူ၏ အပတ်စဉ် တစ်ပတ်တည်း ကျောင်းဆင်းခဲ့သူများမှာ နဝတခေတ်၌ ပထမ ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ပြီးနောက် ၊များမကြာခင်ယဉ်ကျေးမ၀န်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံရသူ ကိုယ်ပိုင်နံပါတ် (ကြည်း-၆၅၉ဝ) ဒုဗိုလ်မှူးကြီးဟောင်း စိုးညွှန့် (ကဗျာဆရာ ထီလာစစ်သူ)နှင့် ဗိုလ်ချုပ်ဘုန်းမြင့် (ကြည်း-၆၆၆၂)၊ ဗိုလ်ချုပ် မြသင်း (ကြည်း-၆၆၀၅) တို့ ဖြစ်သည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် KNU နှင့် ဗကပတို့ကို စစ်ဆင်ရေး တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။၁၉၆၂တွင်ဗဟိုနိုင်ငံရေးတက္ကသိုလ်၌နည်းပြ၊ဌာနမှူးအဖြစ် ပြောင်းရွှေ့တာ၀န်ထမ်း ဆောင်ခဲ့သည်။


ခလရ(၁)၊ ခမရ(၁ဝ၁)၊ တပ်မ (၈၈)၊ နတခ ခေါ် အနောက်တောင်တိုင်း စစ်ဌာနချုပ်စသည့်တိုက်ခိုက်ရေးတပ်များ၌ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ဖူး သော်လည်း တိုက်ခိုက်ရေးဘက်၌ ထူးချွန်သူတစ်ဦး မဟုတ်သလို၊ သူရဘွဲ့၊ သီဟသူရဘွဲ့ မဆိုထားဘိ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ပင် ရရှိခဲ့သူ မဟုတ်ပေ။


၁၉၈၁ စတုတ္ထအကြိမ် ပါတီညီလာခံ ဗဟိုကော်မတီဝင်လောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ဦးသန်းရွှေ၏ ကိုယ်ရေးအကျဉ်းကို ဤသို့ ဖော်ပြထားသည်။

  • အမည်- ဗိုလ်မှူးချုပ် သန်းရွှေ
  • ပါတီ၀င်အမှတ်/သက်တမ်း- ၁ဝဝ၁၄၈၉/၂၂ နှစ် ၆ လ။
  • လူမျိုး- မြန်မာ၊ ပညာအရည်အချင်း အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအောင်။
  • မွေးနေ့သက္ကရာဇ်- ၂ – ၂ – ၁၉၃၃ ။ အသက် ၅၂ နှစ်။
  • ဗဟိုကော်မတီ၀င် လက်ရှိပါတီ- ဥက္ကဌ၊ ဧရာဝတီတိုင်း၊ ဒေသပါတီကော်မတီ၊ တိုင်းမှူး၊ အနောက်တောင်
  • တာ၀န်/ လက်ရှိ အလုပ်အကိုင်- တိုင်းစစ်ဌာနချုပ်။
  • ၁၉၃၃ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ- ကျောက်ဆည်မြို့ အစိုးရ မူလတန်းကျောင်းတွင် တတိယတန်း ပညာ သင်ကြားခဲ့သည်။
  • ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ- ကျောက်ဆည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေဆဲ ဖြစ်သည်။
  • ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ- ၁၉၅၁ ခုနှစ်တွင် ကျောက်ဆည်မြို့ အစိုးရ အထက်တန်းကျောင်းမှ မင်္ဂလိပ် – မြန်မာ ၁ဝ တန်း အောင်မြင်ခဲ့သည်။
  • ၁၉၅၂ - ၅၃ ခုနှစ်များတွင် မိတ္ထီလာစာတိုက်၌ စာတိုက်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဗိုလ်လောင်းအပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး အမှတ် (၁) ခြေလျင်တပ်ရင်း တွင် ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေရာမှ အမှတ်(၉၁) နယ်လှည့်စိတ်ဓာတ် စစ်ဆင်ရေးတပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် ဗဟိုနိုင်ငံရေး တက္ကသိုလ် နည်းပြ၊ ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

၁၉၆၂ ခုနှစ်မှ ယခုအထိ[ပြင်​ဆင်​ရန်​]

၁၉၆၆ ခုနှစ်တွင် အမှတ် ၁၀၁ ခြေလျင်တပ်ရင်း၌ ဌာနချုပ် တပ််ခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ဦးစီးဌာနတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနစု စစ်ဦးစီးမှူး (ပထမတန်း) အဖြစ်လည်းကောင်း ၊ ၁၉၇၇ ခုနှစ်တွင် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်၌ ဒုတိယတပ်မမှူး၊ ၁၉၈၀ ပြည့်နှစ် မတ်လတွင် ယင်းတပ်မ၌ပင် တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၈-၈-၈၃ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၉-၈-၈၃ ရက်နေ့မှစ၍ ဧရာဝတီတိုင်း ဒေသပါတီ ကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်ဟူ၍ ဖော်ပြထားသည်။

၁၉၇ဝပြည့်နှစ်အမှတ်(၁)ခြေလျင်တပ်ရင်းတွင်တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီးသံလွင်မြစ်် အ ရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက် ပိုင်း နယ်မြေများတွင် စစ်ဆင်ရေး တာဝန်များ ယူခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်သို့ ရောက်လာပြီး စစ်ဆင်ရေး ဗျူဟာများကို တာ၀န်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တပ်မ (၈၈) တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီး ရှမ်းပြည်နယ်တွင် ဗကပများ နှိမ်နှင်းရေး စစ်ဆင်မှုများကို ကွပ်ကဲခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။

ထို့နောက် ဗိုလ်မှူးချုပ် သန်းရွှေသည် ၁၉၈၆ ခုနှစ် နို၀င်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ် အဆင့် တိုးမြှင့်ချင်း ခံရသည်။ တဖန် တစ်နှစ်အကြာ ၁၉၈၇ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခံရသည်။ ၁၉၈၈ ခု၊ ဇူလိုင် ၂၇ တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာသော်လည်း ၁၉၈၈ ခုနှစ် တွင် စစ်အာဏာရှင် ဦးနေဝင်းနှင့် သမီး ဗိုလ်မှူး ခင်စန္ဒာဝင်းတို့က ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွှန့်ကိုသာ ရှေ့တန်းတင် ပွဲထုတ်ထားခဲ့သည့်အတွက် မကျေမနပ် ဖြစ်ခဲ့သည်။ သို့သော် သူ၏ မကျေနပ်ချက်ကို မျိုသိပ်ခဲ့လေသည်။

ထို့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်အာဏာရှင် ဦးနေဝင်းက ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ကို မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်၊ မေခလမ်းရှိ သူ့အိမ်ကို ခေါ်ယူတွေ့ဆုံပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန်နှင့် နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး ခေါင်းစဉ်တပ်ထားသော စစ်အာဏာသိမ်း ကောင်စီ၌ ဗိုလ်ချုပ်ကြီး စောမောင်ကို ဥက္ကဌလုပ်ခိုင်းပြီး ဗိုလ်မှူးချုပ် ခင်ညွှန့်နှင့် ဗိုလ်မှူးကြီး တင်ဦးတို့ကို နဝတ အဖွဲ့ အတွင်းရေးမှူး (၁) နှင့် (၂) ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ အာဏာသိမ်းရမည့် စက်တင်ဘာလ ၁၈ ရက်ကို ဦးနေ၀င်းကပင် ဂဏန်းဗေဒင်အရ တွက်ချက်ပေးခဲ့သည်။ ဦးနေဝင်းသည် ဂဏန်းဗေဒင်ပညာကို အလွန်ယုံကြည်သူဖြစ်ရာ သူ၏ မွေးနံဂဏန်း (၆) နှင့် အကျိုးပေးသော ၃ နှင့် ၉ ဂဏန်းကို အလွန်နှစ်သက်သောကြောင့် စစ်အာဏာသိမ်းကောင်စီ၏ အမည်ကိုပင် ၉ ဂဏန်းကျစေရန် နဝတ (န=၇+ဝ=၄+တ=၇=၁၈=၁+၈=၉) ဟူ၍ အတိုကောက် မှည့်ခေါ်စေသလို ၉ ဂဏန်းကျသော စက်တင်ဘာလ ၁၈ ရက်နေ့ကိုပင် အာဏာသိမ်းခိုင်းခဲ့သည်။

ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၌ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်သာ ထည့်သွင်းခဲ့ပြီး အရေးပါလှသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါ်လစီများကို ကိုင်တွယ်ခိုင်းခြင်း မရှိဘဲ လမ်းဖောက်၊ တံတားဆောက် စသည့် လုပ်ငန်းအချို့တွင်သာ ကြီးကြပ်စေခဲ့သောကြောင့် ယင်းတို့အပေါ်တွင် အညိုးအတေး ထားခဲ့သည်။ သို့သော် မိမိ၏ မကျေနပ်မှုကို မျိုသိပ်ကာ လေသံမျှပင် မဟခဲ့ချေ။

အလွန် အကင်းပါးသော ဗိုလ်မှူးချုပ် ခင်ညွှန့်က နဝတ အတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရူပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးရန် အခွင့်သာတိုင်း အကြိမ်ကြိမ် နားချစည်းရုံးခဲ့သည်။ သို့သော်ဗိုလ်ချုပ်ကြီးသန်းရွှေသည် ဗိုလ်ချုပ်သန်းရွှေကို ၁၉၈၉ မေလ ၂၃ မှာ စတင်ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့၌ ဥက္ကဌ အဖြစ်သာ ခန့်အပ်သည်။

ထို့နောက် ၁၉၉ဝ ပြည့်နှစ် အစောပိုင်းတွင် နဝတဥက္ကဌ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး စောမောင်သည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ နဝတအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။

ထိုနှစ်မှာပင် နဝတအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် ခင်ညွှန့်သည် ဗိုလ်ချုပ် အဆင့်သို့လည်းကောင်း၊ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တင်ဦးသည် ဗိုလ်မှူးချုပ် အဆင့်သို့လည်းကောင်း တိုးမြှင့်ခံရသည်။ ၁၉၉၁ စက်တင်ဘာလ ၁၈ ရက်နေ့ န၀တအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် မိမိတာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၀န်ကြီးတာဝန်ကို ဦးအုံးဂျော်အား လွှဲပြောင်းပေးအပ်သည့် ကြေညာချက် အမှတ် ၁/၉၁ ကို ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးသန်းရွှေအား နဝတ ဒုဥက္ကဌ ခန့်အပ်ခဲ့သော်လည်း အညိုးအတေး ကြီးလှသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ခြေလှမ်းအမှားကိုသာ စောင့်ဆိုင်းနေခဲ့သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကိုမူ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအတွင်း အဖျက်အမှောင့်လုပ်ငန်းများကိုလျှို့ဝှက်လုပ်ကိုင်၍စစ်အာဏာသိမ်းရန်အခြေအနေပေါ်ပေါက်ရန် ဖန်တီးလုပ် ဆောင်ပေးခဲ့သူ ဖြစ်သောကြောင့် ၎င်းအတွက် တစ်ချိန်ချိန်တွင် အသုံးတည့်နိုင်သည်ဆိုသည့် အတွေးဖြင့် အချိုသတ် ဆက်ဆံထားခဲ့သည်။

တပ်ချုပ်ကြီး ဘဝ[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ မဆလပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနိုင်ရရှိမည်ထင်၍ ရွေးကောက်ပွဲပြီးလျှင် တပ်မတော်က စစ်တန်းလျား ပြန်မည်ဟု အာချောင်မိခဲ့သည်။ သို့သော် တကယ်တမ်း N.L.D ပါတီက အပြတ်အသတ် အနိုင်ရရှိသောအခါ နဝတအဖွဲ့အတွင်း သဘောထား တင်းမာသော ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်သည့် နဝတဗိုလ်ချုပ်များက လွှတ်တော်ခေါ်ပေးရန်နှင့် N.L.D ပါတီကို အာဏာလွှဲပြောင်းပေးမည့် ကိစ္စကို ပြင်းထန်စွာကန့်ကွက်သောကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ကတိမတည်သူအဖြစ် ပြည်တွင်းပြည်ပ၏ အကြီးအကျယ် ထိုးနှက်ဝေဖန်ခြင်းကို ခံခဲ့ရသည်။

သို့ကလို ဘေးကျပ်နံကျပ် အခြေအနေများနှင့် ရင်ဆိုင်လာခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စိတ်ထွက်ပေါက် ရှာသည့်အနေဖြင့် အရက်ကို နေ့ရောညပါသောက်စားမူးယစ်ခဲ့ရာမှ နောက်ဆုံး၌ စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းခြွေရာမှာပင် အမှားအယွင်းများ ဖြစ်ပေါ်လာခဲ့သည်။ အကွက်ကောင်းကို ချောင်းနေသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ မိန့်ခွန်းများကို တစ်လုံးမှ ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခိုင်းခဲ့ပြီး ပြည်သူနှင့် တပ်မတော်အကြား၌ ပညာသားပါပါ သိက္ခာချခဲ့သည်။

ထို့နောက် တပ်မတော်ဆေး၀န်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဝင်း (နောင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) ဦးဆောင်သည့် သမားတော်ကြီးများကို ဆေးစစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေး အခြေအနေ မကောင်းကြောင်း၊ ဆေးထောက်ခံစာ တင်ပြခိုင်းသည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အဆိုပါ ဆေးစာကို နဝတ အဖွဲ့နှင့် စစ်အစိုးရအဖွဲ့၀င်များကို ပြသ၍ တစ်ဦးချင်း သဘောထားကို ခေါ်ယူမေးမြန်းခဲ့သည်။ ထိုစဉ်အတွင်း ၁၉၉၂ ခုနှစ် မတ်လ ၂ဝ တွင် နဝတအဖွဲ့၏ ကြေညာချက် ၆/၉၂ ဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေး၀န်ကြီးဌာန ဝန်ကြီးအဖြစ် လွှဲပြောင်းယူလိုက်သည်။

အစစ အရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသန်းရွှေသည် သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် နဝတ ကြေညာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တာဝန်အရပ်ရပ်က အနားပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်၌…
နိုင်ငံတော်၏ မြားမြောင်ကြီးလေးလှသော အလုပ်တာ၀န်များ၏ ဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချွတ်ယွင်းလာသဖြင့် တာ၀န်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေး အခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာ၀န်ကြီးများက အကြံပြုထောက်ခံချက်ကို နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအေ၀းတွင် တင်ပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည် ဟူ၍ ဖော်ထားသည်။ နဝတအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကလည်း အဆိုပါ ရက်စွဲဖြင့်ပင် နဝတ ကြေညာချက် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပြီး န၀တ ဥက္ကဌနေရာကို ယခုအချိန်မှစ၍ ဗိုလ်ချုပ်ကြီး သန်းရွှေက ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလ ၂၂ ရက်နေ ့ကတည်းကပင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင် ထမ်းဆောင်နေခဲ့ပြီ ဖြစ်သည်။

တစ်ဖန် ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့တွင် နဝတအဖွဲ့၏ ကြေညာချက် ၁ဝ/၉၂ ဖြင့် နဝတ ဥက္ကဌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ တာဝန်အပြင် ဝန်ကြီးချုပ်၏ တာဝန်ကိုပါ ထမ်းဆောင်ကြောင်း ကြေညာခဲ့သည်။

ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် တပ်ချုပ်ကြီး ရာထူးနှင့် နဝတ ဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက် ရတော့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကို ဓားနှင့် ထိုးခဲ့ကြသည့် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ခင်ညွှန့်တို့ကို ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်အေးရီက ခံပြင်းဒေါသထွက်ကာ ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်၍ ရန်တွေ့ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ်နှင့် နဝတ ဥက္ကဌဖြစ်လာပြီးနောက် သူ့ရဲ့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်ရုံးချုပ်နှင့် ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးဌာနများ၌ သူ့အတွင်းလူ များကို နေရာချထားလိုက်သည်။ သူ တပ်မ (၈၈) တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်စဉ်က စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုဗိုလ်မှူးကြီး ကျော်ဝင်း (မန္တလေး အမှတ်(၁) စစ်ထောက်လှမ်းရေး တပ်မှူး) ကို ၁၉၉၂ မေလတွင် ရန်ကုန်စစ်ရုံးချုပ်ကို ချက်ချင်းခေါ်ယူခဲ့ပြီး တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ကာ ဗိုလ်ချုပ်ခင်ညွှန့်ကို အနီးကပ် ထိန်းချုပ်နိုင်ရန် စတင် ကြိုးပမ်းခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်က စစ်ရုံးချုပ်မှ ယာယီနှင့် ထုတ်ထားသော သူ့တပည့်ရင်း ဗိုလ်မှူးချုပ် တင်ဦး (အတွင်းရေးမှူး – ၂) နှင့် စစ်ဦးစီး (ပထမတန်း) ဗိုလ်မှူးကြီး ခင်မောင်သန်းကို စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ၍ တာ၀န်ပြန်ပေးအပ်ခဲ့သည်။ ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ (၁၁) တပ်မမှူး အနေဖြင့် ခန့်အပ်တာ၀န်ပေးထားသော်လည်း အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် သူ့အနီးခေါ်ယူကာ တပ်မ (၁၁)ကို စစ်ရုံးချုပ်မှနေ၍ ကွပ်ကဲစေသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၏ အတွင်းလူများ အားလုံးကိုလည်း စစ်ရုံးချုပ်မှ ဖယ်ရှားပစ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး သန်းရွှေ နတခ တိုင်းမှူးဘ၀ဖြင့် ပုသိမ်၌ နေထိုင်စဉ်အတွင်း သူ့ဇနီး ဒေါ်ကြိုင်ကြိုင်၏ စကားကို မြေ၀ယ်မကျ နားထောင်ခဲ့သော ဗိုလ်မှူးနေ၀င်းကို ရာထူးအဆင့်ဆင့် တိုးမြှင့်ကာ န၀တဥက္ကဌ၏ စစ်ဘက်လက်ထောက် ခန့်အပ်ခဲ့သလို သူ့အတွင်းလူ ဗိုလ်မှူးဆန်းဆင့် ကို ဗိုလ်ချုပ်ရာထူးအထိ အဆင့်ဆင့်တိုးပေး၍ စစ်ရာထူးခန့်ချုပ်အဖြစ် မြှောက်စားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး သန်းရွှေ တိုင်းမှူးဘဝက အိမ်တော်စောင့် လုံခြုံရေး အရာရှိ လုပ်ခဲ့သော ဗိုလ်ကြီးလှအောင်သိန်း ကိုလည်း စစ်ရုံးချုပ် စခန်းမှူး ဗိုလ်ချုပ် လှအောင်သိန်းအဖြစ် ခန့်အပ်ထားလိုက်သည်။

နောက်မကြာခင်မှာပင် ဗိုလ်ချုပ်ကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို အင်္ဂလိပ်ဘာသာဖြင့် Senior General လို့ သုံးနှုန်းထားရာ တိုက်ရိုက်ဘာသာပြန်လျှင် ဝါရင့် ဗိုလ်ချုပ်ကြီး အဆင့်ရာထူးပင် ဖြစ်သည်။ အဆိုပါ ရာထူးများအားလုံးသည် တရုတ်စစ်တပ်ဖွဲ့စည်းပုံအရ တိုက်ရိုက်ကူးယူထားခြင်း ဖြစ်ပါသည်။ ထူးခြားမှုက တရုတ်စစ်တပ်၌ Senior Major (ဝါရင့် ဗိုလ်မှူး) နှင့် Senior Sergeant (ဝါရင့်တပ်ကြပ်ကြီး) ရှိသော်လည်း မြန်မာ့တပ်မတော်၌ အဆိုပါ ရာထူး နှစ်ခုတော့ မရှိပါချေ။

မြန်မာ့တပ်မတော်၏ ပြန်တမ်း၀င် အရာရှိ ရာထူးအဆင့်ဆင့် ခန့်အပ်ထားပုံမှာ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီးတို့ပင် ဖြစ်သည်။

ဦးနေဝင်းနှင့် မဆလ ထိပ်တန်းခေါင်းဆောင်များက ၁၉၈၈ စက်တင်ဘာလ၌ တပ်မတော်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့စဉ်က အာဏာသိမ်းအဖွဲ့၌ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြီးရင် ဗိုလ်ချုပ် ခင်ညွှန့်ကို ဒုတိယခေါင်းဆောင်အဖြစ် သတ်မှတ်ပေးထားခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် လစ်လပ်သွားသော သူ၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ မတ်လ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

န၀တ ဒုတိယဥက္ကဌရာထူးကို ဗိုလ်ချုပ်ခင်ညွှန့်ကို ပေးလိုက်လျှင် စစ်တပ်၏ စည်းလုံးညီညွတ်မှု ပျက်စီးကာ နောက်ထပ်အာဏာသိမ်းမှု တစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆထားပုံရသည်။

ဗိုလ်ချုပ် မောင်အေးသည် ကန့်ဘလူမြို့၌ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖွားမြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်၌ ဒသမတန်း အောင်မြင်ပြီး ၁၉၅၅ ခု၊ ဇွန်လ ၂ဝ ရက်နေ့တွင် တပ်မတော်သို့ ဝင်ရောက်၍ မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရပြီး ခလရ ၃ဝ မှာ တပ်စုမှူး၊ တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ၁၉၆၅ တွင် ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးရုံးသို့ ပြောင်းရွှေ့ပြီး စစ်ဦးစီးအရာရှိ (တတိယတန်း) အဖြစ်လည်းကောင်း၊ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်း၌ တောင်သူလယ်သမားရေးရာ အမှတ်စဉ် (၇) တပ်ခွဲ (၁) တပ်စု ၃ နှင့် ၄ တို့ကို ၁၉၆၇ ခုနှစ် မေလ ၂၀ မှ သြဂုတ်လ ၁၉ ရက်နေ့အထိ သင်တန်းမှူးအဖြစ် သင်ကြားပေးခဲ့သည်။ ၁၉၇၃ ဒီဇင်ဘာလတွင် စစ်တက္ကသိုလ်မှ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးသို့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် ပြောင်းခဲ့သည်။ ၁၉၇၅ မတ်လ ၁၃ ရက်တွင် ခလရ ၆၈ တွင် ယာယီတပ်ရင်းမှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး၊ ၁၉၇၆ မတ် ၁၃ တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရရှိခဲ့သည်။ ၁၉၇၈ ဖေဖော်၀ါရီလ ၂ဝ ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပြီး ၁၉၇၈ ခု နိုဝင်ဘာလ ၁၅ မှ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၁) စစ်ဗျူဟာမှူး၊ ၁၉၈၂ ဇန်န၀ါရီလ ၁ ရက်တွင် ဒုတိယတပ်မမှူးအဖြစ် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်သို့လည်းကောင်း၊ ၁၉၈၃ သြဂုတ်လ ၈ ရက်တွင် ကာကွယ်ရေး၀န်ကြီးဌာန စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးနှင့် မဆလခေတ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသီးသီးထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့နောက် ရပခ တိုင်းမှူး ဖြစ်လာခဲ့သည်။

အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အသက် ၆ဝ ပြည့်လျှင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားသွားခဲ့လျှင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းအဖြစ် လျာထားခြင်းခံရသူများ၌ မူလက ရတခ တိုင်းမှူး ဗိုလ်ချုပ် ဥာဏ်လင်း (D.S.A) အသက် ၅၂ နှစ်ကို သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ် ဥာဏ်လင်းသည် ကျန်းမာရေး မကောင်းသည့်အတွက် ၁၉၉၁ မတ်လ ၁၈ ရက်နေ့တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူသွားခဲ့ပြီး ၁၉၉၆ မတ်လ ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့သောကြောင့် သူနှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်း ဆင်းခဲ့သော ဗိုလ်ချုပ် မောင်အေးကို မလွှဲသာမရှောင်သာ ရွေးချယ်လိုက်ရသည်ဟု သိရှိရသည်။

ထိုစဉ်က အသက် ၅၄ နှစ်သာ ရှိသေးသော ကျောက်တန်းသား ဗိုလ်ချုပ် ခင်ညွှန့်သည် သူ့စစ်မှုထမ်း သက်တမ်းတစ်လျှောက်တိုက်ခိုက်ရေး တာဝန်များထက် ဦးစီးအရာရှိတာ၀န်များကိုသာ ထမ်းရွက်ခဲ့သောကြောင့် စစ်ဘက်ရေးရာ ကိစ္စထက် အုပ်ချုပ်ရေးပိုင်း၌သာ ပိုပြီး စိတ်၀င်စားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်ခင်ညွှန့်သည် ဒုတိယကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရရှိရန်မျှော်မှန်းမထားသော်လည်း နဝတ ဒုဥက္ကဌရာထူးကိုမူ သူသာလျှင် ဖြစ်ထိုက်သည်ဟု ယူဆထားခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဗိုလ်ချုပ်ခင်ညွှန့်ကိုယင်းရာထူးပေးရန်မူလကတည်း စိတ်မကူး ခဲ့ချေ။ ဗိုလ်ချုပ်ခင်ညွှန့်သည် ရည်ရွယ်ချက်ကြီးမားပြီး အင်မတန် အကွက်မြင်၍ ပါးနပ်မှုလည်း ရှိသည့်အပြင် ဦးနေဝင်းမိသားစုအပါအဝင် မဆလစစ်ခေါင်းဆောင်အချို့ကလည်း သူ့ကိုသဘောကျ အားပေးထောက်ခံနေ သည့်အတွက် တစ်နေ့လျှင် သူ့ကိုယ်ပါ တက်နင်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့် နဝတ ဒုတိယဥက္ကဌရာထူးကို ဘယ်သူ့ကိုမှမပေးဘဲ(၂)နှစ်နီးပါးခန့်အချိန်ဆွဲထားခဲ့သည်။နဝတစစ်အာဏာသိမ်းကောင်စီနှင့် အစိုးရဝန်ကြီးအ ဖွဲ့၌ အဆိုပါ ရာထူးကို ဗိုလ်ချုပ် ခင်ညွှန့်သာ ရထိုက်သည်။ ဗိိုလ်ချုပ်ကြီး မောင်အေးသာ ထိုက်တန်သည်ဟူ၍ အတွင်းကြိတ် အုပ်စုတိုက်ပွဲလေးများ ပေါ်ပေါက်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဗေဒင်ကိန်းခန်းပါမကျန် အမျိုးမျိုး တွက်ချက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နဝတ ဒုဥက္ကဌရာထူးကို ၁၉၉၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး မောင်အေးကိုသာ ပေးအပ်လိုက်လေသည်။

ဗိုလ်ချုပ်ခင်ညွှန့်သည် နောက်ဆုံး စိတ်ဓါတ်ကျသွားပြီး သူ့ကို နဝတ အဖွဲ့မှ နုတ်ထွက်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နုတ်ထွက်ခွင့်လည်းမပေး၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုးရှည်ရှည်ဖြင့် လှန်ထားခဲ့သည်။ [၁]

၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။ ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ သူသည် ၁၉၈ဝ ပြည့်နှစ်က တပ်မ (၈၈) တပ်မမှူး ဘဝဖြင့် ကျိုင်းတုံဒေသ၌ စစ်ဆင်ရေးတာဝန်များ၊ ထမ်းဆောင်နေစဉ်အတွင်း တပ်မ (၈၈) ကို ဗကပ (၈၁၅) စစ်ဒေသ လက်အောက်ခံတပ်များက ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့သည့်အတွက် တပ်မ(၈၈) လက်အောက်ခံ အမှတ် (၃) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်သည် ကျဆုံးခဲ့သလို စစ်သည်နှင့်မိသားစု မြောက်မြားစွာ သေဆုံးခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်သန်းရွှေသည် ထိုစဉ်က အာဏာရှင်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ အထူးယုံကြည် စိတ်ချရသည့် တပည့်ရင်း ဖြစ်နေသောကြောင့် အရေးယူခြင်း မခံရသည့်အပြင် ၁၉၈၁ ခုနှစ် သြဂုတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ မင်္ဂလာဒုံဗဟိုနိုင်ငံရေး တက္ကသိုလ်ဝင်းအတွင်းရှိ ညီလာခံ ခန်းမ၌ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။


ယင်းနောက် ၁၉၈၃ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ထိုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၏ ဒေသပါတီ ကော်မတီဥက္ကဌ ဖြစ်လာခဲ့သည်။ တစ်ဖန် ၁၉၈၄ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၈၅ ခု နို၀င်ဘာလ ၄ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ ထိုစဉ်က သူ့အသက်က ၅၂ နှစ် အရွယ်သာရှိပြီး ရာထူးအဆင့် (၂) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အတွက် သူ့ထက်ဝါရင့်ပြီး မေမြို့စစ်တက္ကသိုလ်ဆင်း၊ မဆလ တပ်မတော် ထိပ်ပိုင်းတပ်မှူးများက အတော်ပင် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ အကွက်ချ အစီအမံ ဖြစ်သောကြောင့် မိမိတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားခဲ့ရသည်။ သို့ကလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်မတိုက်သော်လည်း အကင်းပါး၍ လူကြီးအကြိုက် ပြုမူဆောင်ရွက်တတ်ပြီး ကွက်ကျော် မြင်တတ်သောကြောင့် ရာထူးအတက်မြန်သည်ဟု ဆိုရပေမည်။


၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်၊ ၁၉၈၇တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ လမ်းစဉ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်း[ပြင်​ဆင်​ရန်​]

၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၈၉ တွင်နဝတအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ ဥက္ကဌ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ[ပြင်​ဆင်​ရန်​]

နိုင်ငံခေါင်းဆောင်ကာလ[ပြင်​ဆင်​ရန်​]

ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ထံမှ နိုင်ငံတော်အာဏာကို ကျန်းမာရေး အခြေအနေအရ ထပ်မံသိမ်းယူခဲ့သူ ဖြစ်သည်။

ဦးဆောင်မှု ပုံစံ[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် အစပိုင်းတွင် သူ၏ ရှေ့ကလူထက် ပိုမိုပျော့ပျောင်းသည့် သဘောကို ဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ချေမှုန်းလိုက်ပြီးကတည်းက နေအိမ်အကျယ်ချုပ်ထားခြင်း ခံရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကန့်သတ် ပိတ်ပင်မှုများကို လျှော့ပေးပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တိုင်းပြည်၏ တရားဝင်အင်္ဂလိပ်အမည် ဘားမားကို မြန်မာဟု ပြောင်းလဲခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ် ရေးဆွဲစေခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို့ကို လွှတ်ပေးခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေးခြစားမှုကို ကိုယ်တိုင်ကြီး ကြပ်တိုက်ဖျက်ပြီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို့ကို အရေးယူခဲ့သည်။ ဝေဖန်ခြင်းကို လက်မခံသူဟု ရှုမြင်ကြသော်လည်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ (International Committee of the Red Cross)နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပြုခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် တိုင်းရင်းသားလူနည်းစုများ ဖြစ်သည့် ကရင်နှင့် ရှမ်းလူမျိုးများအား ဆက်လက်ဖိနှိပ်ခဲ့သည်။ မွတ်စလင်များအား ဖိနှိပ်ခဲ့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ခန့်မှန်း ခြေ လူ ၂၅ဝ,ဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြေးဝင်ခဲ့ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာ ၂ဝဝ၄ ခုနှစ်အထိ ကော်မီတီအဆင့်တွင်သာ ရှိနေသေးပြီး မပြီးဆုံးသေးချေ။ သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ချယ်ပြီး စစ်အစိုးရအား ဆန့်ကျင်ရေး သားသည့် စာနယ်ဇင်းသမားများအား ထိန်းသိမ်းခြင်းကိုပါ ကြီး ကြပ်ခဲ့သည်။ ၁၉၉ဝ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ပြန်လည်ချုပ်နှောင်ခဲ့သည်။ မြန်မာ့စီးပွားရေးအား တင်းကျပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏စီးပွားရေးဆိုင်ရာမူများမှာ စနစ်ကျမူမရှိဟု ဝေဖန်ခံရလေ့ရှိသည်။ သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ လူများအမြင်တွင် သူသည် မှုန်ကုတ်ကုတ်နှင့် ရှေ့တန်းထွက်လေ့မရှိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးတွင် အဓိကအတားအဆီးအဖြစ် မြင်ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိပြီး သတင်းဌာနများအား တိုက်ရိုက် စကားပြောခြင်း မရှိပေ။

သူသည် ခေါင်းဆောင်ပြယုဂ်သာဖြစ်ပြီး မူဝါဒများကို ဝန်ကြီးများမှ ကိုင်တွယ်ထားသည်ဟု နှစ်ပေါင်းများစွာ ယူဆခဲ့ကြသည်။ သို့သော် မကြာမီက သတင်းများ အရ သူသည် အာဏာကို စုစည်းလျက်ရှိပြီး တိုင်းပြည်ကို ကိုယ်တိုင်ထိန်းချုပ်ထားပြီဟု ဆိုကြသည်။ အနားယူရမည့် အသက် ၆ဝ ပြည့်သော်လည်း မနားဘဲ ဤရာထူးတွင် တစ်သက်လုံး နေသွားလိမ့်မည်ဟု ယူဆနေကြသည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဖြုတ်ချသည့်ကိစ္စတွင်လည်း ပါဝင်ခဲ့သည်ဟု ရိုးစွပ်ခြင်းခံရပြီး ထိုကိစ္စအပြီးသူ၏အာဏာမှာ ပိုမိုခိုင်မြဲလာသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်မှာ ပအို့ဝ်တိုင်းရင်းသူတစ်ဦး ဖြစ်သည်။

၄င်း၏လက်ထက် (၁၉၉၂ မှ ၂၀၁၀) ၁၈-နှစ်တာကာလတွင် သူ၏ ဦးဆောင်မှု အဖြစ် လမ်းများ၊ တံတားများ၊ ဆည်တာတမံများ၊ ရေအားလျှပ်စစ်၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများ၊ စက်မှုဇုန်များကို တိုးချဲ့ ဆောက်လုပ်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး အင်အားစုကို တိုးချဲ့ ပြင်ဆင်ခဲ့သည်။ ၄င်း အုပ်ချုပ်စဉ် ကာလအတွင်း အမျိုးသား ညီလာခံ ကျင်းပခြင်း၊ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးရယူကာ တပ်မတော် အတွင်းသို့ နယ်ခြားစောင့်တပ်အဖြစ် တရားဝင် အသွင်ကူးပြောင်းခြင်း၊ နာဂစ်မုန်တိုင်းကြီးကျရောက်ခြင်းကြောင့် လူပေါင်းမြောက်များစွာ သေကြေပျက်စီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့တော်ကို ပျဉ်းမနားမြို့ အနီးတွင် နေပြည်တော်မြို့တော် အဖြစ် ပြောင်းရွှေ့ ခြင်း၊ ရွှေဝါရောင် တော်လှန်ရေး တွင် သံဃာတော်များ၊ ပြည်သူများ သေ​ကြေပျက်စီးမှု ဖြစ်ပွားခြင်း၊ စစ်တပ် အလိုကျ မြန်မာနိုင်ငံ အခြေခံဥပဒေသစ်ကို ပြဌာန်းခြင်းနှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးခြင်းတို့ ဖြစ်သည်။ [၂]

အိမ်ထောင်ရေး[ပြင်​ဆင်​ရန်​]

သား၊ သမီးများ[ပြင်​ဆင်​ရန်​]

  • ထွန်းနိုင်ရွှေ(ခ) ထွန်းထွန်းနိုင် (ဇနီး-ခင်သန္တာ)
  • ဦးကြိုင်ဆန်းရွှေ (ဇနီး -ခင်ဝင်းစိန် )
  • ခင်သန္တာရွှေ(ခ) မပေါက် (ခင်ပွန်း- ဇော်ဖြိုးဝင်း (ဗိုလ်မှူး))
  • ခင်ပြုံးရွှေ
  • အေးအေးသစ်ရွှေ
  • ကြည်ကြည်ရွှေ(ခ)မသြ (ခင်ပွန်း- နေစိုးမောင်)၊ (သား- နေရွှေသွေးအောင် (ခ)ဖိုးလပြည့်)
  • ဒေဝါရွှေ
  • သန့်ဇော်ရွှေ(ခ)မောင်မောင်
ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်မျက်နှာဖုံး

အတ္ထုပ္ပတ္တိ စာအုပ်[ပြင်​ဆင်​ရန်​]

ဗြိတိန်အခြေစိုက် ကမ္ဘာတဝှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide)မှ ဒု-ဥက္ကဌ တာဝန်ယူထားသူ စာရေးဆရာ ဘင်နဒစ်ရော်ဂျာစ် (Benedict Rogers) ရေးသားထားသော (Than Shwe: Unmasking Burma's Tyrant)" ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တစ်ဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" စာအုပ်ကို ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ၂၀၁၀-ခု၊ အောက်တိုဘာလမှာ ထုတ်ဝေခဲ့သည်။

မှတ်စု[ပြင်​ဆင်​ရန်​]

  1. မန္တလေးတိုင်း၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ မင်းစုကျေးရွာတွင် မွေးဖွားသည်ဟုလည်း ဆိုကြသေးသည်။ သို့သော် မြန်မာ့သမိုင်း အဖွဲ့ဝင် ဦးကျော်ငြိမ်း ပြုစုသော ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း(၁၈၈၆-၁၉၄၂)၌ ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ ဟူ၍ ဖော်ပြထားသည်။ ထို့အတူ Benedict Rogers ရေးသား၍ ထိုင်းနိုင်ငံမှ Silkworm စာအုပ်တိုက် မှ ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သော Than Shwe: Unmasking Burma’s Tyrant စာအုပ် စာမျက်နှာ ၁ဝ နှင့် အွန်လိုင်းစာမျက်နှာ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ Emma Larkin ရေး၍ ပင်ကွင်းစာအုပ်တိုက်မှ ၂ဝ၁ဝ ထုတ်ဝေသော Everything is Broken စာအုပ် စာမျက်နှာ ၁၆၇ ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးသက္ကရာဇ် ၁၉၃၃ ဖေဖော်၀ါရီလ ၂ ရက်နေ့သည် မမှန်ဟု ဆိုသည်။ ၎င်းက ၁၉၃၂ ဧပြီ ၁ ရက် နံနက် ၆ နာရီသာ အမှန်ဟု ဆိုသည်။ သို့သော် အမည်မဖော်လိုသော ဝေဒပညာရှင် တစ်ဦးကမူ ၁၉၃၃ ခုနှစ် ဖေဖော်၀ါရီလ ၃ ရက် သောကြာနေ့သာ ဖြစ်ရမည်ဟု ဆိုသည်။ အကြောင်းမှာ ဦးသန်းရွှေ၏ ချက်တဝိုက်၌ မှဲ့စလွယ် (သို့မဟုတ်) စာအမှတ်အသား ပါရှိသောကြောင့်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းရေးသားပေးသော မွေးသက္ကရာဇ်ကိုသာ ခေတ္တအတည် ယူထား လိုက်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://moemaka.com/archives/37319
  2. Mizzima
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကြီးအကဲများ
 စဝ်ရွှေသိုက်‎ • ဘဦး • မန်းဝင်းမောင်‎ • နေဝင်း • စန်းယု • စိန်လွင် • အေးကို • မောင်မောင် • စောမောင် • သန်းရွှေ • သိန်းစိန်