မာတိကာသို့ ခုန်သွားရန်

အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင်

ဝီကီပီးဒီးယား မှ
အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင်
ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်
United Nations Economic and Social Commission for Asia and the Pacific
ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံများပြ မြေပုံ`
အတိုကောက်ESCAP
ဖွဲ့စည်းခြင်း၁၉၄၇
အမျိုးအစားPrimary Organ - ဒေသဆိုင်ရာ အဖွဲ့အစည်း
တရားဝင်အနေအထားသက်ဝင်နေဆဲ
အကြီးအကဲ
ESCAP ၏ အမှုဆောင် အတွင်းရေးမှူး
Ms. Shamshad Akhtar[]
 ပါကစ္စတန်
(၂၀၁၄ - လက်ရှိ)
မိခင်အဖွဲ့အစည်း
ECOSOC
ဝက်ဘ်ဆိုဒ်unescap.org


ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (အင်္ဂလိပ်: United Nations Economic and Social Commission for Asia and the Pacific; အတိုကောက်: UNESCAP သို့ ESCAP) ဆိုသည်မှာ အာရှနှင့်ပစိဖိတ်ဒေသတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ဆောက်မှုနှင့် တိုးတက်မှုအတွက် ခေါင်းဆောင်မှုပေးရန်နှင့် ကူညီဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီက ဦးဆောင်ဖွဲ့စည်းထားသော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အီးကဖီး (UN Economic Commission for Asia and the Far East, ECAFE) အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကိုလံဘိုမြို့၌ ကျင်းပခဲ့သော အီးကဖီး၏ အကြိမ်သုံးဆယ်မြောက် ညီလာခံ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကောင်စီက အတည်ပြုကာ ၂၇ နှစ်တိုင်တည်ရှိခဲ့သော အီးကဖီးမှ အက်စက်သို့ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ESCAP တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၅၃ နိုင်ငံနှင့် တွဲဖက်အဖွဲ့ဝင် ၉ ခု ပါဝင်သည်။ အာရှနှင့်ပစိဖိတ်ဒေသတွင်း နိုင်ငံများသာမက ပြင်သစ်နယ်သာလန်ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများလည်း ပါဝင်သည်။

အက်စက်၏ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်ဒဏ်ခံရ၍ ပျက်စီးဆုံးရှုံးသွားရသော အဖွဲ့ဝင်နိုင်ငံများအား ထိရောက်သော အကူအညီပေးရန်၊ အဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ကိုယ့်အားကိုယ်ကိုးပြီး စီပွားရေးတိုးတက်မှုကို စနစ်တကျ ဆောင်ရွက်စေရန်နှင့် ဒေသဆိုင်ရာနိုင်ငံများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာအစိုးရ များအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကူအညီပေးရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် အရန်အဖွဲ့ဝင်ဖြစ်၍ ၁၉၄၈ ခုနှစ် ဇွန်လတွင် အဖွဲ့ဝင်ဖြစ်လေသည်။ မြန်မာနိုင်ငံသည် ကော်မရှင်၏ အဋ္ဌမမြောက် နှစ်ပတ်လည်အစည်းအဝေးကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ အိမ်ရှင်အဖြစ် ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့သည်။ ၁၉၅၉ မှ ၁၉၇၃ ခုနှစ်အထိ ကော်မရှင်၏ အမှုဆောင် အတွင်းရေးမှူးသည် မြန်မာလူမျိုး ဦးညွန့်ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကုလသမဂ္ဂအဖွဲ့ကြီး၏ ပင်မအဖွဲ့ကြီးခြောက်ဖွဲ့အနက် စီးပွားရေးနှင့် လူမှုရေးကောင်စီသည် လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အာရှနှင့် အရှေ့ဖျားဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖီး)ကို ၁၉၄၇ ခုနှစ် မတ်လတွင်လည်းကောင်း၊ ဥရောပဒေသဆိုင်ရာ စီးပွားရေးကော်မရှင်ကိုလည်း ထိုလတွင်ပင်လည်းကောင်း၊ လက်တင်အမေရိက ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်ကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင်လည်းကောင်း၊ အာဖရိကဒေသဆိုင်ရာ စီးပွားရေးကော်မရှင်ကို ၁၉၅၈ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ အနောက်အာရှဒေသဆိုင်ရာ စီးပွားရေးကော်မရှင်ကို ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း အသီးသီးဖွဲ့စည်း ခဲ့လေသည်။

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် မူလကဖွဲ့စည်းစက အာရှနှင့် အရှေ့ဖျားဆိုင်ရာ စီးပွားရေး ကော်မရှင်(အီးကဖီး)ဟု အမည်တွင်လေသည်။ သို့သော် ၁၉၇၄ ခုနှစ် ဩဂုတ်လတွင် စီးပွားရေးနယ်ပယ်ကိုသာမက လူမှုရေးနယ်ပယ်သို့ပါ တိုးချဲ့ဆောင်ရွက်ရန်နှင့် သင့်လျော်သည့် ပထဝီနယ်မြေ အကျုံးဝင်စေရန်အတွက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်(အက်စက်) ဟုပြောင်းလဲခေါ်ဆိုခဲ့လေသည်။ တစ်ခါတစ်ရံ အာရှနှင့် ပစိဖိတ်၏ လွှတ်တော်ဟုပင် ခေါ်ဆိုကြသည်။

အီးကဖီးအဖြစ်ဖြင့် စီးပွားရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သော်လည်း အက်စကက်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သောအခါ လူမှုရေးလုပ်ငန်းများပါဆောင်ရွက်သည်။ အာရှနှင့် အရှေ့ဖျားဒေသ အတွက်သာမဟုတ် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများ၊ နိုင်ငံများအတွက်ပါ အကျုံးဝင်လာသည်။ စတင်ဖွဲ့စည်းစဉ်က ကော်မရှင် ဌာနချုပ်ကို တရုတ်ပြည် ရှန်ဟဲမြို့၌ ရုံးစိုက်ခဲ့သော်လည်း တရုတ်ပြည် နိုင်ငံရေး အပြောင်းအလဲကြောင့် ၁၉၄၈ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။

ညီလာခံများ

[ပြင်ဆင်ရန်]

ဤကော်မရှင်သည် ညီလာခံကို နှစ်စဉ်မတ်လ သို့မဟုတ် ဧပြီလများတွင် ကျင်းပလေ့ရှိသည်။ ပထမအကြိမ် ညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟဲမြို့တွင် ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံများမှာ ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ နယ်သာလန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဆိုဗီယက်၊ ဗြိတိန်နှင့် မြောက်အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်လေသည်။ ထို ၁ဝ နိုင်ငံသည် ကော်မရှင်၏ မူလအဖွဲ့ဝင်များ ဖြစ်ကြသည်။ ၃၇ ကြိမ်မြောက် ညီလာခံကို ၁၉၈၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။


အဖွဲ့ဝင်နိုင်ငံများ

[ပြင်ဆင်ရန်]
3

တွဲဖက်အဖွဲ့ဝင်နိုင်ငံများ

[ပြင်ဆင်ရန်]


အမှုဆောင်အတွင်းရေးမှူးများ[]

[ပြင်ဆင်ရန်]

ကော်မရှင်၏ အကြီးအကဲသည် အလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်သည်။ ၎င်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ရွေးချယ်ခန့်ထားရသည်။

အမည် နိုင်ငံ တာဝန်ထမ်းဆောင်သည့် ခုနှစ်
ရှမ်ရှက် အာခ်ထာ  ပါကစ္စတန် ၂၀၁၄ - လက်ရှိ
နိုလင်း ဟေဇာ  စင်ကာပူ ၂၀၀၇ - ၂၀၁၄
ကင်မ် ဟာ့ဆု  တောင်ကိုရီးယား ၂၀၀၀ - ၂၀၀၇
အန်ဒရီရေးနပ် မိုရေ  အင်ဒိုနီးရှား ၁၉၉၅ - ၂၀၀၀
ရာဖီးအူဒင် အာမက်  ပါကစ္စတန် ၁၉၉၂ - ၁၉၉၄
အက်စ်၊ အေ၊ အမ်၊ အက်စ် ကီဘရီယာ  ဘင်္ဂလားဒေ့ရှ် ၁၉၈၁ - ၁၉၉၁
ဂျေ၊ ဘီ၊ ပီ၊ မရားမစ်  အင်ဒိုနီးရှား ၁၉၇၃ - ၁၉၈၁
ဦးညွန့်  မြန်မာ ၁၉၅၉ - ၁၉၇၃
ချာကရာဗာသီ ဗွီ နရစိမှန်  အိန္ဒိယ ၁၉၅၆ - ၁၉၅၉
ပီ၊ အက်စ်၊ လောကနသန်  အိန္ဒိယ ၁၉၄၇ - ၁၉၅၆


ဌာနချုပ်တည်နေရာ

[ပြင်ဆင်ရန်]

ကော်မရှင်ရုံးကို ၁၉၄၉ ခုနှစ် ဇန်ဝါရီလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ရုံးတည်ရာ အဆောက်အအုံအနီးတွင် သီးသန့် အဆောက်အအုံဆောက်ရန် တရားဝင်သတ်မှတ်ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် အက်စကက် ဆက်သွယ်ရေးရုံးကို နော်ရူးကျွန်း၌ ဖွင့်လှစ်ခဲ့သည်။


ရန်ပုံငွေ

[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ် ပုံမှန်ရသုံးငွေစာရင်းသည် ၅၉၂ဝဝဝ ဒေါ်လာ ဖြစ်ပြီး၊ ၁၉၈ဝ-၈၁ ခုနှစ်တွင် ဒေါ်လာ ၂၃ သန်းအထိ တိုးတက်ခဲ့သည်။


ရည်မှန်းချက်

[ပြင်ဆင်ရန်]

ဤကော်မရှင်သည် ၁၉၄၇ ခုနှစ်မှစ၍ အောက်ပါကဏ္ဍကြီး ခြောက်ခုကို အလေးပေးဆောင်ရွက်လျက်ရှိသည်။

  1. စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး၊
  2. စွမ်းအင်၊
  3. ကုန်ကြမ်းနှင့်ကုန်ပစ္စည်းများ၊
  4. နည်းပညာလွှဲပြောင်းပေးရေး၊
  5. နိုင်ငံတကာကုန်သွယ်ရေးနှင့် ပြည်ပငွေပင်ငွေရင်းလွှဲပြောင်းပေးရေး၊
  6. ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။

ကော်မရှင်သည် မိမိတို့နယ်မြေဒေသအတွင်းရှိ မဖွံ့ဖြိုးသေးသော နိုင်ငံများ (ကုန်းပိတ်နိုင်ငံများနှင့် ပစိဖိတ်ကျွန်းများအပါအဝင်)နှင့် ဝင်ငွေကောင်းသောနိုင်ငံများအကြား လူမှုရေးနှင့် စီးပွားရေးကွာဟမှု အနည်းဆုံးဖြစ်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းအစီအစဉ်များကိုလည်း ဒေသအဆင့်၊ နယ်မြေ အဆင့်၊ နိုင်ငံအဆင့်ဟူ၍ အဆင့်များချမှတ် ဆောင်ရွက်လျက်ရှိသည်။


ယန္တရားများ

[ပြင်ဆင်ရန်]

ကော်မရှင်၏ လက်အောက်တွင် ကော်မတီကိုးခုကိုလည်း ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ-

  1. လယ်ယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊
  2. ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီ၊
  3. စက်မှု၊ နည်းပညာ၊ လူ့အခြေစိုက်မှုနှင့် ပတ်ဝန်းကျင်ကော်မတီ၊
  4. သယံဇာတကော်မတီ၊
  5. လူဦးရေကော်မတီ၊
  6. လူမှုဖွံ့ဖြိုးရေးကော်မတီ၊
  7. စာရင်းအင်းကော်မတီ၊
  8. ကုန်သွယ်မှုကော်မတီ၊
  9. ပို့ကုန်နှင့် ပို့ဆောင်ရေး ကော်မတီတို့ ဖြစ်၏။

ကော်မရှင်အဖွဲ့ဝင် နိုင်ငံများ၏ အစိုးရကိုယ်စားလှယ်များက သက်ဆိုင်ရာကော်မတီအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးလေ့ ရှိကြသည်။ သို့သော် အထက်ပါ ကော်မတီကိုးခုနှင့် အကျုံးမဝင်သော အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးရန် အထူးကွန်ဖရင့်ကိုလည်း နှစ်စဉ်ကျင်းပပေးလေသည်။ တဖန် ၁၉၇၄ ခုနှစ် ကြိမ် ၃ဝ မြောက်ညီလာခံမှ အကြံပေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အက်စက်ကော်မရှင်သို့ အောက်ပါကော်မတီများကလည်း အစီရင်ခံကြရလေသည်။

  • မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း စူးစမ်းညှိနှိုင်းရေးကော်မတီ၊
  • အာရှကမ်းလွန်ဒေသရှိ သယံဇာတများ ပူးပေါင်းရှာဖွေရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီ၊
  • တောင်ပစိဖိတ် ကမ်းလွန်ဒေသရှိ သယံဇာတများ ပူးပေါင်းရှာဖွေရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီ၊
  • ဒေသဆိုင်ရာ သယံဇာတများ ဖွံ့ဖြိုးရေးဗဟိုဌာန၊
  • ကုန်းပိတ်နိုင်ငံများအတွက် အထူးအဖွဲ့၊
  • တိုင်ဖွန်း လေမုန်တိုင်းကော်မတီ၊
  • အပူပိုင်းဒေသ ဆိုင်ကလုံးမုန်တိုင်းအဖွဲ့ (ကမ္ဘာ့မိုးလေဝသအဖွဲ့)၊
  • ဒေသဆိုင်ရာ သင်တန်းများနှင့် သုတေသနဌာနများ
  • အုပ်ချုပ်မှု၊ နိုင်ငံအစိုးရစုံ ကောင်စီတို့ဖြစ် လေသည်။

လုပ်ငန်းဆောင်ရွက်မှုများ

[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်မှ ၁၉၅၄ ခုနှစ်များအတွင်းတွင် ကော်မရှင်သည် လိုအပ်သည့် စာရင်းအချက်အလက်များကို စုဆောင်းခြင်း၊ အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေများနှင့် ပတ်သက်သော သတင်းများကို ထုတ်ပြန်ခြင်း၊ ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်များအတွင်း ကော်မရှင်သည် အာရှနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရာတွင် အထူးအာရုံစိုက်လေ့လာမှုနှင့် သုတေသနမှုများပြုခြင်း၊ ၁၉၅၉ ခုနှစ်မှစ၍ သုတေသနပြုမှုနှင့် လေ့လာမှုတို့ကို အခြေခံ၍နှစ်တိုနှစ်ရှည် လုပ်ငန်းများ၊ စီမံကိန်းများ၊ ကျွမ်းကျင်မှုလုပ်ငန်းများ၊ စာရင်းအင်းလိုအပ်ချက် ပူးပေါင်းဆောင်ရွက်မှုများ နှင့် စက်မှုလုပ်ငန်း တိုးတက်မှုစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ကော်မရှင်သည် ငွေအားစိုက်ထုတ်မှုမလုပ်ဘဲ လုပ်ငန်းအလိုက် သင့်လျော်သော အဖွဲ့အစည်းများ၊ ကော်မတီများဖွဲ့၍ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးသည်။

ယခုအခါ အက်စက်၌ အောက်ပါလုပ်ငန်း စီမံကိန်း ၁၆ ခုဆောင်ရွက်လျက်ရှိသည်။

  1. မဲခေါင်မြစ်အောက်ပိုင်းစီမံကိန်း
  2. အာရှစီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်း
  3. အာရှလမ်းမကြီးပူးပေါင်း ဖောက်လုပ်ရေးစီမံကိန်း
  4. အာရှဖွံ့ဖြိုးရေးဘဏ်
  5. အာရှစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်း
  6. အာရှကမ်းလွန်ဒေသ သယံဇာတပစ္စည်းများ ရှာဖွေရေး ပူးပေါင်းဆောင်ရွက်ရေး၊
  7. အာရှနိုင်ငံတကာဆိုင်ရာ ကုန်စည်ပြပွဲများ၊
  8. တိုင်ဖွန်းလေမုန်တိုင်း ကာကွယ်ရေး
  9. အာရှအုန်းစိုက်ပျိုး ရောင်းဝယ်ရေး
  10. ဒေသဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းလေ့လာရေး
  11. အာရှစာရင်းအင်းဆိုင်ရာ သင်တန်းကျောင်း
  12. ကူးသန်းရောင်းဝယ်မြှင့်တင်ရေး
  13. အာရှမီးရထားလမ်းစီမံကိန်း
  14. ငရုတ်ကောင်း စိုက်ပျိုးရောင်းဝယ်ရေး
  15. အာရှဆိုင်ရာ အုပ်ချုပ်မှု တိုးတက်ရေး
  16. အာရှစာရင်းအင်း ရှင်းလင်းရေးတို့ဖြစ်သည်။

ယင်းတို့အနက် မဲခေါင်မြစ်အောက်ပိုင်းစီမံကိန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) တို့သည် အရေးပါသော စီမံကိန်းများ ဖြစ်ကြသည်။ []

၁၉၈၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော အစီအစဉ်များ

[ပြင်ဆင်ရန်]

မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း စူးစမ်းညှိနှိုင်းရေးကော်မတီသည် မြစ်ဝှမ်းစီမံကိန်း၊ ကုန်းပိုင်း၊ ရေပိုင်း အရင်းအမြစ်များ ဖွံဖြိုးရေး၊ ရေကြောင်းသွားလာမှု တိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ စွမ်းအင်၊ စက်မှုနှင့် သတ္တုလုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် မိုးလေဝသလုပ်ငန်းဟူသော အစီအစဉ်ခြောက်ခု ခွဲခြားလုပ်ဆောင်လျက်ရှိသည်။

၁၉၈၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း၌ ဇလဗေဒစခန်း ၃၁၈ ခု၊ မိုးလေဝသစခန်း ၃ဝ၉ ခုဖြင့် မြစ်ဝှမ်းစီမံကိန်းဆိုင်ရာ အချက်အလက် စာရင်းဇယားများကို စုဆောင်းပြီးစီးခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်အထိ ရေကြောင်းနှင့် အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် ကျယ်ပြန့်စွာ အကောင်အထည်ဖော်သွားနိုင်ရန် လမ်းညွှန်စီမံကိန်းတစ်ရပ်ကို ၁၉၇ဝ ပြည့်နှစ်က ရေးဆွဲခဲ့သည်။ ထိုစီမံကိန်းကို ပြန်လည်ညှိနှိုင်း ပြုပြင်ရေးအတွက် ၁၉၈၁ ခုနှစ်အတွင်း ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ မြေပုံရေးဆွဲခြင်း၊ ဂြိုဟ်တုဖြင့် ထောက်လှမ်းစိစစ်ခြင်း၊ စာရင်းဇယားများကို တိုးချဲ့စုဆောင်းခြင်း၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများမှ လေ့လာခြင်း၊ လူမှုရေးဆိုင်ရာ စီမံချက်များရေးဆွဲခြင်းစသည့် ကြိုးပမ်းချက်များ ပါဝင်သည်။

လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုသည် အက်စကက်၏ အဓိက စိတ်ဝင်စားမှုဖြစ်သည်။ ထို့ကြောင့် သီးနှံ၊ ပဲ စသည့်တို့ စိုက်ပျိုးထုတ်လုပ်ရေးကို အထူးအင်အားစိုက်ထုတ် ဆောင်ရွက်ခဲ့သည်။ ၎င်းသီးနှံများအတွက် သက်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနကို ၁၉၈၁ ခုနှစ် နှစ်ဦးတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့တွင် စတင်ဖွင့်လှစ် ဆောင်ရွက်သည်။ ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို အကျိုးရှိရှိ အသုံးပြုနိုင်ရန်ရေးအတွက် ကွပ်ကဲမှု အစီအစဉ်များ၊ ထောက်ပံ့ရောင်းချရေး အစီအစဉ်များ၊ အတတ်ပညာပူးပေါင်းဖလှယ်ရေး စသည်တို့ကို ဦးစီးဆောင်ရွက်ပေးခဲ့လေသည်။

တိုင်ဖုန်းလေမုန်တိုင်းကော်မတီသည် လက်တွေ့စမ်းသပ်ဆောင်ရွက်မှု ဗဟိုဌာနကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဖွင့်လှစ်ပြီး ၁၉၈၁ ခုနှစ် ဇူလိုင်လမှစတင်၍ ကြိုတင်စမ်းသပ် ဆောင်ရွက်မှုတစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု လျော့ပေါ့ရေး၊ မုန်တိုင်းအခြေအနေ ကြိုတင်ခန့်မှန်းနိုင်စွမ်းနှင့် သတိပေးနိုင်စွမ်း တိုးတက်ရေး၊ သတိပေးချက်နှင့်အညီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်သည်။

၁၉၈၁ ခုနှစ်သည် ကုလသမဂ္ဂ၏ တတိယဖွံ့ဖြိုးတိုးတက်ရေး ဆယ်စုနှစ်သို့ ချဉ်းနင်းဝင်ရောက်လာသော နှစ်ဖြစ်သည့် အားလျော်စွာ စီးပွားရေးအရှိန်အဟုန် မြင့်မားရေး၊ အလုပ်အကိုင် ပိုမိုရရှိရေး၊ ဝင်ငွေမျှတရေး၊ အခြေခံလိုအပ်ချက်များ ပိုမိုပြည့်ဝရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးနှင့် လူငယ်များအား အပြည့်အဝ ပါဝင်ဆောင်ရွက်ရေး စသည်တို့ကို ဦးတည်ကာ ဆောင်ရွက်လျက်ရှိသည်။ စားနပ်ရိက္ခာ၊ စွမ်းအင်၊ နည်းပညာ၊ စက်မှုလက်မှုနှင့် ငွေကြေးနယ်ပယ်များတွင်လည်း ကိုယ့်အားကိုယ်ကိုးစနစ်ကို ဖန်တီးပေးလျက်ရှိသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. unescap.org, ESCAP: Office of the Executive Secretary [၁]
  2. Former Executive Secretaries။ United Nations ESCAP။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2015 တွင် ပြန်စစ်ပြီး။
  3. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၈)
  4. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၂)